News

POST TYPE

ARTICLE

ကမ်းနီးရေလုပ်သားများ ထောင်ဘေးလွတ်ရေး အဖြေဘာလဲ
09-Jan-2019


ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှ ကမ်းနီး ရေလုပ်သား ၅၃ ဦး ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်တွင်း အချုပ်သားအဖြစ် ရောက်နေသည်။

၎င်းတို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က ရခိုင်ပြည်နယ် ငပလီမြို့တွင် ဖမ်းဆီးခံရသော လောင်းလုံးမြို့နယ်အတွင်းရှိ မောင်းမကန်၊ ပန်းတင်အင်း၊ ကျောက်ဆင်ကျေးရွာသားတို့၏ လှေ ၆ စီးပါ ပဲ့နင်း၊ လှေပိုင်ရှင်နှင့် ရေလုပ်သားများဖြစ်သည်။

သူတို့အား လိုင်စင်မရှိဘဲ ငါးဖမ်းသဖြင့် မြန်မာ့ပင်လယ် ငါးလုပ်ငန်း ဥပဒေ ပုဒ်မ ၄၄ နှင့် ပုဒ်မ ၄၈ တို့ဖြင့် တရားစွဲထားသည်။

ပုဒ်မ ၄၄ အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၁၀ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ၃ သိန်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်သည်။

ပုဒ်မ ၄၈ အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေ ၅ သောင်းအထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေ ပုဒ်မ ၄၄ သည် တနင်္သာရီတိုင်းတွင်း ကမ်းနီးရေလုပ်သားများအား အချိန်မရွေး ထောင်ထဲပို့နိုင်သော ပုဒ်မဖြစ်နေကြောင်း ရေလုပ်သားများ၊ ရေလုပ်သားအရေး လှုပ်ရှားသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ ဖွင့်ဟပြောဆိုခဲ့သည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်သည်။

ပုဒ်မ ၄၄ ဖြင့် တရားစွဲခံထားရကာ မြိတ်ထောင် အချုပ်ထဲရောက်နေသူ ၂၀၁၈ ခုနှစ် ဩဂုတ်လမှ ဒီဇင်ဘာလအထိ ၄ လအတွင်း ရေလုပ်သား ၁၀၆ ဦးထိ ရှိနေသည်။

လိုင်စင်မရှိဘဲ ကမ်းနီးငါးလုပ်ငန်း လုပ်ကိုင်ခြင်းကို ကျူးလွန်ပါက ပုဒ်မ ၄၄ အရ တရားစွဲခံရမည် ကို ရေလုပ်သားတို့ သိရှိကြသည်။

သို့ကြောင့် တစ်နိုင်တစ်ပိုင် ကမ်းနီး ငါးဖမ်းလှေ ပိုင်ရှင်တို့က တရားဝင်ငါးလုပ်ငန်း လိုင်စင်လျှောက်ထားကြသည်။

သို့သော် ကမ်းနီးလိုင်စင်သည် လှေအလျား ပေ ၃၀၊ လှေစက် မြင်းကောင်ရေအား ၂၅ ကောင်အောက် ရှိရမည်ဟု သတ်မှတ်ထားရာ လက်ရှိခေတ် ကမ်းနီးငါးဖမ်းလှေအများစုမှာ ယင်းသတ်မှတ်ချက်ထက် ကျော်လွန်နေကြသည်။

ယင်းသို့ ကျော်လွန်ခြင်းမှာ ပင်လယ်ပြင်တွင် ရာသီဥတုပြောင်းလဲခြင်း၊ ကမ်းနီးတွင် ငါးဖမ်းဆီးရရှိမှု ကျဆင်းလာခြင်း၊ ငါးဖမ်းလုပ်ငန်းခွင် အလှမ်းဝေးလာခြင်း စသည့် အခက်အခဲများကြောင့် လှေနှင့် စက်အင်အားများ ယခင်ထက် ပိုမိုကြီးမားအောင် တည်ဆောက်တပ်ဆင်လာရခြင်းတို့ကြောင့်ဖြစ်ကြောင်း လှေပိုင်ရှင်များက ပြောကြသည်။

ထားဝယ်ခရိုင်အတွင်း ကမ်းနီး ငါးဖမ်းလှေ ၁၈၀၀ ကျော်ရှိပြီး ၁၀၀၀ ကျော်မှာ အထက်ပါ ငါးဖမ်းလိုင်စင်မရသည့် ပြဿနာနှင့် ရင်ဆိုင်နေရကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် အကြံပေး ဦးဇော်သူရထံမှ သိရသည်။

ယခင်က ကမ်းနီးငါးဖမ်း လိုင်စင်များကို မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပေးလေ့ရှိသော်လည်း ယခုအခါ မိရိုးဖလာ မျှောပိုက်လှေအများစုမှာ ကမ်းနီး ငါးဖမ်းလှေတစ်စီး၏ သတ်မှတ်စံနှုန်းထက် ကြီးမားနေသောကြောင့် မြို့နယ်အဆင့်မှ လိုင်စင်ထုတ်ပေးရန် မဖြစ်နိုင်ဟု ငြင်းဆိုခံနေရကြောင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ရေလုပ်သားများက ပြောကြသည်။

ရေလုပ်သားတို့က နိုင်ငံတော် အခွန်ထမ်းကာ တည်ဆဲဥပဒေဘောင်အတွင်းမှ တရားဝင် လုပ်ကိုင်လိုကြသည်။

ငါးဖမ်းလိုင်စင်မရှိဘဲ ငါးထွက်ဖမ်းသည့် လှေများမှာ ပင်လယ်ပြင်တွင် တာဝန်ရှိသူတို့၏ စစ်ဆေးမှု ရင်ဆိုင်ခံယူရမည်ကို ကြောက်ရွံ့နေကြရခြင်း၊ ကမ်းဝေး ငါးဖမ်းလှေများနှင့်တကွ အခြားလိုင်စင်ရှိ ငါးဖမ်း လှေများနှင့် ငါးဖမ်းရင်း ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့ပါက အထောက်အထား မပြည့်စုံသဖြင့် မိမိတို့ဘက်မှ မှန်နေသည့်တိုင် အရှုံးနှင့်သာ အလျှော့ပေး ရင်ဆိုင်နေရပြီး ဥပဒေအတိုင်း ရင်ဆိုင်ဖြေရှင်းရန် အခက်ကြုံနေရကြောင်း ပြောကြသည်။

ယင်းကြောင့် လုပ်ပိုင်ခွင့်ရှိသူ သမ္မတနှင့်တကွ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာများထံ လိုင်စင်ထုတ်ပေးပါရန် လှေပိုင်ရှင်များက လက်မှတ်ရေးထိုးကာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၃ ရက်က အသနားခံစာ ပေးပို့ခဲ့ကြသည်။

သို့သော် ယခုထိ အကြောင်းတစ်စုံတစ်ရာ မထူးခဲ့ပေ။

သို့ကြောင့် လက်ငင်းစားဝတ်နေရေးအတွက် မိရိုးဖလာ တစ်နိုင်တစ်ပိုင် ရေလုပ်ငန်းကို အရဲစွန့်လုပ်ကိုင်ကြရင်း ယခုကဲ့သို့ အရေးယူခံကြရခြင်း ဖြစ်သည်။

လောင်းလုံးမဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက လွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ရေးရာကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က ရေလုပ်သားများ လက်ရှိ ကြုံတွေ့နေ ရသည့် အခက်အခဲနှင့် ပြဿနာများကို ဖြေရှင်းနိုင်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် (ယခုနိုင်ငံတော် သမ္မတ) ထံ လူကိုယ်တိုင်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း အကြိမ်ကြိမ် တင်ပြခဲ့ပြီးကြောင်း ပြောသည်။

ယခု လောင်းလုံးမြို့နယ်သား ကမ်းနီးရေလုပ်သားများ အချုပ်ခံ၊ တရားစွဲခံနေရသည့် ကိစ္စအတွက်လည်း လောင်းလုံးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့နှင့် ပူးပေါင်းလက်မှတ်ရေးထိုးကာ ပြည်ထောင်စုဝန်ကြီးထံ အတတ်နိုင်ဆုံး ဖြေလျှော့ပေးရန် တင်ပြထားကြောင်း ဦးဗိုလ်ထွေးက ပြောသည်။

“ဝန်ကြီးဌာနဘက်က ဒီ (တနင်္သာရီတိုင်း) ဘက်က သဘောထားတွေ ပြန်မေးနေတယ် ကြားပါတယ်၊ ဖြေလျှော့ပေးသင့်တာတွေ ဖြေလျှော့ပေးစေချင်ပါတယ်”ဟု ဦးဗိုလ်ထွေးက ပြောသည်။

ကမ်းနီးငါးဖမ်းလုပ်ငန်းကိစ္စအား တိုင်းလွှတ်တော်အဆင့်တွင် လုပ်နိုင်သမျှ၊ ဆွေးနွေးနိုင်သမျှ အကြိမ်ကြိမ်လုပ်ခဲ့၊ ဆွေးနွေးခဲ့ပြီးဖြစ်ကာ တိုင်းလွှတ်တော်အနေနှင့် လုပ်နိုင်သည့် အခန်းကဏ္ဍကုန်သွားပြီဟု ၎င်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်အရ မြန်မာ့ပင်လယ် ငါးလုပ်ငန်းဥပဒေကို ပြည်ထောင်စုကသာ ပြု၊ ပြင်၊ ဖျက် လုပ်နိုင်သည်။

ယခုတည်ဆဲ မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေမှာ ခေတ်နှင့် မလျော်ညီတော့သည့် အိုဟောင်းနေသော ဥပဒေဖြစ်သည့်အတွက် ခေတ်ကာလနှင့် ကိုက်ညီသည့် ဥပဒေတစ်ရပ် ဖြစ်လာရေး ပြည်ထောင်စု လွှတ်တော်တွင် ပြင်ဆင်ရန် ကြိုးစားနေကြောင်း ကျွန်းစုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ပြောသည်။

“ဥပဒေက ခေတ်နောက်ကျ ကျန်ခဲ့တယ်။ ဥပဒေပြင်ဆင်မှသာလျှင် ဖြေရှင်းနည်း အစစ်အမှန် ဖြစ်လိမ့်မယ်”ဟု ဦးဥက္ကာမင်းက ပြောသည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းတစ်ရပ်အား ဝန်ကြီးဌာနမှ ရေးဆွဲနေပြီး သက်ဆိုင်ရာဌာနများက ဖြည့်စွက်ဆွေးနွေးမှု ပြုနေဆဲဖြစ်ကာ လွှတ်တော်သို့ တင်သွင်းသည့် အဆင့်သို့ ရောက်မလာသေးဘဲ ကြန့်ကြာနေကြောင်း ၎င်းက ပြောသည်။

ဥပဒေကို အမြန်ပြင်ဆင်သင့်ပြီကို ငါးလုပ်ငန်းနှင့် နှီးနွယ်သူတို့ကလည်း သဘောတူကြသည်။

“ဥပဒေ မပြင်သရွေ့တော့ ဒီပြဿနာ တက်နေမှာပဲ”ဟု ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ပြောသည်။

လက်ရှိတွင်မူ ရခိုင်ပြည်နယ် ထောင်အချုပ်ရောက် တနင်္သာရီတိုင်းသားများအတွက် ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့က ပြည်ထောင်စု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ အသနားခံနေကြသည်။

“ဥပဒေအရ အရေးယူမယ်ဆိုရင်လည်း သက်သက်ညှာညှာ ဖြစ်ဖို့ရယ်၊ လှေတွေမဆုံး (ပြည်သူပိုင်မသိမ်း) ဖို့ရယ်ပေါ့၊ တရားရင်ဆိုင်ရင်း (အချိန်ကြာပြီး) လှေတွေဆုံးသွားမှာ အရမ်းကြောက်နေတယ်”ဟု ဦးကျော်ကျော်သက်က ပြောသည်။

ယခု ဖမ်းထားသည့် လှေတစ်စင်း၏ လှေ၊ စက်၊ ငါးဖမ်းပိုက်တို့ တန်ဖိုးမှာ သိန်း ၅၀၀ ခန့်မှ သိန်း ၁၀၀၀ ဝန်းကျင်အထိရှိကြောင်း ရေလုပ်သားတို့က ပြောကြသည်။

ငါးဖမ်းလိုင်စင်မရှိ၍ ထောင်ထဲရောက်ရသည့်အဖြစ်မှ လောလောဆယ် ကင်းဝေးစေရန် သတ်မှတ်ချက်ထက် ကျော်လွန်နေသည့် ကမ်းနီးငါးဖမ်းလှေများကို ပြန်လည်စိစစ်ကာ လိုင်စင်ထုတ်ပေးနိုင်ရန် တစ်နည်းနည်းဖြင့် စီစဉ်သင့်သည်ဟု တောင်းဆိုမှုများလည်းရှိနေသည်။

“သတ်မှတ်တာထက် ကျော်လွန်နေတဲ့လှေတွေ၊ စက်တွေကို ပြန်စိစစ်ပြီး လိုင်စင်ထုတ်ပေးစေချင်တယ်။ မဟုတ်ရင် နောက်ထပ် ထောင်ထဲရောက်ကြဦးမှာပဲ”ဟု တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။

မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၂၂ နှင့် ၂၃ အရ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် လိုင်စင်ပါ စည်းကမ်းချက်များကို သတ်မှတ်ပေးရမည်ဖြစ်ပြီး ငါးလုပ်ငန်းနှင့် ပတ်သက်သော စည်းကမ်းချက်များ၊ ကန့်သတ်ချက်များ၊ အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သော အခွင့်အာဏာရှိသည်။

လက်ရှိ ယခုနှစ်တွင်မူ တနင်္သာရီတိုင်းအတွင်းမှ ရေလုပ်သား ၁၅၀ ကျော်က ဥပဒေနှင့် ခေတ်ကာလ အကျပ်အတည်းအောက်တွင် ထောင်အချုပ်ထဲ အမှုရင်ဆိုင်နေကြရသည်။

လှေတစ်စင်အဖမ်းခံရပါက လှေပိုင်ရှင်သာမက ရေလုပ်သားတစ်ဦးချင်းစီ နောက်တွင် မှီခိုနေသည့် မိသားစုဝင်များ၊ အခြားဆက်စပ်လုပ်ငန်းစုများစွာ ပါဝင်နေပြီး ယင်းဆက်စပ်လုပ်ငန်းများကို အမျိုးသမီး အလုပ်သမားများစွာကလည်း မှီခိုလျက်ရှိရာ ဒေသအတွက် များစွာနစ်နာရကြောင်း ရခိုင်တွင် အဖမ်းခံရသည့် လှေများအနက် လှေပိုင်ရှင်တစ်ဦးဖြစ်သည့် မောင်းမကန်ရွာသား ဦးဇော်နီက ပြောသည်။

၎င်းနစ်နာမှုများ အမြန်ပြေလည်စေရန် အခြေအနေအရပ်ရပ်ကို သိထားပြီးဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးအစိုးရက ကူညီဖြေရှင်းပေးစေလိုကြောင်း ဦးဇော်နီက ပြောသည်။

“လိုင်စင်ဆိုတာ ကျွန်တော်တို့က မလုပ်ဘဲနေသူတွေ မဟုတ်ဘူး၊ သူတို့ မလုပ်ပေးတော့တာကို။ ကျွန်တော်တို့တွေ ဖြစ်နေတာ တိုင်းအစိုးရ သိပြီးသားပါ၊ အခွန်လည်း နှစ်တိုင်းသွင်းနေတာပဲ သူတို့သိသားလေ၊ ကိုယ့်လှေကိုယ် ပြန်ရပြီး အေးအေးချမ်းချမ်း လုပ်စားချင်ပါတယ်”ဟု ဦးဇော်နီက ပြောသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးကလည်း လက်ရှိပြဿနာအား ပြေလည်ဖြေ လျှော့စေရေး ရခိုင်ပြည်နယ်အစိုးရနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရတို့ အစိုးရအချင်းချင်း ချိတ်ဆက် ဆောင်ရွက်သင့်ကြောင်း ပြောသည်။

“အစိုးရအချင်းချင်း ချိတ်ဆက် လုပ်ဆောင်စေချင်တယ်၊ ဒီဒေသမှာ ဒါကတော့ မိရိုးဖလာ လုပ်ငန်းပါပဲဆိုတဲ့ ပုံစံမျိုးပေါ့၊ ဥပဒေကြောင့်ဆိုပြီး မလုပ်ဘဲနေလို့တော့ မရဘူးပေါ့”ဟု ဦးဗိုလ်ထွေးက ပြောသည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကမူ ပင်လယ်ငါးဖမ်းလုပ်ငန်းမှာ တိုင်းအစိုးရ၏ လုပ်ပိုင်ခွင့် မဟုတ်သဖြင့် ဖြေရှင်း၍မရဟု ပြောသည်။

“ရေချိုမှ တိုင်းအစိုးရက ဖြေရှင်းလို့ရတယ်၊ ရေငန်ဆိုရင် တိုင်းအစိုးရက ဖြေရှင်းလို့မရဘူး။ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်လည်း ပြောလို့မရဘူး၊ သူလည်း ရေချိုပဲလုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့ ရေငန်ကို လုပ်ပိုင်ခွင့်ရှိတဲ့ ပြည်ထောင်စု ငါးလုပ်ငန်းဦးစီးဌာန ညွှန်/ချုပ်ဆိုပြီးတော့ အသနားခံစာတင်မှရမှာ”ဟု ဒေါက်တာ လဲ့လဲ့မော်က ဆိုသည်။

ကမ်းနီးရေလုပ်သားတို့၏ လိုင်စင်မဲ့ ငါးဖမ်းဆီးနေရ၍ ဖမ်းဆီးခံရမှုကိစ္စမှာ တစ်ကြိမ်တစ်ခါတည်းဖြစ်ပြီး ပြီးသွားမည့်ကိစ္စမဟုတ်ဘဲ နောက်ထပ်အစဉ် ဆက်လက် ဖြစ်ပေါ်နေနိုင်သည့် ကိစ္စဖြစ်သည့်အတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းအစိုးရတို့က အလေးအနက်ထား ဖြေရှင်းသင့်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက ထောက်ပြသည်။

“ပြည်ထောင်စုအစိုးရရော တိုင်းဒေသကြီး အစိုးရပါ ဒီကိစ္စကို လေးလေးနက်နက် ကိုင်တွယ်စေချင်တယ်၊ ပြည်ထောင်စုကတော့ ကမ်းနီးကိစ္စက တစ်ပြည်လုံးမလွှမ်းခြုံတော့ ခပ်ပေါ့ပေါ့ ထင်ကောင်းထင်မယ်၊ တိုင်းအစိုးရကတော့ အလေးအနက်ထား ထည့်သွင်းစဉ်းစားဖို့ လိုမယ်”ဟု ဦးဗိုလ်ထွေးက ဆိုသည်။  

Dawei Watch


  • VIA