News

POST TYPE

ARTICLE

ဘုရားရှင် နားမဆင်စေလိုပါ
05-May-2019



လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကဖြစ်သည်။ မောင်ဗြိသည် ရန်ကုန်ရွှေမြို့တော်ကြီး၏ ချောင်ကျလှသော ရပ်ကွက်တစ်ခုတွင် အဆောင်ငှားနေလေ၏။ မောင်ဗြိနေထိုင်သည့်ရပ်ကွက်သည် ဆူ၏။ ညံ၏။

အဆိုးဆုံးကာ မောင်ဗြိတို့နေသည့် အဆောင်ခြေရင်းအိမ် တဲကုပ်မှ ထီးပြင်ဆရာ ကိုချက်ဖောင်းတို့ မင်္ဂလာရိပ်မြုံပင်...။

ညနေစောင်းလို့ ကိုချက်ဖောင်း မူးပြီး အိမ်ပြန်လာတိုင်း သူ့မိန်းမ မနွဲ့ရီနှင့် ရန်ဖြစ်တတ်သည်။ ကိုချက်ဖောင်းက ညနေတိုင်းမူးသဖြင့် ညနေတိုင်း ရန်ဖြစ်သည်။ သူတို့လင်မယားရန်ဖြစ်လျှင် မောင်ဗြိအတွက် ပညာများစွာတိုးလေသည်။ အခြားပညာမဟုတ်...အဆဲပညာပင်။

မနွဲ့ရီသည် မရေတွက်နိုင်သည့် ဆဲနည်းပေါင်းများစွာဖြင့် တစ်ညလုံးဆဲသည်။ ကျမ်းဂန်လာဆဲနည်း ၁၀ မျိုးဖြစ်သော ဇာတိ=သူတောင်စားမျိုး။ စဏ္ဍာလမျိုး ဟူ၍ ဇာတိကိုစွဲပြီးဆဲရေးခြင်း၊ 

နာမ=ငယုတ်မာ၊ ငတုံး စသဖြင့် နာမည်တပ်၍ ထိပါးဆဲရေးခြင်း၊

ဂေါတ္တ=ကျွန်သား၊ သားပေါက်သား စသဖြင့် အနွယ်ကို ခိုက်ပြီးဆဲရေးခြင်း။ 

ကမ္မ=ချေးကျုံးစားတဲ့ အကောင်၊ ဂျဒူးဝါးလား စသဖြင့် အလုပ်အကိုင်ကိုစွဲပြီး ဆဲရေးခြင်း၊

သိပ္ပ=ခါးပိုက်နှိုက်ပါရဂူ၊ ဖောက်ထွင်းဝိဇ္ဇာ၊ သူခိုး စသဖြင့် အတတ်ပညာကို အစွဲပြု၍ ဆဲရေးခြင်း။

အာဗာဓ=ရှူနာရှိုက်ကုန်း၊ လိပ်ခေါင်း၊ ဖာကျိုး စသဖြင့် ရောဂါဝေဒနာကို အကြောင်းပြု၍ ဆဲရေးခြင်း၊ 

လိင်္ဂ=ဂျပု ဂျရှည်၊ ဖက်တီး စသဖြင့် အသွင်သဏ္ဌာန် ကို အစွဲပြု၍ ဆဲရေးခြင်း၊

ကိလေသ=တဏှာရူး၊ ဒေါသအိုး စသဖြင့် ကိလေသာတစ်ပါးပါးကို အကြောင်းပြု၍ ဆဲရေးခြင်း၊ 

အာပတ္တိ=ပါရာဇိက၊ တစ်သက်တစ်ကျွန်းထောင်ကျ၊ ကြိုးပေးရမယ့်အကောင် စသဖြင့် ကျူးလွန်တဲ့ ပုဒ်မကိုစွဲပြီး ဆဲရေးခြင်း၊

အက္ကောသ = နင့်အဖေ၊ နင့်အမေ၊ ခွေးသား၊ ဝက်မြေး စသဖြင့် ဆဲရေးခြင်း စသည်တို့ဖြင့် အမျိုးစုံအောင်ဆဲ၏။

အားမရလျှင် သူကိုယ်တိုင် တီထွင်ဆန်းသစ်ထားသည့် မော်ဒန်ဆဲနည်းများဖြစ်သော “ဈေးဦးမပေါက်တဲ့ အဝှာသယ်မ ခိုးသားငါးရာနှင့် အသွားအပြန် ဟိုဒင်းဖြစ်ပြီး မွေးလာတဲ့ မျိုးမစစ်ကောင်” စသည်တို့ဖြင့်လည်း သူ့လင်တော်မောင်ချက်ဖောင်းကို ဆဲလေ၏။

မောင်ဗြိကား အဆောင်ခုတင်ထက်ဝယ် အရက်လေး ထွေထွေမူးလာပြီဆိုသည်နှင့် မနွဲ့ရီ၏ အဆဲပဒေသာ ဟစ်ဟော့စီးရီးကို နားသောတဆင်ကာ မှတ်သားနေလေသည်။

မနွဲ့ရီဆဲလျှင် ကိုချက်ဖောင်းက ဘယ်လို ပြန်ဆဲသနည်း။ စာဖတ်သူ စိတ်ဝင်စားပေမည်။

ကိုချက်ဖောင်းက အေးအေးဆေးဆေးပင်။

မနွဲ့ရီသည် အဆဲဋီကာကို နမ်းစတော့ရွတ်ပြီးသည့်အခါ မောသွားသဖြင့် တစ်ချီအနားယူလေသည်။

ထိုအချိန်တွင်မှ ကိုချက်ဖောင်း ဆဲသံ ပေါ်လာသည်။ ...မနွဲ့ရီလို အများကြီးမဟုတ်။

တစ်ခွန်းတည်း...ပြီးသော် အာလေးလျှာလေး ပီပီသသကြီး။

“အေ့...ဖာဒယ်မ...”

ကိုချက်ဖောင်း၏ အေ့...ဖာဒယ်မ ဆိုသည့် အသံဆုံးသည်နှင့် သုံးမိနစ်အနားတောင်းထားသော လေဒီနွဲ့ရီ၏ ဟစ်ဟော့သံစုံကား ရပ်ကွက်ထဲ ပလုံစီပြန်ထွက်လာပြန်သည်။

တစ်ည တစ်ည...မနွဲ့ရီက အတွဲလိုက်ဆဲလိုက်...ကိုချက်ဖောင်းက အေ့ ဖာဒယ်မကို တစ်တောင့်ချင်းပစ်လိုက်နှင့် ညကိုးနာရီကျော်လျှင်တော့ လင်မယားနှစ်ယောက်လုံး မောပြီး အိပ်သွားကြလေ၏။

ပထမ တစ်လ နှစ်လတွင် သင်းတို့၏ ညနေခင်း အဆဲဇာတ်ပွဲကား မစ္စတာမောင်ဗြိအတွက် အပျင်းပြေစရာ အော်ပရာလို သဘောထားနိုင်၏။

သုံးလေးလကြာသောအခါ နားထဲတွင် ဖရုသဝါစာများ ညတိုင်းအလုံးလိုက်ဝင်လာသည့်အသံကို မောင်ဗြိ မခံစားနိုင်တော့...။

တစ်ခါ တစ်ခါ မနွဲ့ရီ ဘယ်လိုဆဲပြီးလျှင်ဖြင့် ဘယ်လိုဆဲနည်းထပ်လာတော့မည်ကိုပင် အလွတ်ရသလိုလို ဖြစ်လာချေပြီ။

ကြာရှည်မခံနိုင်တော့...။

ညနေစောင်း အဆဲပေါင်းပွဲစလျှင် မောင်ဗြိတစ်ယောက် တိပ်ခွေထည့်ဖွင့်ရသည့် Worlk Man ကက်ဆက်ကလေးကိုထုတ်...အီးယားဖုန်းကြိုးလေးတပ်ကာ အသာနှပ်ရတော့သည်။

ဒီလိုနှင့်ပဲ အဆဲဂေဟာကို နားကြပ်နှင့် ကာကွယ်သည့် ခုခံရေးစနစ်ကို သုံးခဲ့ရပေသည်။

ကိုချက်ဖောင်းတို့ မနွဲ့ရီတို့လည်း အတိတ်ခပ်ဝေးဝေးမှာ ကျန်ခဲ့လေပြီ...။

တစ်နေ့ ရန်ကုန်မြို့တွင်းဆွဲ ဘတ်စ်ကားတစ်စီးကို မောင်ဗြိစီးနင်းလိုက်ပါရင်း မော်တော်ကားမှဖွင့် သော သီချင်းကို နားမထောင်လို၍ အီးယားဖုန်းလေးကိုထုတ်ပြီး နားတွင်တပ်ကာ သီချင်းနားထောင်လေသည်။

သီချင်းနားထောင်ရင်း ဖေ့စ်ဘွတ်ခ်တည်းဟူသော ဆိုရှယ်နက်ဝပ်မှ သတင်းများကို ဖတ်ရှုနေစဉ် နာမည်ကျော် မျိုးချစ်ဘုန်းဘုန်းတစ်ပါး တရားဟောနေပုံနှင့် လင့်ခ်တစ်ခု တက်လာသည်ကို မြင်လိုက်ရသည်။

မောင်ဗြိလည်း နိဗ္ဗာန်ရောက်ကြောင်း တရားလေးတော့ နာဦးမှပါလေဆိုပြီး အဆိုပါ ဆရာတော်၏ တရားပွဲဗီဒီယိုအား ဖွင့်လိုက်သည့်သကာလ...

ဗုဒ္ဓေါ ...ဘဂဝါ...ဂင်္ဂါ ဝါဠု သဲစုမက ပွင့်တော်မူပြီးသော မြတ်စွာဘုရားအပေါင်းကယ်ပါ...

ကိုချက်ဖောင်းများ သင်္ကန်းပတ်ပြီး စင်ပေါ်ရောက်နေသလောဟု မှတ်ထင်ကာ မောင်ဗြိ၏ မျက်မှန်ကို ပွတ်သပ်ကာ ပြူးပြဲကြည့်မိလေသည်။

ဒါမှမဟုတ် မနွဲ့ရီများလားပေါ့။

မဟုတ်...ကိုချက်ဖောင်းတော့ မဟုတ်...မနွဲ့ရီလည်းမဟုတ်။

ဒါဆို...ဒီ...ဖရုသဝါစာ အဆဲအဆို ညစ်ညမ်းသည့် စကားလုံးများသည်ကား ဒီကိုယ်တော်ကြီးထံမှ...ထွက်လာလေသည်လား...။

နားတွင် တပ်ထားသော အီးယားဖုန်းလေးကို ချွတ်ပြီး မျက်စိကို မှိတ်ထားမိသည်။

တရားစွဲခါမှ စွဲရော...။

ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှားရှိနေသည်ဆိုပါလျှင်လည်း မောင်ဗြိအီးယားဖုန်း သွားလှူဖြစ်အောင် လှူမည်ဖြစ်သည်...။

ထေရဝါဒခံတပ်ဟုဆိုလာသော နိုင်ငံမှ ထိုကိုယ်တော်၏ အဆဲစီးရီးကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား မကြားစေလို... မမြင်စေလို...။

ဥမ္မတ္တကောတို့၏ ဖရုသဝါစာကို ဘုရားရှင်...နားမဆင်စေလိုပါ...။

ဗြိတိသျှကိုကိုမောင်