News

POST TYPE

ARTICLE

ဟိုလိုဂရက်ဖစ် ယူနီဗာ့စ်
14-Jul-2019



နောက်ဆုံးမှာတော့ ရူပဗေဒပညာရှင်တွေက ကျွန်တော်တို့ အားလုံးနဲ့ ကျွန်တော်တို့ရဲ့ စကြဝဠာကြီးတစ်ခုလုံးဟာ ဟိုလိုဂရမ် တစ်ခုသာဖြစ်ကြောင်းအတည်ပြုလိုက်ပြီ။ ဒီလို ကျွန်တော်တို့ရဲ့ စကြဝဠာကြီးက ဟိုလိုဂရမ်ပုံရိပ်ယောင်တစ်ခု ဖြစ်နိုင်တယ်လို့ ရူပဗေဒပညာရှင်တွေက ပြောပြောနေတာတော့ကြာပါပြီ။ ဒါပေမဲ့ အခုမှ သက်သေ အထောက်အထားက တွေ့တာဆိုတော့ သူတို့လည်း အခုမှပဲအတိအလင်းကြေညာရတော့တယ်။ အဲဒီလို အထောက်အထားရှာတွေ့တဲ့ ရူပဗေဒပညာရှင်အဖွဲ့ကတော့ ဒီနှစ်အတွက်ရူပဗေဒနိုဘယ်လ်ဆုတွေဘာတွေ ရကြမှာပေါ့လေ။

ဒီကြေညာချက်နဲ့ပတ်သက်လို့ ကျွန်တော့်လိုစိတ်ဝင်စားတဲ့သူကတော့နည်းသားပဲ။ သူတို့ရဲ့ခန္ဓာကိုယ်ကြီးနဲ့ ဒီစကြဝဠာကြီး တစ်ခုလုံးက သူတို့မြင်နေရသလို အကောင်အထည်ကြီးနဲ့အစစ်အမှန်ရှိနေတာမဟုတ်ဘဲ ပရိုဂျက်တာတစ်ခုခုက ထိုးပြထားသလို ပုံရိပ်ယောင်ကြီးဖြစ်နေပါတယ်ဆိုတာကို နည်းနည်းလေးမှ စိတ်မဝင်စားတာ ကျွန်တော်ဖြင့် အံ့ဩလို့မဆုံးဘူး။

သူငယ်ချင်းတစ်ယောက်နဲ့ဘီယာသောက်ရင်း အဲဒီကိစ္စပြောဖြစ်တော့ သူကတော့ ဒီလိုထင်မြင်ချက်ပေးတယ်။ 

“ငါတို့ခန္ဓာကိုယ်ကြီးက ဟိုလိုဂရမ်ကြီးပါဆိုတာသိသွားရုံနဲ့ ဗိုက်မဆာတော့တာမှမဟုတ်တာကွ။ မင်းတောင် အခု အရင်လိုပဲ ဘီယာထိုင်သောက်နေတာမဟုတ်လား . . . အဲဒီတော့ ဘယ်သူကဒီကိစ္စကို သောက်ဂရုစိုက်နေမှာလဲ” 

သူပြောတာလည်း ဟုတ်သားပဲလို့ တွေးရင်းနဲ့ ကျွန်တော်လည်း ရှေ့က ဟိုလိုဂရမ်ဘီယာတွေ မပူခင် ခပ်မြန်မြန် မော့ချလိုက်ရတယ်။

ကျွန်တော်တို့စကြဝဠာကြီးက ဟိုလိုဂရပ်ဖစ်ယူနီဗာ့စ်ကြီးဖြစ်ကြောင်း ရူပဗေဒပညာရှင်တွေ ကြေညာလိုက်တာက ကျွန်တော် အလုပ်တစ်ခု လက်ခံပြီး နောက်တစ်ရက်ပဲ။ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့်ကို လူတစ်ယောက်သတ်ပေးဖို့ အလုပ်အပ်ထားတဲ့ အလုပ်ရှင်ဆီဖုန်းဆက်ပြီး ကျွန်တော် အလုပ်ဆက်လုပ်ဖို့ လိုမလို လှမ်းမေးရသေးတယ်။ 

ကျွန်တော်တို့အားလုံးက ဟိုလိုဂရမ်တွေပဲလို့ ရူပဗေဒပညာရှင်တွေကပြောနေပြီ။ ဒီတော့ ခင်ဗျားသတ်ခိုင်းထားတဲ့ လူကလည်း ဟိုလိုဂရမ်ပုံရိပ်တစ်ခုပဲ။ ခင်ဗျားအနေနဲ့ သူ့ကို သတ်ပေးစေချင်သေးသလား။ တကယ်လို့စိတ်ပြောင်းသွားတယ်ဆိုရင်လည်း အားနာမနေဘဲ ပြောပါ။ စရန်ငွေပြန်ပေးပါ့မယ်။ ကျွန်တော် နားလည်ပါတယ်လို့ ပြောရတာပေါ့။

အဲဒီလိုပြောမိတာ ကျွန်တော့်အနေနဲ့ အမှားကြီးမှားသွားတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဆရာက ကျွန်တော်ပြောတာကို တလွဲအဓိပ္ပာယ်ပေါက်ပြီး သူထင်ချင်တာထင်သွားလို့။ 

“ထင်သားပဲ . . . အဲဒီကောင်က သိပ်ဉာဏ်များတဲ့ကောင်။ ကွန်ပျူတာတွေဘာတွေလည်း ကျွမ်းတယ်။ ဒီတော့ သူ့ပုံစံကို ပုံတူပွားထားတဲ့ စက်ရုပ်နဲ့ အစားထိုးထားမှာပေါ့။ ခင်ဗျား အဲဒီကောင်အစစ်ကိုရှာပြီး သတ်ပေးနိုင်မလား။ အရင်ပြောထားတာထက် ပိုပေးမယ်ဗျာ” တဲ့။ 

ကျွန်တော်လည်း “ကောင်းရောကွာ” လို့ ကိုယ့်ဘာသာ စိတ်ထဲက ရေရွတ်လိုက်မိတယ်။ ဒါပေမဲ့ သူ့ကို ပြန်ရှင်းပြနေလို့လည်း ဘာမှထူးမှာမဟုတ်ဘူး။ သတ်စရာရှိတာ သတ်ပေးလိုက်တော့မယ်။ သူပိုပေးတော့လည်း ပိုရတာပေါ့လို့တွေးပြီး ဖုန်းကို ချလိုက်ရတယ်။

ကျွန်တော်သတ်ရမယ့်လူက ဟိုလိုဂရမ်ဖြစ်နေတယ်ဆိုတဲ့အသိက အလုပ်လုပ်တဲ့နေရာမှာ ကျွန်တော့်အတွက်ပိုပြီး လွယ်လွယ်ကူကူရှိသွားလိမ့်မယ်ထင်တာပဲ။ ကျွန်တော်ကလည်း ဟိုလိုဂရမ်၊ သတ်ရမယ့်လူကလည်း ဟိုလိုဂရမ်ဆိုတော့ ဂိမ်းကစားနေရတာနဲ့တူနေတော့မှာပေါ့။

နောက်ပြီး အခုအတည်ပြုလိုက်တဲ့ သီအိုရီအရဆိုရင် ကျွန်တော်တို့ရဲ့ဘဝတွေ အပါအဝင် စကြဝဠာကြီးရဲ့ ဖြစ်စဉ်တစ်ခုလုံးက အစကနေ အဆုံးရိုက်ထားပြီးသား ရုပ်ရှင်တစ်ကားကိုပြန်ပြနေသလို ဘာပြီးဘာဖြစ်မယ်လို့ ပုံသေသတ်မှတ်ပြီးသားပဲဟာ . . . ။ ကျွန်တော့်အနေနဲ့က လွယ်ကူတာတွေ၊ ခက်ခဲတာတွေ ဘာမှ တောင်တောင်ဤဤ လျှောက်တွေးနေဖို့တောင်မလိုဘူး။ သူ့ဟာသူ ဖြစ်စရာရှိတာတွေက ဖြစ်စရာရှိတဲ့အတိုင်း ဖြစ်သွားမှာပဲ။

ဒါနဲ့ပဲ စီစဉ်ထားတဲ့နေ့ရောက်တော့ ကျွန်တော်လည်း လမ်းကြားလေးထဲကနေ ကျွန်တော်သတ်ရမယ့်လူ အလုပ်က ပြန်အလာကို စောင့်ဖို့ထွက်လာခဲ့တယ်။ ဒါပေမဲ့ လမ်းကြားထဲရောက်လို့ အဲဒီလူနေတဲ့ တိုက်ခန်းကို လှမ်းကြည့်လိုက်တော့ မီးလင်းနေတာ မြင်လိုက်ရတာနဲ့ ကျွန်တော်လည်း စိတ်ပျက်သွားတယ်။ အဲဒီလူကတစ်ယောက်တည်းသမား။ သူ့တိုက်ခန်း မီးလင်းနေတယ်ဆိုတာက သူအလုပ်ကနေစောပြီးတော့ ပြန်ရောက်နေတာ၊ ဒါမှမဟုတ်ရင်လည်း အစကတည်းက အလုပ်မသွားဘူးဆိုတဲ့သဘောပဲ။

တကယ်ဆို ဒီလူပြတ်တဲ့လမ်းကြားလေးထဲမှာ ပါးစပ်ပိတ်ပြီး လည်ပင်းကို ဓားနဲ့အသာလေးလှီးလိုက်ရုံနဲ့ လွယ်လွယ်ကူကူ ပြီးသွားရမယ့်အလုပ်က အခုတော့ သူ့တိုက်ခန်းထဲဝင်သတ်ရမှဆိုတော့ အပိုအလုပ်တွေ လုပ်ရတော့မယ်။ မတတ်နိုင်ဘူး ဟိုလိုဂရက်ဖစ် ယူနီဗာ့စ်မှာ ဒီဇာတ်လမ်းက ဒီလိုဖြစ်သွားလို့နေမှာလို့တွေးပြီး ကိုယ့်စိတ်ကိုယ်ဖြေလိုက်ရတယ်။

သူ့နေတဲ့တိုက်ရဲ့ အနောက်ဘက် အရေးပေါ်လှေကားကနေ သူ့တိုက်ခန်းရှိတဲ့ ၄ ထပ်အထိ တက်လာလိုက်တယ်။ ဘာအနှောင့်အယှက်မှမတွေ့ဘဲ သူနေတဲ့အထပ်ထိ အဆင်ပြေပြေပဲ ရောက်သွားတယ်။ ဒါပေမဲ့ တံခါးချက်ကို ဖျက်ဖို့လုပ်နေတုန်းမှာပဲ တံခါးက ရုတ်တရက်ပွင့်သွားပြီး ကျွန်တော်သတ်ရမယ့်လူက ပြောတယ် . . .

“ရှေ့တံခါးကပဲ ဝင်ခဲ့ရောပေါ့ဗျာ။ ကျွန်တော်က ခင်ဗျားနဲ့ တွေ့ချင်နေတာ” တဲ့။

ကျွန်တော်လည်း ကြောင်တောင်တောင်နဲ့ သူ့နောက်ကနေ တိုက်ခန်းထဲလိုက်ဝင်သွားမိတယ်။ တိုက်လား၊ ခိုက်လားလုပ်လာရင် ပြန်တုံ့ပြန်ဖို့ သတိနဲ့တော့ နေတာပေါ့။ ဒါပေမဲ့ သူက ဘာမှမလုပ်ပါဘူး။ ဧည့်ခန်းက ခုံတစ်ခုံမှာထိုင်ခိုင်းပြီး အအေးတောင် တိုက်လိုက်သေးတယ်။ 

ပြီးတော့မှ ရှင်းပြတယ်။ ကျွန်တော့်ကို အလုပ်အပ်တဲ့သူက သူ့ကို သေစေချင်နေမှန်းသိတာနဲ့ အဲဒီလူရဲ့ဖုန်းကို သူက ကြားဖြတ်နားထောင်နေတာတဲ့။ ဟုတ်မယ့်ပုံပါပဲ။ သူ့အခန်းထဲမှာ စက်ပစ္စည်းတွေကို မျိုးစုံပဲ။ တော်တော်များများကို ဘာစက်တွေမှန်း ကျွန်တော်မသိဘူး။ ကျွန်တော်ခုနက တံခါးဖျက်ဖို့ လုပ်နေတာကိုလည်း အဲဒီစက်တွေကနေပဲ သိတာနေမှာပေါ့။

ကျွန်တော်နဲ့ သူ့ကိုသတ်ခိုင်းတဲ့လူ ဟိုရက်က ဖုန်းပြောတာကို သူနားထောင်ရတယ်တဲ့။ အဲဒီနေ့ကတည်းက ကျွန်တော်နဲ့တွေ့ချင်လို့ စောင့်နေတာဆိုပဲ။ 

“ခင်ဗျားက ဘာလို့ ကျွန်တော်နဲ့တွေ့ချင်ရတာလဲ။ ပိုက်ဆံပိုပေးပြီး ကျွန်တော့်ကို အလုပ်အပ်တဲ့သူကို ပြန်သတ်ခိုင်းမှာဆိုရင်တော့ ဆောရီးပါဗျာ။ ကျွန်တော်က တခြားဟာတွေသိပ်ဂရုမစိုက်ပေမယ့် အလုပ်ကျင့်ဝတ်တော့ ထိန်းတယ်ဗျ”လို့ ကျွန်တော်လည်း ကိုယ်ပြောစရာရှိတာ အရင်ဦးအောင်ပြောထားလိုက်တယ်။ အရင်တုန်းက အဲဒီလို ကမ်းလှမ်းတဲ့လူတချို့နဲ့ ကြုံဖူးတာကိုး။

အဲဒီတော့ သူက မဟုတ်ရပါဘူးတဲ့။ ကျွန်တော့်ကို တွေ့ချင်တယ်ဆိုတာက ကျွန်တော်က ဟိုလိုဂရက်ဖစ် ယူနီဗာ့စ်အကြောင်း ကြေညာချက်ကို စိတ်ဝင်စားတဲ့သူဆိုတာ ဖုန်းထဲမှာ ကြားလိုက်ပြီး သိထားလို့ပါတဲ့။ သူကလည်း အဲဒီကြေညာချက်ကို အရမ်းစိတ်ဝင်စားပေမယ့် သူ့ပတ်ဝန်းကျင်က လူတွေထဲမှာ အဲဒီအကြောင်း ပြောလို့၊ ဆိုလို့ရမယ့်လူ တစ်ယောက်မှမရှိတော့ စိတ်ညစ်နေတာဆိုပြီး ရှင်းပြရှာတယ်။ နောက်ပြီး အခု ကျွန်တော့်ကို ပြန်ခုခံချင်တဲ့စိတ်လည်း နည်းနည်းမှမပေါ်ဘူးဆိုတော့ သူ့ဇာတ်လမ်းက ကျွန်တော့်လက်ချက်နဲ့သေရမှာပဲ ဖြစ်မယ်ထင်တယ်လို့လည်း ပြောသေးတယ်။

သူက အဲဒီလို ပြောလာတော့ ကျွန်တော် အတော်ဝမ်းသာသွားတယ်။ ကျွန်တော်ကလည်း အဲဒီကိစ္စနဲ့ ပတ်သက်လို့ စကားလက်ဆုံကျချင်နေတာမဟုတ်လား။ နောက်ပြီး အခုအတိုင်းဆို အလုပ်ကလည်း လွယ်လွယ်ကူကူနဲ့ပြီးသွားတော့မယ့်ပုံပဲ။

ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်သား ည ၇ နာရီလောက်ကနေစပြီး ရူပဗေဒသီအိုရီတွေ၊ အခုတွေ့ရှိချက်နဲ့ ဘဝအဓိပ္ပာယ်အကြောင်းတွေ ဆွေးနွေးလိုက်ကြတာ ည ၁၂ နာရီကိုထိုးရော။ ၁၂ နာရီထိုးခါနီးတော့ သူကမေးရှာပါတယ်။ “ခင်ဗျားက ကျွန်တော့်ကို ဒီနေ့သတ်ပေးမယ်လို့ အာမခံထားတာလား။ အဲဒါဆိုရင်တော့ ကျွန်တော်တို့အချိန်သိပ်မရတော့ဘူး” တဲ့။ 

ဒါနဲ့ ကျွန်တော်လည်း မဟုတ်တဲ့အကြောင်း၊ အဆင်ပြေတဲ့အချိန်သတ်ပေးမယ်လို့သာ ပြောထားကြောင်း ပြန်ပြောလိုက်တော့ ဆရာသမားက - 

“ဒါဆိုရင်တော့ အာခြောက်တယ်ဗျာ၊ ဘီယာလေးမော့ရင်း ဆက်ပြောကြရအောင်” တဲ့။ ဒါနဲ့ ကျွန်တော်လည်း ကောင်းသားပဲပေါ့။ 

တကယ်တမ်းဆွေးနွေးကြတဲ့အခါကျ သူက ကျွန်တော့်ထက်ပိုပြီး နှံ့နှံ့စပ်စပ် သိသလို ကျွန်တော့်ထက်လည်း အဲဒီကိစ္စတွေမှာ ပိုစိတ်ဝင်စားတာ သိလိုက်ရတယ်။ ဒီတော့ အချိန်ကြာလေ ကျွန်တော်က နားထောင်သမားသက်သက်ဖြစ်လေ ဖြစ်လာတော့တာပေါ့။ 

မနက် ၄ နာရီလောက်လည်းရောက်ရော ကျွန်တော် ကမရတော့ဘူး။ အိပ်ငိုက်ချင်လာပြီ။ ဒါကို သူကရိပ်မိသွားလို့လားမသိဘူး “ ကဲ စကားပြောလို့တော့ ကောင်းတယ်ဗျာ။ ဒါပေမဲ့ ခင်ဗျားကို အားနာလှပြီ။ ခင်ဗျားလည်း အလုပ်မြန်မြန်လက်စသတ်ပြီး ပြန်ချင်နေရောပေါ့”လို့ ပြောလာတယ်။

ဒါနဲ့ကျွန်တော်လည်း ဘာမှမပြောဘဲ အားနာပြုံးလေးပဲ ပြန်ပြုံးပြလိုက်တယ်။ 

အဲဒီတော့ သူက “ကဲ ဒါဖြင့် အခုပဲလုပ်လိုက်တော့ဗျာ။ ခင်ဗျားလိုလူရဲ့လက်နဲ့ ဒီဟိုလိုဂရမ် ဇာတ်လမ်းထဲက ထွက်ရမှာတန်ပါတယ်။ နောက်ပြီး ဘာဆက်ဖြစ်မလဲဆိုတာလည်းသိချင်လှပြီ” ဆိုပြီး ထိုင်လျက်နဲ့ပဲ မျက်လုံးကိုမှိတ်လို့ ခေါင်းကိုမော့ပေးရှာတယ်။

ကျွန်တော်လည်း သူ့ကျောဘက်ကိုသွားပြီး နဖူးကိုလက်နဲ့အုပ်လို့ လည်ပင်းကို ဓားနဲ့ခပ်မြန်မြန်ပဲ လှီးချပြီး နောက်ကို ခုန်ဆုတ်လိုက်တယ်။ သူ့ဆီက ပန်းထွက်လာတဲ့သွေးတွေ စဉ်မှာစိုးလို့။ အတွေ့အကြုံမရှိခင်တုန်းကဆို သွေးတွေစဉ်ကုန်လို့ လွှင့်ပစ်ရတဲ့ အင်္ကျီတွေ၊ ပုဆိုးတွေ မနည်းဘူး။

အဲဒီနောက်တော့ ကျွန်တော်လည်း သူ့တိုက်ခန်းနောက်ဖေးတံခါးကနေထွက်ပြီး အရေးပေါ်လှေကားကနေပဲ ဆင်းလာခဲ့လိုက်တယ်။ စိတ်ထဲမှာတော့ သိပ်ဘဝင်မကျချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်သတ်လိုက်တဲ့သူက ဟိုလိုဂရမ်တစ်ခုပဲဆိုတာ သိနေပြီးတဲ့နောက်မှာတောင် အရင်တုန်းကလိုပဲ လူသတ်မိလို့ အပြစ်ရှိတဲ့ခံစားချက်ကဝင်နေသေးလို့။ ဟိုလူကတော့ ခုချိန်လောက်ဆို ဟိုလိုဂရမ်ဇာတ်လမ်းပြီး ရင်ဘာဆက်ဖြစ်တယ်ဆိုတာသိရလို့ ကျေနပ်နေလောက်ပြီ။ ဒါပေမဲ့ သူ့အနေနဲ့ အခုဟိုလိုဂရမ်ဇာတ်လမ်းထဲမှာဖြစ်ခဲ့တာတွေကို ဘာမှမမှတ်မိဘူး၊ ဒါမှမဟုတ် ဒီဇာတ်လမ်းပြီးတော့ ဘာမှဆက်မဖြစ်တော့ဘူးဆိုရင်တော့ စိတ်ပျက်သွားရှာမှာပဲ။ အဲ . . . နေပါဦး . . . ဒီဘက်ဇာတ်လမ်းအကြောင်း ဘာမှ မမှတ်မိဘူး၊ ဒါမှမဟုတ် ဘာမှဆက်မဖြစ်တော့ဘူးဆိုမှတော့ ဘယ့်နှယ်လုပ်စိတ်ပျက်လို့ရတော့မှာတုံး။ ဒီတော့အခု စိတ်ပျက်နေရတာ ကျွန်တော်တစ်ယောက်တည်းပေါ့။ ကောင်းရော . . . ။

အပြင်မှာတော့ ကျွန်တော်တို့ရဲ့ ဟိုလိုဂရမ်ကမ္ဘာကြီးက ဟိုလိုဂရမ်နေမင်းကြီးထွက်လာလို့ မိုးလင်းစပြုပြီ။ ကျွန်တော့်ရဲ့ ဟိုလိုဂရမ်ခန္ဓာကိုယ်ကြီးကလည်း ဘီယာအရှိန်ရယ်၊ ပြီးတော့ တစ်ညလုံးမအိပ်ရသေးတာရယ်ကြောင့် ခြေမသယ်နိုင်၊ လက်မသယ်နိုင်ဖြစ် ပြီးအရမ်းပင်ပန်းလာပြီ။ 

ဒါနဲ့ ကျွန်တော်လည်း တက္ကစီတားရင်းနဲ့ နောက်တစ်ခါ ကိုယ်သတ်ရမယ့်လူနဲ့ မသတ်ခင် ဘယ်တော့မှ စကားလက်ဆုံမကျတော့ဘူးလို့ စိတ်ထဲက ကျိတ်ပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒါမှမဟုတ် ဟိုလိုဂရက်ဖစ်ယူနီဗာ့စ်ကြီးရဲ့ ဇာတ်ညွှန်းထဲမှာ အဲဒီလို ရေးလို့ထားတယ်။

(စိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်သာ ဖြစ်ပါသည်)

မင်းသန့်