News

POST TYPE

ARTICLE

လိင်မှုရေးရာ အသိပညာနည်းပါးနေသည့် မလေးရှား
30-Apr-2019



မလေးရှားနိုင်ငံသည် လိင်မှုအသိပညာမှသည် ကိုယ်ဝန်ဖျက်ချမှုအထိ ကန့်သတ်မှုအမျိုးမျိုးရှိနေသည့်အပြင် တစ်ကိုယ်ရေမိခင်များကို ပြစ်တင်ရှုတ်ချမှုများကြောင့် စိတ်ရှုပ်ထွေး ကြောက်ရွံ့သည့် မိခင်များက ရင်သွေးငယ်များကို စွန့်ပစ်သည့်ပြဿနာများ ဖြစ်ပေါ်လျက်ရှိသည်။

နှစ်စဉ် မလေးရှားနိုင်ငံရှိ မြစ်ချောင်းများ၊ ဗလီများ၊ အိမ်သာများနှင့် အမှိုက်ပုံများတွင် စွန့်ပစ်ထားသော ကလေးငယ် ၁၀၀ ကျော်ကို တွေ့ရှိနေရပြီး ၎င်းတို့ ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ သေဆုံးခြင်းဖြင့် အဆုံးသတ်ကြရသည်။ တစ်ခါတစ်ရံ ၎င်းတို့မှာ စိစစ်ရန် မမှတ်မိနိုင်လောက်အောင် မီးကျွမ်းနေသည်ကို တွေ့ရသည်။

စွန့်ပစ်ကလေးငယ်တစ်ဦး တွေ့ရှိသည့်အခါတိုင်း မတွေ့လိုက်ရသော၊ မသိလိုက်ရသော၊ သတင်းမရသော စွန့်ပစ်ကလေးငယ် အရေအတွက်သည် ၂၀ မှ ၃၀ အထိရှိနိုင်သည်ဟု မလေးရှား မျိုးဆက်ခြားကျန်းမာရေးဌာနမှ အကြံပေး ဒေါက်တာ ဂျွန်တောင်းက ပြောကြားသည်။

ထိုလမ်းကို ရွေးချယ်လာကြသည့် လက်ထပ်ထားခြင်းမရှိသူ မိခင်များ အရေအတွက် တိုးလာခြင်းသည် လိင်မှုအသိပညာ ချို့တဲ့ခြင်းနှင့် ရှေးဆန်သော လူမှုဓလေ့များကြောင့် ပစ်ပယ်ခံရခြင်းတို့ကို ထင်ဟပ်နေသည်။

အသက် ၁၇ နှစ်အရွယ် ရိုဖီနာက သူမသည် ကိုယ်ဝန်ရှိလာသောအခါ အံ့အားသင့်ခဲ့ရပြီး ထိုကလေးကို ရေချိုးခန်းအတွင်း၌ မွေးဖွားကာ ချက်ကြိုးကို လက်သဲညှပ်ဖြင့် ဖြတ်၍ ဆွဲထုတ်ပြီး ကလေးကို ဝရန်တာမှ လွှင့်ပစ်ခဲ့သည်ဟု ပြောကြားသည်။

သူမသည် ကလေးငယ်သတ်ဖြတ်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပြီး ထိုကိစ္စကြောင့် ပြင်းထန်သော ပြစ်ဒဏ်ကျခံရသူ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့သည်။

၂၀၁၃ ခုနှစ်က ရိုဖီနာ ပြစ်ဒဏ်ချမှတ်ခံရမှုနောက်ပိုင်းတွင်လည်း လိင်အသိပညာနည်းပါးမှုနှင့် ခေတ်မမီသည့် လူမှုဓလေ့များ၏ ပြစ်တင်ကဲ့ရဲ့မှုများကြောင့် ရင်သွေးစွန့်ပစ်သည့် မိခင်အရေအတွက်မှာ ပို၍ပင်တိုးလာခဲ့သည်။

မွတ်ဆလင်အများစုနေထိုင်သည့် မလေးရှားတွင် လူငယ်များအား လိင်အသိပညာပေးခြင်းကို လိင်လိုက်စားရန် အားပေးမှုအဖြစ် ရှုမြင်ကြရာ ကျောင်းများတွင် လိင်အသိပညာပေးမှုသည် အခြေခံမျှသာ ဖြစ်သည်။ မိဘများကလည်း သားသမီးများက လိင်ကိစ္စအကြောင်း မေးမြန်းစပ်စုလျှင် ရှင်းပြရန် ရှက်ရွံ့ကာ ကသိကအောက် ဖြစ်ကြသည်။

မလေးရှား အမျိုးသမီးများသည် ၎င်းတို့၏ ခန္ဓာဗေဒကိုပင် နားလည်ခြင်းမရှိကြဘဲ ကလေး မည်သို့သန္ဓေတည်ကို မသိကြကြောင်း စိတ်ပညာရှင် ဗီဇလာကူမာရာဆန်က ပြောကြားသည်။ 

ထို့ကြောင့်ပင် လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဖျော်ရည်တွင် ဆေးခတ်ကာ မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရပြီးနောက် ကိုယ်ဝန်ရှိလာခြင်းကို ရိုဖီနာ မသိခဲ့ခြင်းဖြစ်သည်။ ရိုဖီနာသည် လိင်ဆက်ဆံခြင်းနှင့် ပတ်သက်သော အခြေခံဗဟုသုတကိုပင် အပြည့်အဝနားမလည်ခဲ့ဟု သူမ၏ရှေ့နေ ရာဗင်ဆင်းက ပြောကြားသည်။

ကိုယ်ဝန်ရှိလာခြင်းကို ကြုံတွေ့ရသည့် ဆယ်ကျော်သက် အရေအတွက်သည် နှစ်စဉ် ၁၈,၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းမှာ သန္ဓေတားဆေးကို အသုံးမပြုခြင်းနှင့် အသုံးပြုနည်း မမှန်ခြင်းတို့ကြောင့် ဖြစ်ကြောင်ယ်ကျော်သက် အရေအတွက်သည် နှစ်စဉ် ၁၈,၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းမှာ သန္ဓေတားဆေးကို အသုံးမပြုခြင်းနှင့် အသုံးပြုနည်း မမှန်ခြင်းတို့ကြောင့် ဖြစ်ကြောင်းနှင့် နှစ်စဉ် ကိုယ်ဝန်ရှိသူ ဆယ်ကျော်သက် ၁၈,၀၀၀ အနက် ၂၅ ရာခိုင်နှုန်းမှာ လက်မထပ်ခင် ကိုယ်ဝန်ရှိခြင်းဖြစ်ကြောင်း ဒေါက်တာဂျွန်တောင်းက ရှင်းပြသည်။ 

ကျောင်းများတွင် လိင်အသိပညာပေးမှု ချို့တဲ့နေသည့်ဟာကွက်ကို အင်န်ဂျီအိုများက ဖြည့်ဆည်းနေကြသော်လည်း ဘာသာရေးအယူအဆများကြောင့် ငြင်းပယ်ခြင်းခံနေရသည်။ အင်န်ဂျီအိုတစ်ခုမှ စေတနာ့ဝန်ထမ်း ဇာရီနာရိုင်းကမူ လက်မထပ်ခင် လိင်ဆက်ဆံခြင်းသည် ဘာသာရေးအသိချို့တဲ့ခြင်းကြောင့်ဖြစ်ရာ ဘာသာရေးအသိပညာပေးမှုလည်း လိုအပ်သည်ဟု ပြောကြားသည်။

ရှက်ရွံ့သည့် ယဉ်ကျေးမှုကလည်း လက်မထပ်ရ သးသောမိခင်များ၏ အကူအညီရှာခြင်းကို တားဆီးထားရာ အကူအညီမရသောအမျိုးသမီးများသည် ရင်သွေးကိုစွန့်ပစ်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းကဲ့သို့ ဆိုးဝါးသည့် ဆုံးဖြတ်မှုများကို ပြုလုပ်လာကြသည်ဟု လက်မထပ် ကိုယ်ဝန်ဆောင် အမျိုးသမီးဂေဟာ ထူထောင်သူ ရူမာကီတာက မှတ်ချက်ပေးသည်။

လက်မထပ် ကိုယ်ဝန်ဆောင် ဆယ်ကျော်သက် မိခင်များကို ခြောက်နှစ်ခန့် ကူညီပေးခဲ့သူ လူမှုဝန်ထမ်းလုပ်သား ဇီတာအဇစ်က မွတ်ဆလင်မိသားစုများကလည်း မျိုးမစစ်ဟု ၎င်းတို့ယူဆကြသော ရင်သွေးများကို လက်ခံလိုခြင်းမရှိကြဟု ပြောကြားသည်။ 

“အယူသီးတဲ့ အသိုင်းအဝိုင်းကို အာခံရင် ရှင်ကန်ထုတ်ခံရမှာပေါ့။ ဒီတော့ ကလေးကို စွန့်ပစ်တာက အကောင်းဆုံးရွေးချယ်စရာ ဖြစ်နေတုန်းပဲ” ဟု သူမက သုံးသပ်သည်။

“လူမှုဝန်ထမ်းဂေဟာမှာ မိဘဆွေမျိုးတွေ မသိအောင် တိတ်တိတ်လေး မီးဖွားချင်တဲ့ မိန်းကလေးတွေကျပြန်တော့လည်း မိဘခွင့်ပြုချက်လိုအပ်တယ်ဆိုတော့ အခက်တွေ့ပြန်ရော” ဟု လွန်ခဲ့သောနှစ်က ကိုယ်တွေ့ကြုံခဲ့ရသူ ရှီလာက ပြောကြားသည်။ သူမက နောက်ဆုံးတွင် ဆေးရုံ၌ မီးဖွားခဲ့ရပြီး အောက်တန်းစားသဖွယ် ဆက်ဆံခံခဲ့ရသည်ဟု ဖွင့်ဟသည်။

မလေးရှားတွင် အယူသီးသော လူမှုဓလေ့များကြောင့် လက်မထပ် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကိုယ်ဝန်ဖျက်ချခြင်းသည် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။ ထို့အပြင် သန္ဓေတားဆေးများကို တရားဝင် ရောင်းချပေးခြင်းမရှိသောကြောင့် အမှန်တကယ်အလုပ်မဖြစ်သော ဆေးမြီးတိုတားဆေးများကို ဆယ်ကျော်သက်များက မရှိသုံး သုံးနေကြရသည်။

သို့ရာတွင် လူအများ မသိကြသောအချက်မှာ မလေးရှားတွင် အမျိုးသမီး၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်နိုင်သည်ဆိုပါက ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေက ခွင့်ပြုထားသည်ဟု ဆိုသည်။ မုဒိမ်းကျင့်ခံရခြင်းကြောင့် ရှိလာသောကိုယ်ဝန်အား ဖျက်ချနိုင်ခြင်းကို ဆေးရုံဝန်ထမ်း ၆၀ ရာခိုင်နှုန်းကပင် မသိရှိကြကြောင်း မျိုးဆက်ပွားကျန်းမာရေးဌာနမှ မစ္စဆီရင်ဂျူနီစယာက ပြောကြားသည်။

မလေးရှားတွင် ကိုယ်ဝန်ဖျက်ချပေးမည့် ဆရာဝန်ကိုရှာဖွေရန် ခက်ခဲပြီး ဖျက်ချပေးလိုသည့် ဆရာဝန်များမှာလည်း ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များနှင့် အထက်လူကြီးများထံမှ ဖိအားပေးမှုကို ရင်ဆိုင်ကြရသည်။

ရင်သွေးငယ် စွန့်ပစ်သည့်ပြဿနာကို ဖြေရှင်းရန် အပြောင်းအလဲများ လုပ်ဆောင်ရန် လိုအပ်ပြီး မွေးကင်းစစောင့်ရှောက်ရေးဂေဟာသည် စိတ်ချရသော နည်းလမ်းတစ်ခုဖြစ်သည်။ မလေးရှား၏ ပထမဆုံး မွေးကင်းစ စောင့်ရှောက်ရေးဂေဟာကို ၂၀၁၀ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အစပိုင်းတွင် အာဏာပိုင်များကို စည်းရုံးရန်အတွက် မိဘမဲ့ကလေးစောင့်ရှောက်မှုကို သုံးနှစ်ခန့် လုပ်ဆောင်ခဲ့ရသည်။ ယခုအခါ မလေးရှားတစ်နိုင်ငံလုံးတွင် မွေးကင်းစ စောင့်ရှောက်ရေးဂေဟာ ၁၁ ခု ရှိနေပြီဖြစ်ပြီး ရင်သွေးငယ် ၂၈၀ ခန့်ကို လက်ခံစောင့်ရှောက်ပေးထားသည်။

ရင်သွေးငယ်စောင့်ရှောက်ရေးဂေဟာ ကော်မတီဝင် နော်အက်ရှာအော့စမန်က “ဖြေရှင်းရမယ့် လူမှုဓလေ့တွေ ရှိနေတယ်။ ကိုယ်ဝန်ဆောင်မိန်းကလေးရဲ့ မိဘတွေကလည်း အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်သင့်တယ်။ လူမှုအသိုင်းအဝိုင်းကလည်း မဆီမဆိုင် ဝင်စွက်ဖက်တာမျိုး မလုပ်သင့်ဘူး” ဟု ပြောကြားသည်။

အစိုးရအနေနှင့် မူဝါဒများကို အခြေခံကျကျ ပြောင်းလဲပေးရန်လိုအပ်ပြီး ရင်သွေးစွန့်ပြဿနာကို ကိုင်တွယ်ဖြေရှင်းမည့် တစ်မျိုးသားလုံးဆိုင်ရာ စီမံချက်ကို ကောင်းစွာ ရန်ပုံငွေထောက်ပံ့သင့်သည်ဟု ဒေါက်တာတောင်းက ပြောကြားသည်။

“အင်န်ဂျီအိုတွေနဲ့ အသင်းအဖွဲ့တွေ ဝိုင်းဝန်း ဖြည့်ဆည်းနေကြပေမယ့် အဖျားအနားလောက်ပဲ လုပ်နိုင်ကြတယ်။ ကျွန်တော်တို့ လိုအပ်နေတာက အစိုးရရဲ့မူဝါဒတွေကနေ လူမှုအသိုင်းအဝိုင်းရဲ့ ခံယူချက်တွေ ပြောင်းလဲတဲ့အထိ ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

F-04