POST TYPE

ARTICLE

ငါးအိမ်တန်းရွာ
29-Apr-2019



မူဆယ်မြို့၏ အရှေ့မြောက်ဘက် လေယာဉ်ကွင်း လမ်းအဆုံးတွင် ဘောလုံးနှစ်ကွင်းစာ ယူကလစ်တော ရှိသည်။ ထိုတောတွင် လွန်ခဲ့သည် ၁၈ နှစ်က လူငါးဦး စပြီးနေထိုင်ခဲ့ကြသောကြောင့် ငါးအိမ်တန်းရွာဟုလည်း ခေါ်ကြပြန်သည်။

ငါးအိမ်တန်းရွာမှာနေထိုင်သူများမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပခုက္ကူ၊ မကွေး စသည်ဖြင့် နယ်အစုံကဖြစ်ပြီး တရုတ်ပြည်တွင် အလုပ်ရှာရင်း သောင်တင်နေကြသူများဖြစ်သည်။ လွန်ခဲ့သည့် ၁၈ နှစ်က တဲငါးလုံးဖြင့် စတင်ခဲ့သောရွာသည် ယခုအခါ တဲအိမ် ၇၀ နှင့် လူဦးရေ ၂၀၀ နီးပါးရှိလာပြီဖြစ်သည်။ ထိုရွာကို စတင်တည်ထောင် သူများကတော့ ငါးအိမ်တန်းတွင် မရှိကြတော့ပေ။



“ဦးထွေးလည်း သေပြီ၊ ဦးတိုက်ဂါးလည်း သေပြီ၊ ဦးရွှေထီး ဆိုတာကတော့ ဘူးကောက်ရင်း မိုင်နင်းမိလို့ ခြေထောက်ပြတ်သွားတယ်။ သူ့ရွာသူပြန်သွားတယ်”ဟု ငါးအိမ်တန်းရွာသား ကိုသိန်းဝင်းနိုင်က ရွာတည်ထောင်သူများအကြောင်းကို ပြောပြသည်။

အသက် ၄၃ နှစ်အရွယ်ရှိ ကိုသိန်းဝင်းနိုင်သည် ညောင်လေးပင်ဇာတိဖြစ်သည်။ သူကတော့ လွန်ခဲ့သည် ၁၅ နှစ်က တရုတ်ပြည်တွင် အလုပ်လုပ်ကိုင်ရန် တက်လာရာမှ ငွေလိမ်လည်ခံခဲ့ရ၍ မူဆယ်မြို့တွင် သောင်တင်ခဲ့သည်။

“အဲ့တုန်းက လူတစ်ယောက်က မင်းဘာလုပ်စားတတ်လဲ မေးတယ်။ မခိုးမဝှက် အကုန်လုပ်မယ် ပြောလိုက်တယ်။ သူက ဒီနေရာကိုခေါ်လာတယ်။ ပြီးတော့ စက်ဘီးတစ်စီး ထုတ်ပေးတယ်။ အဲဒီအချိန်ကတည်းက ကျွန်တော် ဘူးကောက်တာပေါ့”ဟု ကိုသိန်းဝင်းနိုင်က ဆိုသည်။

ကိုသိန်းဝင်းနိုင်တစ်ယောက် ငါးအိမ်တန်းရွာတွင် အခြေချပြီးနောက် တရုတ်ပြည် ရွှေလီမြို့ပေါ်တွင် ဘူးကောက်ကာ သားသမီး ၇ ဦးကို ကျွေးမွေးစောင့် ရှောက်ခဲ့သည်မှာ ၁၅ နှစ်ရှိပြီဖြစ်သည်။ စက်ဘီးတစ်စီးဖြင့် ဘူးကောက်လုပ်ငန်းစတင်ခဲ့ရာ နောက်ပိုင်း သုံးဘီး တွဲဘီးနှင့် ဆိုင်ကယ်ကိုပါ ပိုင်ဆိုင်ခဲ့ပါပြီ။

ကိုသိန်းဝင်းနိုင်၏ တစ်နေ့တာ လုပ်ငန်းခွင်ကတော့ နံနက် ၆ နာရီက စတင်ကာ ရွှေလီမြို့ပေါ်တွင် အများသူငှာ စွန့်ပစ်ထားခဲ့သည့် ဘူး (ပလုံ)ကို သားအဖ နှစ်ယောက် ရွေးကောက်သည်။ ကိုသိန်းဝင်းနိုင်၏ အမျိုးသမီးဖြစ်သူကတော့ ညနေ ၄ နာရီမှ စတင်ကာ ရွှေလီမြို့ရှိ ရှမ်းရွာများတွင် ဘူး (ပလုံ) ကောက်ပြီး နံနက် စောစောတွင် ပြန်လာတတ်သည်။လင်မယားနှစ်ယောက်၏ တစ်နေ့ဝင်ငွေမှာ တစ်သောင်းခွဲမှ နှစ်သောင်းကြား ရှိသည်။

“ဘက်ထရီဘီး အားကုန်တဲ့အထိ ပြင်းပြင်းထန်ထန်ကောက်ရင် တစ်နေ့ ရှစ်ထောင်လောက်ရတယ်။ တရုတ်ပြည်ဆိုတော့ တရုတ်ရဲလည်း ကြောက်ရသေးတယ်။ ရှမ်းရွာမှာတော့ အမျိုးသမီးဝင်ကောက် တာသင့်တော်တယ်”ဟု ကိုသိန်းဝင်းနိုင်က ဆိုသည်။

ငါးအိမ်တန်းရွာ အဝင်တွင် ရွှေလီမြို့ပေါ်မှာ စွန့်ပစ်ပစ္စည်းများကို ပြန်လည်ရောင်းချရန်အတွက် ပီနံအိတ်ဖြင့်သွတ်ထားသည် အိတ်ပုံက နေရာယူထားသည်။

ရွာလမ်းကတော့ ကားတစ်စီးဝင်စာ ငါးပေအကျယ် လမ်းတစ်ခုသာရှိပြီး ဘေးတစ်ဖက်တစ်ချက်တွင် ၁၀ ပေ ပတ်လည်တဲအိမ်များကို တရုတ်ပြည်က ကောက်လာသည့် စွန့်ပစ်ပစ္စည်းများနှင့် အနီရောင် တရုတ်စာပါကြော်ငြာဗီနိုင်းများတို့ဖြင့် တည်ဆောက်ထားကြသည်။

ငါးအိမ်တန်းရွာရှိ အချို့သော သက်ကြီးရွယ်အို များ၊ အနာကြီးရောဂါသည်များနှင့် ကလေးငယ်များကတော့ တောင်းရမ်းစားသောက်ကြသည်ဟု ဆိုသည်။

ကိုသိန်းဝင်းနိုင်၏ လုပ်ဖော်ကိုင်ဖက် ကိုအောင်သူကတော့ တရုတ်ပြည်တွင် ကုန်ထမ်း၊ သစ်ခုတ်လုပ်ငန်းကို လုပ်ကိုင်ခဲ့သော်လည်း တရုတ်လုပ်ငန်းရှင်က လုပ်ခလစာပေးချိန်တွင် တရုတ်ရဲခေါ်၍ ဖမ်းခိုင်းခြင်းကို ခံခဲ့ရသည်။

“တရုတ်တွေ သိပ်မိုက်ရိုင်းတာ။ သစ်ခုတ်တာ လစာရှင်းခါနီးချိန်မှာ ကျွန်တော့်မှတ်ပုံတင် ဆွဲဖြဲတယ်။ တရုတ်ပြည်ဝင်ခွင့်ကတ်ဖြဲပြီး ရဲခေါ်ဖမ်းခိုင်းတယ်။ လစာ မရှင်းချင်လို့။ ဒါကြောင့် ဘူးကောက်တာ အန္တရာယ် ကင်းတယ်”ဟု ကိုအောင်သူက ဆိုသည်။

မူဆယ်မြို့သည် မြန်မာပြည်နှင့် တရုတ်နယ်စပ်ဖြစ်သောကြောင့် မြန်မာပြည်၏ အမှိုက်ပုံဖြစ်နေကြောင်း မူဆယ်မြို့ စည်ပင်သာယာ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဇင်က ဆိုသည်။

“မူဆယ်ဆိုတာက မြန်မာပြည်ရဲ့ အမှိုက်ပုံလို့ ပြောရမှာပဲ။ အလုပ်လုပ်ဖို့ တက်လာရင်း အဆင်မပြေတော့ မပြန်ကြတော့ဘူး”ဟု ၎င်းက ဆိုသည်။

ထိုသို့ မြန်မာလုပ်သားများ အဖမ်းခံရခြင်းနှင့် ပတ်သက်၍ မူဆယ်မြို့ အလုပ်သမားဝန်ကြီးဌာနမှ ဦးစီး မှူး ဦးလှမြင့်သိန်းက “တရုတ်ပြည်မှာ တရားဝင် မြန်မာလုပ်သားပို့ဆောင်ခွင့်လည်းမရှိဘူး။ နှစ်နိုင်ငံ MoU လည်း ထိုးထားတာမရှိဘူး”ဟု ဆိုသည်။

ငါးအိမ်တန်းရွာကလူတွေ အပျော်ဆုံးအချိန်က တရုတ်နှစ်ကူးချိန်ဖြစ်သည်။ တရုတ်နှစ်ကူးချိန်က မရောက်မီ ငါးရက်လောက်ကတည်းက ရွှေလီမြို့ပေါ် မိသားစုလိုက် တက်ကြသည်။ တရုတ်နှစ်ကူးကာလတွင် တရုတ်အိမ်များက ရေခဲသေတ္တာ၊ သေတ္တာ၊ ဗီရို၊ အဝတ်အစားတို့ကို စွန့်ပစ်လေ့ရှိသည်။

“ကျွန်တော်တို့ရွာကလူတွေ ပရိဘောဂအတွက် ဝယ်စရာမလိုဘူး။ တန်ဖိုးကြီးပစ္စည်းတွေဆို ပြန်တောင် ရောင်းစားတယ်”ဟု ကိုသိန်းဝင်းနိုင်က ဆိုသည်။

မူဆယ်မြို့တွင် ရွှေ့ပြောင်းလုပ်သားအများပြား လာရောက်လုပ်ကိုင်ရင် မူးယစ်ဆေးဝါး နွံနစ်ခဲ့သူများလည်း ရှိနေသည်။

၂၀၁၈ ခုနှစ်အတွင်း ပိုင်ရှင်မဲ့ သေဆုံးသူ ၆၉ လောင်း ကောက်ယူခဲ့ရပြီး၊ ဆေးဝါးကုသရင်း သေဆုံးသူကတော့ ၂၀၁၈ ခုနှစ်တွင် ၁၅၆ ဦးရှိကြောင်း မူဆယ် နာရေး ကရုဏာအသင်းမှတ်တမ်းအရ သိရသည်။ ပိုင်ရှင်မဲ့ သေဆုံးသူ အများစုမှာ မူးယစ်ဆေးဝါးနှင့် HIV ကြောင့် သေဆုံးသူများဖြစ်ကြသည်။

ထို့ပြင် မူဆယ်ပြည်သူ့ဆေးရုံတွင် မက်သဒုံး ပုံမှန်သောက်သုံးသူ ၃၂၀ ဦးရှိသည်အနက် ၁၀၀ ခန့်သာ ဒေသခံများဖြစ်ပြီး ကျန် ၂၀၀ ကျော်မှာ အနယ်နယ်အရပ်ရပ်က အလုပ်လာရောက် လုပ်ကိုင်ကြသူများ ဖြစ်ကြသည်။ ထိုသူအားလုံးမှာ အရွယ်ကောင်းဖြစ်သည့် အသက် ၂၀ မှ ၃၀ ကြားလူငယ်ဖြစ်သည်။

မူဆယ်မြို့သည် ၅၈၀ ဒသမ ၅၇ စတုရန်းမိုင် အကျယ်အဝန်းရှိပြီး လူဦးရေ လေးသိန်းခွဲကျော် ရှိသည်။

ယင်းဒေသတွင် ရှမ်း၊ ကချင်၊ ပလောင်၊ ခိုလုံ လီရှော၊ မုန်းဝန်း၊ ကိုးကန့်၊ လားဟူ၊ လွယ်လ၊ လီစူး၊ လီရှော၊ ဗမာ၊ ရခိုင်၊ ချင်းလူမျိုးတို့နေထိုင်ရာ နယ်စပ် မြို့လေးဖြစ်သည်။ မူဆယ်မြို့မှ တရုတ်ပြည်ထဲသို့ နေ့ချင်းပြန် ဝင်ရောက်လုပ်ကိုင်သူမှာ နေ့စဉ် နှစ်သောင်းနီးပါး ရှိသည်။

မူဆယ်မြို့တွင် အိမ်ရာမဲ့များကို လက်ခံထားသည့်နေရာ သုံးခုရှိကြောင်း မူဆယ်မြို့ နာရေးကရုဏာ အသင်းမှ ဦးသောင်းထွန်းက ဆိုသည်။

မူဆယ်မြို့ထဲတွင် သောင်တင်နေသူဦးရေ မည်မျှအထိရှိကြောင်းကိုတော့ မည်သည့်အဖွဲ့အစည်းကမှ စာရင်းကောက်ထားခြင်းမရှိပေ။

ည ၉ နာရီဝန်းကျင်းခန့်တွင် မှုဆယ်မြို့လယ်ကောင် ဆိုင်ခန်းရှေ့၊ တိုက်ခန်းရှေ့များ၊ ဆင်ဖြူဈေးဝင်း၊ ဆင်ဖြူဂိတ်များတွင် ထီးအကာအကွယ်ယူ၍ အိပ်စက်သူ များရှိသလို လူသွားလမ်းများတွင်လည်း အိပ်နေသူ များရှိသည်။

ငါးအိမ်တန်းရွာကို သိန်းဝင်းနိုင်တို့ကဲ့သို့ နေစရာ မရှိ၍ ထပ်မံရောက်လာသူများလည်း ရှိသည်။

“နေစရာမရှိတော့ ကျွန်မတို့ လုပ်ကိုင်စား သောက်ပါရစေပြောတော့ ကျွန်တော်တို့ပိုင်တဲ့နေရာ မဟုတ်ဘူး။ လွတ်တဲ့နေရာ ပေးနေလိုက်ကြတာပဲ”ဟု ကိုသိန်းဝင်းနိုင်က ပြောပြသည်။

ကိုသိန်းဝင်းတို့လို လာရောက်နေထိုင်သူများကို စီစဉ်ပေးရန်အတွက် အုပ်ချုပ်ရေးမှူး၊ ပရဟိတခေါင်းဆောင်၊ လူမှုရေးလုပ်ငန်းခေါင်းဆောင် သုံးဦးကို ပြန်လည်ရွေးချယ်ထားသည်။

လွန်ခဲ့သည့်ဆယ်နှစ်လောက်ကတော့ ရွာထဲတွင် သူခိုး၊ ဓားပြ၊ ခါးပိုက်နှိုက်၊ ဘိန်းစား အကုန်ရှိသည်ဟု ဆိုသည်။

“စုန်းပြူကတော့ ပါတယ်။ အတတ်နိုင်ဆုံးတော့ ဝိုင်းထိန်းရတာပေါ့။ အ ခုကတော့ မရှိတော့ဘူး”ဟု ပရဟိတခေါင်းဆောင် ကိုထွန်းမြင့်က ဆိုသည်။

ငါးအိမ်တန်းရွာတွင် အိမ်ခြေ ၇၀ တွင် ၈ အိမ်သည် နီးစပ်ရာဒေသခံများအကူအညီဖြင့် တစ်လ နှစ်သောင်းခွဲပေးကာ မီးသုံးစွဲခွင့်ရသည်။ ရေရရှိရေးအတွက် ရေတစ်စည်ကို ၁၅၀၀ ပေး၍ ဝယ်ယူသုံးစွဲရသည်။

ရေအခက်အခဲဖြေရှင်းပေးရန် မူဆယ်ခရိုင် တရားသူကြီးက ရေတွင်းတူးရန်အတွက် အလှူငွေ မတည်ပေးသော်လည်း နေရာပိုင်ဆိုင်မှု အငြင်းပွားနေသည့်အတွက် ယခုထိ ရေတွင်းမတူးနိုင်သေးကြောင်း ကိုသိန်းဝင်းနိုင်က ဆိုသည်။

ငါးမိနစ်သာလမ်းလျှောက်ရသော ရွာနောက်ဘက် မြေကွက်လပ်တွင်တော့ ဗီနိုင်းစကိုခင်းကာ အမျိုးသမီးငါးဦး ဖဲရိုက်နေရင်း ရယ်မောလျက်ရှိသည်။ ဖဲဝိုင်းနှင့်မျက်နှာချင်းဆိုင်တွင် အနံ ၁၀ ပေ အလျား ပေ ၂၀ ရှိ ဓမ္မစကူးလ်ကျောင်းလေး ဖွင့်လှစ်ထားသည်။ ကျောင်းနေအရွယ်ကလေးငယ်များတွင် မွေးစာရင်းမရှိသောကြောင့် ကျောင်းအပ်နှံရန် အခက်အခဲရှိသဖြင့် ဓမ္မစကူးလ်ကျောင်းကိုသာ မှီခိုရသည်။

ထိုဓမ္မစကူးလ်ကျောင်းတစ်ခုတည်းနှင့် ကလေးများပညာတတ်ရန် မဖြစ်နိုင်ကြောင်း မူဆယ်ကရုဏာ နာရေးအသင်းမှ ဦးသောင်းထွန်းက ဆိုသည်။

လွန်ခဲ့သည့် ၁၈ နှစ်ကတည်းက နေထိုင်လာခဲ့သည့် ငါးအိမ်တန်းရွာလေးသည် ယခုအခါတွင်တော့ ဘယ်အချိန် ဖယ်ရှားခံရမလဲ စိုးရိမ်လာရပြီဖြစ်သည်။

ရွာမျက်စောင်းထိုးတွင် သိန်းသန်းချီကားကွင်း လာရောက်တည်ဆောက်ပြီး နောက်ပိုင်း ငါးအိမ်တန်းရွာကို ပိုင်ဆိုင်သည်ဟုကာ သူဌေးများက လာရောက် ဖယ်ရှားခိုင်းနေကြသောကြောင့်ဖြစ်သည်။

“ဟိုဘက်ကမ်းက တရုတ်တွေကလည်း သူတို့ ပိုင်တယ်ဆိုပြီး လာဖယ်ခိုင်းကြတယ်”ဟု ကိုသိန်းဝင်းနိုင်က ဆိုသည်။

ထိုသို့ လာဖယ်ခိုင်းသူများတွင်လည်း မြေပိုင်ဆိုင်မှု အထောက်အထားတော့ မရှိကြပေ။ သို့သော်လည်း ငွေရှိလျှင် ဘာမဆိုဖြစ်သည့် မြန်မာပြည်တွင် ပိုင်ဆိုင်မှု အထောက်အထားရရန်အတွက် မခက်ခဲသည်ကလည်း ငါးအိမ်တန်းရွာသားများအတွက် စိုးရိမ်စရာတစ်ခုဖြစ် နေသည်။

“ကျွန်တော်တို့လူတွေ မစည်းရုံးရင် ဖယ်ပေးရမှာ”ဟု ကိုသိန်းဝင်းနိုင်က တွေးတွေးဆဆ ဆိုသည်။

ငါးအိမ်တန်းရွာသူ၊ ရွာသားအားလုံးသည် ယူကလစ်တောက မစွန့်ခွာလိုကြ။ ငါးအိမ်တန်းရွာတွင်သာ ခေါင်းချလိုကြသည်။

“ရွာပြန်လည်း အိမ်မှမရှိတာ”ဟု ကိုသိန်းဝင်း နိုင်က သက်ပြင်းချရင်း ပြောလိုက်သည်။

ခင်မြတ်မြတ်ဝေ