News

POST TYPE

ARTICLE

ဂျပန်တွေ သက်ရှည်ကျန်းမာခြင်းရဲ့ မလျှို့ဝှက်ချက်
05-May-2019



ဂျပန်နိုင်ငံဟာ သက်ရှည်ကျန်းမာကြသူများ များပြားရာ နိုင်ငံလို့ အကျော်ဒေယျ ဆိုကြတယ်။ ပျမ်းမျှလူ့သက်တမ်းက ကမ္ဘာ့ထိပ်တန်း အဆင့်ရှိတယ်။ ဂျပန်နိုင်ငံထဲမှာမှ နာဂါနိုဒေသက ပျမ်းမျှလူ့သက်တမ်း အရှည်ဆုံးရယ်လို့ သတ်မှတ်ခံရတယ်။ အဲဒီမှာ အမျိုးသားတွေရဲ့ ပျမ်းမျှသက်တမ်းက ၈၀ ဒသမ ၉ နှစ်၊ အမျိုးသမီးဆို ၈၇ ဒသမ ၂ နှစ်ရှိတယ်။ အသက်အတော်ရှည်ကြတဲ့ နေရာပေပဲ။ ဘာဖြစ်လို့ ဒီလောက်တောင် အသက်ရှည်နေကြသလဲလို့ ပညာရှင် များက ဖော်ထုတ်တဲ့အခါ နာဂါနိုဒေသခံတွေရဲ့ အသက်ရှည်ရာ အနာမဲ့ကြောင်း လျှို့ဝှက်ချက်တွေ ထွက်ပေါ်လာတယ်။ လျှို့ဝှက်ချက်လို့သာ ရေးရတယ်။ တကယ်တမ်းက သိပြီးသားတွေပါပဲ။ ဒါကြောင့် မလျှို့ဝှက်ချက်လို့ ပြောမှ ပိုမှန်မယ်။

အလုပ်လုပ်ရတာကို ချစ်မြတ်နိုးတဲ့ ဂျပန်တွေရဲ့ ယဉ်ကျေးမှုက အသက်ရှည်ရခြင်း အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဂျပန်ဟာ အသက် ၆၅ နှစ်အထက် အလုပ်လုပ်ကြနှုန်း အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဥပမာ - တစ်ယောက်လောက် အကြောင်းသိချင်တယ်ဆိုရင်တော့ နာဂါနိုဒေသခံ တကာမီကူရိုဝါအကြောင်း ပြောပြရမယ်။ မစ္စတာကူရိုဝါဟာ ခရီးသွားလုပ်ငန်းတစ်ခုမှာ မန်နေဂျာလုပ်တယ်။ သူ့ဝင်ငွေနဲ့ လစာက ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေမှာ TV လေး ကြည့်လိုက်၊ ဘီယာလေးစုပ်လိုက်၊ အိပ်လိုက် စားလိုက် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ သူရှာတဲ့ ပျော်စရာက ပုံစံတစ်မျိုး ဖြစ်ပါတယ်။ ခြံစိုက်ခင်းလေးမှာ အားလပ်ရက် ၂ ရက်လုံး တစ်ရက်မှာ ၁၂ နာရီ အလုပ်လုပ်သတဲ့။ စနေ၊ တနင်္ဂနွေမှာ စိုက်ခင်းလယ်သမားဖြစ်သွားတဲ့ ကူရိုဝါဟာ ပင်စင်ယူချင်ယူလို့ရနေပြီဖြစ်ပေမယ့် လာမယ့်နှစ်တွေမှာ ပျော်ရွှင်စွာ အလုပ်လုပ်ဖို့ မျှော်လင့်ထားပါသတဲ့။



“ဒါက ဒီမှာ ဘဝနေနည်းပဲ။ ရုံးမှာ အလုပ်လုပ်မယ်။ ပြီးရင် ဥယျာဉ်ခြံထဲဆင်း အငြိမ်းစားယူမယ်။ ဒါက ဘဝရဲ့ နောက်တစ်ဆင့်ပေါ့” လို့ ကူရိုဝါက ပြောကြားပါတယ်။ “စားသောက်နေထိုင်ပုံကို တိုးတက်အောင်လုပ်ပါ။ တက်ကြွစွာ နေထိုင်ပါ။ အသက်ကြီးလည်း အလုပ်လုပ်ပါ။ အသက်ရှည်ဖို့ထက် အရေးကြီးတာက သက်ရှည်ကျန်းမာဖို့ပါ” ဟု တိုကျို ဂျူတန်ဒိုတက္ကသိုလ်က သက်ကြီးစောင့်ရှောက်မှု ဆေးပညာသင်ကြားပေးသူ ပါမောက္ခ တာကူဂျီရှီရာဆာဝါက ပြောကြားပါတယ်။ 

နာဂါနို ဒေသခံတွေရဲ့ အလေ့အထ နောက်တစ်ခုက ကျန်းမာတဲ့ စားသောက်မှုပုံစံပါပဲ။ ကိုယ့်ပါးစပ်ထဲ သွင်းလိုက်တဲ့ အစားအစာ ကျန်းမာရေးနဲ့ လျော်ညီဖို့ လူတိုင်း စိတ်ဝင်တစားရှိကြတယ်။ လူတိုင်း စိတ်ဝင်တစား ပါဝင်ကြသလို အစိုးရကလည်း ကျားစီး၊ နွားစီး ဝင်ပါဝင်လုပ်ပေးတယ်။ ၁၉၈၀ ကာလတွေတုန်းက အဲဒီဒေသဟာ လေဖြတ်ခြင်း အမြင့်ဆုံးဖြစ်ပွားခဲ့ကြသတဲ့။ ခုတော့ ဒီကိန်းဂဏန်းဟာ သိသိသာသာကြီးကို ကျဆင်းသွားခဲ့ပြီ။ နာဂါနိုဒေသခံတွေဟာ ကြာရှည်ခံအောင် လုပ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေ၊ အချဉ်တည်ထားတာတွေ၊ အငန်စိမ်ထားတာတွေကို သိပ်ကြိုက်ခဲ့ကြပေမယ့် ဒါတွေကြောင့် လေဖြတ်နှုန်း မြင့်နေတယ်ဆိုတာသိတော့ စားသောက်နေထိုင်ပုံကို လူထုလှုပ်ရှားမှုအသွင်နဲ့ ပြင်ခဲ့ကြပါတယ်။ ဆားစားသုံးမှုကို လျှော့ချဖို့ လိုအပ်သလောက်သာ စားဖို့ နာဂါနိုသားတွေ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

အငန်လျှော့စားဖို့၊ ဆီတွေလျှော့စားဖို့ အစိုးရရော၊ အရပ်သားတွေကရော လူထုအခြေပြု စည်းရုံးရေး ဆင်းခဲ့ကြပါတယ်။ လမ်းဘေးမှာ စားပွဲလေးတွေ ချကာ ဘာသာရေးစည်းရုံးသလိုမျိုး စားသောက်နေထိုင်ပုံပြင်ဖို့ လိုက်လံစည်းရုံးခဲ့ကြတယ်။ ဒီလိုမှပဲ အောင်မြင်တော့တာ။ ၁၉၈၀ ကာလတွေမှာ ဂျပန်ရဲ့ လေအဖြတ်ဆုံးဒေသဖြစ်ခဲ့တဲ့ နာဂါနိုဟာ ၁၉၉၀ ကျော်မှာတော့ ပျမ်းမျှလူ့သက်တမ်း ၃ နှစ်ခွဲလောက်ကို တက်လာပါတယ်။ တကယ်လုပ်ရင် အဟုတ် အကျိုးပေးတဲ့ ပြင်ဆင်မှုတွေလို့ ဆိုရမှာပါ။ ၂၀၁၀ လည်းရောက်ရော နာဂါနိုဟာ ကင်ဆာ၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ နမိုးနီးယားရောဂါဖြစ်နှုန်း တစ်နိုင်ငံလုံး ပျမ်းမျှခြင်းရဲ့အောက်ကို ရောက်သွားပါတော့တယ်။ 

ကျန်းမာရေးလှုပ်ရှားမှုတွေမှာ အစိုးရနဲ့ လူထုသာမက စီးပွားရေးလုပ်ငန်းများဖြစ်တဲ့ ပုဂ္ဂလိက ကဏ္ဍပါပါဝင်လာခြင်းကလည်း အားဖြစ်ခဲ့ပါတယ်။ ပုံမှန်ကျန်းမာရေး စစ်ဆေးကြသူတွေကို ဘဏ်တွေက အတိုးပိုပေးသတဲ့။ သုံးနှစ်ဆက်တိုက် ကျန်းမာရေးစစ်ဆေးတဲ့သူတွေကို တိုကျို ဒစ္စနေလန်းက အားလပ်ရက် လာလည်ခွင့်ပေးသတဲ့။ ဒေသတွင်းဖွင့်ထားတဲ့ စတိုးဆိုင်တွေမှာ ကျန်းမာရေးဗဟုသုတတွေ ဖြန့်ဝေပေးထားတယ်။ ဆရာဝန်တစ်ဦးလည်းဖြစ်တဲ့ မတ်ဆုမိုတို မြို့တော်ဝန် အကီရာဆူဂျီနိုရာကတော့ မြို့တော်ခန်းမကို လူတွေ နေ့တိုင်းမလာပေမယ့် ကုန်စုံဆိုင်တွေကို လူတွေ နေ့တိုင်းသွားကြတယ်။ ဒါကြောင့် အဲဒီနေရာတွေကနေ စောင့်ပြီး ပညာပေးရတယ်လို့ ပြောပြပါတယ်။

ဂျပန်တွေ လုပ်နိုင်တယ်ဆိုရင် မြန်မာတွေလည်း လုပ်နိုင်မှာပါ။ လုပ်ကြဖို့ ပြောင်းလဲချင်တဲ့စိတ်ပဲ လိုပါတယ်။ လှုပ်လှုပ်ရှားရှား အလုပ်လုပ်တဲ့ ဘဝနေနည်း၊ ကျန်းမာရေး အသိမြင့်စေဖို့ လေ့လာမှု၊ စိမ်းလန်းတဲ့ သဘာဝ၀န်းကျင်နဲ့ နေထိုင်မှု၊ ပင်လယ်ငါး၊ ပင်လယ်စာ နှစ်သက်စားသုံးမှု၊ ဆီနဲ့ အငန်လျှော့စားမှု၊ ကျန်းမာရေးကို အစိုးရက မူဝါဒဦးစားပေးအဖြစ် သတ်မှတ်ထားမှု စတာတွေက ဂျပန်တွေ အသက်ရှည်ရခြင်းရဲ့ အကြောင်းအရင်းတွေပဲလို့ ကျန်းမာရေးဆောင်းပါးတွေမှာ ဆိုပါတယ်။ နိုင်ငံတော်အဆင့် ဖော်ဆောင်နေတာတွေ အားမရလို့ အော်တာလည်း အော်ရမှာပေါ့။ ကိုယ့်မိသားစုအဆင့်မှာ စလုပ်လို့ရတာတွေကိုလည်း လုပ်ကြရမယ်။

ဆရာဆေး