News

POST TYPE

ARTICLE

သေကံမရောက် သက်မပျောက်
09-Jul-2018 tagged as



ပထမတော့ ကျွီကျွီအသံကြားလိုက်သည်။ ထို့နောက် စက္ကန့်ပိုင်းအတွင် ဝုန်းခနဲ အသံကြားကာ သူရေအောက်ရောက်သွားသည်၊ ပြေးရန်ပင် အချိန်မရလိုက်။ 

အစမှာ သူတစ်ဦးတည်းဟုထင်သည်။ နောက်တော့ သူနှင့်အတူ ဓာတ်ပုံရိုက်နေသူ ၄ ဦးစလုံးဟု သိလိုက်ရသည်။ 

“ကျွန်တော်က ရေကူးတတ်တော့ ရေပေါ်ပြန်ကူးတက်လာတဲ့အချိန်မှာ ဘေးက ယက်ကန်ယက်ကန်ဖြစ်နေတဲ့ မိန်းကလေးတွေကို တစ်ယောက်ပြီး တစ်ယောက်ကယ်တယ်။ သူတို့အားလုံးကို တံတားတိုင်ကို ကိုင်ခိုင်းထားရတယ်”ဟု ဇူလိုင်လ ၈ ရက်နေ့ နံနက်က ကန်တော်ကြီးပတ်လမ်းတံတားကျိုးသည့်ဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံခဲ့သူ ယောဂဆရာ ဦးခင်မောင်ဆွေက ပြောသည်။ 

နေ့စဉ် လူရာပေါင်းများစွာ ဖြတ်သန်းသွားလာနေသော အဆိုပါတံတားသည် ဇူလိုင်လ ၈ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ကျိုးကျခဲ့ခြင်းဖြစ်ပြီး ဦးခင်မောင်ဆွေနှင့်အတူ တံတားပေါ်တွင် ဓာတ်ပုံရိုက်ရန် ပြင်ဆင်နေသူ ၅ ဦးစလုံး ရေထဲပြုတ်ကျခဲ့ခြင်းဖြစ်သည်။ 

“ရေကနက်တယ်၊ ခြေထောက်တာတောင် မမီဘူး။ နောက် တံတားပေါ်မှာ အားကစားလုပ်နေတဲ့သူတွေရောက်လာတယ်။ လက်လှမ်းပေးတယ်။ မမီဘူး တန်းလန်းဖြစ်နေတာ နောက်မှစည်ပင်ကဝန်ထမ်းတွေ ရောက်လာတယ်။ လာပြီးကယ်တယ်။ အိပ်မက်မက်သလို ဝေါခနဲဆို ငါးစက္ကန့်အတွင်းမှာကို ရေထဲကျသွားပြီး ရေနစ်သွားတယ်”လို့ ယောဂဆရာ ဦးခင်မောင်ဆွေက ဆိုသည်။

ယောဂဆရာ ဦးခင်မောင်ဆွေသည် ပုဂံလုံး ကျွန်းယောဂအဖွဲ့၏ဖိတ်ကြားမှုကြောင့် လာရောက်ခြင်းဖြစ်ပြီး အမှတ်တရဓာတ်ပုံရိုက်ရန် သူနှင့်အတူ အမျိုးသမီး ၄ ဦးသည် ခေမာဒီပကျွန်းနှင့် ပုဂံလုံးကျွန်းသို့ ဆက်သွယ်ထားသော သစ်သားတံတားပေါ်တွင် ရပ်နေစဉ် တံတားကျိုးခဲ့ခြင်းဖြစ်သည်။

“အောက်မှာလည်း ငုတ်တွေဘာတွေမရှိဘူး။ အောက်မှာ အထောင်လိုက်ငုတ်တွေ ဘာတွေရှိရင် ကျွန်တော်တို့ဗိုက်တွေစိုက်ပြီး သေဖို့များတယ်။ ရေအနက်က လူတစ်ရပ်စာကျော်ကျော်နက်တယ်။ ခြေဖျားထောက်ကြည့်တာ မထိဘူး။ လူဝိတ်နဲ့ ကျန်တဲ့နေရာတွေပါဆက်ကျိုးရင် တံတားပိသေမှာ။ အရမ်းကံကောင်းတယ်။ သန့်ရှင်းရေးအလုပ်သမားတွေက ကံကောင်းချင်တော့ လှေကအဆင်သင့်ရှိတော့ ဘယ်သူမှ ဘာမှမဖြစ်ကြဘူး။ ဒဏ်ရာတွေရတာတွေလည်း မရှိပါဘူး”ဟု ဦးခင်မောင်ဆွေက ဆိုသည်။

အသက် ၇၀ ခန့်ရှိပြီဖြစ်သည့် ဆရာကြီး ဦးခင်မောင်ဆွေသည် ယောဂလေ့ကျင့်ခန်းကို သင်ကြားနေသည်မှာ နှစ်ပေါင်း ၃၀ သက်တမ်းရှိပြီဖြစ်ကြောင်းနှင့် ကန်တော်ကြီးထဲတွင် ပိတ်ရက်မရှိ နံနက် ၅ နာရီခွဲမှ ၇ နာရီအချိန်အထိ ယောဂပြသနေသည်မှာ ၁၆ နှစ်ခန့် ရှိပြီး ပြည်သူ့ရင်ပြင်၊ အင်းလျားကန် မဟာဗန္ဓုလပန်းခြံတို့သာမက အနယ်နယ်အရပ်ရပ်တွင် ကုသိုလ်ဖြစ်ယောဂသင်ကြားပေးလျက်ရှိသည်။

“တံတားနဲ့လျှောက်လမ်းက တစ်ရက်မဟုတ်တစ်ရက် ဝေါခနဲပြိုကျဖို့ ကိန်းရှိတယ်။ အောက်ကတန်းတွေလည်းဆွေးနေပြီ။ အရင်တုန်းက တံတားက နင်းတာနဲ့ ကျွံတာတွေ ခဏခဏဖြစ်တယ်။ တံတားက အန္တရာယ်ရှိတဲ့အတွက် အဝင်ဝနားက ကွက်လပ်မှာပဲ လုပ်ဖို့တိုက်တွန်းခဲ့တယ်။ အများပြည်သူကျန်းမာရေးလုပ်တဲ့ အထင်ကရနေရာကို ခိုင်ခိုင်ခံ့ခံ့လုပ်ပေးပါ။ ကျွန်တော်ကတော့ ကန်တော်ကြီးထဲမှာ ဆက်လက်သင်ပေးသွားမယ်”ဟု ဦးခင်မောင်ဆွေက တံတားအခြေအနေကို ပြောဆိုသည်။

ကန်တော်ကြီးပန်းခြံအတွင်းရှိ အဆိုပါတံတားကို ၂၀၀၄ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့ကာ တံတားအရှည်မှာ ပေပေါင်း ၆၉၆၅ ပေခန့်ရှိပြီး ၂၀၁၅ ခုနှစ်က ပေ ၁၀၂၅ အရှည်နှင့် ၂၀၁၆ ခုနှစ်တွင် ပေ ၈၆၀ ခန့် အကြီးစားပြင်ဆင်ခဲ့သည်။

ကန်တော်ကြီးအတွင်းရှိ အများပြည်သူလမ်းလျှောက်ကာ လေ့ကျင့်ခန်းပြုလုပ်သည့် ကန်ပတ်လမ်းတံတားမှာ ၂၀၁၆ ခုနှစ် ဇွန်လက ပြန်လည်ပြင်ဆင်မှု မပြုလုပ်ရသေးသည့်နေရာမှ ဆင့်တန်းများပြိုကျသောကြောင့် ပြန်လည်ပြင်ဆင်ခဲ့ရသေးကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

“တံတားက သစ်သားတံတားဆိုတော့ ကြာလာတော့ ဆွေးလာတယ်။ လမ်းလျှောက်တဲ့သူတွေလည်း အပေါက်ခဏခဏကျွံတာတို့ သစ်သားချောင်းတွေက မညီတော့ ခဏခဏ ခလုတ်တိုက်ပါတယ်။ တံတားတစ်စင်းလုံးကို အကြီးစားပြုပြင်တည်ဆောက်ဖို့ လိုအပ်လာပြီ”ဟု ကန်ပတ်လမ်းတံတားတွင် လေ့ကျင့်ခန်းလုပ်သူ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဒေါ်ခင်စန္ဒာကဆိုသည်။

ကန်တော်ကြီး ခေမာဒီပကျွန်းနှင့် ပုဂံလုံးကျွန်းသို့ ဆက်သွယ်ထားသော သစ်သားတံတားမှ သစ်သား ရက်မ ၁၀ ပေခန့် ကျိုးကျမှုဖြစ်ပွားခဲ့သောကြောင့် ယခုလက်ရှိတွင် သွားလာမှုရပ်ဆိုင်းထားပြီး အောက်တိုဘာလတွင် ပြန်လည်ပြုပြင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။

လက်ရှိကြံ့ခိုင်မှုနည်းနေသော မတည်ဆောက်ရသေးသောအပိုင်းများကိုလည်း စစ်ဆေးကြည့်ရှုပြီး ဖြတ်သန်းသွားလာခွင့် အန္တရာယ်ရှိနိုင်သောနေရာများအား အသိပေးဆိုင်းဘုတ်များချိတ်ဆွဲ၍ အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

“အရင် ၂၀၁၆ က ကန်တော်ကြီးဟိုတယ် အနောက်က နှစ်ကန့်ပြိုကျတယ်။ အခုက ၁၀ ပေလောက် ပြိုကျသွားတယ်။ လောလောဆယ်ပိတ်ထားမယ်။ ဘတ်ဂျက်လာတာနဲ့ တံတားတည်ဆောက်မှုကို လမ်းတံတားက တာဝန်ယူတည်ဆောက်သွားမယ်”ဟု ဦးကိုကိုလင်းက ဆိုသည်။

အများပြည်သူကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်နေသည့် ကန်တော်ကြီး ကန်ပတ်လမ်းတံတားကို လာမည့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် တံတားအရှည် ပေ ၂၀၀၀ ခန့် အကြီးစားပြုပြင်တည်ဆောက်ရန် ဘတ်ဂျက်တောင်းခံထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အဆိုပါကန်ပတ်လမ်းတံတားကို ၂၀၁၇ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်က ဦးထောင်ဘိုအဝိုင်းထိပ်မှ မျှော်စင်ကျွန်းအထိ တံတားအရှည် ပေ ၁၂၅၀ ပြုပြင်တည်ဆောက်မှုကို အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ ဆောင်ရွက်ခဲ့ပြီး ယင်း ပေ ၁၀၀၀ ပြုပြင်တည်ဆောက်မှုကို ကျပ်သန်း ၅၀၀ ကျော် အကုန်အကျခံကာ ပြုပြင်တည်ဆောက်ခဲ့သည်။

“တံတားကျိုးတဲ့အချိန်မှာ သူတို့ရဲ့ ကုသိုလ်ကံက ဘာထူးခြားသလဲဆိုရင် ပန်းဥယျာဉ်ဌာနက ရေကန်သန့်ရှင်းရေးလုပ်ဖို့ ဝန်ထမ်းတွေက သူတို့ဘုတ်လေးကို လာထုတ်တဲ့အချိန်၊ ဘုတ်လှော်တဲ့သူကလည်း အချိန်ပြည့်လှော်နေတဲ့အတွက် ဖြစ်တာနဲ့ ချက်ချင်းသွားပြီး ဘုတ်ပေါ်ဆွဲတင်တဲ့အတွက် ကံကောင်းသွားတယ်။ ဘုတ်သာအဆင်သင့်မရှိ၊ လှော်တဲ့သူ အဆင်သင့်မရှိရင် ရေကနက်တော့ သူတို့ကံကြမ္မာက မတွေးရဲစရာပါ”ဟု မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

ကန်တော်ကြီး ကန်ပတ်လမ်းတံတားရက်မ ပြိုကျမှုဖြစ်ရပ်ကြောင့် လေ့ကျင့်ခန်းလုပ်သည့် ပြည်သူများကို ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သန့်ရှင်းရေးဝန်ထမ်းများက အချိန်မီကယ်ဆယ်လိုက်သောကြောင့် သေကံမရောက် အသက်မပျောက်ခဲ့သည်မှာ အလွန်ကံကောင်းကြောင်းနှင့် နောက်နောင် ယင်းကဲ့သို့ဖြစ်ရပ်မျိုးများ မဖြစ်စေရန် အစိုးရအနေနှင့် တံတားကိုခိုင်ခံ့စွာ ပြန်လည်တည်ဆောက်သင့်ကြောင်း ရန်ကုန်မြို့တစ်ဦးက ဝေဖန်ပြောကြားကြသည်။

သက်သျှိုင်းသူ

  • TAGS