News

POST TYPE

ARTICLE

နိုင်ငံရေးခြေစမ်းပွဲ စပြီ
04-Sep-2018



The Voice သတင်းအဖွဲ့

နိုင်ငံရေးခြေစမ်းပွဲဖြစ်သည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှုများ ယနေ့ (စက်တင်ဘာလ ၃ ) မှာ စတင်ပြီဖြစ်သည်။

မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ ၃ ရက် နေ့မှစတင်ကာ ရက်ပေါင်းခြောက်ဆယ်ကာလအတွင်း မဲဆွယ်စည်းရုံးခွင့်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ်ကို လာမည့် နိုဝင်ဘာလ ၃ ရက်တွင် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် ကျင်းပမည်ဖြစ်ကြောင်းလည်း ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ယခုပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲသည် နိုင်ငံရေးပါတီများအကြားတွင် လူထုထောက်ခံမှု၊ ရေပန်းစားမှု အခြေအနေများကို ဆန်းစစ်နိုင်မည့် အကြိုခြေစမ်းပွဲတစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။

ယင်းကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း ၁၃ နေရာတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယခုကျင်းပမည့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲသည် လက်ရှိအစိုးရသက်တမ်းအတွင်း ဒုတိယအကြိမ်မြောက်ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်လာမည်ဖြစ်ပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲဆန္ဒနယ် ၁၃ နေရာလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် ထုတ်ပြန်ထားသည်။

လက်ရှိ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များဖြစ်ကြသည့် ကန်ပက်လက်၊ လဲချား၊ တာမွေ၊ မြင်းခြံ၊ လစ်လပ်အမျိုးသားလွှတ်တော်အဖြစ် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၂)၊ လစ်လပ် တိုင်းဒေသကြီး/ပြည်နယ် မဲဆန္ဒနယ်များအဖြစ် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အသီးသီးတို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကော်မရှင်ထံမှ သိရသည်။

မဲဆန္ဒနယ်အသီးသီးတွင် ပြိုင်ဆိုင်မှုများ ပြင်းထန်လာဖွယ်ရှိနေပြီး အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ပြိုင်ဆိုင်မှု ပိုပြင်းထန်ဖွယ်ရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။

အထူးသဖြင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်နေရာသည်လည်း ပြိုင်ဆိုင်မှု ပြင်းထန်ဖွယ်ရှိပြီး ရခိုင်နိုင်ငံရေးပါတီ နှစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်တို့အပြင် NLD ပါတီမှ ကိုယ်စားလှယ်လောင်းနှင့် ဒေါက်တာအေးမောင်သားဖြစ်သူ ဦးတင်မောင်ဝင်းတို့ကလည်း တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မည်ဖြစ်သောကြောင့် အကြိတ်အနယ် ရှိလာနိုင်ခြေရှိသည်။

“ဒေါက်တာအေးမောင်ကို အားပေးကြတဲ့သူတွေကလည်း ရှိကြတယ်။ ပြီးတော့ ရခိုင်အမျိုးသားပါတီတို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ကိုလည်း အားပေးတဲ့သူတွေရှိတယ်။ ဘယ်သူနိုင်မလဲ တွက်ဆလို့ ခက်ပါတယ်”ဟု ရသေ့တောင်မြို့နယ်မှ ဦးခိုင်စိုးက ဆိုသည်။

NLD ပါတီကို တိုင်းရင်းသားဒေသများတွင် ဗမာပါတီဟု မြင်နေပါက အခက်အခဲတွေ့နိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ဆောင်နေသည်ကို တိုင်းရင်းသားများက အသိအမှတ်ပြုကာ မဲပေးလာနိုင်သည့် အခြေအနေလည်းရှိကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“တိုင်းရင်းသားတွေက ကျွန်တော်တို့ NLD ပါတီကို မြန်မာတွေနဲ့ပဲ ဆိုင်တယ်လို့ မြင်နေရင်တော့ အခက်အခဲရှိနိုင်တယ်။ ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ NLD က တိုင်းရင်းသား အားလုံးစုစည်းနိုင်မယ်လို့ မြင်ရင်တော့ မဲပေးနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် NLD ပါတီအနေနှင့် ရွေးကောက်ပွဲ အောင်နိုင်ရေး အစည်းအဝေးများ ပြုလုပ်နေပြီး မဲဆန္ဒနယ်တစ်ခုချင်းအလိုက် သုံးသပ်မှုများ ပြုလုပ်နေကြောင်း၊ မဲဆွယ်ရေးနည်းဗျူဟာများကို ဆွေးနွေးနေပြီး မဲဆန္ဒနယ်၏ နယ်မြေအခြေအနေများကို သေချာလေ့လာသွားမည်ဟု ၎င်းက ဆိုသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နေရာအသီးသီးသည် လက်ရှိ အာဏာရပါတီ အနိုင်ရခဲ့သည့် နေရာများအပြင် တိုင်းရင်းသားဒေသ မဲဆန္ဒနယ်များလည်း ပါဝင်သည့်အတွက် အကြိတ်အနယ်ရှိလာနိုင်သည့် အခြေအနေရှိသည်။

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ပြည်သူ့ လွှတ်တော်နေရာတွင် ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတ ဖြစ်သွားသည့်အတွက် လစ်လပ်သွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မဲဆန္ဒနယ်တွင် နိုင်ငံရေးပါတီ ရှစ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲကာလက အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရွေးကောက်ခံ ကိုယ်စားလှယ် ကွယ်လွန်သွားသည့်အတွက် လစ်လပ်သွားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာကို ၂၀၁၅ ရွေးကောက်ပွဲပြုလုပ်စဉ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက အနိုင်ရခဲ့ခြင်းဖြစ်ပြီး အဆိုပါ လဲချား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့်များကို စက်တင်ဘာ ၃ ရက်နေ့မှ စတင်ခွင့်ပြုထားရာ ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများအနေနှင့် မဲဆွယ်စည်းရုံးခွင့် ခွင့်ပြုမိန့်များကို လျှောက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း ကော်မရှင်ထံမှ သိရသည်။

“ပါတီတစ်ခုနဲ့တစ်ခု မြို့နယ်တွေ တိုက်နေတယ်။ အချိန်တွေတိုက်နေတယ်။ ရက်တွေတိုက်နေတယ်။ ဒါမျိုးဖြစ်လာရင် ဖွဲ့စည်းထားတဲ့ စေ့စပ်ညှိနှိုင်းရေး ကော်မရှင်နဲ့ဆွေးနွေးပြီးတော့ တစ်ပါတီနဲ့တစ်ပါတီ မတိုက်အောင် ပြန်ပြီးတော့ လွဲနိုင်အောင်ပါ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးအောင်ဆိုတဲ့သဘောနဲ့ပေါ့။ ချမ်းအေး သာစံမြို့နယ်မှာတော့ လျှောက်ထားတာမရှိသေးဘူး။ အခြားမြို့နယ်တွေနဲ့၊ ခရိုင်တွေကလည်း ကျွန်တော်တို့ဆီ တက်မလာသေးပါဘူး။ ခရိုင်ရုံးစိုက်တဲ့မြို့ဆိုရင် ခရိုင်မှာလျှောက်ထားရမယ်။ ခရိုင်ကခွင့်ပြုပေးရမယ်။ မြို့နယ်ပဲရှိရင် မြို့နယ်မှာလျှောက်ထားရမယ်”ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲမှ ဒုတိယညွန်ကြားရေးမှူး ဦးကျော်ကျော်စိုးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်တစ်နေရာ၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) နေရာနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နေရာ စုစုပေါင်း ၃ နေရာ လစ်လပ်လျက်ရှိသည်။

“ရှမ်းတိုင်းရင်းသားကတော့ နယ်ဘက်မှာ စမှာပေါ့။ ပြင်ဦးလွင်၊ မိုးကုတ်မှာ စမယ်။ ကျန်တဲ့ မြင်းခြံနဲ့ သပိတ်ကျင်းနေရာကတော့ မစနိုင်သေးဘူး။ ခုချိန်ကတော့ တိတိကျကျ ရေရေရာရာပြောဖို့ အခက်အခဲရှိပါသေးတယ်။ အားလုံးက ပြတ်ပြတ်သားသားမရှိသေးဘူး။ ကျွန်တော်တို့လည်း ကြိုးစားစည်းရုံးနေရတဲ့ အနေအထားပါပဲ။ နောက်တစ်ခုက ငွေကြေးအနေအထားအရ၊ လူအနေအထားအရတော့ အများကြီးတော့ မလုပ်နိုင်ဘူး။ မဲဆွယ်တာကတော့ တတ်နိုင်သလောက် နှံ့အောင်တော့ ကြိုးစားရမှာပေါ့”ဟု မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောကြားသည်။

သို့သော် လက်ရှိတွင် မြင်းခြံခရိုင် မြင်းခြံမြို့နယ်တွင် လစ်လပ်လျက်ရှိသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်မြင့်နှင့် ၎င်းကို ဝန်းရံသော ပါတီဝင်များက စက်တင်ဘာလ ၃ ရက်တွင် မြင်းခြံ မြို့ပေါ်ရပ်ကွက်များ၌ မဲဆွယ်စည်းရုံးနေပြီဖြစ်သည်။ 

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တောင်သာမြို့နယ်နှင့် မြင်းခြံမြို့နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် အမျိုးသားတိုးတက်ရေးပါတီတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး (၁) နှင့်(၂) စုစုပေါင်း ကိုယ်စားလှယ် လေးနေရာစလုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့သည်။ သို့ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါခင်မှာ ကွယ်လွန်သွားသဖြင့် ယင်းနေရာတွင် လစ်လပ်နေခြင်းဖြစ်သည်။ 

ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မြင်းခြံမြို့နယ်၏ လစ်လပ်နေသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်နေရာအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ လူ့ဘောင်သစ်ပါတီနှင့် အလုပ်သမားပြည်သူ့ ပါတီတို့မှ ကိုယ်စားလှယ်လောင်း တစ်ဦးစီ ပါဝင်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း မြို့ခံနိုင်ငံရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် နိုင်ငံရေးပါတီအချို့က ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ၏ ကိုယ်ရေးအကျဉ်း၊ နိုင်ငံရေးခံယူချက် ဖြတ်သန်းမှုများကို လက်ကမ်းစာစောင်များတွင် ထည့်သွင်းကာ ဝေငှနေကြပြီဖြစ်သည်။

၂၀၁၇ ဧပြီလ ၁ ရက်က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲကို မဲဆန္ဒနယ် ၁၉ နေရာတွင် ကျင်းပခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲဆန္ဒနယ် ၉ နေရာထိ အနိုင်ရခဲ့ခြင်းဖြစ်ပြီး အများဆုံး အနိုင်ရခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက ရာခိုင်နှုန်းအားဖြင့် ၄၇ ဒသမ ၃၇ ရာခိုင်နှုန်း အနိုင်ရခဲ့သည်။ NLD သည် တိုင်းရင်းသားပါတီများ ဝင်ရောက်ယှဉ်ပြိုင်သည့် ရှမ်းပြည်နယ်ဒေသများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို ရှုံးနိမ့်ခဲ့သည်။

လက်ရှိ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသမဲဆန္ဒနယ်များအဖြစ် ကချင်ပြည်နယ်တွင် တစ်နေရာ၊ ချင်းပြည်နယ်တွင် နှစ်နေရာ၊ ရှမ်းပြည်နယ်တွင် တစ်နေရာ၊ ရခိုင်ပြည်နယ်တွင် တစ်နေရာ စသည့် တိုင်းရင်းသားဒေသများ ပါဝင်နေသည်။

ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ တိုင်းရင်းသားဒေသများတွင် ရှုံးနိမ့်ခဲ့သည့် NLD ပါတီ အနေနှင့် ယခုရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများ၌ မည်သည့်ရလဒ် ထွက်ပေါ်လာမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ထို့ပြင် ပြည်မဒေသများတွင်လည်း NLD ၏ ထောက်ခံမှု ရေပန်းစားမှု မည်မျှအထိ ဆက်ရှိနေသည် ကို လေ့လာခွင့်ရမည်ဖြစ်ပြီး တိုင်းရင်းသားဒေသများတွင် ရွေးကောက်ပွဲ ပြိုင်ဆိုင်မှု ပြင်းထန်မည်ဟု သုံးသပ်ရသည်။  

The Voice သတင်းအဖွဲ့