News

POST TYPE

ARTICLE

နွား ၁၂ ကောင်နှင့် ရောင်းစားခံရသူ
19-Jul-2016
မြောက်ပိုင်း တန်ဇန်းနီးယားတွင် လူပြန်ပေးဆွဲခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အဓမ္မလက်ထပ်ခြင်း ဆိုသည်မှာ မထူးဆန်းတော့သည့် ကိစ္စဖြစ်လာသည်။ သူတို့နိုင်ငံတွင် ထိုကိစ္စအားလုံးကို ‘ကူပူရာ’ ဟုသာ တစ်လုံးတည်းဖြင့် အတိုကောက် ခေါ်လိုက်ကြသည်။ ဆုကူမာလူမျိုးစုအတွင်း အမျိုးသမီး လေးများကို နေ့ခင်းကြောင်တောင် ကျောင်းသွားချိန်တွင် ဆွဲခေါ်သွားလေ့ ရှိသည်မှာလည်း မထူးဆန်းသည့် ကိစ္စဖြစ်သည်။ ကူပူရာလုပ်ခြင်း ခံလိုက်ရသည် ဆိုခြင်းမှာ စကားလှအောင် သုံးခြင်းသာဖြစ်ပြီး ခံစားလိုက်ရသည့်မိန်းကလေးအဖို့မှာ ဘဝတစ်သက်တာ လိင်ကိစ္စတွင် အကြမ်းဖက်ခြင်းနှင့် ရင်ဆိုင်ရရှာသည်။ 

ဆုကူမူအမျိုးသားတွေ၏ ဘဝတွင်အရက်၊ အသားနှင့် မိန်းမသုံးမျိုးသည် နှုတ်ဖျားကမချသော လောကစည်းစိမ် သုံးပါးဖြစ်သည်။ ယောက်ျားတစ်ယောက် ဘဝတွင် ဤသုံးမျိုးနှင့် မကင်းနိုင်၊ ကင်းလျှင်လည်း ယောက်ျားမပီသဟု သတ်မှတ်ထားကြသည်။ ယောက်ျား တစ်ယောက်သည် လူရှေ့သူရှေ့တွင် မိန်းမတစ်ယောက်ကို ဘာလုပ်လုပ်သူတို့နှင့် မဆိုင်သလို နေတတ်ကြသည်မှာ ဤလူမျိုးစု၏ သဘာဝဖြစ်သည်။ 

ဆုကူမူ ယောက်ျားတစ်ယောက်သည် မိန်းကလေး တစ်ယောက်ကို စိတ်ဝင်စားသည်ဆိုလျှင် မည်သည့် နေရာတွင် နေထိုင်သည်၊ ဘာလုပ်တတ်သည်၊ ဘယ်သွား တတ်သည်ကို စုံစမ်းလေ့ရှိသည်။ ထိုမိန်းကလေး အကြောင်း အသေးစိတ် သိပြီဆိုလျှင် ထိုမိန်းကလေးကို တစ်နေရာရာကို ဆွဲခေါ်သွားရန် ပြင်ဆင်တော့မည်ဖြစ်သည်။

ဤဒေသတွင် မိန်းကလေးတစ်ယောက် ကူပူရာလုပ်ခြင်း ခံရပြီဆိုလျှင် ရဲတိုင်ရန်ထက် မည်သူက ခေါ်သွားသည်ကို ဦးစွာစုံစမ်းကြသည်။ သမီး မည်သည့်နေရာတွင် ရှိမှန်းသိလျှင် လက်ထပ်ကြေးအဖြစ် ပေးသည့် နွားများကို လက်ခံပြီး ကျေအေးလိုက်ကြ သည်သာဖြစ်သည်။

နွားကြေး

ဤလူ့ဘောင်တွင် ဆင်းရဲသောသူများ၌ သမီးတစ်ယောက် မွေးဖွားလာခြင်းသည် ရေတို ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်နေကြောင်း ဝမ်းနည်းဖွယ်ရာတွေ့ရသည်။ ကျေးလက်ရှိ အိမ်ထောင်စုများတွင် သမီးတစ်ယောက် အတွက်ရရှိမည့် နွားကြေးခေါ် လက်ဖွဲ့ကြေးသည် အားလုံးကို အဆင်ပြေသွားစေနိုင်သည်။ သမီးတစ်ယောက်သည် မိသားစုအတွက် အရေးပါနေသောကြောင့် အကယ်၍ အချိန်တန်လျှင် လာရောက်ချစ်ရေးဆိုသူ မရှိပါက နတ်ဆရာများထံ ချဉ်းကပ်ပြီး ယတြာနှင့် အစီအရင်များကိုပင် လုပ်ခိုင်းတတ်ကြသည်။

နတ်ဆရာတွေကလည်း ကောင်မလေး၏ ရင်ဘတ်ပေါ်တွင် လက်ဝါးကပ်တိုင်ပုံစံကို ဘလိတ်ဓားဖြင့် ဖြတ်လိုက်ပြီး မကောင်းသော သွေးညစ်များကို ထုတ်ကာ သန့်စင်အောင် လုပ်လိုက်မည်။ ထိုသို့လုပ်လိုက်ခြင်းကြောင့် အသက်ကြီးသူတွေက သဘောကျလာလိမ့် မည်ဟု ယူဆကြသည်။ ယင်းဓလေ့ကပင် ကလေးသူငယ် လက်ထပ်ခြင်းကို အားပေးအားမြှောက် ပြုရာရောက်နေသည်။ လက်တွေ့ခံစားခဲ့ရသူ ဂရေ့စ် မာဆန်ဂျာက
“သူတို့ကို မြင်တိုင်း ခုထိအသည်းနာတယ်” ဟု ခြံထဲတွင် လွှတ်ထားသည့် နွားများကို လက်ညှိုး ထိုးရင်း ပြောလိုက်သည်။ နွားတွေက သူ့ကိုနွားလို ဆက်ဆံခံရခြင်းအား နေ့စဉ် သတိပေးသလို ဖြစ်နေသည်။ ထို့ပြင် နွားတစ်ကောင်လို သူ့ကိုရောင်းကုန် ဝယ်ကုန်အဖြစ်လည်း ပြုလုပ်ခြင်းခံခဲ့ရသည် မဟုတ်ပါလား။

သူမ၏ ဖခင်သည် သမီးဖြစ်သူကို နွား ၁၂ ကောင် နှင့် လဲလှယ်ခဲ့သည်။ ငြင်းဆန်လျှင် နေ့တိုင်း ခါးပတ် သို့မဟုတ် တုတ်ဖြင့် အရိုက်ခံရမည်။ အဘိုးအို တစ်ယောက်နှင့် လက်ထပ်ဖို့ဆိုသည်မှာ ဂရေ့စ်အတွက် အိပ်မက်ဆိုးများပင်။ သို့သော်အပေးအယူ တည့်သွားသည်။ လက်ဖွဲ့ကြေးကို လက်ခံလိုက်ကြသည်။ 

ဤသို့ဖြင့် ဂရေ့စ်ကို တစ်မနက်စောစောတွင် မော်တော်ဆိုင်ကယ်ဖြင့် တင်ကာ သတို့သားအိမ်သို့ အဓမ္မ ခေါ်ဆောင်သွားခဲ့ကြသည်။ သူ့ဖခင်ကိုယ်တိုင်က သမီးကို အတင်းထိုးထည့်ပေးလိုက်ခြင်း ဖြစ်သည်။

ထိုညကစပြီး ၁၁ လတိုင်အောင် ဂရေ့စ်တစ်ယောက် အဘိုးအိုတစ်ယောက်၏ အဓမ္မကျင့်ခြင်း၊ ရိုက်နှက်ခြင်းများကို ညတိုင်း ခံစားရတော့သည်။ ထိုအချိန်က သူမအသက်မှာ ၁၂ နှစ်သာရှိသေးသည်။ ဂရေ့စ်က နွားတွေကို ကြည့်လိုက်ရင်း
“အဲဒီနေ့ကစပြီး ကျွန်မဘဝမှာ အရာရာဟာ ဆုံးရှုံးသွားခဲ့ပါတယ်” ဟု ပြောလိုက်သည်။

ဆန့်ကျင်ဘက်များနှင့် တိုင်းပြည်

တန်ဇန်းနီးယားနိုင်ငံတွင် ကလေးအရွယ် လက်ထပ်ထိမ်းမြားခွင့်များ ရှိနေခြင်းက လက်ရှိအနေ အထားတွင် ပြဿနာများကို ဖြစ်ပေါ်လာစေခဲ့သည်။ ၁၉၇၁ ခုနှစ်က နိုင်ငံအတွင်း လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ယင်း ဥပဒေအရ မိဘများ ခွင့်ပြုသည်ဆိုစေ အသက် ၁၅ နှစ်မှသာ လက်ထပ်ထိမ်းမြား ပေးပိုင်ခွင့်ရှိသည်။  အသက်မပြည့်သေးဘဲ ၁၄ နှစ်ကို အိမ်ထောင်ချပေးလျှင် တရားဥပဒေအရ အရေးယူခံရမည် ဆိုသည့် သဘောဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် ကလေးသူငယ်ဆိုင်ရာ အက်ဥပဒေ တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ယင်းဥပဒေအရ ကလေးဆိုသည်မှာ အသက် ၁၈ နှစ်အောက်ဟု သတ်မှတ်ထားသည်။ အသက် ၁၈ နှစ်အောက်အရွယ်များကို မိဘများသည် အကာအကွယ်ပေးရမည်၊ လျစ်လျူရှုခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ စိတ်ဆင်းရဲအောင်ပြုလုပ်ခြင်းများ မရှိစေရဟူ၍လည်း ယင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

သို့သော် ၁၉၆၃ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားသည့် ဒေသဓလေ့ထုံးတမ်း ဥပဒေအရ တန်ဇန်းနီးယား နိုင်ငံတွင် ဒေသနှင့် လူမျိုးစုဆိုင်ရာ ထုံးဓလေ့များကို သီးခြား ခွင့်ပြုထားချက်များက ရှိနေပြန်သည်။ ထိုကဲ့သို့ ဥပဒေနှစ်ခု ပဋိပက္ခဖြစ်မှုကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရလည်း အမြဲထောက်ပြ ဆွေးနွေးနေခဲ့ကြသည်။ 

၂၀၁၆ ခုနှစ် ဇူလိုင်လကမှ အစိုးရသည် ကလေးသူငယ် လက်ထပ်ထိမ်းမြားခွင့်ကို ပိတ်ပင်ကြောင်း တရားဝင် ထုတ်ပြန်နိုင်ခဲ့သည်။ သို့သော် ဒေသအလိုက် လုပ်ဆောင်နေသော ထုံးဓလေ့များအပေါ် အမှန်တကယ် ထိုဥပဒေက စိုးမိုးထိန်းချုပ်နိုင်ပြီးလားဟု မေးခွန်းများ ထုတ်လာကြသည်။

တန်ဇန်းနီးယားနိုင်ငံတွင် အမျိုးသမီးများအရွယ် မရောက်မီ မအင်္ဂါဖြတ်တောက်ခြင်း ဓလေ့ကို ၁၉၉၈ ခုနှစ်ကတည်းက တားမြစ်ပိတ်ပင်ထားပြီး ဖြစ်သည်။ သို့သော် ၂၀၁၀ ပြည့်နှစ်တွင် အစိုးရက မာယာဒေသ အတွင်း စစ်တမ်းတစ်ခုကောက်ကြည့်ရာ  မိန်းကလေး ၄၀ ရာခိုင်နှုန်းခန့်မှာ မအင်္ဂါများ ဖြတ်တောက်ထားခြင်း ခံထားရကြောင်းတွေ့ရသည်။

ထိုနိုင်ငံအတွင်း ကလေးသူငယ် လက်ထပ်နှုန်း မှာ ၁၈ နှစ်မတိုင်မီ မိန်းကလေး ၁၀ ယောက်တွင် ၄ ယောက်ခန့် ဖြစ်နေသေးကြောင်းတွေ့ရသည်။ ရှင်ယန်ဂါ ဒေသအတွင်းရှိ အမျိုးသမီး ၅၉ ရာခိုင်နှုန်းခန့်မှာ ဂရေ့စ်ကဲ့သို့ နွားနှင့် လဲစားခြင်းခံနေရပြီး ယင်းတို့အထဲတွင် အသက် ၉ နှစ်သမီးများပင် ပါဝင်ကြောင်းတွေ့ရသည်။ 

ရဲများ၏ အကျင့်ပျက်မှု

မြို့ကြီးများနှင့် အလှမ်းကွာသည့် ဒေသများတွင် ဥပဒေကမည်သို့ဆိုစေ ချိုးဖောက်နေကြပြီး ကလေးများကို ထိမ်းမြားခွင့် ပြုနေကြခြင်းမှာ ရဲများကြောင့်လည်း ဖြစ်သည်။ ရဲတွေကို မိသားစုဝင်များက လာဘ်ထိုးလိုက်လျှင် အမှုမလုပ်တော့ပေ။

ကျေးရွာများတွင် အရွယ်မတိုင်မီ ကလေးများကို အိမ်ထောင်ပြုချင်လျှင် ရဲတွေကို ပိုက်ဆံပေးလိုက် ရုံသာဖြစ်သည်။ ပိုက်ဆံပေးထားလျှင် မွေးစာရင်းလည်း စစ်မည်မဟုတ်၊ ရုံးတင်မည်လည်းမဟုတ်၊ ပြဿနာရှာမည်လည်း မဟုတ်ဆိုသော အယူအဆများ ရှိနေခြင်းကပင် ဓလေ့ဆိုးများကို ဆက်လက် ရှင်သန်နေစေခဲ့သည်။

“ရဲတွေက လာဘ်စားပြီး လွှတ်ပေးထားမှာပေါ့။ သူတို့အတွက် အကျိုးအမြတ်က ရှိနေတာပဲ။ ဒါကြောင့်လည်း NGO အဖွဲ့တွေလာရင် သူတို့အိတ်ထဲ ပိုက်ဆံမဝင်မှာ ကြောက်ပြီး ပြဿနာရှာတတ် ကြတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၀၈ ခုနှစ်တွင် တန်ဇန်းနီးယားအစိုးရသည် ရဲဌာနတိုင်း၌ ကလေးသူငယ် လက်ထပ်ထိမ်းမြားမှု တိုက်ဖျက်ရေး အထူးတပ်ဖွဲ့များထားရန် ညွှန်ကြားခဲ့သည်။ လူမျိုးစုများအတွင်း ကလေးသူငယ် အကြမ်းဖက် လက်ထပ်ထိမ်းမြားမှုများအတွက် မည်သို့ အရေးယူ ဆောင်ရွက်ရမည်ကို အထူးသင်တန်းများ ပေးခဲ့သည်။ 

ရဲတွေလာဘ်စားသည် ဆိုခြင်းမှာလည်း တစ်ဦးချင်းလုပ်ဆောင်မှုများ ဖြစ်နေသောကြောင့် တားဆီးရန် ခက်လှသည်။ စားဝတ်နေရေး အဆင်မပြေမှုမှာ ရဲများ သာမဟုတ် လူတိုင်းဖြစ်သည်။ မိန်းကလေးမိသားစုက နွား ၅ ကောင်လောက်ရလျှင် ချောင်လည်မည်ကို ရဲတွေက သိထားသဖြင့် မျက်စိမှိတ်ကာ ပေးသည့်ငွေကို လက်ခံလိုက်ရသည်များလည်း ရှိသည်။ 

ထူးဆန်းသောအမှု

မူချမ်ဘီရွာမှ ကလေးသူငယ် လက်ထပ်ထိမ်းမြားခြင်းကို ဆန့်ကျင်သူ ပေါ်လိုကူရီက “ဒီရွာမှာတော့ ဘာမှ လျှို့ဝှက်ချက်တွေမရှိဘူး” ဟုဆိုသည်။ အသက် ၅၃ နှစ်အရွယ် ကလေးအခွင့်အရေး လှုပ်ရှားနေသူ ပေါ်လိုသည် အရွယ်မတိုင်မီ လက်ထပ်ထိမ်းမြားမှု ဆိုင်ရာ ပညာပေးမှုများကို လုပ်ဆောင်သင့်ကြောင်း ထောက်ပြ အကြံပေးခဲ့သူလည်း ဖြစ်သည်။

ယမန်နှစ် စက်တင်ဘာလက ရွာထဲတွင် နွား ၁၆ ကောင်နှင့် အပေးအယူလုပ်မှု တစ်ခုကို ကူရီကြုံတွေ့ ခဲ့ရသည်။ ဆင်းရဲသော မိသားစုမှ အဂ္ဂနိစ်ဒေါ့တိုဆိုသည့် အသက် ၁၃ နှစ်သမီးလေးကို နွားနှင့်အလဲ အလှယ်လုပ်မည့် အစီအစဉ်ဖြစ်သည်။
“လက်ဖွဲ့ကြေးကို မင်္ဂလာမဆောင်မီ ပေးကြရတယ်။ ရွာသားတွေလည်းဖိတ်၊ နွားတွေ ပေးအပ်ပွဲလည်း လုပ်ကြတယ်” ဟု သူကဆိုသည်။

နောက် ၁၀ ရက်အကြာတွင် လက်ထပ်ပွဲကို ဆင်နွှဲကြသည်။ ကူရီက ဖုန်းဖြင့် ရဲတပ်ဖွဲ့နှင့် Agape ဆိုသည့် ကလေးသူငယ်လက်ထပ် ထိမ်းမြားမှုများကို တားဆီးနေသော NGO အဖွဲ့အား ဆက်သွယ် သတင်းပေးလိုက်သည်။ ရဲတပ်ဖွဲ့ဝင်များနှင့် NGO အဖွဲ့များ မင်္ဂလာပွဲကို ရောက်လာပြီး ဝင်ရောက်စီးနင်းကာ ဖမ်းဆီးမှုများ ဖြစ်ပေါ်ခဲ့သည်။

သတို့သားကို ရဲတပ်ဖွဲ့ဝင်များက မာဂန်ဇိုရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားသည်။ တရားရုံးတင်နိုင်သည် အထိ သူ့ကိုရဲစခန်းတွင် ထိန်းသိမ်းထားရန်ဖြစ်သည်။ သို့သော် နောက်တစ်နေ့တွင် ထိုသူသည် ပြုံးပြုံးလေး ရဲစခန်းမှ ထွက်သွားသည်။ ညက ရဲတပ်ဖွဲ့မှ စခန်းမှူးနှင့် ကျေးရွာခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

သတို့သားဘက်က မင်္ဂလာကြေးများကိုလည်း ပေးပြီးဖြစ်နေသည်။ ရဲတစ်ယောက်ကို ထပ်ပေးဖို့ဆို သည်မှာ သူတို့အတွက် ဝန်မလေး။ ရဲဖမ်းသည် ဆိုသည်ကလည်း လမ်းကြောင်းရှာခြင်း ဖြစ်သွားသည်။ စခန်းရောက်တော့ ကြေးပိုကြီးကောင်း ကြီးသွားနိုင်သည်။ တရားရုံးမရောက် ပြီးပြီးပျောက်ပျောက် ဖြစ်သွားခဲ့ရသည်။

နောက်သုံးလအကြာတွင် ရဲစခန်းက တရားရုံးရှိ ဥပဒေအရာရှိကို လာပြီးအစီရင်ခံသည်။ အဂ္ဂနိစ် ရော သူ့ခင်ပွန်းပါ ထွက်ပြေးနေသည်။ ရှာဖွေမရဟု ပြောသည်။ တစ်နည်းပြောရလျှင် မိဘများရော၊ ရွာလူကြီးများရော၊ ရဲများကပါ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသဖြင့် မအောင်မြင်နိုင်ဟု ဆိုရမည်။ 

ပေါ်လိုက ရွာတွင် ဘာမျှလျှို့ဝှက်ထား၍မရဟု ဆိုခဲ့သည်။ သို့သော်အချိန်မရွေး အသက်ပျောက်သွား နိုင်သလို လူ့လောကထဲကလည်း ထွက်ခွာသွားနိုင်သောကြောင့် မည်သူကမှလည်း သတင်းမပေးရဲ လောက်အောင် ဖြစ်နေသည်။

အသက် ၁၂ နှစ်တွင် အိမ်ထောင်ကျခဲ့ရသည့် ဂရေ့စ်တစ်ယောက် ယခု ၁၃ နှစ်အရွယ်သာ ရောက်သေးသည် ကလေးတစ်ယောက်နှင့် ဖြစ်နေပြီ။ သူ့ယောက်ျားက ကားတိုက်ပြီး သေသွားသည်။ အရွယ်နှင့်မမျှ အရိုက်အနှက်ခံပြီး ဘဝပျက်ခဲ့ရသည့် ဂရေ့စ်တစ်ယောက် ခုတော့ ကလေးတစ်ယောက်နှင့် ယောင်လည်လည်ဖြစ်နေပြီ။ ယခု ဖခင်အိမ်ပြန်ပြီး နေရသော်လည်း နောက်ထပ် နွားနှင့်လဲစား၍ မရတော့သဖြင့် ဖခင်ကလည်း မကြည်ဖြူ။ သူတို့ ဘဝကို မည်သူကူကြပါမည်နည်း။ 

Ref: Tales of a child bride: ‘My father sold me for 12 cows’, Marc Ellison

ကျော်ဗလ


ABOUT AUTHOR

(ကျော်ဗလ)