POST TYPE

ARTICLE

ရှမ်းပြည်ရောက်ဧည့်သည်
02-May-2019



ရှမ်းပြည်ရောက်ဧည့်သည် ဇာတ်ကားဖြင့် ရုပ်ရှင်လောကသို့ ဝင်ရောက်လာခဲ့သူ ဦးစောနိုင် (ရှမ်းပြည်) သည် ဧပြီလ ၂၆ ရက်နေ့တွင် ရဟန်းဘဝဖြင့် ပျံလွန်သွားခဲ့ပြီဖြစ်ရာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထုတ် The Voice Weekly Journal တွင် ဖော်ပြခဲ့သည့် ရှမ်းပြည်ရောက်ဧည့်သည် ဆောင်းပါးကို ပရိသတ်များအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါသည်။ (အယ်ဒီတာ)

တောင်ငူမြို့ သီးသန့်ရပ်ကွက်တစ်ခုဟု ဆိုနိုင်သည့် မင်းကြီးညိုရပ်ကွက်တွင် ရှမ်းပြည်ရောက် ဧည့်သည်တစ်ဦး နေထိုင်သည်။

အင်းဝလမ်းမကြီးမှ ချိုးကွေ့၍ ငါးမိနစ်ခန့် လျှောက်သွားလိုက်လျှင် အေးကမ္ဘာ ဘုန်းတော်ကြီး ကျောင်းသို့ဆိုသည့် လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့ရသည်။

ထိုမှတစ်ဖန် တောင်ဘက်တည့်တည့်သို့ ဆက်သွား၍ ညာဘက်ချိုးကွေ့လိုက်လျှင် ခပ်လှမ်းလှမ်းတွင် ဘုန်းတော်ကြီးကျောင်း ဝင်ပေါက်အနီး သစ်ပင် အုပ်စုစုကြား အုတ်ညှပ်တိုက်ခံ နှစ်ထပ် ပျဉ်ထောင် သွပ်မိုး အိမ်တစ်လုံးကို လှမ်းမြင်နေရသည်။

“မင်းသားကြီးက အဲဒီအိမ်မှာနေတာ သုံးလေး နှစ်လောက်ရှိပြီ။ ညီမတွေ မိသားစုနဲ့ အတူနေတာ ကြာပြီ။ ဟိုတစ်လောကမှ ရုပ်ရှင်သရုပ်ဆောင် ညောင်ညောင် လာကန်တော့တာတွေ့သေးတယ်”ဟု ဆိုကာ ပြောပြောဆိုဆိုဖြင့် လမ်းညွှန်လာသူ အမျိုးသားကြီး၏ မျက်နှာသွင်ပြင်က ဂုဏ်ယူဟန်တို့ စွက်လျက်ရှိသည်။

လမ်းညွှန်သူကို ကျေးဇူးတင်စကား ခပ်သွက်သွက်ဆိုရင်း ဆိုင်ကယ်ကို လှည့်ထွက်လိုက်သည်။ ထိုခြံရှေ့ ရောက်ရှိချိန်တွင်

“ဘွားဘွားရေ ဧည့်သည်လာတယ်”ဟုဆိုကာ အိမ်ရှေ့တွင် ကစားနေသည့် မိန်းမငယ်လေးတစ်ဦးက ခြံတံခါးကို လာဖွင့်ပေးချိန် အိမ်အောက်ထပ်ဆီမှ အသားဖြူဖြူ ပိန်ပိန်ပါးပါး အမျိုးသမီးကြီးနှစ်ဦးသည် မရှေးမနှောင်း ကပ်လျက်ပါလာရာ လာရင်းကိစ္စကို အကျိုးအကြောင်းပြောလိုက်သည့်အခါ ထိုအမျိုးသမီးကြီးများက အိမ်အပေါ်ထပ်ဆီသို့ ဦးဆောင်၍ ခေါ်သွားလေသည်။

လှေကားထစ်များကို တစ်ထစ်ပြီးတစ်ထစ် ဖြတ်ကျော်ပြီးချိန် ပထမဆုံး မြင်တွေ့ရသည့် မြင်ကွင်း က ဧည့်ခန်းမအတွင်း ဘုရားစင်ရှေ့တွင် မွေ့ရာခင်း တစ်ခု။ ထိုအနီးတွင် ရုပ်ရှင်အစည်းအရုံး တံဆိပ်တပ် ထားသည့် ကန်တော့လက်ဆောင် အိတ်တစ်လုံး။ ထို အိတ်နှင့် မလှမ်းမကမ်းတွင်တော့ ပက်လက်ကုလား ထိုင်တွင် လှဲမှီရင်း တီဗီဖန်သားပြင်ကို ငေးမောနေ သော အသက် ၈၀ အရွယ် အသားဖြူဖြူ အမျိုးသား ကြီးတစ်ဦး ရှိနေသည်။

“သူက ခုတစ်လောမှာ နည်းနည်းမေ့တတ်သလို ဝမ်းလည်း နည်းနေတတ်တယ်”ဟု ဆိုကာ ဒေါ်ညွန့်ညွန့် တစ်ယောက် တီဗီ ဖန်သားပြင်မှလွဲ၍ လောကကြီး ကို မေ့ထားဟန်တူသော အမျိုးသားကြီး ကိုယ်စား မိတ်ဆက်စကား နိဒါန်းပျိုးလာသည်။

ဒေါ်ညွန့်ညွန့်ဆိုသည်မှာ ထိုအမျိုးသားကြီး၏ ညီမ အရင်းတစ်ယောက်ပင်။

ဒေါ်ညွန့်ညွန့်၏စကားကြောင့် ဆိုင်ကယ်စီး ဧည့်သည်၏ မျက်နှာက စိတ်မကောင်းဟန် ကွက်ခနဲ ပျက်သွားသည်။ ထိုအခြေအနေကို ဒေါ်ညွန့်ညွန့် ရိပ် စားမိဟန်ဖြင့်

“သမီးတွေနဲ့ဖုန်းဆက်ချိန်၊ အသိအကျွမ်း တချို့လာချိန်ဆို ဝမ်းနည်းပြီး ငိုကြွေးတတ်တာက လွဲပြီး ကျန်းမာရေးက ကောင်းပါတယ်”ဟု အလျင်အမြန် ဆိုလာသည်။

တီဗီရှေ့က အမျိုးသားကြီးက မြန်မာ့ရုပ်ရှင်ချစ် ပရိသတ်များ၏ တစ်ခေတ် တစ်ခါက အချစ်တော်။ “ရှမ်းပြည်ရောက် ဧည့်သည်ရယ် မပြန်ပါနဲ့ကွယ်” ဆိုသည့် ရုပ်ရှင်ဇာတ်ကားကြီးတွင် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တစ်ဦးအဖြစ် ပရိသတ်၏ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့သူ စောနိုင် သို့မဟုတ် ရှမ်းပြည် စောနိုင်။

ထိုရုပ်ရှင် ဇာတ်ကားကို ၁၉၆၀ပြည့်နှစ်အလွန်က အေဝမ်း မျိုးဆက်အစဟု လူသိများသော အေဝမ်း မောင်ချစ် ရိုက်ကူးခဲ့သည်။

ထိုဇာတ်ကားသည် တောင်ငူမြို့ အုတ်ကျွတ် တန်းရပ်နေ မောင်စောနိုင်အတွက် ပထမဆုံး ဇာတ် ကား မဟုတ်ခဲ့။ သို့သော် ထိုဇာတ်ကား ပြသအပြီး တွင်တော့ မြန်မာရုပ်ရှင်ချစ်ပရိသတ်များ နှုတ်ဖျားထက် မောင်စောနိုင် တစ်ယောက် ရှမ်းပြည်စောနိုင်ဟု တစ်မုတ်ဟုတ်ချင်း ကင်ပွန်းတပ် အမည်ပေး ချီးမြှင့်ခြင်း ခံခဲ့ရသည်။

ရှမ်းပြည်စောနိုင်သည် မြန်မာရုပ်ရှင်သမိုင်းတွင် ဇာတ်ကားနာမည်နှင့်တွဲ၍ လူသိများထင်ရှားခဲ့သော သရုပ်ဆောင်အနည်းငယ်တွင် တစ်ဦးအပါအဝင် ဖြစ်လာခဲ့ပြီ။

“ပျဉ်းမနား အောင်းကုန်းသူ ခင်သန်းနုနဲ့ ကိုယ်နဲ့က ရုပ်ရှင်အစည်းအရုံးက ကျင်းပတဲ့ ရုပ်ရှင် မောင်မယ်ရွေးပွဲကနေ တက်လာကြတဲ့သူတွေပါ”ဟုဆိုကာ ရှမ်းပြည်စောနိုင် သူ့ကိုယ်သူ စတင် မိတ်ဆက်စကားဆိုလာသည်။ 

သူ၏ စကားသံတို့က မသဲမကွဲ ပလုံးပထွေး။ မျက်ဝန်းအိမ်တို့၌လည်း ဝမ်းနည်းရိပ်တို့ကြောင့် မျက်ရည်တို့က အပြည့်။

“ရှမ်းပြည်ရောက် ဇာတ်ကားမရိုက်ခင် ဇာတ်ကားတချို့လည်း ရိုက်ခဲ့ဖူးတယ်။ အမှတ်မမှားဘူး ဆိုရင် မုန်တိုင်းစဲလေသောအခါ ဖြစ်လိမ့်မယ်။အေဝမ်းမောင်ချစ်နဲ့ပါပဲ”ဟု ဦးစောနိုင်တစ်ယောက် မှတ်ဉာဏ်တို့ကို တူးဆွရင်း ညီမဖြစ်သူ ဒေါ်ညွှန့်ညွှန့် နှင့် အငြင်းအခုံလုပ်ကာ ဆိုလာသည်။ 

မောင်စောနိုင်ကို ဖခင် ရဲဝန်ထမ်း ဦးလှကျော်နှင့် မိခင် ဒေါ်လှတင်တို့မှ မြန်မာသက္ကရာဇ် ၁၂၉၆ ခုနှစ်တွင် တောင်ငူမြို့ အမှတ် ၉ ရပ်ကွက် အုတ်ကျွတ် တန်းတွင် မွေးဖွားခဲ့သည်။ မောင်စောနိုင်သည် မွေးချင်း မောင်နှမ ၈ ဦးတွင် ဒုတိယမြောက်သား။

“ငယ်ငယ်ကတည်းက သူက အလှအပကြိုက် တယ်။ အဖေက စည်းကမ်းကြီးတော့ သူ့ကို ပညာတတ် ဝန်ထမ်းတစ်ဦးပဲ ဖြစ်စေချင်ပေမယ့် သူက မိဘနဲ့ အတိုက်အခံလုပ်ပြီး ရုပ်ရှင်မောင်မယ်ရွေးပွဲသွားဝင်တယ်” ဟု ဒေါ်ညွန့်ညွန့်က သူ၏ အစ်ကိုဖြစ်သူ၏ အနုပညာဗီဇကို ပြန်လည်တူးဆွလိုက်သည်။

မောင်စောနိုင်သည် တက္ကသိုလ်ဝင်တန်း မအောင် မြင်သေးမီကပင် အနုပညာဗီဇ သန္ဓေတည်ခဲ့သူ တစ်ဦးဖြစ်သည်။ ငယ်စဉ်ကတည်းကပင် ညီအစ်မများ ထက်ပို၍ လှချင်စိတ်ကြီးကာ မှန်တင်ခုံ ရှေ့ထိုင်မိပါက မထတမ်း အလှပြင်ကာ တစ်ဦးတည်း သရုပ်ဆောင် လေ့ကျင့်နေတတ်ခဲ့သည်။

“သရုပ်ဆောင်လုပ်နေဆဲ ဆယ်တန်းအောင်တော့ မှတ်ပုံတင်အရာရှိ (လ-ဝ-က) အဖြစ် ရှမ်းပြည်ဘက်မှာ တာဝန်ထမ်းဆောင်နေတုန်း ရှမ်းပြည် ရောက်ဧည့်သည်ရယ် ဇာတ်ကားအရှိန်နဲ့လူသိများသွားတော့ ဝန်ထမ်းဘဝက ထွက်ဖြစ်သွားတယ်”ဟု ဆိုလာသူက ဦးစောနိုင်၏ ညီမအငယ်ဆုံး ဒေါ်သင်းသင်းရွှေ ဖြစ်သည်။

ထိုအချိန်မှစ၍ ရှမ်းပြည်စောနိုင်၏ အနုပညာ ခရီးစခဲ့သည်။

ရုပ်ရှင်ဇာတ်ကားအချို့ကို လက်ခံ ရိုက်ကူးနေဆဲ ဦးစောနိုင် အသက် ၃၇ နှစ်ခန့်တွင် ဝန်ထမ်းဘဝ ရှမ်းပြည်နယ်တွင် တာဝန်ကျစဉ် မေတ္တာမျှခဲ့ပြီး သူ့ထက် အသက် ၅ နှစ်နီးပါး ကြီးသည့် လားရှိုးမြို့သူ ဒေါ်နန်းခမ်းလှနှင့် အိမ်ထောင်ကျခဲ့သည်။ သမီးငါးယောက် သားတစ်ယောက်ကို နှစ်သိပ်မခြားဘဲ ယူခဲ့သည်။

ထိုသားသမီးခြောက်ဦးအနက် တစ်ဦးသာ အိမ်ထောင်ရက်သားကျခဲ့ပြီး လက်ရှိတွင် သမီး ကျောင်းဆရာမကြီးငါးဦးသည် ဇနီးသည် ဒေါ်နန်းခမ်းလှနှင့်အတူ လားရှိုးတွင် နေထိုင်လျက်ရှိသည်။

ဦးစောနိုင်တစ်ယောက် မမောတမ်း စကားတို့ ဆိုလာပြန်သည်။

“ကိုယ်က ဇာတ်ကားတွေ ဆက်ရိုက်ကူးနေ တော့လည်း ဇနီးနဲ့သားသမီးတွေက ရှမ်းပြည်မှာပဲ ဆက်နေတယ်”ဟုဆိုကာ စကားစကို ခဏဖြတ်တောက်လိုက်သည်။ ထို့နောက် တွေးတွေးဆဆနှင့် ဆက်၍ဆိုသည်။

“ကျန်းမာရေးကြောင့် နားလိုက်ရတဲ့၂၀၁၁ လောက်က ရှမ်းပြည်မှာပြန်နေဖြစ်ပေမယ့် ဆရာဝန်က ဒီကရာသီဥတုနဲ့ မကိုက်ဘူးဆိုပြီး အကြံပေးလို့ တောင်ငူမှာ ညီမတွေနဲ့ပြန်နေဖြစ်တာပါ”

ထိုစကားကို ဦးစောနိုင် အချည်းနှီးပြောသည် တော့မဟုတ်။ ထိုစကား၏ မြစ်ဖျားက အွန်လိုင်းစာမျက်နှာက စခဲ့သည်။

လွန်ခဲ့သည့် တစ်လနီးပါးခန့်က အွန်လိုင်း စာမျက်နှာထက်တွင် ရှမ်းပြည်ရောက်ဧည့်သည်ရယ် မပြန်ပါနဲ့ကွယ်ဆိုသည့် ဇာတ်ကားမှ နာမည်ကြီး သရုပ်ဆောင် ဦးစောနိုင်တစ်ယောက် တောင်ငူတွင် ကျန်းမာရေးဆိုးရွားနေကြောင်း၊ ထို့ပြင် မိသားစုဝင်များက ပစ်ပယ်ထားသည့်သဖွယ် ရေးသားခဲ့မှုများ ရှိလာသည်။

ဦးစောနိုင်သည် သူ၏ ကျန်းမာရေးနှင့် ကိုက်ညီသည့် ဇာတိမြေတောင်ငူတွင် ပြန်လည်နေထိုင်နေ ခြင်းဖြစ်သည်။ မိသားစုက ပစ်ပယ်ထားခြင်း အလျှင်း မရှိ။ အွန်လိုင်းထက်က ဝေဖန်ပြောဆိုမှုများက အပြင်နှင့် တက်တက်စင်အောင် လွဲလျက်ရှိသည်။

“ဟိုတစ်လောက ကိုညောင်ညောင် လာကန်တော့တယ်။ အစ်ကိုက သူ့ကျန်းမာရေးအခြေအနေကို ပြောပြပြီး ရုပ်ရှင်အကြောင်း၊ ဟိုအကြောင်း ဒီအကြောင်းလောက်ပဲ ပြောဖြစ်ခဲ့ကြတာကို နားလည်မှု လွဲသွားသလားမသိဘူး။ မိသားစုဝင်တွေနဲ့ အမြဲအဆက်အသွယ်ရှိသလို လိုအပ်တဲ့ ဆေးဝါးနဲ့ တခြားလိုရာသုံးစွဲဖို့ငွေကြေးကအစ သမီးတွေက ပို့ပေးနေတာပါ”ဟု ဒေါ်ညွှန့်ညွှန့်က ကြားဝင်ရှင်းပြလာသည်။

ဦးစောနိုင်သည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သက်ကြီးပူဇော်ပွဲများကို နှစ်စဉ်အားခဲကာ တက်ရောက်ခဲ့သည်ပင်။ သို့သော် ယခုနှစ်တွင်တော့ မကျန်းမာသောခန္ဓာက ဦးစောနိုင်၏ဆန္ဒကို တားမြစ်ချေပြီ။ ဘဝတစ်သက်တာ ဖြတ်သန်းခဲ့သော အနုပညာခရီးအတွက် သူ အနည်းငယ်မျှပင် နောင်တရဟန်မပြ။ အနုပညာပြောရလျှင် မမောနိုင်မပန်းနိုင်။

“ဖြတ်သန်းခဲ့တဲ့ အနုပညာသည်ဘဝကို နောင်တ မရပါဘူး။ ကျေနပ်သလို ဂုဏ်လည်းယူတယ်”ဟု ဦးစောနိုင် ဝင့်ကြွားဟန်ဆိုလာသည်။ အသက် ၈၀ ကျော်၍ ဇရာတို့ထောင်းလာသည့်တိုင် အနုပညာပိုးက ထကြွသောင်းကျန်းနေဆဲ။

“မိဘကို အတိုက်အခံလုပ်ပြီး ကျော်ဖြတ်ခဲ့ရသလို မိသားစုနဲ့ဝေးတဲ့ နေရာမှာနေပြီး ရန်ကုန်မှာ တစ်ယောက်တည်း ဖြတ်သန်းနေရချိန်မှာတောင် ဝမ်းနည်းစိတ်မဝင်မိဘူး။ အခုချိန် အနုပညာရှင် လောကသားတွေ လာတွေ့ကြပြုကြဆိုရင်တော့ ပြန်ပြီး သရုပ်ဆောင်ချင်တဲ့စိတ်ပေါ်လာတတ်တယ်”ဟု ဦးစောနိုင်က ရွှင်ပျစွာဆိုပြန်သည်။

အနုပညာသည် သူ့ကို လန်းဆန်းမှုကို ပေးစွမ်းနေမြဲ။

ဦးစောနိုင်၏ ညီဖြစ်သူ ဦးဝင်းမြိုင်သည်က ယခု အချိန်ထိ ရုပ်ရှင် ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ် ရန်ကုန်မြို့တွင် ခြေချနေထိုင်နေဆဲ။ ဦးစောနိုင်သည် ၎င်း၏ မျိုးဆက်သစ်သမီးများကို အနုပညာအမွေ ဆက်ခံရန် မျှော်လင့်မိခဲ့သည်။

သို့သော် တစ်ဦးတစ်ယောက်မျှ ထွန်းပေါက် မလာခဲ့သည့်အတွက် အနည်းငယ်စိတ်ပျက်မိဖူးသည်။ တစ်ဖန် အနုပညာရှင်များဘဝ ပင်ပန်းဆင်းရဲမှုကို သိထားသည့်အတွက် တစ်မျိုးလည်း သဘောကျခဲ့ပြန်သည်ဟု ဦးစောနိုင် ဖွင့်ဟသည်။

“တောင်ငူမှာ ကိုယ်ရယ် ကိုယ့်ညီရယ် ကေတုမတီမျိုးအောင်ရယ် ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်ခဲ့သလို ကိုယ်တွေနဲ့တစ်ရပ်ကွက်တည်းနေတဲ့ ဇော်ကြီးတို့ ညီအစ်ကိုတွေကလည်း လူကြမ်းမင်းသားတွေအဖြစ် အောင်မြင်ခဲ့တဲ့အတွက် ကျေလည်းကျေနပ်တယ်”ဟု ပီတိလွှမ်းသည့် မျက်နှာပေးဖြင့် ဦးစောနိုင်ဆိုလာသည်။ တောင်ငူ၏ အနုပညာအမွေ လက်ဆင့်ကမ်း ခရီးစဉ်အကြောင်းကို ပြောရမည်ဆိုလျှင် ဦးစောနိုင်တစ်ယောက် ရေပက်မဝင်။ မနားတမ်းပင်။

“နောက်တစ်ယောက်က အကယ်ဒမီ စိုးပြည့်သဇင်ပေါ့”ဟု တောင်ငူသား အနုပညာသမားများ ရေတွက်လျက် ဂုဏ်ယူဟန်ဆိုရင်း ဦးစောနိုင် ကျေနပ်ပြုံးတို့ ဝေနေသည်။

ရှမ်းပြည်စောနိုင်သည် အသက်၂၀ ခန့်က စတင်ဝင်ခဲ့သော အနုပညာခရီးလမ်းတစ်လျှောက် အနုပညာလှုပ်ရှားမှုများအဖြစ်၂၀၁၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၆၀ ကျော်အတွင်း ရုပ်ရှင်နှင့်ဗီဒီယို ဇာတ် ကားပေါင်း ၅၀၀ ကျော် လက်ခံ ရိုက်ကူးနိုင်ခဲ့သည့် ပရိသတ်ချစ် မင်းသားကြီး တစ်လက်ပင်။

“အကယ်ဒမီ”ဟု ရေပန်းစားခဲ့သော ဇာတ် ကားများစွာ ရှိခဲ့သည့်တိုင် အကယ်ဒမီရွှေစင်ရုပ်တုကိုတော့ လက်ဝယ်ပိုင်ဆိုင်မရရှိခဲ့ချေ။ သို့သော် ပရိသတ်ပေးသည့် အကယ်ဒမီသည်က ရှမ်းပြည်စောနိုင်တွင် တပုံတပင်။

“ရှမ်းပြည်ရောက် ဧည့်သည်ရယ် မပြန်ပါနဲ့ကွယ် ရုပ်ရှင်ဇာတ်ကားတွင် ရှမ်းတိုင်းရင်းသား လူဆိုးဗိုလ် စိုင်းပန်းစိန်အဖြစ် သရုပ်ဆောင်ခဲ့တယ်”ဟုဆိုကာ ပရိသတ်ပေးသည့် အကယ်ဒမီတစ်ဆုကို ရှမ်းပြည်စောနိုင် ဆွဲထုတ်ပြလာသည်။

ထိုဇာတ်ကားအရှိန်အဟုန်က တောင်ငူဖွား စောနိုင်က ရှမ်းပြည်စောနိုင်အဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲပစ်နိုင်ခဲ့သည်။ ထိုဇာတ်ကားတွင် ရှမ်းပြည်စောနိုင်သည်က ခေါင်းဆောင်မင်းသားမဟုတ် ဒုတိယမင်းသားနေရာက သရုပ်ဆောင်ခဲ့ရခြင်း။ သို့သော် ယင်းဇာတ်ကား၏ အောင်မြင်မှုက ယခုအချိန်ထိ မြန်မာရုပ်ရှင်ချစ် ပရိသတ်များရင်တွင် ရှမ်းပြည်စောနိုင်ဟု တံဆိတ်ခတ် စွဲမြဲနေဆဲ။

နှစ်ပေါင်း ခြောက်ဆယ်ကျော် ကျင်လည်ခဲ့သော ထိုရပ်ဝန်းကိုတော့ သူ ဘယ်တော့မှ မမေ့နိုင်ခဲ့။ အနုပညာသမားများကို တွေ့ရဆုံရတိုင်း အနုပညာသွေးတို့က သူ၏ ရင်ကို ဗလောင်ဆူစေမြဲ။

သို့သော် ဇရာ၏ ထောက်ညှာသောအားဖြင့် ဘိုးစောနိုင်တစ်ယောက် တီဗီထက်ဆီက အနုပညာများဖြင့်သာ ဖြေသိမ့် ကျေနပ်နေတတ်ခဲ့ပြီ။ အချိန်အခါ မလပ် ထကြွတတ်သော အနုပညာပိုးတို့ကိုလည်း တရားရေအေးဖြင့် ပက်ဖျန်းထိန်းချုပ်တတ်ခဲ့ပြီဖြစ်သည်။

မည်သို့ပင်ဆိုစေ မင်းကြီးညိုရပ်ကွက်ရှိ အုံ့အုံ့ စိုင်းစိုင်း သစ်ပင်များ အလယ်က နှစ်ထပ်အိမ်ကြီး အတွင်းမှာတော့ ရှမ်းပြည်ရောက် ဧည့်သည်ကြီး တစ်ယောက် တရားနှင့် အနုပညာ တစ်လှည့် တစ်ပြန်ဆီ နှလုံးသွင်းရင်း နေဝင်ချိန် ဇရာအိုပြကွက်ကို အေးငြိမ်းသက်သာစွာ အပီအပြင် သရုပ်ဆောင်၍ နေလေပြီ။  

ဇေယျာကို