News

POST TYPE

ARTICLE

မြန်မာ့ပထမဆုံး အိမ်မွေးတိရစ္ဆာန်သင်္ချိုင်း
05-Sep-2018 tagged as



သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားအကျော် ကားလမ်းမဘေးတစ်နေရာ ပျဉ်ထောင်ကျောင်းကျေးရွာ၌ စိမ်းစိုစို သစ်ပင်ကြီးများ အုပ်မိုးထားသည့် ပျဉ်ထောင်ကျောင်းသုသာန်ရှိသည်။

သုသာန်အဝတွင် ကိုကိုတီ (ခ) သားကြီး၊ အသက် ၁၁ နှစ် ၆ လဟု ရေးသားထားပြီး ကြောင်ကလေးတစ်ကောင်၏ ဓာတ်ပုံကပ်ထားသည့် အုတ်ဂူကို မြင်တွေ့ရမည်ဖြစ်သည်။

အဆိုပါနေရာတွင် လူအုတ်ဂူများအပြင် အစိမ်းရောင်၊ အပြာရောင်၊ ပန်းရောင် ဆေးသုတ်ထားသည့် အိမ်မွေးတိရစ္ဆာန်လေးများ၏ အုတ်ဂူများထားရှိသည်။

ထိုနေရာကား လက်ရှိ အိမ်မွေးတိရစ္ဆာန်လေးများ သေဆုံးသွားပါက အမှတ်တရအဖြစ်မြှုပ်နှံပေး၍ ရမည့်နေရာလေးတစ်ခုဖြစ်ပြီး တိရစ္ဆာန်လေးများ၏ နောက်ဆုံးနားခိုရာ နေရာလေးတစ်ခုအဖြစ်ဆိုလျှင် မှားမည်မထင်။

အုတ်ဂူလေးများပေါ်၌ ခွေး၊ ကြောင်နှင့် ယုန်လေးများ၏ ဓာတ်ပုံလေးများကို တွေ့ရမည်ဖြစ်ပြီး အချို့ တိရစ္ဆာန်လေးများ၏အုတ်ဂူများအပေါ်တွင် အမှတ်တရပန်းစည်းများ၊ မုန့်ကလေးများထားရှိသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

“အရင်က သားသမီးလို ချစ်ရတဲ့ကြောင်လေး ဆုံးတုန်းကဆိုရင် အိမ်နားကအမှိုက်ပုံမှာ သွားမြှုပ်ရတယ်။ ကိုယ့်အိမ်နောက်ဖေးမှာ အမှတ်တရအနေနဲ့ ထားဖို့ကျတော့ ပတ်ဝန်းကျင်နဲ့မသင့်တော်ဘူးလေ”ဟု အိမ်မွေးတိရစ္ဆာန်လေးများကို မွေးမြူထားသူ မမီးမီးက ဆိုသည်။

ကိုယ်ချစ်ရသည့်တိရစ္ဆာန်လေးများ ဆုံးရှုံးသည့်အခါ ကောင်းကောင်းမွန်မွန် မြှုပ်နှံသင်္ဂြိုဟ်ပေးချင်သည့် စိတ်မှာ တိရစ္ဆာန်ချစ်သူတိုင်းတွင် ရှိကြပြီး တိရစ္ဆာန်လေးများကို ကောင်းကောင်းမွန်မွန်မြှုပ်နှံပေးလိုသူများအတွက် နေရာတစ်ခုပေါ်ပေါက်လာခြင်းက တိရစ္ဆာန်ချစ်ခင်သူများအတွက် အမှတ်တရတစ်ခုပင် ဖြစ်ပေသည်။

ယခင်က အိမ်မွေးတိရစ္ဆာန်များသေဆုံးပါက မိမိတို့အိမ်ပတ်ဝန်းကျင်ရှိနေရာများ၊ အမှိုက်ပုံများနှင့် မြေကွက်လွတ်နေရာများတွင် မြှုပ်နှံကြပြီး ယင်းတိရစ္ဆာန်လေးများကို သီးသန့်မြှုပ်နှံနိုင်သည့်နေရာမျိုး လုံးဝမရှိကြောင်း တိရစ္ဆာန်ချစ်သူများအဖွဲ့ထံမှ သိရသည်။

“ချစ်ခင်ရတဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဆုံးပါးသွားတယ်ဆိုရင် အမှတ်တရအဖြစ် အမြဲသွားကြည့်လို့ရမယ့် အုတ်ဂူနဲ့ သေချာမြှုပ်နှံလို့ရတဲ့နေရာလေး သန်လျင်မှာရှိပြီဆိုတော့ တိရစ္ဆာန်ချစ်တဲ့သူတွေအနေနဲ့ ဝမ်းသာစရာကိစ္စပါ”ဟု ကြောင်ကလေးများ မွေးထားသူ မမီးမီးက ဆိုသည်။

တိရစ္ဆာန်လေးများ၏ နောက်ဆုံးခိုနားရာ တိရစ္ဆာန်သင်္ချိုင်းမြေနေရာလေးကို ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ သန်လျင်မြို့နယ် ပျဉ်ထောင်ကျောင်းကျေးရွာ၊ ပျဉ်ထောင်ကျောင်းသုသာန်နေရာတွင် ဒေါက်တာ တင်ထွန်းနိုင်က ၂၀၁၆ ခုနှစ် နိုဝင်ဘာလက စတင်ဖော်ဆောင်ပေးခဲ့သည်။

“ပထမဆုံးစမြှုပ်တာက ကျွန်တော့်သမီးလေးပေါ့။ ခွေးလေးက အသက် ၁၅ နှစ်မှာဆုံးသွားတယ်။ ငယ်ငယ်တည်းက ကျွန်တော်တို့ဆီမှာနေတယ်။ ကျွန်တော်တို့က သူဆုံးသွားတဲ့အချိန်မှာ ပျဉ်ထောင်ကျောင်း သုသာန်မှာ မြေမြှုပ်ပေးရင်းနဲ့ တခြားမိဘတွေလည်း ကိုယ့်လိုပဲ ဒီလိုမြှုပ်ချင်မယ်ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ဒီနာရေးကူညီမှုလေးကို လုပ်ဖြစ်ခဲ့တယ်”ဟု ဒေါက်တာ တင်ထွန်းနိုင်က တိရစ္ဆာန်လေးများမြှုပ်နှံပေးရမည့်နေရာ ဖော်ဆောင်ဖြစ်ခဲ့ပုံကို ပြောပြသည်။

ယခုအခါ ပျဉ်ထောင်ကျောင်းသုသာန်တွင် ရောဂါအပြင် ယာဉ်တိုက်မှုကြောင့်သေဆုံးခဲ့သည့် အိမ်မွေးတိရစ္ဆာန်ခွေးလေးများ၊ ကြောင်လေးများနှင့် ယုန်လေးများ၏ အုတ်ဂူမှာ တစ်ရာကျော်ခန့်ရှိပြီဖြစ်သည်။

ပျဉ်ထောင်ကျောင်းသုသာန်နေရာတွင် အနုပညာရှင်များ၏ ခွေးလေး၊ ကြောင်လေးများမြှုပ်နှံထားသည့်အပြင် ရဲတန်းလျားတွင် မြှုပ်နှံထားရာမှ ဂုဏ်ပြုချင်သည့်အနေနှင့် တိရစ္ဆာန်ချစ်သူများက ဝိုင်းဝန်းကာ ရွှေ့ပြောင်းထားသည့် ကြည်း ၁၁၆ မိုင်းရှာခွေးဖြစ်သည့် ရဲတကကမိုက်ကယ်၏ အုတ်ဂူလည်းရှိပေသည်။

“၂၀၁၆ ခုနှစ်၊ ၁၁ လပိုင်းမှာ အစ်မကြီးတစ်ယောက်က သူခွေးလေးဆုံးသွားတော့ ဘယ်နားမှာ မြေမြှုပ်လို့ရတယ်ဆိုပြီး အင်တာနက်ပေါ်မှာ ပို့စ်တင်လိုက်တော့ အစ်ကို သမီးခွေးလေးကလည်း ၂၀၁၅ တုန်းကမြှုပ်ထားတော့ ဒီမှာတော့ မြှုပ်လို့ရတယ် လှမ်းပြောတော့ နောက်နေ့မနက်ကျ ရောက်လာပြီး မြှုပ်သွားတယ်။ အဲဒီအချိန်မှာ စိတ်ကူးပေါ်လာပြီး နောက်ပိုင်း မြှုပ်ချင်တဲ့ကလေးတွေရှိရင် ဒီနေရာမှာ မြှုပ်ပေးမယ်ဆိုပြီး အင်တာနက်ပေါ် ကြော်ငြာလိုက်တော့ တဖြည်းဖြည်းမြှုပ်ရင်းမြှုပ်ရင်းနဲ့ အခုဆို များလာတာပေါ့”ဟု ဒေါက်တာတင်ထွန်းနိုင်က မြှုပ်နှံသူများလာသည့်အကြောင်းကို  ပြောသည်။

တိရစ္ဆာန်လေးများ၏ အုတ်ဂူသန့်ရှင်းရေးအပိုင်းများကို ပုံမှန်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး နှစ်စဉ် မိုးကုန်သည်နှင့် တိရစ္ဆာန်လေးများ၏အုတ်ဂူများကို အခမဲ့ဆေးပြန်သုတ်ပေးလျက်ရှိကြောင်းနှင့် တိရစ္ဆာန်များဆုံးပါးသွား၍ မြှုပ်နှံချင်ပါက ငွေရေးကြေးရေးအရ မတတ်နိုင်သူများကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေါက်တာတင်ထွန်းနိုင်က ဆိုသည်။

အစပိုင်းတွင် တိရစ္ဆာန်သင်္ချိုင်းနှင့်ပတ်သက်၍ ထောက်ခံအားပေးသူများရှိသကဲ့သို့ အစွန်းရောက်သည်ဆိုပြီး ဝေဖန်ပြောဆိုမှုများ ရှိခဲ့သော်လည်း အုတ်ဂူ ဆောင်ရွက်သည့်ကုန်ကျစရိတ်မှလွဲပြီး ပစ္စည်းများ၊ ငွေကြေးများပေးသည်ကို လက်မခံဘဲ တိရစ္ဆာန်လေးများကို မှန်မှန်ကန်ကန် မေတ္တာဖြင့် လုပ်သည့်အတွက် လက်ခံသူများလာကြောင်း ၎င်းက ဆိုသည်။

“စလုပ်တုန်းက အခက်အခဲကတော့ မရှိပါဘူး။ လူသင်္ချိုင်းမှာရှိတဲ့ အဘကြီးကို အကူအညီတောင်းပြီးတော့ ဒီနေရာလေးမှာ ကလေးတွေကိုမြှုပ်ဖို့ အကူအညီတောင်းခဲ့တယ်။ လူတွေကြားထဲမှာ လာမြှုပ်တာတို့ ဘုန်းကြီးတွေရှေ့မှာ လာမြှုပ်လို့ဆိုပြီး မကြိုက်လို့ဆိုပြီး ကန့်ကွက်တာတွေတော့ရှိတယ်။ ကျွန်တော်ကတော့ ကောင်းတာကို လုပ်တယ်ဆိုပြီး ဆက်လုပ်တဲ့အတွက် အတိုက်အခိုက်ကတော့ လျော့သွားပါတယ်”ဟု တိရစ္ဆာန်နာရေး ဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီး လက်ခံသူများလာသည့်အကြောင်းကို ၎င်းက ပြောပြသည်။

နိုင်ငံတကာတွင် အိမ်မွေးတိရစ္ဆာန်လေးများ၏ တရားဝင်သင်္ချိုင်းများရှိပြီး မြန်မာနိုင်ငံတွင် တရားဝင်သင်္ချိုင်းမရှိသေးသော်လည်း ယခု တိရစ္ဆာန်လေးများ၏ နောက်ဆုံးခိုနားရာတိရစ္ဆာန်သင်္ချိုင်းမြေ နေရာလေးမှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ပေါ်ပေါက်သည့် နေရာတစ်ခုဖြစ်ပေသည်။

တိရစ္ဆာန်လေးများ နောက်ဆုံးနာရေးခရီးအတွက် မြှုပ်နှံလျက်ရှိသည့်နေရာမှာ အစိုးရမှ တရားဝင်ခွင့်ပြုထားသည့်နေရာမဟုတ်သည့်အတွက် သူ့အနေနှင့် အစိုးရက အသိအမှတ်ပြုကာ ချထားပေးသည့် နေရာလေးတစ်ခု လိုချင်ကြောင်း သူရည်ရွယ်ထားသည့်အကြောင်းကို ပြောပြသည်။

“တရားဝင်မြေနေရာရဖို့အတွက်က ကျွန်တော့်အနေနဲ့ကတော့ ငွေရေးကြေးရေးအရရော လူအရရော မနိုင်တဲ့အပိုင်းတွေရှိတယ်။ အစိုးရအနေနဲ့ဖြစ်ဖြစ်၊ အခြားလူတစ်ယောက်အနေနဲ့ဖြစ်ဖြစ် နေရာလေးတစ်ခု လုပ်ပေးနိုင်ရင် ပိုအဆင်ပြေပါတယ်။ မြေဝယ်ရမယ်။ တရားဝင်အသိအမှတ်ပြုဖို့ကတော့ တော်တော်ခက်မယ်။ ကြိုးစားရင်တော့ဖြစ်နိုင်ပါတယ်”ဟု ကိုတင်ထွန်းနိုင်က ဆိုသည်။

အိမ်မွေးတိရစ္ဆာန်လေးများဖြစ်သည့် ခွေး၊ ကြောင်နှင့် ယုန်ကလေးများအပြင် အခြားတိရစ္ဆာန်လေးများ သေဆုံး၍ မြှုပ်နှံချင်သူများအနေနှင့်လည်း ၁၈၇၆ သို့ ဆက်သွယ်ကာ သန်လျင်မြို့နယ်က တိရစ္ဆာန်နာရေးကူညီသူ၏ ဖုန်းနံပါတ်ပေးပါဆိုပြီး တောင်းယူကာ ဆက်သွယ်နိုင်သကဲ့သို့ ကိုတင်ထွန်းနိုင် ဖုန်း- ဝ၉၇၉၅၃၈၃၈၄၂ သို့ ဆက်သွယ်နိုင်ပေသည်။

“တိရစ္ဆာန်လေးတွေကို မြှုပ်နှံချင်ရင် ကျွန်တော့်ကို အရင်ဆုံးဆက်သွယ်ပါ။ ဒီမှာ စီစဉ်ပေးစရာရှိတာတွေကို စီစဉ်ပေးထားတယ်။ သူတို့ဘက်ကလုပ်ပေးရမှာက တိရစ္ဆာန်ကလေးများနဲ့ဆိုင်တဲ့ သူတို့နဲ့အတူ ဂူသွင်းချင်တဲ့ပစ္စည်းတွေတော့ ယူလာရမှာပေါ့။ ဒီဘက်က ဂူလုပ်တဲ့အပိုင်းတွေ၊ မြေမြှုပ်တဲ့အပိုင်းတွေကတော့ ကျွန်တော်တို့ စီစဉ်ပေးထားပါတယ်”ဟု ဦးတင်ထွန်းနိုင်က ဆိုသည်။

ယခုလက်ရှိ တိရစ္ဆာန်လေးများ၏ နောက်ဆုံး ခိုနားရာနေရာလေးဖြစ်သည့် ပျဉ်ထောင်ချောင်းသုသာန်သို့ နေပြည်တော်၊ မန္တလေး စသည့်နေရာများမှ တိရစ္ဆာန်လေးများ လာရောက်မြှုပ်နှံသည်များရှိလာပြီး တိရစ္ဆာန်လေးများကို စနစ်တကျမြှုပ်နိုင်မည့် နေရာကျယ်ကျယ် မြေနေရာတစ်ခုကို အစိုးရအနေနှင့် ဖော်ဆောင်ပေးသင့်ကြောင်း တိရစ္ဆာန်ချစ်သူများမှ ပြောကြားသည်။

သက်သျှိုင်းသူ

  • TAGS