News

POST TYPE

ARTICLE

တပ်မတော်၊ သူရဦးရွှေမန်းနှင့် ငြိမ်းချမ်းရေး အခင်းအကျင်းသစ်
17-Jul-2016
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်မည့် ပွဲထွက်လူစာရင်းကို သမ္မတ ဦးထင်ကျော်က အတည်ပြု ထုတ်ပြန်လိုက်သည်။ အဆိုပါ စာရင်းအရ အစိုးရသစ်၏ ငြိမ်းချမ်းရေး အခင်းအကျင်းနှင့် အစိုးရဟောင်း၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ များစွာကွာခြားမည် ဖြစ်သည်။

သမ္မတ ဦးထင်ကျော်၏ အမိန့်စာအရ ငြိမ်းချမ်းရေးအတွက် အဖွဲ့နှစ်ဖွဲ့ ပါဝင်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်မည်ဖြစ်ပြီး အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဒုဥက္ကဋ္ဌ ဖြစ်သည်။ ငြိမ်းချမ်းရေး ကော်မရှင်ကို ဒေါက်တာတင်မျိုးဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည် ဖြစ်သည်။ သူက ဒေါ်အောင်ဆန်းစုကြည်၏ သစ္စာရှိ လူယုံတစ်ဦးလည်း ဖြစ်သည်။

ငြိမ်းချမ်းရေး ကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ အဖြစ် ဝန်ကြီးဟောင်း ဦးသိန်းဇော်ကို ရွေးချယ်ထားသည်။

ငြိမ်းချမ်းရေးကို ပုံဖော်မည့် အစိုးရသစ်၏ ယန္တရားနှင့် လူစာရင်းထွက်လာပြီ ဖြစ်ရာ အစိုးရဟောင်းက လုပ်ဆောင်ခဲ့ပုံများနှင့် မည်သို့ ကွဲပြားခြားနားသည်ကို လေ့လာဆန်းစစ်ကြည့်နိုင်သည်။

အဟောင်း၊ အသစ်

သမ္မတဦးသိန်းစိန် လက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဦးဆောင်အဖွဲ့ နှစ်ခုနှင့် ယန္တရားတစ်ခုကို ဖွဲ့စည်းခဲ့သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီက ဦးဆောင်အဖွဲ့များ ဖြစ်သည်။ ယင်းအောက်တွင် MPC ဟု လူသိများသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာနကို အလုပ်အဖွဲ့ ယန္တရားအဖြစ် ဖွဲ့ထားသည်။

ဗဟိုကော်မတီကို သမ္မတ၊ ဒုတိယသမ္မတများနှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး အပြင် တပ်မတော ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာဝန်ကြီး သုံးဦးတို့ဖြင့် ဖွဲ့စည်းထားသည်။ ယင်းအပြင် ပြည်ထောင်စုရှေ့နေ့ချုပ်နှင့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်တို့လည်း ပါဝင်သည်။

သမ္မတ ဦးဆောင်သည့် ဗဟိုကော်မတီတွင် ၁၁ ဦး ပါဝင်သည်။

လုပ်ငန်းကော်မတီတွင်မူ အဖွဲ့ဝင် ၅၂ ဦးအထိ ပါဝင်ပြီး ဒုတိယသမ္မတ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့၏ ခေါင်းဆောင်မှုအောက်တွင် ပြည်ထောင်စုဝန်ကြီး အများပြား ထည့်ထားသည်။ ယင်းအပြင် ပြည်နယ်ဝန်ကြီးချုပ်များ စစ်တိုင်းမှူးများနှင့် လွှတ်တော်နှစ်ရပ်မှ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ် ၂၀ ခန့်ကို လုပ်ငန်းကော်မတီတွင် ထည့်သွင်းထားသည်။

အစိုးရဟောင်း၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ အဆိုအရ ပြည်နယ်ဝန်ကြီးချုပ်များနှင့် စစ်တိုင်းမှူးများက အောက်ခြေအဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် အဓိက ဇာတ်ဆောင်များ ဖြစ်သည်။ ဒေသအလိုက် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အတွက် သက်ဆိုင်ရာ စစ်တိုင်းမှှူးများနှင့် ဝန်ကြီးချုပ်များက အခရာကျသည့် သဘော ဖြစ်သည်။

အစိုးရဟောင်း၏ ငြိမ်းချမ်းရေးဆိုင်ရာ အဖွဲ့များတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော် ခေါင်းဆောင်အားလုံး ပါဝင်သည်ကို တွေ့ရပြီး အထူးသဖြင့် အစိုးရနှင့် တပ်မတော်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရင်ဘောင်တန်း လုပ်ကိုင်နေသည့် ပုံစံကို တွေ့ရသည်။

သမ္မတ ဦးထင်ကျော်၏ အဖွဲ့နှစ်ခုကမူ ယခင်အဖွဲ့များနှင့် များစွာကွဲပြားလျက် ရှိသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီတို့ မရှိတော့။

MPC ကို အသွင်ပြောင်း ဖွဲ့စည်းသည်ဆိုသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က ပဲ့ကိုင်အဖွဲ့ နေရာကို ဝင်ယူမည့်ပုံ ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်၏ ဗဟိုကော်မတီကို ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့သလို ယခု NRPC တွင်လည်း ၁၁ ဦး ဖြစ်သည်။

ကွာခြားချက်မှာ ယခင်ဗဟိုကော်မတီတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌများ ပါဝင်ပြီး ယခု NRPC တွင်မူ နယ်စပ်ရေးရာဝန်ကြီး တာဝန်ယူထားသူ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးနှင့် စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦး ထိုသုံးဦးက တပ်မတော် ကိုယ်စားပြု ပါဝင်လာသည့် သဘော ဖြစ်သည်။

နယ်စပ်ရေးရာဝန်ကြီးက အစိုးရအဖွဲ့ကို ကိုယ်စားပြုသည် ဖြစ်၍ တပ်မတော် ကိုယ်စားပြုအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦးသာ ပါဝင်သည်ဟု ယူဆဖွယ်ရာလည်း ဖြစ်သည်။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးမှာမူ အစိုးရသစ်၏ ငြိမ်းချမ်းရေး လူစာရင်းတွင် မပါတော့ပေ။

NRPC ၏ ဦးဆောင်မှုဖြင့် ငြိမ်းချမ်းရေးကို အဓိကလုပ်ရမည့် ငြိမ်းချမ်းရေး ကော်မရှင်တွင်မူ အဖွဲ့ဝင် ခြောက်ဦးသာ ပါဝင်ပြီး ဥက္ကဋ္ဌအဖြစ် ဒေါက်တာတင်မျိုးဝင်း၊ အတွင်းရေးမှူးအဖြစ် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ကို တာဝန်ပေးထားသည်။

အဖွဲ့ဟောင်းနှင့် အဖွဲ့သစ်တွင် ကိုယ်စားပြု ပါဝင်သူများက ဤမျှခြားနားသည်။

သူရဦးရွှေမန်း၏ နေရာ

ငြိမ်းချမ်းရေးလုပ်ငန်းကို တာဝန်ယူခွင့်ရလျှင် ခပ်မြန်မြန် ငြိမ်းချမ်းရေး ရနိုင်ကြောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရရွှေမန်းက ပြောဆိုဖူးသည်။ လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူစဉ်က ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ဘဏ္ဍာငွေကြေး သုံးစွဲမှု အစ လက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံမှုအဆုံး ဝေဖန်ထောက်ပြခဲ့သူ သူရဦးရွှေမန်းက ၂၀၁၄ ခုနှစ် နှောင်းပိုင်းကာလတွင် သမ္မတဖြစ်ရေး ရည်မှန်းချက်နှင့် ငြိမ်းချမ်းရေး ဦးဆောင်ခွင့်ကို ချိတ်ဆက်ပြောဆိုဟန် ရှိသည်။

သို့သော် ကြံ့ခိုင်ရေးပါတီ သန်းခေါင်ယံ ဇာတ်လမ်းနှင့်အတူ သမ္မတဖြစ်ရေး အိပ်မက် လက်လွှတ်ခဲ့ရသော အငြိမ်းစားဗိုလ်ချုပ်ကြီးမှာ ဒေါ်အောင်ဆန်းစုကြည်၏ အရေးပါဆုံး မဟာမိတ်တစ်ဦး ဖြစ်လာပြီး လွှတ်တော်သစ်နှင့် အစိုးရသစ်ကို သြဇာလွှမ်းမိုးထားသည်။

“ဒေါ်အောင်ဆန်းစုကြည်က နံပါတ်တစ်၊ ဦးရွှေမန်းက နံပါတ်နှစ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပြုသည်။

ပါတီခေါင်းဆောင်ပိုင်း၏ အရေးအရာကို မှတ်ချက်ပြုရသည်ဖြစ်၍ အမည်မဖော်လိုဟု သူက ဆိုသည်။

အစိုးရသစ်၏ ဝန်ကြီးနေရာ အချို့တွင် သူရဦးရွှေမန်း၏ အဖွဲ့သားများကို ခန့်အပ်ထားပြီး ကိုယ်တိုင်လည်း ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ကော်မရှင်ဥက္ကဋ္ဌ အဖြစ် လွှတ်တော်၏ အဓိက လုပ်ငန်းစဉ်များကို ထိန်းကျောင်းမောင်းနှင်နေ၍ ဖြစ်ကြောင်း သူက ပြောဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ရန် တာဝန်ယူရမည့် အတိုင်ပင်ခံရုံး ဝန်ကြီးသည်ပင် သူရဦးရွှေမန်း၏ ကော်မရှင်အဖွဲ့မှ တစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဖြစ်လာခြင်း ဖြစ်သည်။ ယင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးသည်လည်း ကော်မရှင်အဖွဲ့ဝင် တစ်ဦးပင် ဖြစ်သည်။

အတိုင်ပင်ခံရုံး ဝန်ကြီးမှာ NRPC ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး ဒုတိယဝန်ကြီး ဦးခင်မောင်တင်က အတွင်းရေးမှူး ဖြစ်သည်။

သူတို့သည် တစ်ချိန်က အစိုးရနှင့် တပ်မတော်တွင် တာဝန်ယူခဲ့သူများ ဖြစ်ပြီး ဒီမိုကရေစီ ဘက်တော်သားများ မဟုတ်ခဲ့။ ဦးကျော်တင့်ဆွေမှာ အငြိမ်းစား သံတမန်တစ်ဦး ဖြစ်ကာ ဦးခင်မောင်တင်က တပ်မတော်တွင် ဗိုလ်မှူးချုပ် အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြု၍ ဦးခင်မောင်တင် ရွေးကောက်ပွဲ ဝင်သော်လည်း ရှုံးနိမ့်ခဲ့သည်။

ယင်းအပြင် သူရဦးရွှေမန်း၏ အဖွဲ့သားတစ်ဦးဟု ယူဆထားသော ဝန်ကြီးဟောင်း ဦးသိန်းဇော်ကို ငြိမ်းချမ်းရေးကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သည်။ ဦးသိန်းဇော်မှာ ၂၀၁၅ ခုနှစ်တွင် အခြေခံဥပဒေ ပြင်ဆင်ချက်ကို သူရဦးရွှေမန်း၏ ဦးဆောင်မှုနှင့် လွှတ်တော်တွင်း အဆိုတင်ခဲ့သော ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ဟောင်းတစ်ဦး ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် လက်ထက်တွင် အဖွဲ့ဝင် ၅၂ ဦးပါ ငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင် ဦးဆောင်ခဲ့သည်။

သို့သော် အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့ ‘ဝ’ အပါအဝင် အရှေ့မြောက်ဒေသ အခြေစိုက် လက်နက်ကိုင်အဖွဲ့ အားလုံးလိုလိုက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်မထိုးခဲ့။

ယခုအစိုးရသစ်၏ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့တွင် သူရဦးရွှေမန်း၏ အဖွဲ့သားဟုဆိုသော ထိုသုံးဦးက ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသည်။ ဒေါက်တာတင်မျိုးဝင်းက ငြိမ်းချမ်းရေး ကော်မရှင်ကို ဥက္ကဋ္ဌ တာဝန်ယူထားသော်လည်း အဓိက မောင်းနှင်ရမည်က ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။

နိုင်ငံရေးသမား မဟုတ်သော ဒေါက်တာတင်မျိုးဝင်းက တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဒေါင်းတင်မောင်းတင် နိုင်ငံရေး ဆွေးနွေးနိုင်မည်လား လေ့လာသူအချို့က သံသယ ရှိနေရာ အတိုင်ပင်ခံရုံးဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဦးသိန်းဇော်တို့က ငြိမ်းချမ်းရေးအဖွဲ့ကို အမှန်တကယ် ဦးဆောင်မည့်သူများ ဖြစ်လာသည်။

ယင်းအတိုင်းဆိုလျှင် အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း၏ နေရာကို ရှာတွေ့နိုင်ပေလိမ့်မည်။

တပ်မတော် ဘယ်လဲ

သမ္မတ ဦးထင်ကျော်၏ ငြိမ်းချမ်းရေး လူစာရင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အမည်မပါသလို စစ်တိုင်းမှူးများလည်း ပါဝင်လာခြင်း မရှိ။ အစိုးရသစ်၏ ငြိမ်းချမ်းရေး အခင်းအကျင်းတွင် တပ်မတော် ခေါင်းဆောင်များ မပါလာခြင်းက မလိုအပ်၍လော၊ လုပ်ဆောင်မည့် ပုံစံမတူ၍လော သဲသဲကွဲကွဲမရှိ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ၂၁ ရာစု ပင်လုံညီလာခံကို ပူးပေါင်းဆောင်ရွက်ရန် အသင့်ဟု ဆိုသည်။

ဆန့်ကျင်ဘက် အခြေအနေအချို့ ရှိနေသည်။

လက်တွေ့အခြေအနေအရ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုနေချိန်တွင် ကိုးကန့်၊ ပလောင်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ကို တပ်မတော်က ကန့်သတ်ထားသည်။

ယင်းမှာ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက ဖြစ်သည်။

တပ်မတော် အရာရှိ/စစ်သည် အများအပြား ထိခိုက်ကျဆုံးခဲ့သော ၂၀၁၅ ခုနှစ် လောက်ကိုင်တိုက်ပွဲတွင် ပါဝင်ခဲ့သူ ထိုသုံးဖွဲ့ကို လက်နက်စွန့်မှသာ ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောဆိုသည်။

အစိုးရသစ် လက်ထက်တွင်လည်း တပ်မတော်၏ မူဝါဒက တစ်သမတ်တည်း မပြောင်းလဲ။

အခြားသော ကွဲလွဲချက်များလည်း ထပ်ရှိနေသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးသူ လက်နက်ကိုင်အဖွဲ့များကို ၂၁ ရာစု ပင်လုံသို့ တက်ရောက်ခွင့်ပြုရန် ဒေါ်အောင်ဆန်းစုကြည်က ပြင်ဆင်နေသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ NCA စာချုပ်အရသာ နိုင်ငံရေး ဆွေးနွေးနိုင်ပြီး ၁၉၉၀ ဝန်းကျင်ကတည်းက အပစ်ရပ်ထားသည် ဆိုသော အဖွဲ့များကိုပင် NCA ကို လက်မှတ်ရေးထိုးစေလိုကြောင်း ထုတ်ပြောထားသည်။

၁၉၈၉ ခုနှစ်တွင် အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားသူများမှာ ‘ဝ’ နှင့် မိုင်းလားအဖွဲ့များ ဖြစ်သည်။

ယင်းနှစ်ဖွဲ့မှာ ၁၉၈၉ ခုနှစ် နောက်ပိုင်း တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိ။ ထို့ကြောင့် NCA လက်မှတ်ထိုးစရာမလိုဟု ပြောဆိုထားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ NCA သဘောတူညီချက် အရသာ နိုင်ငံရေး ဆွေးနွေးနိုင်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

နောက်တစ်ခုက UNFC အဖွဲ့နှင့် ပတ်သက်နေသည်။

အပစ်ရပ်စာချုပ်ကို လက်မှတ်မထိုးသူ တိုင်းရင်းသားလက်နက်ကိုင် အများစု စုဖွဲ့ထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို အစိုးရဟောင်းနှင့် တပ်မတော်က အသိအမှတ်မပြုခဲ့။ ငြိမ်းချမ်းရေးကို UNFC က အချိန်ဆွဲနေကြောင်း စွပ်စွဲခဲ့သည်။

ယင်းအဖွဲ့ကို KIO က ဥက္ကဋ္ဌအဖြစ် ဦးဆောင်လျက်ရှိသည်။

ယခု ငြိမ်းချမ်းရေး လုပ်ငန်းများ ပြန်စချိန် အစိုးရသစ်က UNFC ကို အသိအမှတ် ပြုလိုက်သည်။ ယင်းအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော UNFC ကိုယ်စားလှယ်အဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည်ပင် ဇူလိုင်လ ၁၇ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

တပ်မတော်ကမူ UNFC ကို အသိအမှတ်ပြုကြောင်း ယနေ့အထိ မပြော။

UNFC ခေါင်းဆောင်များ၏ ရန်ကုန်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ တွေ့ဆုံမည်ဖြစ်ပြီး ဗိုလ်ချုပ်မှှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ရန်မရှိဟု ဆိုသည်။

တစ်ဖန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစ်ဆင့် ဦးဆောင်မှုပေးမည့် သူရဦးရွှေမန်းနှင့် တပ်မတော်၏ ဆက်ဆံရေး ဖြစ်သည်။

တပ်မတော်၏ နံပါတ်သုံး ခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ယနေ့ တပ်မတော်မှာ ဆက်ဆံရေး မကောင်းလှ။ ဧပြီလကပင် သူရဦးရွှေမန်း၏ ပြောကြားချက်အချို့ကို တရားဝင် ကန့်ကွက်စာ ထုတ်ပြန်ခဲ့သည်။ သူရဦးရွှေမန်း၏ Facebook လူမှုကွန်ရက်တွင် ရေးသားချက်များက တပ်မတော် ပြိုကွဲရေးအထိ ဦးတည်နေကြောင်း ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။

တပ်မတော်နှင့် သူရဦးရွှေမန်းတို့၏ ဆက်ဆံရေးက ယင်းသို့ဖြစ်သည်။

“ငြိမ်းချမ်းရေး ရရှိဖို့ဆိုတာ တပ်မတော် လက်ထဲမှာ ရှိတယ်” ဟု နော်စီဖိုးရာစိန်က ပြောဆိုထားသည်။

သူက ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်ပြီး ထင်ရှားသည့် အမျိုးသမီးခေါင်းဆောင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေးရှိသူ ဖြစ်သည်။

သမ္မတ ဦးထင်ကျော်က ငြိမ်းချမ်းရေး လူစာရင်းကို ဇူလိုင်လ ၁၁ ရက်နေ့တွင် အတည်ပြု ထုတ်ပြန်သည်။

ယင်းစာရင်းအရ ငြိမ်းချမ်းရေးရှေ့ ခရီးတွင် တပ်မတော်၊ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်မည့် အခင်းအကျင်းသစ်ကို မြင်တွေ့ရတော့မည်။

နော်ကိုကို


ABOUT AUTHOR

(နော်ကိုကို)