News

POST TYPE

ARTICLE

ဥပဒေမဲ့ နှိပ်စက်စစ်ဆေးမှုများကို ရဲတပ်ဖွဲ့ ပြောင်းလဲနိုင်မှာလား
14-Jan-2019


ထက်ခေါင်လင်း (Myanmar Now)

စက်တင်ဘာလလယ်ပိုင်း ညတစ်ညတွင် ရန်ကုန်၊ သန်လျင်မြို့နယ် ရဲတပ်ဖွဲ့ဝင်အချို့က အငှားကား တစ်စီးကို စစ်ဆေးပြီးနောက် ယာဉ်မောင်းသူအပါအဝင် သုံးဦးကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

ဘက်ထရီခိုးမှု ကျူးလွန်သူများဟု ရဲတို့က ယူဆခြင်းကြောင့် ထိုသို့ထိန်းသိမ်းလိုက်ခြင်းဖြစ်ရာ ယာဉ်မောင်း ကိုအောင်အောင်နှင့် ကားပေါ်ပါလာသူ အခြားနှစ်ဦးသည် ထိုညက အိမ်သို့ မပြန်နိုင်တော့ပေ။

ကိုအောင်အောင်၏မိခင် အသက် ၆၀ ကျော် အရွယ် ဒေါ်အေးက နောက်တစ်နေ့တွင် ရဲစခန်းသို့ သွားရောက်ပြီး တစ်နေကုန် စောင့်ဆိုင်းခဲ့သော်လည်း တွေ့ခွင့်မရခဲ့ဟု ဆိုသည်။ နောက်တစ်နေ့တွင်မူ ရဲစခန်းက ဒေါ်အေးကို ဒဏ်ရာဗရပွရရှိထားသော ကိုအောင်အောင်နှင့် တွေ့ခွင့်ပြုခဲ့သည်။



“သူ့မှာ မတ်တတ်တောင် မရပ်နိုင်လို့ လူတွဲပြီး တွေ့ရတာ”ဟု ဒေါ်အေးက ငိုပြီးပြောပြသည်။

ရဲစခန်းတွင် ထိုသို့တွေ့ဆုံစဉ်က ကားဘက်ထရီ ခိုးမှုကျူးလွန်သည်ဟူသော ဖြောင့်ချက်ကို မပေးသဖြင့် နှိပ်စက်ခံရသည်ဟူသော ဖြစ်ရပ်အကြောင်း ပြောမပြခဲ့ဟု မိခင်က ဆိုသည်။

“အင်းစိန်ထောင်ကိုပို့ပြီး ထောင်ဝင်စာ သွားတွေ့တော့လည်း သားကို အချုပ်သားအချင်းချင်းတွဲပြီး ထုတ်လာရတယ်။ (ထောင်ရောက်တော့မှ) သားက ပွင့်ပွင့်လင်းလင်း ပြောရဲတော့တယ်၊ သူ့ကို လက်ထိတ် နောက်ပြန်ခတ်ပြီး ရင်ဘတ်ကို တုတ်နဲ့ရိုက်၊ ကျဉ်စက်နဲ့တို့တယ်၊ ဒူးထောက်ခိုင်းပြီး ကျောကုန်းကို ကန်တယ်တဲ့”ဟု ဒေါ်အေးက မျက်ရည်စက်လက်ဖြင့် ပြောပြသည်။

ဖမ်းဆီးထိန်းသိမ်းမှု ၁၄ ရက်မြောက်နေ့တွင် တရားခွင်သို့ ထပ်မံပို့ဆောင်ရာ အာမခံဖြင့် လွတ်လာမည်ဟု မိသားစုက မျှော်လင့်ထားကြသည်။ သို့သော်လည်း အချုပ်ကားပေါ်မှအဆင်း သတိလစ်ပြီး လဲကျသွားသော ၂၈ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူသည် ဆေးရုံရောက်ပြီး ၃ နာရီအကြာတွင် သေဆုံးသွားသည်။

စစ်ကြောရေးကာလအပြီး ရက်အတန်ကြာတွင် ယာဉ်မောင်း ကိုအောင်အောင် သေဆုံးသွားမှု ကဲ့သို့သော ဖြစ်ရပ်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အရည်အသွေးကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ရဲတပ်ဖွဲ့အတွင်း အရေးကြီးတာဝန်ယူခဲ့ဖူးသူ အချို့ကလည်း ရဲတပ်ဖွဲ့သည် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသော်လည်း အများပြည်သူ၏ ယုံကြည်ကိုးစားမှု ရရှိရန်အတွက် များစွာကြိုးစားရဦးမည်ဟု ပြောကြသည်။ 

စစ်ကြောရေး

ကိုအောင်အောင်နှင့်အတူ ဖမ်းဆီးခံရသူ နှစ်ဦးသည် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ သန်လျင်ရဲစခန်းမှူး ရဲအုပ်မြတ်စိုးသည် အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သိရသည်။ 

ပြီးခဲ့သည့် ၁၂ လတာအတွင်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် ရဲတပ်ဖွဲ့ဝင်တို့က စွပ်စွဲခံရသူများကို ညှဉ်းပန်းနှိပ်စက်သည်ဟူသော အမှု ၁၁ မှုနှင့် ပတ်သက်ပြီး မှတ်တမ်းတင်ထားသည်ဟု ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ပြောသည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တွင် ပြီးခဲ့သည့် ၁၂ လတာအတွင်း အနယ်နယ်မှ အလားတူ အမှု ၁၂၈ မှုအထိရှိခဲ့ကြောင်း သိရသည်။ 

ကော်မရှင်က အငှားယာဉ်မောင်း ကိုအောင်အောင်အမှုကို မိခင်ဖြစ်သူ၏ တိုင်ကြားချက်အရ စုံစမ်းစစ်ဆေးပြီးနောက် ထိုအမှုအတွက် တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်သုံးဦးကို အရေးယူရန် ဒီဇင်ဘာလဆန်းတွင် တိုက်တွန်းခဲ့သည်။

ရဲက ဖမ်းဆီးစစ်ကြောမှုကြောင့် သံသယတရားခံတို့ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းတို့နှင့် ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့များက စောင့်ကြည့် မှတ်တမ်းတင်ခြင်းမှာ များစွာ အရှိန်မရသေးပေ။

ပြီးခဲ့သည့်နှစ်အတွင်း ရဲစခန်းက စစ်ကြောမေးမြန်းသည့်ကာလအတွင်း သေဆုံးခဲ့ကြသူများထဲတွင် ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှ ၂၆ နှစ်အရွယ် ဈေးသည် တစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် အထိန်းသိမ်းခံရသည့် ငါးဖမ်းပိုက်ခိုးယူမှု သံသယ တရားခံတစ်ဦးတို့ ပါဝင်သည်။ ဧရာဝတီရှိ အခြားမြို့ တစ်မြို့ဖြစ်သော လပွတ္တာတွင် ထိုနှစ် ဧပြီလအတွင်း ထိန်းသိမ်းစစ်ကြောခံရသူ ခိုးမှုသံသယတရားခံ အမျိုးသားမှာ အသက်သေဆုံးခြင်း မရှိသော်လည်း ကြိုးတုပ်ပြီး မျက်နှာကြက်တွင် တွဲလောင်းဆွဲထားခြင်း၊ ရိုက်နှက်ကန်ကျောက်ခြင်း၊ ပလတ်စတစ် မီးရှို့ပြီး မျိုးပွားအင်္ဂါပေါ် အစက်ချခြင်း စသည့် ညှဉ်းပန်းမှုများကို ရင်ဆိုင်ခဲ့ရသည်။ ထိုအမှုကို စုံစမ်းခဲ့သည့် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သက်ဆိုင်သူများကို အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြံပြုခဲ့သည်။

အဆိုပါစခန်းမှ ရဲအုပ်ကျော်ကျော်နိုင်အပါအဝင် ၇ ဦးသည် အပြင်းအထန် နာကျင်စေမှုများဖြင့် အမှုဖွင့်အရေးယူခံခဲ့ရသည်ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့၏ မှတ်တမ်းဟောင်းတစ်ခုတွင် ဖော်ပြထားသည်။ 

၂၀၁၇ ခုနှစ်ကလည်း မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်မှ ၅၂ နှစ်အရွယ် မုဒိမ်းမှု သံသယ တရားခံ အမျိုးသားသည် ဖမ်းဆီးခံရပြီး သုံးရက်မြောက်နေ့တွင် သေဆုံးခဲ့သည်။ ထိုအမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို အရေးယူရန် စစ်ဆေးခဲ့သည်ဟု သိရသည်။ နောက်ဆက်တွဲ အခြေအနေနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းသော်လည်း ရဲတပ်ဖွဲ့က တယ်လီဖုန်းဖြင့် ဖြေကြားရန် အဆင်သင့် မဖြစ်သေးပေ။ 

နောက်ဆုံးဖြစ်ရပ်မှာ ဇန်နဝါရီ ၂ ရက်နေ့က မန္တလေးမြို့ အချုပ်ခန်းတစ်ခုတွင် ၂၆ နှစ်အရွယ် ကိုအောင်အောင်သက် သေဆုံးမှုဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်တို့၏လက်ချက်ကြောင့် သေဆုံးခြင်းဖြစ်သည်ဟု မိသားစုက ယူဆနေသော်လည်း မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့ကမူ အခြားအချုပ်သားတို့နှင့် ခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးခြင်းဖြစ်ကြောင်း၊ အချုပ်သား ၄ ဦးကို လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း Myanmar Now ကို ပြောသည်။

ရဲတပ်ဖွဲ့ဝင်တို့၏ စွမ်းဆောင်ရည်သည် တပ်ဖွဲ့ဝင်အင်အားနှင့်လည်း သက်ဆိုင်နေသည်။ 

ရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံအင်အားအရ တပ်ဖွဲ့ဝင် ၁၆၀,၀၀၀ ထက်မနည်းရှိရမည် ဖြစ်သော်လည်း အမှန်တကယ်ရှိနေသည့် အရေအတွက်မှာ ၇၆,၉၆၄ ဦးသာ ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ၂၀၁၆ ဩဂုတ်လ ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခုတွင် တင်ပြခဲ့သည်။ 

CID မှုခင်းတပ်ဖွဲ့မှ ရဲမှူးကြီး အောင်မြင့်စိုးကလည်း ရဲတပ်ဖွဲ့တွင်လိုအပ်သည့် တပ်ဖွဲ့အရေအတွက် ၏ ၅၀ ရာခိုင်နှုန်းခန့်သာ ရှိနေသဖြင့် တပ်ဖွဲ့ဝင်များသည် တာဝန်ပိုမိုထမ်းဆောင်နေကြရသည်ဟု ပြောသည်။

လစာနည်းပါးမှု၊ မိသားစု စားဝတ်နေရေး စသည့် အခက်အခဲများလည်း ရှိနေကြရာ အချို့သော လုပ်ငန်းခွင်ပြဿနာ၊ ဥပဒေချိုးဖောက်မှုတို့မှာ လူပင်ပန်း၊ စိတ်ပင်ပန်းမှုကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“စွပ်စွဲခံရသူကို နှိပ်စက်တာမျိုး မလုပ်ရဘူး။ ဖမ်းဆီးရမယ့်သူတွေကို မဖမ်းတာမျိုး၊ မဖမ်းသင့်တဲ့ သူကို ဖမ်းဆီးတာမျိုးမလုပ်ရဘူး။ မတရားချုပ်နှောင်ထားတာမျိုး မလုပ်ရဘူး။ နောက်ပြီး အမှုအရည်အသွေး ပျက်သွားအောင်လို့ အမှုကို ပြင်ဆင်တာမျိုး မလုပ်ရဘူး။ အချုပ်သားတွေကို နှိပ်စက်ပြီး စစ်ချက်အတင်းယူတာမျိုး မလုပ်ရဘူး”ဟု သူက Myanmar Now ကို ပြောပြသည်။

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူခြင်းကပင် ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်ပြီး လူသေဆုံးမှုအထိ ဖြစ်ခဲ့မည်ဆိုလျှင် အရပ်ဘက် ရာဇဝတ်မှုပုဒ်မများနှင့် ထပ်မံ အရေးယူခံရမည်ဖြစ်ကြောင်း ရဲမှူးကြီး အောင်မြင့်စိုးက ဆက်ဆိုသည်။ 

တပ်သားသစ်ရရှိရေး အခက်အခဲ 

ရဲမှူးကြီးဟောင်း မောင်စိုးက ရဲတပ်ဖွဲ့တွင် နေရာလစ်လပ်နေမှုကို ပြန်လည်ဖြည့်တင်းရန် အရေးကြီးကြောင်း၊ ရဲတပ်ဖွဲ့သို့ ဝင်ရောက်ပြီး တာဝန်ထမ်းလိုသူ များစွာမရှိကြောင်း သုံးသပ်သည်။

အောက်ခြေအဆင့် ရဲတပ်ဖွဲ့ဝင်များကို ၁၀ တန်း အောင်မှလက်ခံရန် စီမံဆောင်ရွက်ခဲ့သော်လည်း တပ်သားသစ်များ မရနိုင်သည့်အခြေအနေသို့ ရောက်ရှိခဲ့သဖြင့် ၈ တန်းအောင်သို့ လျှော့ချခဲ့ရသေးကြောင်း ယခင် အစိုးရလက်ထက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကိုယူခဲ့သူ ရဲမှူးကြီးဟောင်း မောင်စိုးက ပြောသည်။

“တကယ့်ကို ပညာတတ်တဲ့ရဲတွေ ဖြစ်လာစေဖို့ ကျွန်တော်တို့ လုပ်ခဲ့သေးတယ်။ ပညာတတ်မှလည်း တကယ်ထူးချွန်တဲ့ရဲတွေ မွေးထုတ်နိုင်မှာမို့ ကျွန်တော် တို့စီစဉ်ခဲ့ကြတာ။ ဒါပေမဲ့ အဲ့ဒီတန်းကို ညှိတဲ့အခါ တပ်သားသစ်တစ်ယောက်မှ ရဖို့လမ်းမရှိခဲ့ဘူး”ဟု သူက ဆိုသည်။

“ရဲဆိုတာ စစ်ရင် ရိုက်စစ်ရမယ်ဆိုတဲ့ ရှေးရိုးစွဲ အယူအဆတွေကလည်း တပ်ဖွဲ့ဝင်တွေအကြား ကိန်းအောင်နေတာတွေနဲ့ အခုထိ မလိုလားအပ်တဲ့အဖြစ်တွေအများကြီး ဖြစ်ပျက်နေရတာပေါ့။ ရဲတပ်ဖွဲ့၏ တာဝန်ချထားမှုပိုင်းဆိုင်ရာ၊ အထောက်အပံ့တို့ကလည်း တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းလုပ်ကိုင်မှုအပေါ် သက်ရောက်မှု အများအပြားရှိသည်”ဟု သူက ယူဆသည်။

“သူများတွေ ပျော်နေချိန်မှာ သူတို့က လုံခြုံရေး တာဝန်ယူနေရတယ်။ သူတို့လည်း လူငယ်တွေပဲဗျာ။ ပျော်ချင်ရှာမှာပေါ့။ အဲ့ဒီကြားထဲမှာ ဗရုတ်သုတ်ခ လုပ်တဲ့သူတွေနဲ့ဆုံရင် အလိုလိုနေရင်း ဒေါသကထွက်ရော။ နောက်ပြီး ရဲလုပ်ငန်းစဉ်မှာ သာမန်အမှုကို ၂ပတ် အတွင်း တရားရုံးကို အမှုတွဲတင်ရတယ်။ အမှုကြီး (လူသတ်မှုမျိုး) တွေ ဆိုရင်သာ တစ်လအချိန်ရတာ။ အဲ့ဒီတော့ အမှုတွဲ မရမနေ တင်လို့ရအောင် စစ်ချက်ယူချိန်တွေမှာ အတင်းအကျပ် ယူခဲ့တာမျိုးတွေ ဖြစ်ကုန်ရော”ဟု သူက ဆိုသည်။

တပ်ဖွဲ့ဝင်တို့သည် သံသယရှိသူကို ဖမ်းဆီးခြင်း၊ တရားရုံးသို့ သွားရောက်ပြီး ထွက်ဆိုရခြင်း စသည့် လုပ်ငန်းဆောင်တာများအတွက် ကုန်ကျစရိတ်ကို အိတ်စိုက်လုပ်ကိုင်ခဲ့ရပြီး ယခုအစိုးရလက်ထက် ရောက်မှသာ အထောက်အပံ့အနည်းငယ် ရလာသည် ဟူသောအချက်ကို သူက အတည်ပြုသည်။ မှုခင်းတပ်ဖွဲ့မှ ရဲမှူးကြီး အောင်မြင့်စိုးကလည်း ရဲတပ်ဖွဲ့ကို လုံလောက်သောအထောက်အပံ့များ ပေးသင့်သည်ဟု Myanmar Now သို့ ပြောသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေကို တကယ် ပြုပြင်ပြောင်းလဲစေချင်တယ်ဆိုရင် အရေးကြီးဆုံး လုပ်ရမှာက သူတို့ရဲ့ စားဝတ်နေရေးကို ပြည့်စုံအောင် ဖန်တီးပေးဖို့လုပ်ရမယ်။ နောက်ပြီးတော့ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာတွေ ပြည့်ပြည့်စုံစုံ ဖန်တီးပေးဖို့ လိုတယ်။ ဒါမှရမယ်”ဟု သူက ဆိုသည်။

ပြစ်မှုကျူးလွန်သော ရဲတပ်ဖွဲ့ဝင်အချို့ကို အရေးယူနေကြောင်း၊ ထိုဖြစ်ရပ်တို့ကို သတင်းထုတ်ပြန်လေ့ မရှိသောကြောင့် ပြည်သူအများက မသိကြခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

နိုင်ငံအနှံ့အပြား ရဲစခန်းများ၏ရှေ့တွင် ကူညီ ပါရစေ ဆိုင်းဘုတ်ကို မြင်သာစွာ ချိတ်ထားကြခြင်းမှာ သိသာထင်ရှားသည့် ပြောင်းလဲမှုတစ်ခု ဖြစ်သည်။

သို့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော ရဲအဖွဲ့သည် ဥပဒေစိုးမိုးရေး၊ လုံခြုံရေးတာဝန်၊ ကာကွယ်ရေး စသဖြင့် ဝန်ဆောင်မှုပေးရသည့် ဌာနဖြစ်ကြောင်း အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် နားလည်လာကြခြင်း မရှိသေးပေ။

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး အစီအစဉ်အတွင်း ပါဝင် အားဖြည့်သူများထဲတွင် ဥရောပသမဂ္ဂလည်း ပါဝင်သည်။ ထိုသို့ ဝိုင်းဝန်းအားဖြည့်ရာတွင် ရဲတပ်ဖွဲ့အတွင်း တာဝန်ယူ တာဝန်ခံမှုရှိရေး၊ မူဝါဒများ ခေတ်နှင့်အညီ အပြောင်းအလဲပြုလုပ်ရေးအတွက် ဝင်ရောက်ကူညီသည့် အစီအစဉ်လည်း ပါဝင်သည်ဟု ဥရောပသမဂ္ဂ အွန်လိုင်းစာမျက်နှာတစ်ခုတွင် ဖော်ပြထားသည်။ 

စစ်အစိုးရများ အုပ်ချုပ်မှုအောက် နှစ်ပေါင်းများစွာ စီမံခန့်ခွဲမှု မှားယွင်းမှုဒဏ်ကို ခံရသည့်ထဲတွင် ရဲတပ်ဖွဲ့လည်း ပါဝင်သည်။ ပြည်သူလူထု၏ အမြင်တိမ်းစောင်းမှု ခံနေရသည့် အချက်များတွင် အဆိုပါ အားနည်းချက်လည်း ပါဝင်သည်။ 

ရဲတပ်ဖွဲ့သည် တပ်မတော်ခေါင်းဆောင်တစ်ဦး တာဝန်ယူ ကိုင်တွယ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်တွင် ရှိနေသည်။

တပ်ဖွဲ့အတွင်း အလယ်အလတ်နှင့် ထိပ်တန်း ခေါင်းဆောင်ပိုင်း ရာထူးနေရာ အများအပြားကို ရရှိသူတို့မှာ တပ်မတော်မှ ပြောင်းလဲလာသူများသာ ဖြစ်သည်။ ထိုအချက်သည် အောက်ခြေရဲတပ်ဖွဲ့ဝင်များ ရာထူးတက်နိုင်သည့် အခွင့်အလမ်းကို အဟန့်အတား ဖြစ်စေသည်ဟု ဝေဖန်ခံနေရသည်။ တပ်မတော် အရာရှိဘဝမှ ရဲအရာရှိဖြစ်လာသူတို့၏ ရဲလုပ်ငန်း ကျွမ်းကျင်မှုမှာ မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်ဟုလည်း ဝေဖန်ခံနေရသည်။

ညှဉ်းပန်းနှိပ်စက်ခွင့်

ရန်ကုန်၊ အလုံမြို့နယ် ရဲတပ်ဖွဲ့ဝင်အချို့က ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုအောင်စိုးထိုက်ကို လက်ကိုင်ဖုန်း ခိုးယူသည်ဟု စွပ်စွဲဖမ်းဆီးကာ အချုပ်ခန်းတွင် ညှဉ်းပန်းနှိပ်စက်ပြီး ဝန်ခံဖြောင့်ချက်ပေးစေသည့် ဖြစ်စဉ်တစ်ခု နိုဝင်ဘာလတွင် ပေါ်ပေါက်ခဲ့သည်။ 

မိတ်ဆွေများက ရဲစခန်းသို့ သွားရောက်ပြောဆိုအပြီး နာရီပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာသည့် ကိုအောင်စိုးထိုက်က ပြည်သူအများ အားကိုးလိုသည့် ရဲတပ်ဖွဲ့ဝင်တို့သည် လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ၊ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း မှန်မှန်ကန်ကန် လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု သုံးသပ်သည်။

ထို့အပြင် ရဲတပ်ဖွဲ့အဆင့်ဆင့်ကလည်း အောက်ခြေရဲတပ်ဖွဲ့ဝင်များအထိ ကြီးကြပ်ထိန်းသိမ်းမှုများ လိုအပ်သလို ရဲသင်တန်းကျောင်းများတွင်လည်း အခြေခံလူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ဂရုတစိုက် ပို့ချပေးရန် လိုအပ်သည်ဟု သူက ဆက်ပြောသည်။

“ကျွန်တော့်ဖြစ်စဉ်မှာဆို မသင်္ကာလို့ ခေါ်စစ်တာ ထားတော့။ ကြိမ်းမောင်း ခြိမ်းခြောက်တဲ့အပြင် လက်ထိတ်ခတ်ပြီး လက်ကို အပေါ်မြှောက်ခိုင်းထားတယ်။ ပြီးတော့မှ ဘောင်းဘီအိတ်ထဲကို ရှာတယ်။ တကယ်လို့များ စိတ်ကြွဆေးပြား ၂ ပြားလောက် မသိမသာ ထည့်ပြီးတော့မှ ဆေးပြားမိပါတယ်ဆို ဘယ့်နှယ်လုပ်မလဲ။ အခုခေတ်မှာ ထောင်ဖမ်းတာတို့၊ ဘာတို့က ခေတ်စားနေတော့။ အထူးသဖြင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ အသိစိတ်ထဲမှာကို မသင်္ကာရင် အချုပ်ထဲ ထည့်လိုက်လို့ရတယ်ဆိုတဲ့အသိ ကိန်းအောင်းနေတာ ဆိုးတာပဲ”ဟု သူက ဆိုသည်။ 

လူ့အခွင့်အရေး ကော်မရှင်မှ ဦးယုလွင်အောင်က အချုပ်သားဖြစ်စေ၊ အကျဉ်းသားဖြစ်စေ လူတိုင်းတွင် မွေးရာပါ အခြေခံလူ့အခွင့်အရေးရှိကြကြောင်း၊ ထိုအချက်ကို ရဲတပ်ဖွဲ့ဝင်တိုင်း အလေးထားရမည် ဖြစ်ကြောင်း ပြောသည်။

စစ်ချက်ယူစဉ်၊ ဖမ်းဆီးစဉ် နှိပ်စက်ခြင်းတို့မှာ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ဒါတွေက မလုပ်သင့် မလိုက်ထိုက်တဲ့ကိစ္စတွေပါ။ အဲ့ဒီအတွက် ပြည်ထဲရေးဌာနကို သီးခြား အကြံပြု အစီရင်ခံစာပို့ဖို့ အခုလုပ်နေတယ်။ နှိပ်စက်တာ၊ ရိုက်နှက်တာတွေဟာ အခုခေတ်မှာ လုပ်လို့ မရတော့ပါဘူး” ဟု သူကဆိုသည်။

ရဲမှူးကြီးဟောင်း မောင်စိုးက ရဲတပ်ဖွဲ့တွင် ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအပြင် ရဲတပ်ဖွဲ့ဝင်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ် ၇၀ တို့ကို ပြဋ္ဌာန်းထားပြီးဖြစ်သည်ဟု ထောက်ပြသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေကို ချမှတ်ထားတဲ့ဟာတွေကတော့ လုံလောက်ပါတယ်။ တစ်ခုပဲ . . . အဲဒီအတိုင်း ကျင့်သုံးဖို့ပဲလိုတယ်။ ကျင့်သုံးခဲ့မယ်ဆိုရင် ဒေါင်ဒေါင်မြည် ရဲတပ်ဖွဲ့ ဖြစ်မှာပါ”ဟု သူက ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ရဲတပ်ဖွဲ့တွင် ပြည်သူတို့၏ ကိုယ်စိတ်နှစ်ပါးကို အကာအကွယ်ပေးရမည့် စွမ်းအား အပြည့်အဝ ရှိသင့်သည်ဟု သုံးသပ်သည်။ 

“အဓိကက ရဲတပ်ဖွဲ့ဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြောင်းရမှာ။ ပြည်သူတွေရဲ့လုံခြုံရေးကို လုပ်ရာမှာ ဝန်ဆောင်မှုပေးတဲ့ ပုံစံမျိုး ပြောနေပေမယ့် တချို့တွေက အရင်ပုံစံအတိုင်းပဲ”ဟု ဦးနေမျိုးကျော်က ဝေဖန်လိုက်သည်။ 

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲမှု အောင်မြင်မှုမရသေးသည့် အကျိုးဆက်အားဖြင့် သာမန်ပြည်သူထဲတွင် ရဲကို ကြောက်လန့်သူ အများအပြား ရှိလာပြီး ရာဇဝတ်သား အများအပြားက ရဲကို အကြောက်အလန့် နည်းလာသည်ဟု စစ်အစိုးရလက်ထက်က အထိန်းသိမ်းခံ ဘလော်ဂါ နေဘုန်းလတ်အဖြစ် ထင်ရှားသည့် ဦးနေမျိုးကျော်က ပြောသည်။

တာဝန်ရှိသူတို့သည် ရဲတပ်ဖွဲ့အတွက် လက်နက်၊ အထောက်အပံ့ပစ္စည်း၊ အသုံးစရိတ်၊ တပ်ဖွဲ့ဝင် အရေအတွက် ပြည့်စုံလုံလောက်ရေးအတွက် ကြိုးပမ်းရန် လိုအပ်သည်ဟု သူက ထောက်ပြသည်။ ရဲစခန်းများတွင် စစ်ကြောမေးမြန်းစဉ် သံသယတရားခံ အပြင်းအထန် ဒဏ်ရာရခြင်း၊ သေဆုံးခြင်းကဲ့သို့သော ဖြစ်ရပ်များအတွက် တာဝန်ရှိသူတို့ကို မဖြစ်မနေ အရေးယူရမည်ဟု သူကဆိုသည်။

“လုပ်ပိုင်ခွင့်ကို တလွဲအသုံးပြုတယ်ဆိုရင်လည်း ထိထိရောက်ရောက် အရေးယူဖို့ လိုတယ်။ တချို့နေရာတွေမှာ ရာထူးချတာ၊ နယ်ပြောင်းလိုက်တာလေးလောက်က ထိရောက်တဲ့ အရေးယူမှုလို့ မထင်ဘူး”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောလိုက်သည်။ 






  • VIA