News

POST TYPE

ARTICLE

ဂျပန်နိုင်ငံအကြောင်းတစေ့တစောင်း
05-May-2019


ယနေ့ခေတ်မှာ လူအတော်များများဟာ တစ်နိုင်ငံမှတစ်နိုင်ငံသို့ ကူးပြောင်းသွားလာလျက်ရှိပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ သွားလာလျက်ရှိပါတယ်။ အချို့လည်း ပညာရေးကိစ္စနဲ့သွားကြတယ်။ အချို့လည်း အလုပ်ကိစ္စနဲ့သွားကြတယ်။ အချို့လည်း အလည်အပတ်သွားကြတာပေါ့။ ဘယ်လိုပဲသွားသွား ကိုယ်သွားတဲ့နိုင်ငံအကြောင်းကိုတော့ အနည်းနဲ့အများ သိရှိထားသင့်ပါတယ်။ ခုခေတ်က သတင်းအချက်အလက်တွေ အလွယ်တကူ အချိန်မရွေးရနေတော့ ဘယ်အရာမဆို သီးသီးသန့်သန့် ဖတ်စရာ၊ မှတ်စရာ မလိုဘူးလို့ အချို့က ထင်ကြတယ်။ သို့သော် ဒီနေ့ခေတ်မှာ သတင်းအချက်အလက်တွေဆိုတာ အများအပြား ပြန့်ကြဲနေတဲ့အတွက် နေရာဒေသအသစ်တစ်ခုကို သွားမယ်ဆိုရင် အထူးသဖြင့် ပြည်ပနိုင်ငံတစ်ခုဆီ သွားမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ သမိုင်းကြောင်း၊ လက်ရှိအခြေအနေ၊ ဘာသာစကား၊ ယဉ်ကျေးမှုသဘောသဘာဝအချို့ကို တီးခေါက်မိထားရင် ကောင်းပါတယ်။ အဲဒီလို မသိထားဘူးဆိုရင် ဘာဖြစ်သလဲဆိုတော့ ဘာမှမဖြစ်ပါဘူး။ လူအပေါ်မှာပဲ မူတည်ပါတယ်။ သိထားရင် “မတော်”တောင်မှ “မအ”ဘူးပေါ့။

ဒီနေ့ခေတ်မှာ မြန်မာလူငယ်၊ လူလတ်၊ လူကြီးတွေ အကြောင်း အမျိုးမျိုးနဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ တရုတ်၊ ဂျပန် စတဲ့ နိုင်ငံတွေဆီ သွားလာနေကြပါတယ်။ အဲဒီနိုင်ငံတွေမှာ နေသာနေကြပေမယ့် အတော်များများက အထွေထွေဗဟုသုတအပိုင်းမှာ အတော်အားနည်းကြပါတယ်။ ဒါ ကျွန်တော်တို့ မြန်မာနိုင်ငံမှ မဟုတ်ပါဘူး။ ကိုရီးယားနိုင်ငံ နှစ်ပိုင်းကွဲပြီး တောင်ကိုရီးယားနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံလို့ ဖြစ်တည်နေတာ အတော်များများသိကြပါတယ်။ ကျွန်တော် တောင်ကိုရီးယားနိုင်ငံမှာ ကျောင်းတက်ခဲ့တုန်းက အဲဒီကျောင်းမှာ ကျောင်းလာတက်တဲ့ အာဖရိကတိုက်နိုင်ငံတစ်နိုင်ငံက ကျောင်းသားတစ်ယောက်က ကန်တင်းမှာ ကျောင်းသားတွေ စုပြီး စကားပြောနေတုန်း တောင်ကိုရီးယားနဲ့ မြောက် ကိုရီးယားနှစ်ပိုင်းကွဲနေတာ သူမသိပါဘူး။ ဘာလို့ကွဲတာလဲလို့ ဝင်မေးတော့ မဟာတန်းတက်နေကြတဲ့ စာရေးသူတို့အားလုံး ဟန်မဆောင်နိုင်ဘဲ ရယ်မောကြရပါတယ်။ မှတ်မှတ်ရရ စာရေးသူတို့ အတန်းခေါင်းဆောင် ကိုရီးယားကျောင်းသားဆိုရင် ခေါင်းတယမ်းယမ်းနဲ့ တော်တော်ကိုစိတ်ပျက် သွားပုံကို အခုထိမျက်စိထဲ မြင်ယောင်နေမိပါတယ်။ အာဖရိကကျောင်းသားလည်း အတော်ကို ရှက်ကိုးရှက်ကန်းဖြစ်သွားခဲ့ပါတယ်။ 

စာရေးသူက ဂျပန်နိုင်ငံကို ၂၀၀၄ တုန်းက ရောက်ခဲ့ဖူးပါတယ်။ နဂိုယာမြို့မှာ ကျောင်းတက်ခဲ့ပါတယ်။ ဂျပန်မိသားစုတစ်စုနဲ့အတူ နေထိုင်ခဲ့တယ်ပေါ့။ အခုနောက်ထပ် ၁၅ နှစ်အကြာမှာ ဂျပန်နိုင်ငံကို နောက်တစ်ခေါက်သွားဖို့ ဖြစ်လာပါတယ်။ ကိုယ်ကစာတွေရေးနေတယ်ဆိုတော့ ဂျပန်နဲ့ပတ်သက်တဲ့အကြောင်းအချက် အတော်များများကို သိနေသလိုပါပဲ။ သို့သော် သေသေချာချာ ပြန်စဉ်းစားလိုက်ရင် ဝေဝါးနေပါတယ်။ အဲဒီဝေဝါးနေတာတွေ ကြည်လင်ရှင်းလင်းစေဖို့နဲ့ စာဖတ်သူတွေကို ကိုယ်သိသလောက် ပြန်လည်မျှဝေဖို့ ဒီဂျပန်နိုင်ငံအကြောင်း တစေ့တစောင်းဒ ဆောင်းပါးကို ရေးခြစ်လိုက်ရပါတယ်။ 

ဂျပန်နိုင်ငံ

ဂျပန်နိုင်ငံဆိုတာ အရှေ့အာရှဒေသ၊ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာတည်ရှိပြီး ကျွန်းပေါင်း ၆,၈၅၂ နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အရှေ့ဘက်မှာ ဂျပန်ပင်လယ်ရှိပြီး အနောက်ဘက်မှာ ပစိဖိတ်သမုဒ္ဒရာရှိပါတယ်။ အနီးအနား ဝန်းကျင်နိုင်ငံတွေ၊ ကျွန်းဒေသတွေကတော့ ရုရှား (Russia)? တရုတ် (China)? တောင်ကိုရီးယား (South Korea)? မြောက်ကိုရီးယား (North Korea)? ဖိလစ်ပိုင် (the Philippines)? ထိုင်ဝမ်ကျွန်း (Taiwan) နဲ့ အမေရိကန်ပိုင်ဖြစ်တဲ့ မြောက်ပိုင်း မာရီယာနာကျွန်း (Northern Mariana Islands - US territory) တို့ပဲ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ ဖူဂျီတောင် (Mount Fuji) ဟာ ဂျပန်နိုင်ငံမှာ အမြင့်မားဆုံးတောင် ဖြစ်ပြီး ၃ယ၇၇၆ မီတာ (၁၂ယ၃၈၈ ပေ) မြင့်မားပါတယ်။ ဂျပန်နိုင်ငံရဲ့ မြို့တော်က တိုကျို (Tokyo) ဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံမှာ သူ့ကုန်းမြေရဲ့ ၉၇ ရာခိုင်နှုန်းကို လွှမ်းခြုံတဲ့ အဓိက ကျွန်းမကြီးလေးကျွန်းရှိပြီး ၎င်းတို့ဟာ ဟွန်းရှုး (Honshu), ဟော့ကိုင်းဒိုး (Hokkaido), ကျူးရှူး (Kyushu) နဲ့ ရှိကိုးကု (Shikoku) တို့ ဖြစ်ကြပါတယ်။ အဲဒီထဲက ဟွန်းရှူးကျွန်းဟာ အကြီးမားဆုံးနဲ့ လူဦးရေအထူထပ်ဆုံး ဖြစ်ပါတယ်။ အဲဒီလိုအဓိက ကျွန်းမကြီးလေးခုနဲ့ ဖွဲ့စည်းထားတဲ့ ဂျပန်နိုင်ငံကို ဒေသကြီးရှစ်ခု (Region) (Hokkaido, Tohoku, Kanto, Chubu, Kinki (Kansai), Chugoku, Shikoku, Kyushu-Okinawa) နဲ့ ပိုင်းခြားထားပြီး အဲဒီဒေသကြီးရှစ်ခုမှာ စီရင်စုနယ်မြေ ၄၇ (Prefecture) ခု တည်ရှိပါတယ်။ ဂျပန်နိုင်ငံဟာ ၃၇၇,၉၁၅ စကွဲယားကီလိုမီတာ (၁၄၅,၉၁၄ စကွဲယားမိုင်) ကျယ်ဝန်းပြီး ၁၇ ဧပြီလ ၂၀၁၉ ကမ္ဘာ့ကုလသမဂ္ဂ ကိန်းဂဏန်းတွေအရ ၁၂၆,၉၂၂ယ၃၃၃ မှီတင်းနေထိုင်ကြပါတယ်။ လူဦးရေ ရဲ့ ၉၉ ရာခိုင်နှုန်းနီးပါးဟာ ဂျပန်လူမျိုးများဖြစ်တယ်လို့ သိရပါတယ်။

တစ်ချိန်ကဂျပန်နိုင်ငံ

သမိုင်းမှတ်တမ်းများအရ ဂျပန်နိုင်ငံကို ၁၁၀၁ ခုနှစ်မှ ၁၈၆၈ ခုနှစ်အထိ shōguns လို့ခေါ်တဲ့ မြေရှင်ပဒေသရာဇ် စစ်အာဏာရှင်များက လွှမ်းမိုးခြယ်လှယ်ခဲ့ပြီး အဲဒီကာလမှာ ဂျပန်ဘုရင်ဆိုတာ အမည်ခံမျှသာ ရှိပါတယ်။ ဂျပန်နိုင်ငံဟာ ၁၆၃၃ ခုနှစ်မှ ၁၈၅၃ ခုနှစ်တိုင်အောင် အထီးကျန်တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့ပြီး အဲဒီကာလအတွင်း ဂျပန်ကို မည်သည့် နိုင်ငံခြားသားမှ ဝင်ရောက်ခွင့် မရသလို သာမန်ဂျပန်ပြည်သူများကိုလည်း ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့် ပိတ်ပင်ထားခဲ့ပါတယ်။ ၁၈၅၃ မှာတော့ အမေရိကန် ရေတပ်ဗိုလ်မှူးချုပ် မက်သရူးပယ်ရီ (Matthew Perry) ဦးဆောင်တဲ့ ရေတပ်စုဂျပန်ကို ရောက်လာပြီး အတင်းဖိအားပေး၊ စာချုပ်တွေချုပ်ဆိုပြီး ဂျပန်ကို အမေရိကန်နဲ့ အနောက်နိုင်ငံ ကုန်သွယ်ဆက်ဆံရေး စတင်စေခဲ့ပါတယ်။ 

အဲဒီလိုကမ္ဘာကို နှစ်ပေါင်းများစွာ တံခါးပိတ်ထားခဲ့ရာကနေ သူ့ထက်အင်အားသာလွန်တဲ့ အမေရိကန်စစ်သင်္ဘောတွေရဲ့ ခြိမ်းခြောက်မှုကို ခံလိုက်ရတဲ့အခါ ဂျပန်တွေဟာ အိပ်မောကျနေရာကနေ ရုတ်တရက် လှုပ်နှိုးသလို ခံစားလိုက်ရတယ်။ ငါတို့တစ်ခုခုတော့ လုပ်ရမယ်၊ မဟုတ်ရင် ငါတို့ကို တစ်ခုခုလုပ်သွားလိမ့်မယ်လို့ ဂျပန်တို့ တွေးဆမိလာကြပါတယ်။ ၁၈၆၆ မှာ အထင်ကရ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဆာကိုမိုတိုရိုမာ (Sakamoto Ryōma) ဆိုသူ ကြားဝင်စေ့စပ်ပေးမှုနဲ့ ကာလကြာရှည် ရန်စောင်နေကြတဲ့ ဂျပန်နိုင်ငံရဲ့ အင်အားကြီးနယ်မြေနှစ်ခုဖြစ်တဲ့ ဆက်ဆူးမာ (Satsuma) နဲ့ ချော့ရူး (Chōshū) တို့ဟာ ငြိမ်းချမ်းရေးတည် ဆောက်နိုင်ခဲ့ကြပါတယ်။ အဲဒီကမှတစ်ဆင့် ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်တွေဖြစ်တဲ့ ဂျပန်ဆာမူရိုင်းစစ်သူရဲကောင်းတစ်ဦးဖြစ်တဲ့ ဆေဂိုတာကာမိုရီ (SaigōTakamori) နဲ့ ဂျပန်အထင်ကရ နိုင်ငံရေးသမားတစ်ဦး ဖြစ်တဲ့ ကီဒိုတာကာယိုရှိ (Kido Takayoshi) တို့ဟာဆက်ဆူးမာ - ချော့ရူး စစ်ရေးမဟာမိတ်ဖွဲ့မှု (Satsuma-Chōshū Alliance) ပြုခဲ့ကြပြီး သူတို့ဟာ အဲဒို။ တိုခူဂါဝါခေတ် (Edo Period/ Tokugawa period (1603-1868) ရဲ့ နောက်ဆုံးဘုရင်ဖြစ်တဲ့ ခိုမီဘုရင် (ဧကရာဇ်) Emperor Kōmei ကို ထောက်ခံမှုပေးခဲ့ကြပါတယ်။ 

ဒီမဟာမိတ် ဖွဲ့စည်းမှုရဲ့ ရည်ရွယ်ချက်ကအဲဒီကာလဂျပန်မှာ လွှမ်းမိုးနေတဲ့ မြေရှင်ပဒေသရာဇ် စစ်အာဏာပိုင်များ (တိုခုဂါဝါရှိုဂန်နိတ်) (Tokugawa shogunate) ကို အင်အားချည့်နဲ့စေဖို့နဲ့ ဂျပန်ဘုရင် (Emperor) ရဲ့ အာဏာစက်ကျယ်ပြန့်စေဖို့ ဖြစ်ပါတယ်။ Emperor Kōmei ဟာ ၁၈၆၇ မှာကွယ်လွန်သွားပြီး သူ့သားဘုရင် မဲဂျီ (Emperor Meiji) နန်းတက်လာပါတယ်။ ၁၈၆၈ မှာတော့ ဂျပန်အင်ပါယာ (Empire of Japan) ကို တည်ထောင်ခဲ့ပြီး ဘုရင်တစ်ပါးအောက်တွင် အားလုံးစုပေါင်းထိန်းချုပ်သောနိုင်ငံ (Meiji Restoration) ကို စတင်ပါတယ်။ အဲဒီကာလမှာ ဂျပန်ဟာ ပြုပြင်ပြောင်းလဲရေးတွေ အားသွန်ခွန်စိုက်လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး လွှတ်တော်ကိုအနောက် တိုင်းအုပ်ချုပ်ရေးပုံစံများ စတင်ကျင့်သုံးခဲ့ပါတယ်။ ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးခဲ့ပြီး အနောက်နိုင်ငံများကိုလည်း ဂျပန်ပညာတော်သင် အများအပြား စေလွှတ်ခဲ့ပါတယ်။ ချုပ်ပြောရရင်တော့ ဂျပန်နိုင်ငံဟာ ၁၈၆၈ မှာ စတင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အတူစက်မှုနိုင်ငံအဖြစ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး အိမ်နီးချင်းနိုင်ငံများနဲ့ ပဋိပက္ခပိုမိုဖြစ်ပွားလာ ခဲ့ပါတယ်။ အဲဒီကာလ ဂျပန်နိုင်ငံ အင်အားကြီးမားလာတာကို ဗြိတိန်နဲ့ ပြင်သစ်တို့က သတိပြုမိပေမယ့် ကျန်ဥရောပအင်အားကြီးနိုင်ငံတွေက ဂျပန်အပေါ် စိတ်ဝင်စားမှု သိပ်မပြခဲ့ကြပါဘူး။ အဲဒီအစားသူတို့က တရုတ်နိုင်ငံကြီးဆီကို ပိုပြီးအာရုံရောက်ခဲ့ကြပါတယ်။ 

ဂျပန်ဟာ ၁၈၉၄ ကနေ ၁၈၉၅ အထိ တရုတ်နဲ့တိုက်ခိုက်ခဲ့ပြီး (ပထမတရုတ်-ဂျပန်စစ်) နောက် ၁၉၀၄ ကနေ ၁၉၀၅ အထိ ရုရှားနဲ့ (ရုရှား-ဂျပန်စစ်) တိုက်ပြန်ပါတယ်။ နှစ်ကြိမ်စလုံး ဂျပန်အနိုင်ရခဲ့ပြီး သူ့ရဲ့ ပိုင်နက်နယ်မြေဟာလည်း ကြီးထွားလာခဲ့ပါတယ်။ နောက်ကိုရီးယား၊ တရုတ်တို့နဲ့ စစ်ပွဲတွေဖြစ်ခဲ့ပြီး နယ်မြေအတော်များများကို သိမ်းပိုက် ခဲ့ပါတယ်။ ၁၉၃၅ မှာတော့ ဂျပန်ရဲ့လူဦးရေဟာ သန်း ၇၀ အထိ ရောက်ရှိလာခဲ့ပါတယ်။ ပထမကမ္ဘာစစ်ကြီး (၁၉၁၄-၁၉၁၈) မှာ ဂျပန်နိုင်ငံဟာ ဗြိတိန်၊ ပြင်သစ်ဦးဆောင်တဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီး (၁၉၃၉ - ၁၉၄၅) မှာတော့ သိကြတဲ့အတိုင်း ဂျပန်ဟာ နာဇီဂျာမနီနဲ့ ပူးပေါင်းခဲ့ပါတယ်။ စစ်အတွင်း မြန်မာနိုင်ငံအပါအဝင် အာရှဒေသအတော်များများကို သိမ်းပိုက်ခဲ့ပါတယ်။ နောက် ၁၉၄၅ မှာ ဂျပန်နိုင်ငံရဲ့ ဟီရိုးရှီးမားနဲ့ နာကာဆာကီမြို့တွေ အဏုမြူဗုံး ကြဲချခံရပြီးနောက် ဂျပန်လက်နက်ချခဲ့ပါတယ်။ 

ယနေ့ ဂျပန်နိုင်ငံ

အားလုံးသိကြတဲ့အတိုင်း ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပြန်လည်တိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားအကြီးမားဆုံးနိုင်ငံအဖြစ် ၂၀၁၀ အထိ ရပ်တည်ခဲ့ပါတယ်။နောက်ပိုင်းစီးပွားရေး အနည်းငယ်ကျဆင်းသွားတယ်ဆိုသည့်တိုင် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ ဂျပန်နိုင်ငံဘာကြောင့် ထင်ရှားလဲလို့ မေးရင် အများကြီးပါ။ စီးပွားရေး ကောင်းတယ်၊ ပညာရေးမြင့်မားတယ်၊ နိုင်ငံရေးတည်ငြိမ်တယ်၊ ရာဇဝတ်မှုနှုန်း နည်းပါးတယ်၊ စာဖတ်နှုန်း မြင့်မားတယ်၊ စည်းကမ်းရှိတယ်၊ ယဉ်ကျေးတယ်၊ အချိန်လေးစားတယ်၊ အလုပ်ကြိုးစားတယ်၊ ပန်းအလှပညာကျော်ကြားတယ်၊ ဂျပန်စာဆူရှီဟာ ကမ္ဘာကျော်တယ်၊ ဂျပန်အဝတ်အစား ကီမိုနိုဆို လူတိုင်းသိတယ်၊ ဂျပန်အမျိုးသမီးတွေ လှပ၊ ယဉ်ကျေးကြတယ် စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ပညာရေးညွှန်းကိန်းများအရ ဂျပန်နိုင်ငံရဲ့ တိုကျိုတက္ကသိုလ် (The University of Tokyo) နဲ့ ကျိုတိုတက္ကသိုလ် (Kyoto University) တို့ဟာ ကမ္ဘာ့အဆင့် ၂၃ နဲ့ ၃၅ အသီးသီး ရှိကြပါတယ်။ 

ဆန့်ကျင်ဘက်အနေနဲ့ကတော့ ဂျပန်ဟာဒုတိယကမ္ဘာစစ်ကာလမှာ မြန်မာနိုင်ငံအပါအဝင် သူ့အိမ်နီးချင်းနိုင်ငံတွေကို ကျူးကျော်ခဲ့တယ်။ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်။ ဂျပန်လူမျိုးတွေဟာအင်မတန် ခေါင်းမာတယ်လို့လည်း နာမည်ကြီးပါတယ်။ ဒါကြောင့် တစ်စုံတစ်ခုဆို အစွန်းရောက်တတ်တယ်ထင်ပါတယ်။ ဒုတိယကမ္ဘာစစ်လို ကိစ္စမျိုးပေါ့။ အမျိုးသားရေး အစွန်းရောက်ပြီး လက်ယာစွန်း ဖက်ဆစ်အယူဝါဒဘက်ကို ယိမ်းသွားခဲ့တယ်။ အလုပ်ပိသေတာမျိုး၊ သတ်သေမှုနှုန်းများတာမျိုးဟာစိတ်ဓာတ် ပြင်းထန်လွန်းတာနဲ့လည်းဆိုင်မယ်ထင်ပါတယ်။ နောက်သဘာဝဘေးအန္တရယ်ဆိုရင် ငလျင် ခဏခဏလှုပ်တယ်ပေါ့။ ထူးခြားချက်တစ်ခုအနေနဲ့ ဂျပန်ဟာသေဆုံးနှုန်းက မွေးဖွားနှုန်းထက် များနေတတ်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ၂၀၁၇ ကိန်းဂဏန်းများအရ သေဆုံးနှုန်းက လူတစ်ထောင်မှာ ၉ ဒသမ ၈ ဦးရှိခဲ့ပြီး မွေးဖွားနှုန်းကတော့ လူတစ်ထောင်မှာ ၇ ဒသမ ၇ ဦးပဲ ရှိခဲ့ပါတယ်။ 

ဒီကနေ့ ဂျပန်နိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အဓိကရန်ပုံငွေထည့်ဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့အကြီးမားဆုံးအလှူရှင်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ အမေရိကန်၊ ဥရောပစတဲ့ အနောက်နိုင်ငံများနဲ့ ခိုင်မာတဲ့ဆက်ဆံရေးရှိပြီးသူ့ရဲ့ အိမ်နီးချင်း ရုရှားနိုင်ငံနဲ့တော့ ဆက်ဆံရေးက ခပ်တန်းတန်းပဲရှိပါတယ်။ ဂျပန်ရဲ့အဓိက ပြိုင်ဘက်ကို တရုတ်နိုင်ငံဖြစ်တယ်လို့ အများက ရှုမြင်ကြပါတယ်။ ၂၀၁၉ ခုနှစ် မေလအထိ လက်ရှိဂျပန်နိုင်ငံ ဝန်ကြီးချုပ်က ရှင်ဆိုအာဘေး (Shinzō Abe) ဖြစ်ပြီး ဂျပန်ဘုရင်ကတော့ နာရူဟီတို (Akihito) ဖြစ်ပါတယ်။

အောင်အောင် (IR)