News

POST TYPE

ARTICLE

ကန်စွန်းရွက်၏ ဆေးဖက်ဝင်ပုံများ
14-Jul-2019


ကန်စွန်းကတော့ မြန်မာတွေနဲ့ မစိမ်းပါ။ ကန်စွန်းရွက်ကြော်ကို တော်တော်များများ ကြိုက်ကြတယ်။ ကန်စွန်းရိုးနီကိုတော့ ချဉ်ရည် ဟင်းချက်သောက်ကြတယ်။ တို့စရာ လုပ်စားကြတယ်။ ရေနွေးဖျောပြီး သုပ်စားကြတယ်။ ကန်စွန်းဟာ ဆေးလည်း ဖြစ်ပါတယ်။ မှန်ကန်တော်တည့်စွာ စားသုံးမယ်ဆိုရင် အလွန်အကျိုးရှိသော ဓာတ်စာ ဖြစ်တယ်။ ကန်စွန်းရွက်ရဲ့ အာနိသင်တွေကို လက်လှမ်းမီသလောက် ဖတ်ရှုပြီး ပြန်လည်ဖောက်သည်ချပေးပါမယ်။ 

ကန်စွန်းဟာ အပူပိုင်းဒေသ ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်း အပင်မျိုး ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး အပူပိုင်းဒေသ နိုင်ငံတွေမှာ ပေါက်ရောက် စားသုံးကြပါတယ်။ ချဉ်ဟင်းချက်သောက်တဲ့ ကန်စွန်းရိုးနီကတော့ ရေလျှောက်ပင် ဖြစ်ပါတယ်။ မြန်မာတွေ ကန်စွန်းရွက်ကို ဘယ်လောက်စားသလဲဆိုရင် ကန်စွန်းရွက် လေးချိုးတောင် ရှိပါသေးတယ်။  

စိမ်းညိုရင့်
ရွက်ပွင့်က ရိုးတံချီ။
မြဘက်ရည် အလေ့နော်ပ
ရေပေါ်မှာ အသာလျှောက်
ဖူးညှောက်စီစီ။
မြတ်ပွဲတော်၊ စားတော်ဆက်ရ၊
ကြော်ချက်ကတဲ့၊ သင်းပျံ့ကြည်
ဟင်းချိုရည်ဆိမ့်အေး ။ ။

ဆိုပြီး ရေးသားထားတာတောင် ရှိပါတယ်။ ဥတုဘောဇနကျမ်းမှာတော့ ကန်စွန်းရွက်သည် ချို၏။ နို့ရည်၊ သုက်တို့ကို ပွားများစေ၏လို့ ရေးထားပါတယ်။ ရှုတော်မူဆေးကျမ်းနဲ့ ရသဓာတုကျမ်းမှာ ကန်စွန်းရွက်သည် ဝမ်းမီးကို ဖြောင့်စေခြင်း၊ ငန်းမန်းကြေခြင်း၊ သုက်ကို ပွားများစေ၏။ ရူးသောအနာ၊ သည်းခြေနှင့် ယှဉ်သောအနာ၊ အဆိပ်အတောက်အမျိုးမျိုး၊ သွေးကင်း၊ လေကင်း၊ အပုပ်ကင်း၊ အဖျားကင်း စသည်တို့ကို ကုသရာတွင် အသုံးဝင်ကြောင်း ဖော်ပြထားပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဗီတာမင် စီ၊ ပရိုတင်း ဓာတ်၊ ကယ်စီယမ်၊ သံဓာတ် စတဲ့ အာဟာရတွေ စုံနေအောင်ပါတဲ့ အရွက်ဖြစ်ပါတယ်။ 

ဟင်းသီးဟင်းရွက် အမျှင်ဓာတ် ဖြစ်တာကြောင့် ကန်စွန်းရွက် စားသုံးပေးခြင်းဖြင့် မလိုလားအပ်တဲ့ အဆီတွေကို ရှင်းလင်းပေးပါတယ်။ ဝမ်းမှန်စေပါတယ်။ အူလမ်းကြောင်း ကျန်းမာရေးအတွက် ကန်စွန်းရွက် ဆေး၊ ဟင်းလျာတွေက အကျိုးဖြစ်စေပါတယ်။ အူလမ်း ကြောင်းကင်ဆာကို တားဆီးပေးတဲ့ ဓာတ်စာလို့ တိုင်းရင်းသမားတော်တွေက ယူဆကြပါတယ်။ ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကန်စွန်းရွက်သတ္တုရည်ကို သုံးကြတာမျိုး ရှိပါတယ်။ ဝမ်းပျော့စေတာမို့ လိပ်ခေါင်း သမားတွေအတွက် စားသင့်တဲ့ အာဟာရဖြစ်ပါတယ်။ ကန်စွန်းရိုးနီကို ဟင်းချက်စားမယ်ဆိုရင် သွေးဝမ်းရောဂါကို သက်သာစေပါတယ်။ ကန်စွန်းရိုးနီ ပြုတ်ရည်ဟာ ရင်ပြည့်ဝမ်းကျရောဂါကို ပျောက်ကင်းစေတယ်လို့ ဆေးဆရာတို့က ယုံကြည်ကာ ဓာတ်စာအဖြစ် အသုံး ပြုကြတယ်။ ကန်စွန်းရွက်ဟာ အိပ်စက်မှုရဲ့ အရည်အသွေးကို မြင့်တက်စေပါတယ်။ အိပ်ဆေးလိုမျိုး အကြာကြီး အိပ်စေတာကို ပြောတာ မဟုတ်ပါဘူး။ အိပ်ရတဲ့အချိန်မှာ နှစ်ခြိုက်ကြည်သာရှိတာကို ပြောတာပါ။ 

ကန်စွန်းရဲ့ နောက်ထပ် ကောင်းကျိုးက သွေးဖိအားကို ထိန်းပေးတာပါပဲ။ သွေးတိုးနေတယ်ဆိုရင် ကန်စွန်းရိုးနီချဉ်ရည်ဟင်းလေး စားပေးပါ။ သွေးတိုးကို ထိန်းပါတယ်။ ပြီးတော့ သွေးတိုးဖြစ်စေတဲ့ သွေးတွင်း အဆီတွေ ကင်းဝေးအောင်လည်း ဆောင်ရွက်ပေး ပါတယ်။ ဆီးချို၊ သွေးချိုရောဂါကို ကာကွယ်ပေးတဲ့ အာဟာရတွေထဲမှာ ကန်စွန်းရွက်က ထိပ်တန်းကပါ။ ကန်စွန်းရွက်ရဲ့ နောက်ထပ် ကျန်းမာရေးကောင်းကျိုးက ရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။ ချောင်းဆိုးတာ၊ လေပြွန်ရောင်ရမ်းတာတွေ ခံစားနေရသူ တွေအတွက် ကန်စွန်းရွက်အစားအသောက်က သင့်လျော်ပါတယ်။ 

ကန်စွန်းရွက်ရဲ့ ထင်ရှားတဲ့ နောက်ထပ် အကျိုးကျေးဇူးကတော့ အဆိပ်ပြေတာပဲ ဖြစ်ပါတယ်။ အစားမှားလို့ အော့အန်နေတယ်ဆိုရင် ရှေးလူကြီးတွေက ကန်စွန်းရွက်ကြိတ်ရည်ကို တိုက်လိုက်တာပါပဲ။ အကောင်ကိုက်လို့ အဆိပ်မိ ရောင်ရမ်းနေတဲ့ နေရာတွေကို ကန်စွန်းရွက်ကြိတ်ပြီး အုံပေးရင် သက်သာပါသတဲ့။ 

ကန်စွန်းရွက် စားပေးမယ်ဆိုရင် အမျိုးသမီးများအနေနဲ့ လစဉ် ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။ ကန်စွန်းရွက်ကို ကျန်းမာရေးနဲ့ ညီညွတ်စွာ သုပ်စားခြင်းဖြင့် မီးယပ်သွေးပုပ်ကျန် ရောဂါ၊ မီးယပ် သွေးမမှန်သောရောဂါ၊ သားအိမ်လျှောကျရောဂါ၊ နို့အုံနာ၊ နို့ထွက်နည်းခြင်း၊ အသားအရေ ခန်းခြောက်ခြင်းတို့ကို ပျောက်ကင်းသက်သာစေပါတယ်။ အသီးအရွက်များများစားပါ။ ကန်စွန်းရွက်ကလည်း အကျိုးရှိတဲ့ အစိမ်းရောင်အရွက်ဖြစ်ပါတယ်။ 

သတိထားရမယ့်အချက်တော့ ရှိပါတယ်။ ကန်စွန်းရွက်ကို မသမာသူ စီးပွားရေးသမားတွေက အရွက်ပိုးစားမှာစိုးလို့ ပိုးသတ်ဆေးတွေ လှိုင်လှိုင်နဲ့ စိုက်တတ်ကြပါတယ်။ သေသေချာချာ မဆေးကြောဘူးဆိုရင် အဆိုပါ အဆိပ်ဓာတ်တွေ ပါလာတတ်ပါတယ်။ ရွာမှာတော့ အလေ့ကျပေါက်တဲ့ ကန်စွန်းကို အသင့်ခူးပြီး ကြော်စားချက်စားတာဆိုတော့ အန္တရာယ်မရှိပေမယ့် မြို့ကြီးပြကြီးက ဟင်းရွက်တန်း ကန်စွန်းတွေကို သတိထားသင့်ပါတယ်။ စားခါနီးရင် ဆားရည်နဲ့ သေသေချာချာဆေးပေးပါ။ ပိုးသတ်ဆေးတွေ ပါလာမှာ စိုးလို့ပါ။ 

အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်း ညီစွာ စားသောက်နိုင်ကြပါစေ။

ဆရာဆေး