News

POST TYPE

ARTICLE

ရဲတပ်ဖွဲ့ကို ကယ်တင်ပါ
17-Jul-2019


စိုပြေ စိတ်မကောင်းပါ။ စိုပြေ့အမျိုး တော်တော်များများက ရဲတပ်ဖွဲ့ထဲကဖြစ်သည်။ ကိုယ်တိုင်လည်း ရဲလိုင်းခန်းတွင် အကြာကြီး နေဖူးသည်။ ဒီတော့ စိုပြေလည်း ရဲတပ်ဖွဲ့ရဲ့ မိသားစုဝင်တစ်ယောက်လိုပင် ဖြစ်နေ၏။ 

အခုအခါ ပြည်သူတွေက ရဲတွေကို လှောင်ပြောင်ကြသည်။ ရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဘာတင်တင် ဟဟတွေပေးကြသည်။ စီအိုင်ဒီကို ဆဲကြသည်။ ဘာကြောင့်လဲ စုံစမ်းကြည့်တော့ ဗစ်တိုးရီးယားအမှုကြောင့်ဖြစ်သည်။ 

တကယ်တော့ ဗစ်တိုးရီးယားအမှုနှင့်တွင် မဟုတ်။ အခြားအမှုများနှင့်ပတ်သက်၍လည်း ရဲတပ်ဖွဲ့ကို ပြည်သူတွေက လှောင်ပြောင်နေကြတာ ကြာပါပြီ။ ဒီတော့ စိုပြေ စိတ်မကောင်းပါ။ ကိုယ့်မိသားစုဝင်တွေကို လှောင်ပြောင်နေသလို၊ ဆဲဆိုနေသလို ခံစားရသည်။ 

အခု ဗစ်တိုးရီးယားအမှုကတော့ ရဲတပ်ဖွဲ့ကို အလှောင်ဆုံးပေါ့။ လွန်ခဲ့သည့်နှစ်လ အခင်းဖြစ်ပွားသည်။ တစ်လလုံး သံသယရှိသူကို ဖမ်းပြီးစစ်သည်။ ဒါပေမဲ့ မပေါ်။ ပြန်လွှတ်ပေးလိုက်ရသည်။ ပြည်သူတွေ ဝိုင်းအော်သည်။ ဆန္ဒတွေပြသည်။ 

အဲ့တော့ ပြန်လွှတ်ပေးခဲ့သူကိုပင် ပြန်ဖမ်းသည်။ တရားစွဲသည်။ ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်လို့ ကူညီနေသူတစ်ဦးကိုလည်း ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကျသည်ဟုဆိုကာ ဖမ်းလိုက်သေးသည်။ အာမခံရှိလို့သာ ပြန်လွတ်တာ။ အာမခံသူသာ မရှိလျှင် အဲ့လူလည်း အချုပ်ထဲရောက်နေမှာ။ အမှုအတွက် အလှူငွေတွေ ကောက်ထားတာကိုလည်း တားမြစ်သည်။ ဘဏ်စာရင်းကိုပင် လှမ်းပိတ်ခိုင်းသည်။ 

ဒီတော့ ပြည်သူတွေက ဆဲကြတော့သည်။ လှောင်ကြ၏။ ပြည်သူတွေကလည်း အကျင့်မကောင်းကြ။ ရဲတပ်ဖွဲ့နှင့် စီအိုင်ဒီ၏ ငယ်ကျိုးငယ်နာတွေကို ဖော်ကြသည်။ 

စီအိုင်ဒီကိုင်လိုက်လျှင် အဲ့အမှု တရားခံမမိတော့၊ လမ်းဆုံးပြီဟု စွပ်စွဲကြသည်။ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လည်း မမိသေး။ မင်္ဂလာဒုံ လေးလောင်းပြိုင်လည်း ကိုယ့်ဟာကိုယ်သတ်တာဖြစ်သွားသည်။ ဟိုအမှုလည်း မမိ၊ ဒီအမှုလည်း မမိဆိုပြီး လှောင်ကြသည်။ ပြည်သူတွေကိုယ်တိုင်ဖမ်းပေးမှ မိမှာလားဟုလည်း မေးကြသည်။ 

စိတ်မကောင်းပါ။ ရဲတပ်ဖွဲ့ကို ဒီလိုတွေပြောနေတာ မခံစားနိုင်။ စိုပြေတင်မဟုတ်။ ဆားပုလင်းနှင်းမောင်လည်း စိတ်ကောင်းမည်မဟုတ်။ ကိုနှင်းမောင်က အင်းစိန် စီအိုင်ဒီက မဟုတ်လား။ ဒီတော့ သူ့တပ်ဖွဲ့ကို ဆဲဆို လှောင်ပြောင်နေတာတွေကို ကိုနှင်းမောင်များသိလျှင် ရောက်ရာနေရာက အပြေးပြန်လာမည်သာဖြစ်သည်။ ဆဲဆိုလှောင်ပြောင်နေသည့် ပြည်သူတွေကို တရားစွဲဖမ်းဆီးဖို့ ပြန်လာမည်မဟုတ်။ တရားခံကိုသာ မိအောင် ဖမ်းပေးဖို့သာ ပြန်လာခြင်းဖြစ်ပေလိမ့်မည်။ 

ဆားပုလင်းနှင်းမောင်ဆိုတာ တစ်နိုင်ငံလုံး အသိ။ ခက်ခဲနက်နဲသော အမှုကြီးများကို ဖော်ခဲ့သူ။ အဲ... မုဒိမ်းမှုကိုတော့ မလိုက်ဖူးဘူးထင်သည်။ လူဆိုးတွေကို မကြောက်။ အထက်လူကြီးကိုလည်း ကြောက်သူမဟုတ်။ အထက်လူကြီးကို ပမာပခန့်လုပ်လွန်းလို့ ဆားပုလင်းဆိုသည့် လူဆိုးထိန်းရာထူးက မတက်။ နယ်ကိုလည်း ခဏခဏအပို့ခံရသည်။ ဒါပေမဲ့ အမှုတွေ ဖြစ်လာလျှင်တော့ ဆားပုလင်းနှင်းမောင်ကို ပြန်ခေါ်ရစမြဲ။ 

အခုတော့ စီအိုင်ဒီမှာ ဆားပုလင်းနှင်းမောင် မရှိ။ ဘယ်တွေရောက်နေမှန်းမသိ။ ကိုနှင်းမောင် စီအိုင်ဒီမှာ မရှိတော့တာ တော်တော်ဆိုးသည်။ ဘယ်ရောက်လို့ ရောက်သွားမှန်းလည်းမသိ။ မသိဆို ဆားပုလင်းနှင်းမောင်အကြောင်းရေးခဲ့သည့် ဆရာကြီးမင်းသိင်္ခကလည်း ကိုနှင်းမောင်၏ နောက်ပိုင်းနေ့ရက်တွေကို သေချာမရေးထား။ ရွှေဘိုဂါတ်မှာလိုလို၊ ချောက်ဂါတ် မှာလိုလို။ ရာထူးမတက်လို့ စစ်ထဲပဲဝင်သွားသလိုလို။ စစ်ထဲဝင်ပြီးမှ ရာထူးအမြင့်နှင့် ရဲတပ်ဖွဲ့ကို ပြန်လာဖို့ တွေးသလားတော့ မသိ။ လောလောဆယ်တော့ ဆားပုလင်းပျောက်နေသည်။ ငံပြာရည်ပုလင်းတွေလည်း မရှိတော့။ 

ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာ၊ စီအိုင်ဒီ၏ ဂုဏ်သိက္ခာတို့အတွက် ဆားပုလင်းနှင်းမောင်ရှိမှ ဖြစ်တော့မည်။ ဆားပုလင်းနှင်းမောင်ကို ပြန်ရှာရမည်။ နို့မို့ဆို မလွယ်။ 

တကယ်တော့ စီအိုင်ဒီနှင့် ရဲတပ်ဖွဲ့သည် အခုမှ အဆဲခံရသည်မဟုတ်။ အခုမှ အလှောင်ခံရသည် မဟုတ်။ အင်္ဂလိပ်လက်ထက်ကတည်းကပင် ပြည်သူများ၊ သတင်းစာများက လှောင်ကြသည်။ တရားခံမမိသေးဘူး၊ ရဲတပ်ဖွဲ့ အိပ်ပျော်နေပြီလား၊ စီအိုင်ဒီ ဘာလုပ်နေလဲဟု ခဏခဏရေးကြသည်။ ထိုအခါတွင် ဆားပုလင်းနှင်းမောင်ကို ပြန်ခေါ်ရစမြဲ။ ဆားပုလင်းနှင်းမောင်ရောက်လာလျှင် တရားခံပေါ်စမြဲ။ 

ခဏခဏ နယ်နှင်ဒဏ်ပေးခံရသော ကိုနှင်းမောင်။ အခု ဘယ်ရောက်နေပြီနည်း။ ဆားပုလင်းနှင်းမောင်နှင့် အရင်းနှီးဆုံး အိုင်ပီအောင်သင်းဆိုသည့် ဆရာကြီး မင်းသိင်္ခကလည်း မရှိရှာတော့။ အင်းစိန် စီအိုင်ဒီရုံးရှိ စာရွက်စာတမ်းတွေ သွားရှာကြည့်သေးသည်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်အတွင်းက မီးလောင်ကုန်သဖြင့် မရှိတော့ပေ။ 

ကိုနှင်းမောင်၏ သတင်းကား စုံးစုံးမြုပ်နေသည်။ ဘယ်မှာမှ ရှာမတွေ့။ 

တကယ်တော့ ကိုနှင်းမောင်သည် စီအိုင်ဒီနှင့် ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာဖြစ်သည်။ ကိုနှင်းမောင်ရှိမှ ဂုဏ်သိက္ခာရှိမည်။ ကိုနှင်းမောင်မရှိတော့...။ 

အင်းစိန် စီအိုင်ဒီမှ စုံထောက်မင်းကြီး မစ္စတာ ကရစ်ပင်က စုံထောက်များကို ခေါ်၍

“မင်းတို့အားလုံး မြည်းတွေလို ငပျင်းကောင်တွေ၊ တစ်စက်လေးမှ အသုံးမကျဘူး။ အရင်အမှုတွေက မပေါ်သေးဘူး။ နောက်အမှုတွေက ထပ်ဖြစ်နေပြီဟု ပြောလိုက်လေ၏” ဟု ဆရာကြီးမင်းသိင်္ခက ရေးသားထားလေ၏။ 

စိုပြေ

4:03 PM 16-Jul-19