News

POST TYPE

ARTICLE

တရုတ်အောင်သွယ်လုပ်ငန်းနှင့် အိမ်ထောင်ဖက်သောကများ
08-Jan-2019


တရုတ်ရိုးရာဓလေ့တွင် ရှီအန်ကျင်းဆိုသည့် စကားလုံးကို တွင်ကျယ်စွာ သုံးစွဲကြသလို စိတ်ဝင်စားခဲ့ကြသည့် ဓလေ့ထုံးစံများ ရှိခဲ့ပါသည်။ ထိုစကားလုံး၏ အဓိပ္ပာယ်မှာ “အောင်သွယ်” ကို ခေါ်ဆိုခြင်းဖြစ်သည်။ တရုတ်ယဉ်ကျေးမှုနှင့်ယှဉ်ပြီး အလွန်အရေးပါခဲ့သော စကားလုံးလည်းဖြစ်သည်။ 

အောင်သွယ်ဆိုသည့်စကားကတော့ ရှင်းပါသည်။ ယောကျာ်းလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်ကို ကြားခံတစ်ယောက် (အောင်သွယ်) က အိမ်ထောင်ပြုရန်အတွက် ဇာတ်လမ်းတစ်ခုဖန်တီး ပေးခြင်းဖြစ်သည်။ အိမ်ထောင်ရေး ကြားခံအဆက်အသွယ်အဖြစ် တရုတ်လူ့ဘောင်တွင် ရှေးကတည်းက ရှိခဲ့ကြသည်။ 

ရှေးခေတ်ကတည်းက တရုတ်တို့သည် အောင်သွယ်တော်အားကိုးဖြင့်သာ အိမ်ထောင်ဖက်ရှာကြသဖြင့် အောင်သွယ်တော်တို့၏ မျက်နှာအလွန်ပွင့်လန်းခဲ့ကြသည်။ တစ်ခေတ်က တစ်ဖက်အုပ်စုနှင့်တစ်ဖက် ရွှေလမ်း ငွေလမ်းခင်းခြင်း၊ မျိုးဂုဏ်ဆွေဂုဏ်ညှိခြင်းတို့မှာ အလွန်အရေးပါသည်။ မိသားစုအတွင်း ကိုယချစ်ကို ရှာရသည်ထက် မိဘအကြိုက်ကို အလိုလိုက်ခဲ့ရသော ခေတ်များတွင် လက်ထပ်ပြီးမှ မျက်နှာကို မြင်ကြရသူတွေလည်း ရှိခဲ့ပါသည်။ သို့သော် ခေတ်သစ်တွင် အောင်သွယ်တော်တွေ ကုန်သလောက်ဖြစ်လာသည်။ လူပုဂ္ဂိုလ် အောင်သွယ်များနေရာတွင် အွန်လိုင်းအောင်သွယ်တွေက ပိုပြီးခေတ်စားလာသည်။ မည်သို့ဆိုစေ တရုတ်တွင် အောင်သွယ်ဖြင့် အိမ်ထောင်ပြုနေသည့်စနစ်တွေက ယနေ့တိုင် ထွန်းကားနေဆဲဖြစ်သည်။

မကြာမီကျရောက်တော့မည့် တရုတ်နှစ်သစ်ကူးပွဲတော်တွင် သန်းပေါင်းများစွာသော တရုတ်လူမျိုးတွေ မိမိတို့ နေရပ်ဌာနေကို ပြန်ကြသည်။ ထိုရက်များကို ပိတ်ရက် နားရက်များအဖြစ် သတ်မှတ်ကာ ဆွေမျိုးမိဘများကို ပြန်တွေ့ကြခြင်းဖြစ်သည်။ ထိုအချိန်တွင် အားလုံးပျော်ရွှင်ကြသော်လည်း မိအို ဘအိုများက မိမိတို့သားသမီးများ အိမ်ကို တစ်ဦးတည်း ပြန်လာကြလျှင် စိတ်ပျက်ဝမ်းနည်းလေ့ရှိကြသည်။ 

အနောက်တိုင်းတွင် ဗယ်လင်တိုင်းဒေး (ချစ်သူများနေ့) ကို ပန်းများ၊ ချောကလက်များနှင့်ဆင်ယင် ကျင်းပလေ့ရှိသလို တရုတ်မိဘတွေကလည်း နှစ်သစ်ကူးချိန်တွင် မိမိတို့သားသမီးများအပြင် မြေးများနှင့် ပျော်ပွဲသဘင်ကို ဆင်ယင်လိုကြသည်။ သို့သော် သူတို့သားတွေ သမီးတွေက ခေတ္တခဏသာပြန်လာသည်။ ပြီးတော့ ပျောက်သွားကြပြန်သည်။ သူတို့နောင်ရေး အိမ်ထောင်ရေးကိစ္စများကိုပင် ဆွေးနွေးချိန်မရလိုက်။ စီးပွားရေး ကြီးပွားရေးနောက် တကောက်ကောက်လိုက်နေကြသည့် သားသမီးများကြောင့် သေသည့်တိုင် မြေးမချီသွားရသော မိဘများလည်းရှိနေကြသည်။ 

လီကျင်းသည် အသက် ၂၉ နှစ်အရွယ် ဘဏ်မန်နေဂျာတစ်ဦးဖြစ်သည်။ သူက ယခု ကဖေးဆိုင် တစ်ဆိုင်ကို ရောက်နေသည်။ ဆိုင်ထဲတွင် သူ့လို အိမ်ထောင်မကျသေးသည့် လူပျို၊ အပျို ၃၂ ဦးလည်း ရောက်နေကြသည်။ သူတို့ရောက်နေသည့်ဆိုင်မှာ ရှန်ကျန်းတောင်ပိုင်းရှိ တရုတ်တန်းမှ ဆိုင်တစ်ဆိုင်ဖြစ်သည်။ သူတို့အားလုံး Little Date ဆိုသည့် အောင်သွယ်အကျိုးဆောင်လုပ်ငန်း၏ အစီအစဉ်ဖြင့် ဆိုင်ထဲတွင် ရောက်နေကြခြင်းဖြစ်သည်။

သူတို့အားလုံး တစ်ယောက်နှင့် တစ်ယောက် ၈ မိနစ်ခန့် စကားပြောခွင့်ရကြသည်။ ဆိုင်ထဲတွင် သူတို့အားလုံး ၄ နာရီအကြာ စားရင်းသောက်ရင်း စကားပြောရင်း အချိန်တွေ ကုန်ခဲ့ကြသည်။ ထို့နောက် လီကျင်းသည် ဆိုင်ပြင်ကို တစ်ယောက်တည်း ထွက်လာသည်။ သူ့စိတ်တိုင်းကျမတွေ့ခဲ့ပေ။

“ကျွန်တော့်အဘွား မနှစ်က ဆုံးသွားတယ်။ အဘွားကို တစ်နေ့ရည်းစားတစ်ယောက် အိမ်ကိုခေါ် လာပေးပါ့မယ်လို့ ပေးထားတဲ့ကတိ မဖြစ်လိုက်ဘူး”ဟု သူက ဆိုသည်။ ယခု သူ့ကိုမွေးထားသော မိခင်သည်ပင် အသက် ၉၀ နားနီးနေပြီ။ အမေကလည်း မသေမီ မြေးချီချင်ပြီဟု ပြောနေသည်။ 

အသက် ၃၆ နှစ်အရွယ် အင်ဂျင်နီယာတစ်ဦး ဖြစ်သူ ယုသည်လည်း မိဘများက ယခုနှစ်ကူးတွင် မိန်းမ မပါလျှင် အိမ်ပြန်မလာနှင့်ဟု ရာဇသံပေးခြင်း ခံနေရသည်။ သူ့ဝမ်းနာ သူသာသိသည်။ မိန်းမတစ်ယောက်ကို မည်သို့ ရှာရမည်မှန်း ယနေ့အထိ သူမသိ။

တရုတ်လူ့ဘောင်တွင် လူငယ်တွေ အလုပ်ပိနေကြသည်။ ထို့ပြင် ရှားပါးလာသည့် အမျိုးသမီး အရေအတွက်ကြောင့် သူတို့အိမ်ထောင်ဖက်ကို ကိုယ်တိုင်မရှာနိုင်။ ထို့ကြောင့် မိဘတွေကိုယ်တိုင်က သားသမီးတွေအတွက် အိမ်ထောင်ဖက်ကိုရှာနေရသည့် အဖြစ်အပျက်များလည်း ရှိနေသည်။

ချူညက်သည် အသက် ၆၀ ကျော်လာပြီဖြစ်သည်။ တရုတ်တို့ အောင်သွယ် အားမကိုးဘဲ ကြင်ဖော်ရှာသည့် စနစ်တစ်ခုကို ပန်းခြံတစ်ခုတွင် ထူထောင်ထားကြသည်။ ရှန်ကျန်းရှိ လိုင်ဟွာရှန်း ပန်းခြံထဲ၌ ပန်းခြံ စည်းရိုးများပေါ်တွင် ကြင်ဖက်ရှာ စာလေးတွေကပ်ထားသည်။ အပျို လူပျိုတိုင်း သူတို့အချက်အလက်တွေကို ဖော်ပြထားသော ကိုယ်ရေးအကျဉ်းနှင့် ဆက်သွယ်ရမည့် လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်တွေကို ရေးပေးထားပြီး စာတွေကို ကပ်ထားခဲ့သည့် ဓလေ့တစ်ခုကို သူတို့က အောင်သွယ်မလိုသော တိုက်ရိုက်ဆက်သွယ်ရေးစနစ်တစ်ခုအဖြစ် ကျင့်သုံးခဲ့ကြသည်။

ချူညက်သည် သူ့သမီးအတွက် ကြင်ဖော်၊ သူ့သမက်ကို ပန်းခြံထဲ လာရှာနေသည်မှာ ၁၅ လတိုင်ခဲ့ပြီဖြစ်သည်။ သူကနေ့တိုင်းလိုလို ကပ်ထားသည့် စာတွေကိုဖတ်ပြီး သမီးနှင့်သင့်တော်မည့်သူကို လာရှာနေခြင်းဖြစ်သည်။ ရာပေါင်းများစွာသော အဆက်အသွယ်စာတွေကို ဖတ်ရင်းအချိန်တွေ ကုန်လာသည်။ ယနေ့အထိ သမီးနှင့် သင့်တော်မည့်သူကို မတွေ့သေး။ အမေတွေ ရွေးပယ်ဖြစ်နေသူတွေကလည်း များစွာရှိနေသည်။ 

“အွန်လိုင်းကနေ ကြင်ဖော်ရှာပေးတဲ့ လုပ်ငန်းရှိတယ်ဆိုတာ သိတယ်။ ဒါပေမဲ့ အဒေါ်ကတော့ တကယ့် မိဘတွေကိုပဲ တွေ့ပြီးတော့ စကားပြောကြည့်ချင်တယ်”ဟု သူကဆိုသည်။ ချူကဲ့သို့ပင် အခြားသော မိဘတွေကလည်း သူတို့ သားသမီးတွေအတွက် အိမ်ထောင်ဖက်ကို ကိုယ်တိုင်ရွေးပေးကြည့်ချင်နေကြသည်။ ထိုအချိန်တွင် သူတို့ သားသမီးတွေက လုပ်ငန်းခွင်တွင် စိတ်ကူးပင် မယဉ်နိုင်လောက်အောင် ဖြစ်နေကြရရှာသည်။ 

တရုတ်နိုင်ငံအစိုးရ၏ စစ်တမ်းတစ်ခုတွင် တရုတ် နိုင်ငံ၌ ယနေ့အထိ အိမ်ထောင်မကျသေးဘဲ တစ်ကိုယ်တည်း နေထိုင်သူပေါင်း သန်း ၂၀၀ ကျော်ရှိနေသည်ဟု ဆိုသည်။ ထို့ကြောင့် တရုတ်တွင် အောင်သွယ်တော် လုပ်ငန်းသည် ပိုပြီးတွင်ကျယ်လာခဲ့ရသည်။ အောင်သွယ်လုပ်ငန်းသည် စီးပွားရေးလုပ်ငန်းကြီးတစ်ခုလို ဖြစ်လာသည်။ ရင်းနှီးမြှုပ်နှံမှုအားဖြင့် ယွမ် ၁၀ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ) ခန့်အထိ ကြီးကျယ်သော လုပ်ငန်းကြီးတစ်ခုဖြစ်လာကြောင်း iResearch Consulting Group အဖွဲ့၏ ထုတ်ပြန်ချက်တွင်တွေ့ရသည်။

အင်တာနက်တွင် ချစ်သူကို ရှာဖွေသည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်။ အလုပ်တွင် မအားလပ်သူများက ဖုန်းပွတ်ပြီး အင်တာနက်ကတစ်ဆင့် ချစ်သူရှာရခြင်းကို စိတ်ဝင်စားလာကြသည်။ ထို့ကြောင့်လည်း အင်တာနက်ချစ်သူရှာဖွေသော လုပ်ငန်းကို ကြားခံလုပ်ပေးသည့်သူတွေလည်း ဝင်ငွေကောင်းလာကြသည်။ 

တရုတ်နိုင်ငံတွင် လူငယ်တွေ Momo နှင့် Tantan ဆိုသည့် ဆော့ဖ်ဝဲတွေကို အသုံးပြုကြသည်။ ထိုလိုင်းများသည် Tinder ကဲ့သို့ပင် ချစ်သူရွေးနိုင်သော အွန်လိုင်းအစီအစဉ်များဖြစ်သည်။ သူတို့တွင် လူမှုရေးနှင့် အလုပ်ဖိစီးမှုများကြောင့် ချစ်သူကို မရှာနိုင်လောက်အောင်ဖြစ်နေလျှင် ဖုန်းလေးဖွင့်ပြီး ရှာလိုက်ရုံသာဖြစ်သည်။ တရုတ် WeChat ပေါ်တွင် အောင်သွယ်လုပ်ငန်း လုပ်ကိုင်နေသည့် လိုင်းနှင့် ဆော့ဖ်ဝဲပေါင်းများစွာ ရှိနေသည်။ ထိုလိုင်းများပေါ်တွင် သူတို့အောင်သွယ်ပေးလိုက်သဖြင့် ပျော်ရွှင်စွာ ပေါင်းဖက်နေကြသူတွေ၏ ဓာတ်ပုံတွေ ဇာတ်လမ်းတွေကိုလည်း စိတ်ဝင်စားဖွယ်ရာ တင်ထားကြသည်။

Marry U ဆိုသည့် Websit ဆိုလျှင် သူတို့ထံဝင်ပြီး မှတ်ပုံတင်လိုက်သည်နှင့် မည်သည့်အချိန် ကာလအတွင်း ချစ်သူ သို့မဟုတ် ကြင်ဖက်ကို လိုချင်ပါသနည်းဟု မှတ်တမ်းယူထားသည်။ ဥပမာ ၆ လ၊ ၁ နှစ်၊ ၂ နှစ် စသည်ဖြင့် ကာလကိုမှတ်ထားလိုက်သည်။ မှတ်ပုံတင်ပြီးချိန်ကစပြီး လစဉ်ကြေးများကို ကောက်ခံသည်။ အချို့က ထုတ်ပြန်ထားသည့် မှတ်တမ်းတွေကို ဖတ်ရမည်အား ငြီးငွေ့ကြသည်။ ထို့ကြောင့် ကုမ္ပဏီတွေက တွေ့ကြည့်ပါလားဆိုကာ နှစ်ဦးတွေ့ဆုံပြီး စကားပြောနိုင်မည့် အစီအစဉ်လေးတွေကို စီစဉ်ပေးကြသည်။ မည်သူက မည်သည့်အချက်တွေကို ကြိုက်တတ်သည် ဆိုခြင်းကို မှတ်တမ်းများတွင် သူတိုလေ့လာပြီးဖြစ်သောကြောင့် ဖြစ်နိုင်မည့်သူများကို တွေ့ဆုံပေးကာ အောင်သွယ်လုပ်ငန်းကို အွန်လိုင်းကတစ်ဆင့် လုပ်ကိုင်နေကြသူများလည်း ရှိကြသည်။

တရုတ်နိုင်ငံတွင် အောင်သွယ်လုပ်ငန်းကို အွန်လိုင်းကတစ်ဆင့် လုပ်နေသူများထဲတွင် အအောင် မြင်ဆုံးမှာ Zhenai.com ဖြစ်သည်။ သူတို့ထံတွင် အွန်လိုင်းကတစ်ဆင့် မှတ်ပုံလာတင်ထားပြီး ကြင်ဖက် ရှာခိုင်းထားသူ ပေါင်း သန်း ၁၄၀ ကျော်ရှိသည်။ သူတို့က VIP များအတွက်ဆိုကာ အထူးသီးသန့် ဝန်ဆောင်မှုများကိုလည်း ပေးသေးသည်။ ထိုကုမ္ပဏီထဲတွင် အလွန်အောင်မြင်သော အောင်သွယ်တော်တွေကို ကြေးကြီးကြီးပေးပြီး မွေးထားသည်။ သူတို့က ဖောက်သည်၏ လိုချင်သည့် အချက်အလက်တွေနှင့် ကိုက်ညီအောင် ရှာဖွေကာ အကျိုးဆောင်ပေးကြသည်။ သတ်မှတ်ထားသည့် ကာလအတွင်း မဖြစ်ဖြစ်အောင်၊ မရရအောင် ရှာဖွေပေးနိုင်သဖြင့်လည်း နာမည်ကျော်နေရခြင်းဖြစ်သည်။ သို့သော် Zhenai.com ကို ပေးရမည့် ဝန်ဆောင်မှုကတော့ ပေါ့သေးသေးမဟုတ်။ အနိမ့်ဆုံး ယွမ် ၁၈၀၀၀ (ဒေါ်လာ ၂၈၅၀) ကစတင်ပြီး ယွမ်တစ်သိန်းမှသည် အထူးရှယ် ဗီအိုင်ပီဆိုလျှင် အမြင့်ဆုံးကြေးများပေးရသည်။

Zhenai.com အနေနှင့် ယွမ် တစ်သိန်းကျော်ပေးပြီး ဝန်ဆောင်မှုပေးနေသော ဖောက်သည် အမျိုးသမီးတစ်ဦးကို ငွေပြန်အမ်းခဲ့ရသည့် အဖြစ်အပျက်တစ်ခု ရှိခဲ့ဖူးသည်။ ထိုအမျိုးသမီးကို သူတို့ အမျိုးသား ၆ ဦးတိတိပြသည်။ သို့သော် သူကတစ်ဦးမှ မကြိုက်။ ထိုအမျိုးသမီး စိတ်ကူးထဲတွင်ရှိနေသူမှာ ရုပ်ချောသူ မဟုတ်။ ဥစ္စာပေါသူဖြစ်နေသည်။ သူက သန်းကြွယ်သူဌေးလောက်ကို အနိမ့်ဆုံးမှန်းနေသူဖြစ်သောကြောင့် ဘယ်သူလာပြပြ မကြိုက်ဖြစ်နေရသည်။ လာပြသူတွေက မချမ်းသာသောကြောင့်ဖြစ်သည်။ ဤသို့သော အဖြစ်တွေကိုလည်း အောင်သွယ်တော်ကုမ္ပဏီတွေ ရင်ဆိုင်နေကြရသေးသည်။

အသက် ၇၄ နှစ်အရွယ် ဇူဖန်း၏ အောင်သွယ်ပုံကတော့ တစ်မျိုးဖြစ်သည်။ သူလည်း ဘေဂျင်း အောင်သွယ်လောကတွင် နာမည်ကျော်သူတစ်ဦးဖြစ်သည်။ အဘိုး ဇူဖန်းကတော့ အွန်လိုင်းတွေမသိ။ သူက သူနှင့် ဆက်သွယ်လာသူအားလုံး၏ အကြောင်းအရာတွေကို စာအုပ်ကြီးထဲ ရေးမှတ်ထားသူဖြစ်သည်။ အားလုံးသော သူတို့၏ ဓာတ်ပုံတွေ သူ့ထံတွင်ရှိသည်။ သူက-

“ကျုပ်ဆီမှာ ခုဆိုရင် အိမ်ထောင်မကျသေးတဲ့ မိန်းကလေး ၇၀ လောက်ရှိတယ်။ ဒါပေမဲ့ လာပြီးတော့ ကြင်ဖက်ရှာခိုင်းထားတဲ့ အမျိုးသားက ၂၇ ယောက်ပဲရှိတယ်”ဟု ဆိုသည်။ အမျိုးသားတွေ အိမ်ထောင်ရေးကို စိတ်မဝင်စားတော့ဘူးလား”ဟု သံသယဖြစ်စရာပင်။

“ဒီခေတ်မှာ လိုက်ဖက်တဲ့ ကြင်ဖော်တွေကို ရှာပေးဖို့ဆိုတာ အလွန်ခက်လာပြီ”ဟု အဘိုးဇူဖန်းက ညည်းရှာသည်။ သူက -

“ဟိုးတုန်းက လူတွေက ရှေးထုံးတွေကိုလည်း ဂရုစိုက်တယ်။ ကိုယ်ကျင့်တရားစံတွေကိုလည်း အလေးထားကြတယ်။ ဒီခေတ်က ကိုယ်ကျင့်တရားတွေ၊ ရှေးထုံးစံတွေကို နားမလည်ကြတော့ အောင်သွယ်ရတာ ခက်လာတယ်”ဟုလည်း သူက ဆိုသည်။

သို့သော် အဘိုးဇူဖန်း အောင်သွယ်ပေးခဲ့သည့် အိမ်ထောင်ဖက်ပေါင်း ၁၆၆၅ ဦးကျော်ကျော်ရှိသည်။ ယနေ့ခေတ်တွင် အမျိုးသမီးတွေက အိမ်ထောင်ဖက် ကို သေသေချာချာစိစစ်ရွေးချယ်မှုတွေ ပိုများလာသည် ဟုလည်း သူကပြောပြသည်။ 

တရုတ်လူ့ဘောင်တွင် လူနေမှုစရိတ်တွေက ကြီးမြင့်လာသည်။ လက်ထပ်ပြီးနေထိုင်ရန်အတွက် အိမ်ခန်း တစ်ခန်းဈေးကလည်း ခေါင်ခိုက်နေသည်။ လူငယ်တွေက အိမ်ထောင်ပြုဖို့ထက် အောင်မြင်ရန်၊ ငွေရရန် နောက်ကို တကောက်ကောက် လိုက်နေ ကြသူများဖြစ်နေသည်။ သူတို့လက်ထဲတွင် စုမိလိုက် ခေါင်ခိုက်အောင် တက်နေသည့် လူနေမှုစရိတ်တွေ ကြောင့် မိန်းကလေးတွေကလည်း သန်းကြွယ်သူဌေး လောက်ကိုသာ မှန်းသည်။ အမျိုးသားတွေကလည်း သန်းမကြွယ်သမျှ အိမ်ထောင်မပြုဆိုကာ ရှာလေ ဝေးလေဖြစ်နေကြရရှာသည်။

ကျော်ဗလ

(Ref: Sixth Tone, South China Morning Post, The Star Online, Global Times)




  • VIA