News

POST TYPE

ARTICLE

တစ်ဒေါ်လာ ၁၂၈၅ ကျပ် ဘာအတွက်လဲ
27-Jul-2016

လက်ရှိ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ဒေါ်လာငွေလဲနှုန်း ခန့်မှန်းချက်မှာ ၁၂၈၅ ကျပ် ဖြစ်သည်။
တစ်နိုင်ငံလုံး၏ စုစုပေါင်း ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)၊ စီးပွားရေးတိုးတက်မှုနှုန်း၊ ပြည်ထောင်စုဘတ်ဂျက်၊ ငွေကြေးဖောင်းပွမှုနှုန်းစသည့် အရေးကြီးကိန်းဂဏန်း၊ ညွှန်းကိန်းများကို ထိုဒေါ်လာငွေလဲနှုန်းဖြင့် ခန့်မှန်းတွက်ချက်ထားသည်။

သို့ရာတွင် လတ်တလော ပြင်ပ ဒေါ်လာငွေလဲနှုန်းနှင့် ယှဉ်ကြည့်လျှင် ကျပ် ၁၀၀ ခန့် ကွာဟနေသည်။
လက်ရှိဒေါ်လာငွေလဲနှုန်းမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရည်ညွှန်းနှုန်းက ဇူလိုင်လ ၂၀ ရက်နေ့တွင် ၁၁၇၉ ကျပ်၊ ပြည်တွင်းပုဂ္ဂလိက ဘဏ်များတွင် ၁၁၇၆ ကျပ်မှ ၁၁၈၆ ကျပ်အတွင်း၊ ပြင်ပပေါက်ဈေးမှာ ၁၁၈၃ ကျပ် ဝန်းကျင်တွင် ရှိသည်။

လက်ရှိဘဏ္ဍာနှစ်အတွက် ဒေါ်လာ ငွေလဲနှုန်း ၁၂၈၅ ကျပ်ဟု သတ်မှတ်ထားခြင်းမှာ ယခုနှစ်အတွင်း ထိုတန်ဖိုးအထိ ရောက်နိုင်သည့်အတွက် ခန့်မှန်းခြင်းလား သို့မဟုတ် ထိုတန်ဖိုးအထိရောက်အောင် ဆွဲခေါ်လို၍လော ဆိုသည့်မေးခွန်းများ ပေါ်လာသည်။

ထိုသတ်မှတ်ချက်မှာ ခန့်မှန်းတွက် ချက်ထားခြင်းသာဖြစ်ပြီး ခန့်မှန်းတွက်ချက် ခဲ့သည့် အချိန်ကာလတွင် ဖြစ်နေသည့် အခြေအနေများပေါ် မူတည်ကြောင်း ဗဟို စာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် ဇူလိုင်၊ ဩဂုတ်လ တို့တွင် မြန်မာနိုင်ငံအနှံ့ ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရပြီး တိုင်းပြည်၏ အဓိကအားထားရာ ဆန်စပါးသီးနှံစိုက်ခင်းများစွာ ရေမြုပ်ပျက်စီးခြင်း၊ အိုးအိမ်များ ပျက်စီးရွှေ့ပြောင်း ရခြင်းများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်း အခြေအနေများ ရှိခဲ့သည်။

ယင်းအတွက် ပြည်တွင်းစီးပွားရေး မတည်မငြိမ်ဖြစ်ကာ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းနှင့် ငွေကြေးကဏ္ဍကိုပါ ထိခိုက်မှုရှိခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန်လ၏ ဒေါ်လာငွေလဲနှုန်းမှာ ၁၁၀၀ ကျပ်ဝန်းကျင်သာ ရှိရာမှ ဇူလိုင်လတွင် ၁၂၃၅ ကျပ်ဝန်းကျင်သို့ ရောက်ရှိသွားပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ၁၃၀၀ ကျပ်ကျော်အထိ ရှိခဲ့သည်။
လက်ရှိဘဏ္ဍာနှစ်အတွက် ခန့်မှန်း တွက်ချက်မှုများတွင် ၂၀၁၅ ခုနှစ် နှစ်ကုန် ပိုင်းလောက်က အခြေအနေများအပေါ် မူတည်တွက်ချက်ထားခြင်း ဖြစ်နိုင်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လိုတာပိုတာအတွက် ထည့်တွက် ထားတယ်ဆိုရင်တောင် ခုဟာက တော်တော်လေး ဟနေသေးတယ်။ ဈေးဆွဲတင်ချင်လို့ လုပ်တာဖြစ်နိုင်တာပေါ့” ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဦးသီဟပိုင်က ပြောဆိုသည်။ 

ဒေါ်လာငွေလဲနှုန်းကို ၁၂၈၅ အထိ ရောက်အောင် ဆွဲခေါ်ခြင်းလား ဆိုသည့် အပေါ် ဦးသိန်းစိန်အစိုးရ လက်ထက်က သမ္မတအကြံပေးအဖွဲ့ဝင် ဒေါက်တာဇော်ဦးက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“ဒေါ်လာကို ဈေးဆွဲတင်ချင်လို့ ဒီလိုလုပ်တာလား ဆိုတာကတော့ ဖြစ်နိုင်ခြေနည်းမယ် ထင်တယ်။ ဈေးဆွဲတင်ချင်တယ် ဆိုတာထက် သူ့အလိုလို တင်လာတဲ့ဟာကို လိုက်လာမယ့်ဟာက ပိုပြီးတော့ ဖြစ်နိုင်ခြေရှိမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုဘဏ္ဍာနှစ်အတွက် ခန့်မှန်း ယူဆထားသော ဒေါ်လာငွေလဲနှုန်းမှာ မြန်မာကျပ်ငွေတန်ဖိုး ပျော့မည့်သဘော ဖြစ်သည့်အတွက် ပို့ကုန်ကဏ္ဍအတွက် အခွင့်အလမ်းကောင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကျပ်ငွေတန်ဖိုးမာလျှင် သွင်းကုန် လုပ်ငန်းရှင်များ အကျိုးရှိမည်ဖြစ်သည်။

သို့ရာတွင် ယခုဘဏ္ဍာနှစ် ဇူလိုင်လ ၈ ရက်နေ့အထိ ပို့ကုန်ပမာဏမှာ ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ကြည့်လျှင် အမေရိကန်ဒေါ်လာ ဆယ်သန်းခန့် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

“မြန်မာကျပ်ငွေတန်ဖိုး ကျရင် ပို့ကုန် ကဏ္ဍအတွက် ကောင်းတယ်ဆိုပေမယ့် တကယ့်အခြေအနေမှာ ပြည်ပပို့ကုန်က အမှန်တကယ် တက်နေသလား၊ ကုန်ထုတ်လုပ်မှုတွေ တိုးလာသလားဆိုတာ ကြည့်ရမယ်။ ကျပ်ငွေတန်ဖိုး လျော့ကျရုံနဲ့ ပို့ကုန်က ချက်ချင်းကြီး တက်လာမှာမဟုတ်ဘူး။ ဒါက ရေရှည်လုပ်ရမယ့်ဟာ” ဟု စီးပွားရေး မူဝါဒပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုအခြေ အနေမှာ ပို့ကုန်ထက် သွင်းကုန်ပမာဏ ကသာ လေးနှစ်ဆက်တိုက် ပိုများခဲ့ပြီး ကုန်သွယ်ရေး လိုငွေပြနေသည်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပို့ကုန်ထက် သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၄၀၀ ကျော် ပိုများခဲ့သည်။

ပြီးခဲ့သည့်နှစ်က နိုင်ငံအနှံ့ ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရခြင်းနှင့် အခြားအခြေအနေ များကြောင့် ဒေါ်လာငွေလဲနှုန်းကို ၁၂၈၅ ကျပ် ခန့်မှန်းယူဆခဲ့သော်လည်း မြန်မာကျပ်ငွေ တန်ဖိုးမှာ လက်ရှိအချိန်တွင် ထို့ထက် ပိုမာနိုင်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
“အဲဒီတုန်းက တွက်ထားတာနဲ့တော့ ကွာနိုင်တာပေါ့။ ဒါကို ပြန်ပြီးတွက်ချက် ထုတ်ပြန်ဖို့တော့ မရှိပါဘူး။ ဒါပေမဲ့ လက်ရှိ အခြေအနေပေါ် မူတည်ပြီး နောက်တစ်လမှာ ငွေလဲနှုန်း ဘယ်လောက်ဖြစ်နိုင်တယ် ဆိုတာမျိုးတော့ တွက်ချက်ပြောပြလို့ ရပါတယ်” ဟု ၎င်းကဆိုသည်။

စီးပွားရေးလုပ်ငန်းအတွက် အစိုးရ၏ တရားဝင် သတင်းအချက်အလက်၊ ကိန်းဂဏန်းများမှာ အထူးအရေးပါသည်။
နိုင်ငံတကာတွင် ငွေလဲနှုန်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ အလုပ်အကိုင်ဖန်တီးနိုင်မှု အခြေအနေ၊ အလုပ်လက်မဲ့နှုန်း စသည့် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးလေ့ ရှိသည်။

“ကမ္ဘာ့ဈေးကွက်ထဲမှာဆိုရင် အမေရိကန်က ထုတ်ပြန်တဲ့ Data တွေက စတော့ဈေးကွက်ကို ရိုက်ခတ်သလို ရေနံစိမ်း၊ ရွှေ၊ ငွေစတဲ့ ကုန်စည်ဈေးကွက်တွေကို ရိုက်ခတ်မှုရှိတယ်။ အမေရိကန်မှမဟုတ်ဘူး တခြားနိုင်ငံ အစိုးရတွေက Data တွေ ထုတ်ပြန်လိုက်တိုင်း အဲဒီဈေးကွက်ကြီးတွေမှာ အပြောင်းအလဲတွေ ဖြစ်လေ့ရှိတယ်” ဟု နိုင်ငံတကာ ငွေကြေးဈေးကွက်နှင့် စတော့ရှယ်ယာ အရောင်းအဝယ်များကို လေ့လာနေသူ ဦးနောင်မင်းခန့်က ဆိုသည်။
“ဒီမှာတော့ ဒါမျိုးကို တွေ့တောင် မတွေ့ရသလောက်ပါဘဲ”

မြန်မာနိုင်ငံ၏ စီးပွားရေးအချက် အလက်များအတွက် သတင်းအချက် အလက်၊ ကိန်းဂဏန်းများကို ဗဟိုစာရင်းအင်း အဖွဲ့က စုစည်းထုတ်ပြန်ရာတွင် လက်ရှိကာလနှင့် အနည်းဆုံး ခြောက်လခန့် နောက်ကျလေ့ရှိသည်။

အဘယ်ကြောင့်ဆိုသော် ဘဏ္ဍာနှစ် တစ်နှစ်စာ သတင်းအချက်အလက်၊ ကိန်းဂဏန်းများကို ထုတ်ဝေရာတွင် စာအုပ်ထုတ် ဝေရောင်းချနိုင်ရန်အတွက် အချိန်ခွာထားခြင်း ဖြစ်ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
“ဒီ နှစ်စဉ်ထုတ်တဲ့ စာအုပ်တွေကို ရောင်းချတာလည်း ပါတယ်။ ဒါကြောင့် အချက်အလက် Uစိအေန ကို မတင်သေးတာပါ” ဟု ၎င်းက ပြောသည်။

ဌာနတစ်ခု၏ စာအုပ်ရောင်းချကာ အစိုးရဝင်ငွေ ရှာဖွေနိုင်ခြင်းနှင့် ထိုသတင်း အချက်အလက်ကို ရယူသုံးစွဲကာ လုပ်ကိုင်၍ရမည့် အကျိုးအမြတ်ကို နှိုင်းယှဉ်ကြည့်ရမည် ဖြစ်သည်။
အစိုးရ၏ ခန့်မှန်းယူဆချက် ဒေါ်လာငွေလဲနှုန်း ၁၂၈၅ ကျပ်ပေါ် အခြေခံကြည့်လျှင် မြန်မာကျပ်ငွေတန်ဖိုးမှာ ခိုင်မာနေသည်ဟု ယူဆနိုင်သလို ဒေါ်လာဝယ်လိုအား နည်းနေသည်ဟုလည်း ယူဆနိုင်ပေသည်။

“၁၂၈၅ ဖြစ်မယ်လို့ ခန့်မှန်းထားတာ ၁၂၀၀ အောက်မှာရှိတယ်ဆိုတော့ ငွေ တန်ဖိုး တက်နေတယ်လို့ ပြောလို့ ရတာပေါ့။ တစ်ဖက်ကလည်း ငွေလဲနှုန်းမှာ ကျပ်ငွေ တန်ဖိုးတက်နေတယ်ဆိုတာဟာ ဒေါ်လာ ဝယ်လိုအား မရှိဘူးဆိုတဲ့ သဘောတရားလည်း ဖြစ်နေတယ်” ဟု ဒေါက်တာဇော်ဦးက ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ယခင်ထက် ပိုမိုဝင်ရောက်လာခြင်း တစ်နည်းအားဖြင့် နိုင်ငံတကာမှ ဒေါ်လာများ ပိုဝင်လာခြင်းကြောင့် ကျပ်ငွေတန်ဖိုး မာသည်ဆိုလျှင် လက်ရှိဘဏ္ဍာနှစ် သုံးလတာ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၃ သန်းသာ ရှိသေးသည်။

ထိုသို့ဆိုလျှင် မြန်မာကျပ်ငွေတန်ဖိုး မာနေခြင်းမှာ ဒေါ်လာဝယ်လိုအား လျော့နည်းသွားခြင်းလား ဆိုသည်ကို ကြည့်ရမည်။

ဒေါ်လာလိုအပ်ချက် များသောကဏ္ဍမှာ သွင်းကုန်ကဏ္ဍဖြစ်ပြီး သွင်းကုန်တွင် ဆောက်လုပ်ရေးလုပ်ငန်း ပစ္စည်းများ တင်သွင်းမှုမှာ ပြီးခဲ့သည့်နှစ်များက များစွာရှိခဲ့သည်။
“အရင်က ဒေါ်လာကို ဘယ်သူတွေက ဝယ်အားရှိခဲ့သလဲဆိုတော့ အဓိကအားဖြင့်တော့ ဆောက်လုပ်ရေးကုမ္ပဏီ တွေပဲ။ ဒီတော့ လက်ရှိမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ သွင်းအားကျနေသလား၊ တက်နေသလား။ တစ်ဖက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ဝင်သလဲ။ ဒီနှစ်ခုကိုကြည့်ရင် အဖြေပေါ်မှာပါ” ဟု ဒေါက်တာဇော်ဦးက ဆိုသည်။

လက်ရှိဘဏ္ဍာနှစ်နှင့် ယခင်ဘဏ္ဍာနှစ် သွင်းကုန်အခြေအနေ ကာလတူနှိုင်း ယှဉ်ကြည့်ပါက အမေရိကန်ဒေါ်လာသန်း ၆၀၀ ခန့် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
မြန်မာကျပ်ငွေ မာခြင်းလား၊ ဒေါ်လာ အဝယ်မလိုက်ခြင်းလား ဆိုသည့်မေးခွန်းကို အဖြေထုတ်ကြည့်နိုင်သည်။

“ငွေလဲနှုန်းကို ၁၂၈၅ ဆိုတာက တုံးတိတိကြီး တွက်ထားသလို ဖြစ်နေတယ်။ ဥပမာ- ၁၂၀၀ ဝန်းကျင်ဆို ဘယ်လိုဖြစ်နိုင်တယ်၊ ၁၁၅၀ ဆို ဘယ်လိုဖြစ်နိုင်တယ်စသဖြင့် နှစ်မျိုး၊ သုံးမျိုး ရှိထားသင့်တယ်။ ငွေလဲနှုန်းကို မြှင့်ပြီးတော့ ခန့်မှန်းထားတာကိုတော့ အန်ကယ်လည်း သိပ်ပြီးသဘော မပေါက်ဘူး” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ဆိုသည်။

၁၂၈၅ ဟု ခန့်မှန်းယူဆထားသည့် အတွက် တွေးဆချက်အမျိုးမျိုး ရှိနေကြသည်။
ပို့ကုန်သုံးဆတက်အောင် လုပ်မည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောထားသည့် အတွက် ပို့ကုန်ကဏ္ဍ အားပေးရန် ဒေါ်လာဆွဲချသည်ဟု တွေးသူလည်းရှိသည်။
ထိုနေရာရောက်ကို ရောက်မည် ဖြစ်သည့်အတွက် ထိုသို့သတ်မှတ်ထားခြင်းဟု ယူဆသူလည်း ရှိသည်။ ဗဟိုဘဏ်က ဈေးဆွဲတင်လိုခြင်း ဖြစ်နိုင်သည်ဟု ထင်မြင်သူလည်း ရှိသည်။

သို့ရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ ဖြစ်စေချင်သည်က တစ်ချက်သာ ရှိသည်ဟု ဦးသီဟပိုင်က ဆိုသည်။
“အဲဒါဘာလဲဆိုတော့ ငွေဈေးငြိမ်ဖို့ပဲ။ တက်တာကောင်းတယ်၊ ကျတာ ကောင်းတယ်ဆိုတာ မရှိဘူး”

စစ်ငြိမ်းသူ



ABOUT AUTHOR

(စစ်ငြိမ်းသူ)