News

POST TYPE

ARTICLE

နယ်မြေမအေးချမ်းသော်လည်း ညဥ့်ငှက်လေးတွေကြောင့် တိုးရစ်တွေမြူးကြတဲ့ ထိုင်းနယ်စပ်မြို့
14-Jul-2019



(ထိုင်းနိုင်ငံ နယ်စပ်မြို့လေးတစ်မြို့မှ လိင်ရောင်းဝယ်ဖောက်ကားမှုအကြောင်း ရေးသားဖော်ပြခဲ့သည့် Channel News Asia သတင်းဌာန၏ Investigative News Story တစ်ပုဒ်ကို ဆီလျော်အောင်ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)

ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနှင့်နယ်စပ်ဒေသတွင် ဘီတွန်ဆိုသော မြို့ငယ်လေးတစ်မြို့ရှိသည်။ နိုက်ကလပ်များ၊ ဖျော်ဖြေရေးစင်တာများ၊ ဟိုတယ်များပြည့်နှက်နေသော နယ်စပ်မြို့လေးဖြစ်ပြီး တိုးရစ်အမြောက်အမြား လာရောက်လေ့ရှိသည့်မြို့လည်း ဖြစ်သည်။

ထိုမြို့လေး၏ နိုက်ကလပ်တစ်ခုတွင် လိုင်လာဆိုသူ အမျိုးသမီးလေးတစ်ဦး အလုပ်လုပ်သည်။ လိုင်လာနှင့် သူမ၏လုပ်ဖော်ကိုင်ဖက်များ၏ အလုပ်မှာ ကာစတန်မာ(ဖောက်သည်)များကို ဖျော်ဖြေပေးရေးသက်သက်သာ။ ကာစတန်မာဆိုသည်မှာလည်း အမျိုးသားကာစတန်မာများသာဖြစ်သည်။ 

“ဒီမှာအလုပ်လုပ်ရတာ တကယ့်ကို တစ်သီးတစ်သန့်လေးပဲ၊ အင်မတန် Sexy ဖြစ်တယ်”ဟု ကြေးနီရောင်ဆံပင်ကို သပ်ကာ မစ္စလိုင်လာက ပြောသည်။ သူမ၏ နောက်ကျောတွင် နတ်သမီးတောင်ပံတစ်စုံပုံကို တက်တူးထိုးထားသည်။ 

“ကျွန်မတို့က ကိုယ့်ရဲ့အလှကိုရောင်းစားကြတာ၊ ပိုလှတဲ့သူဖြစ်လေ ပိုက်ဆံပိုရလေပဲ” 

မစ္စလိုင်လာသည် ညပိုင်းဖျော်ဖြေရေးအလှမယ်ဖြစ်သည်။ သူမ အလုပ်လုပ်သည့် နိုက်ကလပ်မှာ ဘီတွန်မြို့ရှိ လမ်းသွယ်လေးတစ်ခုထဲတွင်ရှိသည်။ ဘီတွန်ဆိုသည့်မြို့ငယ်လေးမှာ သာမန်နယ်စပ်မြို့လေး တစ်မြို့တော့မဟုတ်ပေ။ အရှေ့တောင်အာရှဒေသရှိ အန္တရာယ်အလွန်များသည့်နေရာများအနက် ဘီတွန်လည်းပါသည်။ ဘီတွန်သည် ဒေသတွင်း လိင်ရောင်းဝယ်ဖောက်ကားမှုပြုသည့် စီးပွားရေး၏အချက်အချာကျသောမြို့ဟုဆိုလျှင်လည်း မမှားပေ။ 

ဘီတွန်သည် ထိုင်းနိုင်ငံတောင်ဘက်စူးစူး ယာလာပြည်နယ်ထဲတွင်ရှိပြီး မြို့တော်ဘန်ကောက်နှင့် ကီလိုမီတာ ၁၂၀၀ ကွာဝေးသည်။ ဘီတွန်နှင့် အနီးတစ်ဝိုက်တွင် ပတ္တာနီ၊ နာရာသီဝတ်၊ ဆွန်ခါလာ စသည့်မြို့များရှိသည်။ တောင်ပိုင်းခွဲထွက်ရေးအုပ်စုများနှင့် ထိုင်းအာဏာပိုင်များအကြားဆယ်စုနှစ်များစွာ လက်နက်ကိုင်ပဋိပက္ခဖြစ်နေသည့်ဒေသလည်းဖြစ်သည်။ 

၂၀၀၄ ခုနှစ်ကစတင်ကာ ပစ်ခတ်တိုက်ခိုက်မှု၊ ဗုံးခွဲမှုပေါင်းများစွာ ယင်းဒေသတွင်ဖြစ်ပေါ်ခဲ့ပြီး စာသင်ကျောင်းများနှင့် နေအိမ်အမြောက်အမြားလည်း ပျက်စီးခဲ့သည်။ ယင်းနှစ်ကစတင်ခဲ့သည့် တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄၀၀၀ ကျော်သေဆုံးပြီး ၁၀၀၀၀ ကျော်ခန့်ဒဏ်ရာရရှိခဲ့ကြရသည်ဟု မှတ်တမ်းများအရ သိရသည်။ 

တိုက်ခိုက်မှုအများစုမှာ ဘီတွန်နှင့် ယာလာအလယ်ပိုင်းဒေသကို ဆက်သွယ်ထားသည့် လမ်းတွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုလမ်းကို ဒေသခံတွေက “သေမင်းတမန်လမ်း”​ ဟုပင် ပြောင်းလဲခေါ်ဆိုနေကြပြီဖြစ်သည်။ ခွဲထွက်ရေးသူပုန်များက ထိုလမ်းမှ ဖြတ်သန်းသွားလာသူများကို ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိကြပါသည်။ 

ပြီးခဲ့သည့် ဇွန်လက ယာလာပြည်နယ်၊ ဘန်နန်းဆာတာခရိုင်ဒေသရှိ စစ်ဆေးရေးဂိတ်တစ်ခု ဗုံးခွဲတိုက်ခိုက်ခံလိုက်ရသေးသည်။ မြေပုံပေါ်ကနေကြည့်မည်ဆိုလျှင် ထိုနေရာမှ ဘီတွန်သို့ရောက်ရန် နာရီဝက်ခန့်မျှသာ ကားမောင်းရမည်ဖြစ်သည်။ 

ဘီတွန်မြို့သည် ယခုနှစ်ဆန်းပိုင်းက စတင်ကာ ဗုံးခွဲတိုက်ခိုက်မှုများဖြစ်မည်ဆိုသော ခြိမ်းခြောက်မှုများကြောင့် ထိတ်လန့်နေခဲ့ရသည့် မြို့တစ်မြို့ဖြစ်လာသည်။ 

ထိုသို့ ခွဲထွက်ရေးသူပုန်များ၏ ခြိမ်းခြောက်မှုများ၊ ဗုံးလန့်မှုများပေါ်ပေါက်လျက်ရှိသော်လည်း ဘီတွန်မြို့သို့ဝင်ရောက်နေသည့် ဧည့်သည် ဦးရေမှာမူ လျော့ပါးသွားခြင်းမရှိပေ။ အများစုမှာ နိုင်ငံခြားသားတိုးရစ်များ ဖြစ်ပြီး မလေးရှားနယ်စပ်ဒေသမှတစ်ဆင့် ဘီတွန်မြို့သို့ဝင်ရောက်လာကြ ခြင်းဖြစ်သည်။ 

မလေးရှားနယ်စပ်ဒေသ ပီရတ်ပြည်နယ်နှင့် နီးကပ်နေခြင်းက ဘီတွန်မြို့အတွက် မဟာဗျူဟာအချက်အခြာနေရာတစ်ခုကို ပိုင်ဆိုင်ထားသလိုဖြစ်စေသည်။ အခြားထိုင်းတောင်ပိုင်းမြို့များထက်လည်း ပိုမိုလုံခြုံမှုရှိသလိုဖြစ်နေစေသည်။ 

“လုံခြုံမှုရှိ၊ မရှိဆိုတဲ့အကြောင်းကိစ္စအရဆိုရင်တော့ ဘီတွန်ဟာ တောင်ပိုင်းခရိုင် ၃၇ ခုထဲမှာ လုံခြုံစိတ်ချမှုအရှိဆုံးလို့ သတ်မှတ်လို့ရပါတယ်” ဟု ဘီတွန်ခရိုင်အုပ်ချုပ်ရေးအရာရှိ အန်နတ်ဘွန်ဆာရန်ကပြောပြသည်။ 

“ဘီတွန်ကိုလာတဲ့ ဧည့်သည်တွေထဲမှာ မလေးရှားနဲ့ စင်ကာပူတိုးရစ်က ၈၀ ရာခိုင်နှုန်းလောက်ကိုရှိပါတယ်။ သူတို့က မလေးရှားကနေလာကြတာ၊ ဘီတွန်နယ်စပ် စစ်ဆေးရေးဂိတ်ကိုဖြတ်သန်းပြီး ဝင်လာကြတာပါ။ အကွာအဝေးက ၇ ကီလိုမီတာပဲရှိတယ်လေ၊ တိုးရစ်တွေအတွက် လုံခြုံမှုအရှိဆုံးလမ်းကြောင်းပေါ့”ဟု ၎င်းက ရှင်းပြသည်။ 

မလေးရှားနယ်စပ်ဘက်မှ ဝင်ရောက်လာသည့် ဧည့်သည်များအနေနှင့် ခရီးတိုတောင်းပြီး အေးရာအေးကြောင်းလာရောက်နိုင်သည့် အခြေအနေရှိသော်လည်း ထိုင်းနိုင်ငံတစ်ဝန်းမှ ဘီတွန်သို့ လာရောက်လိုသူများ အတွက်တော့ စွန့်စားခန်းတစ်ရပ်သဖွယ်ဖြစ်နေပါသည်။ 

“ဟုတ်ပါတယ်၊ ထိုင်းနိုင်ငံသား ပြည်တွင်းဧည့်သည်တွေအတွက်တော့ ယာလာအလယ်ပိုင်းကနေ ဘီတွန်ကိုရောက်ဖို့က ကီလိုမီတာ ၁၄၀ ဝေးကွာတယ်။ သူတို့အတွက် စိတ်ချလက်ချခရီးသွားလာနိုင်အောင် ကျွန်တော်တို့ မဖန်တီးပေးနိုင်သေးပါဘူး”ဟု ၎င်းက နယ်မြေလုံခြုံရေးနှင့် ပတ်သက်၍ ရှင်းပြပါသည်။ 

ဘီတွန်သည် နှစ်စဉ် နိုင်ငံခြားခရီးသည်ထောင်ပေါင်းများစွာ ဝင်ရောက် လည်ပတ်နေသည့်မြို့ဖြစ်သည်။ အများစုမှာ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယနှင့် တရုတ်တို့ဖြစ်ပြီး မလေးရှားနိုင်ငံ ပီရတ်ပြည်နယ်၊ ပန်ကာလန်ဟူလူမှ ကုန်းလမ်းဖြင့်လာရောက်ကြခြင်းဖြစ်ပါသည်။ ယမန်နှစ် (၂၀၁၈ ခုနှစ်) က ဘီတွန်သို့ မလေးရှားနယ်စပ်ဒေသမှ ဝင်ရောက်သူ ခရီးသည် ၅၂၄,၀၀၀ ခန့်ရှိခဲ့သည်။ အများစုမှာ အဆိုပါနယ်မြေ၏ သဘာဝအတိုင်း သစ်လွင်နေသော အလှအပများနှင့် ဒေသခံတို့၏ ချစ်ခင်ဖော်ရွေစရာကောင်းမှုများ၏ ဆွဲဆောင်မှုကြောင့် လာရောက်ကြခြင်းဖြစ်သည်။ 

သို့သော် ထိုသို့သော သဘာဝအလှအပထက် ဘီတွန်မြို့မှ လိင်ဖျော်ဖြေရေး အလှမယ်လေးများနှင့် လွတ်လပ်စွာ ဖွင့်လှစ်ခွင့်ရထားသော နိုက်ကလပ်များ၊ လိင်ရောင်းဝယ်ဖောက်ကားမှုများကို ပိုမိုစိတ်ဝင်စားသောကြောင့် လာရောက်ကြသူများလည်း အမြောက်အမြားရှိပါသည်။ 

ဘီတွန်စီတီစင်တာရှိ လမ်းသွယ်လေးတစ်ခုတွင် မြေအောက်နိုက်ကလပ်တစ်ခုရှိပြီး ညဘက်တွင် အကအခုန်ဂီတသံများ အဆက်မပြတ်ကြားရသည်။ ယင်းနိုက်ကလပ်ထဲတွင် ကခုန်ပျော်မြူးနေသူများပြည့်နှက်နေပြီး ဖွင့်ထားသော အဲကွန်းလေမှာ စီးကရက်အငွေ့များက ဖုံးလွှမ်းထားသည်။ အရက်နှင့် ဘီယာမျိုးစုံရှိသည်။ 

အလင်းရောင်ကြိုးတိုးကြားတားကြားတွင် မလုံတလုံအဝတ်အစား များဝင်ထားသည့် အမျိုးသမီးငယ်များရှိသည်။ အများစုမှာ အမျိုးသားဖောက်သည်များနှင့် ပြုံးရွှင်စွာစကားလက်ဆုံကျနေသည်။ မီးရောင်မှိန်ဖျဖျ အောက်တွင် အချို့မှာ ရယ်မောလျက်ရှိသည်။ အချို့မိန်းကလေးများမှာ စတိတ်စင်ခပ်သေးသေးလေးပေါ်တွင် ဖွင့်ထားသော ဂီတသံနှင့် လိုက်ဖက်ညီအောင် ကခုန်နေသည်။ နိုက်ကလပ်ခန်းမကြီးမှာ မှောင်မည်းနေသယောင် ရှိသော်လည်း ဒစ်စကိုမီးရောင်များ ပြိုးပြိုးပြက်ပြက်နှင့်။ 

“ဓာတ်ပုံမရိုက်ပါနဲ့၊ Please” ဟု နိုက်ကလပ်ဝန်ထမ်းတစ်ယောက်က ကာစတန်မာများကို သတိပေးပြောဆိုသံကြားရသည်။ “နောက်ပြမယ့် ရှိုးပွဲမှာ ဘာဓာတ်ပုံမှရိုက်လို့မရပါဘူး”ဟုလည်း ဆိုသေးသည်။ 

နိုက်ကလပ်လာနေကျ ပုံမှန်ဖောက်သည်များကတော့ နောက်ရှိုးက ဘာလဲဆိုတာကို ကြိုသိထားနှင့်ပြီးဖြစ်သော်လည်း တစ်ခါမှမရောက်ဖူးသည့် ဖောက်သည်အသစ်များကတော့ ဘာပြမှာလဲဆိုတာကို မျှော်လင့်စောင့်စား နေကြသည်။ သီချင်းသစ်တစ်ပုဒ်ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက်တည်း ညှို့အားပြင်းအောင်ဖော်ထားသည့် အတိုအပြတ်များဝတ်ဆင်ထားသော မိန်းကလေးများထွက်လာကြသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ဝတ်ထားသမျှလေးတွေကို ချွတ်ပစ်လိုက်ရာ နိုက်ကလပ်ထဲက ပရိသတ်ကြီး က မြူးထူးအော်ဟစ်ကြတော့သည်။ 

“ညဘက်မှာ တစ်စုံတစ်ယောက်ကိုရှာမယ်ဆိုရင် အရမ်းလွယ်တယ်” ဟု ပုံမှန်လာနေကျ ဖောက်သည်တစ်ဦးက ပြောပြသည်။ 

အဆိုပါအမျိုးသားမှာ အသက် ၃၀ အရွယ်ရှိပြီး ယာလာအလယ်ပိုင်းတွင် နေထိုင်သူဖြစ်သည်။ ၎င်းသည် သူငယ်ချင်းများနှင့် အဆိုပါ နယ်စပ် ဘီတွန်မြို့သို့ မကြာခဏလာရောက်လေ့ရှိသည်။ သူတို့သူငယ်ချင်း တစ်သိုက်အကြိုက်ဆုံးနေရာမှ ဘီတွန်မြို့မှ အဆိုပါမြေအောက်နိုက်ကလပ် ဖြစ်သည်။ ဘီတွန်သို့လာရောက်ကြသည့် တိုးရစ်အတော်များများသည် ယင်းမြေအောက်နိုက်ကလပ်သို့သွားပြီး ညဥ့်ငှက်မလေးများကို ရှာဖွေလေ့ရှိကြပါသည်။ 

သို့သော် ညဥ့်ငှက်မလေးများကို ရှာဖွေရခြင်းမှာ အလွန်အမင်း လွယ်ကူလှသည်တော့မဟုတ်ပေ။ ဘီတွန်သို့သွားရောက်ပြီး လိင်ဖျော်ဖြေမှုရယူလိုသူများအနေနှင့် ဘီတွန်သည် ထိုင်းနိုင်ငံထဲတွင်ရှိပြီး ထိုင်းနိုင်ငံသည် ပြည့်တန်ဆာကိစ္စကို တရားမဝင်သောအလုပ်တစ်ခုအဖြစ် သတ်မှတ်ထားသည့် ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်သည်ကို သိထားသင့်သည်။ 

သို့သော်လည်း ဘီတွန်မှာ ထိုင်းနိုင်ငံမှ အခြားမြို့များကဲ့သို့ပင် ပြည့်တန်ဆာလုပ်ငန်းတစ်ခုကို မည်သို့လုပ်ကိုင်လည်ပတ်ရမည်ကို ကောင်းစွာသိထားသူများရှိသည့် မြို့ပင်ဖြစ်လေသည်။ ဥပမာအားဖြင့် ဆိုရလျှင် ပြည့်တန်ဆာအတော်များများမှာ အစ်ကိုကာလသားတို့အတွက် ဖျော်ဖြေရေးနေရာတစ်ခုခုတွင် တရားဝင်အလုပ်တစ်ခုရထားသူများဖြစ်ကြသည်။ 

“အများဆုံးလာတဲ့ ဖောက်သည်တွေကတော့ မလေးရှားက လာတာပါ။ သူတို့က ကလပ်တွေ၊ ဘားတွေ ဒါမှမဟုတ် ဟိုတယ်နဲ့အချိတ် အဆက်ရှိတဲ့ ပွဲစားတွေကတစ်ဆင့် အမျိုးသမီးတွေခေါ်ကြတယ်”ဟု ဖောက်သည်တစ်ဦးက ရှင်းပြသည်။ 

ပြည့်တန်ဆာလုပ်ငန်းမှာ ဘီတွန်မြို့တွင် အာဏာပိုင်များက မသိချင်ယောင်ဆောင်ထားသည့် လုပ်ငန်းဟုဆို၍ရသည်။ ပြည့်တန်ဆာများကိုလည်း အခြားနေရာများမှာထက် ပို၍ပင် လွယ်လွယ်ကူကူ ရှာဖွေနိုင်သည်။ မိသားစုမပါဝင်ဘဲ တစ်ယောက်တည်းလာရောက်သော အမျိုးသားတိုးရစ်ဆိုလျှင် ပြည့်တန်ဆာပွဲစားနှင့် ချိတ်ဆက်ပေးနိုင်သော ဟိုတယ်ဝန်ထမ်းတစ်ဦးတစ်ယောက်၏ ချဉ်းကပ်မိတ်ဖွဲ့မှုနှင့် ကြုံရနိုင်သည်။ 

တရားဥပဒေနှင့် ဆန့်ကျင်သည့် အလုပ်ဖြစ်သော်လည်း ဘီတွန်မြို့တွင် လိင်ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း အတားအဆီးမရှိသလောက် လွတ်လွတ်လပ်လပ် နှစ်ပေါင်းများစွာလုပ်ကိုင်နိုင်သည်။ 

“တိုးရစ်တွေလာရောက်တဲ့နေရာတွေမှာ ကာလသားဖျော်ဖြေရေး လုပ်ငန်းတွေ ရှိကြစမြဲဆိုတာ ကျွန်တော်တို့ဝန်ခံပါတယ်။ အဲဒါတွေက ခွဲထုတ်လို့မရနိုင်ဘူးလေ။ ဒါပေမဲ့ ဘီတွန်မြို့မှာတော့ ကျွန်တော်တို့ စောင့်ကြည့်ထိန်းချုပ်မှုတွေလုပ်ပါတယ်”ဟု ခရိုင်အုပ်ချုပ်ရေးအရာရှိ အန်နတ်က ဆိုသည်။ 

လိုင်လာဆိုသည့် မိန်းကလေးကမူ ဘီတွန်မြို့ထက် သူမလုပ်ကိုင်နေရသော လုပ်ငန်းသဘောသဘာဝကို ယခုလို စိတ်ဝင်တစားရှင်းပြသည်။ 

“ဒီလုပ်ငန်းဆိုတာ ဘယ်သူမှ အကြာကြီးလုပ်လို့မရဘူး။ ကိုယ့်မှာ အလှအပတွေမရှိတော့ဘူးဆိုရင် ပိုက်ဆံလည်းရှိလာတော့မှာမဟုတ်ဘူး။ အဲတော့ လုပ်နိုင်တဲ့အချိန်မှာ ဒီအလုပ်လုပ်ရမှာပဲ”

အောင်ထူးချွန်