News

POST TYPE

ARTICLE

ကျန်းမာရေးအရ သရက်သီးရဲ့ အသုံးဝင်ပုံများ
12-May-2019


မိုးကျချင်လာသည့်အချိန်ဝယ် သရက်သီးမှည့်များကို စတင်တွေ့လာရပြီ။ မွှေးပျံ့ချိုမြတဲ့ အနံ့အရသာနဲ့ ဆွဲဆောင်ထားသည့် နတ်သစ်သီးဟုဆိုရပါမယ်။ သရက်သီးဟာ ဟင်းလျာဖြစ်တယ်။ တို့စရာလည်း ဖြစ်တယ်။ အပျင်းပြေစားစရာ ဖြစ်တယ်။ သရေစာမုန့်လည်းဖြစ်တယ်။ ယိုထိုးပြီး စားကြတယ်။ သနပ်အဖြစ် စပ်ဟပ်စားကြတယ်။ ဆားရည်စိမ်ပြီးစားကြတယ်။ ဖျော်ရည်ဖြစ်တယ်။ အစာလည်းဆေး ဆေးလည်းအစာလို့ ဆိုကြတာကြောင့် ဆေးလည်းဖြစ်ပါတယ်။ ဒီလိုရေလဲ အမျိုးမျိုးသုံးကြတာကြောင့် အသီးမှာ သရက်လို့ ပြောကြတာနေမယ်။ 

မြန်မာနိုင်ငံဟာ သရက်သီးစိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ ပြည်ပကို တင်ပို့ရောင်းချနေပြီး ပြည်တွင်းစားသုံးမှုပမာဏလည်း မြင့်မားပါတယ်။ မြန်မာပြည်မှာ သရက်အမျိုးအစား ၁၅၀ လောက် စိုက်ပျိုးနေပြီး နာမည်ကြီးအမျိုးအစားတွေဖြစ်တဲ့ စိန်တလုံး၊ ရွှေဟင်္သာ၊ မြကျောက်နဲ့ ပတ္တမြားငမောက်တို့ကို မူဆယ်ကတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ရောင်းချပေးနေပါတယ်။ သရက်သီးအနှစ်ကို အေးခဲအစားအစာအဖြစ် ဖန်တီးပြီး တောင်ကိုရီးယားကိုလည်း ပို့ဆောင်ပါတယ်။ 

အငယ်ဆုံးသရက်သီးမျိုးဟာ ရင့်မှည့်ချိန်ဝယ် ဆီးသီးမျှ ပမာဏအထိရှိပြီး၊ အကြီးဆုံးမျိုးကတော့ တစ်လုံးကိုပင် တစ်ပိဿာလောက်ရှိတယ်လို့ ဆိုကြပါတယ်။ သရက်ဟာ အပူပိုင်းဒေသမှာပေါက်တဲ့ အပင်မျိုးဖြစ်ပြီး တောင်အာရှဒေသမျိုးရင်းဖြစ်ပါတယ်။ ဒါပေမဲ့ ယခုအခါမှာတော့ အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနဲ့ ကာရစ်ဘီယန်ဒေသတွေမှာလည်းစိုက်ပျိုးနေပါသတဲ့။ 

ချိုချဉ်အရသာရှိတဲ့ သရက်သီးကို မြန်မာဆေးပညာမှာတော့ ခံတွင်းကို မြိန်စေတတ်တယ်။ သွေး၊ သည်းချေကိုကောင်းစေတတ်တယ်။ လေသလိပ်ကိုနိုင်တယ်။ ကျင်ကြီးအစုကိုဖျက်၍ ဝမ်းကိုရွှင်စေတတ်တယ်။ ကိုလက်စထရောဓာတ်ကို လျှော့ချပေးတယ်။ ကင်ဆာကာကွယ်တယ်။ အစာကြေစေတယ်။ ဦးနှောက်သွေးကြောပြတ်ခြင်းကို ကာကွယ်ပေးတယ်။ မျက်လုံးအတွက်လည်းကောင်းစေတယ်လို့ ပြောကြပါတယ်။ သရက်သီးဟာ အမျှင်ဓာတ်တွေပါတယ်၊ ဗီတာမင်အစုံပါတယ်၊ သတ္တုဓာတ်တွေ ပေါကြွယ်ဝတဲ့ ဓာတ်စာဖြစ်တယ်လို့ BBC ကျန်းမာရေးနဲ့ အစားအစာကဏ္ဍမှာ ရေးသားထားပါတယ်။ 

ဟုတ်ပါတယ်။ သရက်သီးဟာအာဟာရတန်ဖိုး ကြွယ်ဝလှပါတယ်။ ကယ်လိုရီနည်းတဲ့ သစ်သီးဖြစ်ပြီး အမျှင်ဓာတ်မြင့်မားပါတယ်။ ဗီတာမင် A နဲ့ C တို့ မြင့်မားစွာပါဝင်ပါတယ်။ သံဓာတ်၊ သွပ် နဲ့ ဗီတာမင် E တို့ပါပြီး ကယ်ဆီယမ် အနည်းငယ်လည်းပါပါတယ်။ အမျှင်ဓာတ်ကြောင့် ဝမ်းပျော့ပျော့သွားစေပေမယ့် သရက်သီးကို သန့်ရှင်းစွာ စားသောက်မယ်ဆို အလွန်အကျွံမစားဘူးဆို ဝမ်းပျက်ဝမ်းရောင်မှာကြောက်စရာ မလိုပါဘူး။ ဝမ်းချုပ်ဝေဒနာရှိသူများအတွက် သရက်သီးမှည့်ဟာ အထူးသင့်လျော်တဲ့ ရာသီစာ ဖြစ်ပါတယ်။ သရက်သီးမှည့်ကိုကလေးငယ်တွေကိုကျွေးလို့ရပါတယ်။ သရက်သီးရဲ့ ကြွယ်ဝလှတဲ့ ဗီတာမင် A ဟာ ကလေးများရဲ့ အမြင်အာရုံဖွံ့ဖြိုးမှုကိုအထောက်အကူ ဖြစ်စေပါတယ်။ 

အာဟာရပညာရှင်တွေရဲ့ လေ့လာချက်အရ သရက်သီးဟာအဆီများတဲ့ သူတွေအတွက် သင့်တော်တဲ့ အာဟာရလည်း ဖြစ်နေပါတယ်။ Journal of Nutrition မှာရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်အရ အဆီများနေတဲ့ အစားအသောက်ကြောင့် ကိုယ်အလေးချိန်များနေတဲ့ ကြွက်တွေကို သရက်သီးထည့် ကျွေးကြည့်တဲ့အခါ အူတွင်းအဆီရှင်းတဲ့ လုပ်ငန်းစဉ် ပိုကောင်းလာတာကိုတွေ့ရပါတယ်။ သရက်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကအဆီတွေကို ဖယ်ရှားရာမှာ အကျိုးရှိတာ ဖြစ်ပါတယ်။

ကဲမကြာခင် သရက်သီးလှိုင်လှိုင်ပေါ်တဲ့ရာသီကို ရောက်လာပါတော့မယ်။ ရာသီစာသီးနှံတွေဟာ ကျန်းမာရေးကို အထောက်အကူပြုသလို စားလို့လည်း ကောင်းပါတယ်။ သရက်သီးစားကြပါ။ အသီးမှာ သရက်လို့ဆိုတယ်မဟုတ်လား။

ဆရာဆေး