News

POST TYPE

ARTICLE

အိန္ဒိယနိုင်ငံမှ လိင်ခွဲခြားအကြမ်းဖက်ခံနေရမှုများ
19-Dec-2017

ပါဗင်ခန်းတစ်ယောက် ၂၀ဝ၉ ခုနှစ် မတ်လ ၂၉ ရက်နေ့က ကြုံတွေ့ခဲ့ရသည့် ထိတ်လန့်စရာ အဖြစ်ဆိုးကို ဘယ်တော့မှ မေ့နိုင်မည်မထင်။ သူ့အခန်းထဲသို့ ကွဲနေသော ယောကျာ်းဖြစ်သူက ရောက်လာပြီး မျက်နှာကို အဆက်မပြတ် ရိုက်တော့သည်။ သူက လက်စားချေသည့်အနေနှင့် မိန်းမကို လာရိုက်ခြင်း ဖြစ်သည်။

ထိုနေ့က တနင်္ဂနွေနေ့ ဖြစ်သည်။ အသက် ၃၃ နှစ်အရွယ် ခန်းတစ်ယောက် နေ့လယ်ခင်း အိပ်နေစဉ် ယောကျာ်းဖြစ်သူကလာပြီး ရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ ခန်းက သမီးနှစ်ယောက်ကို ရှာဖွေကျွေးမွေး နေရသူဖြစ်သည်။ ထိုနေ့က သူ၏သမီးများဖြစ်သည့် ဘူဘူးဖာရင်းနှင့် ဆနီယာရှာရင်းတို့သည် သူတို့ အမေအိပ်နေသောကြောင့် အပြင်ဘက်တွင် သူငယ်ချင်းများနှင့်အတူ ကစားနေကြသည်။

ကလေးတွေ၏ အဖေဖြစ်သူက ကလေးတွေကို နှုတ်ဆက်ပြီး အိမ်ထဲဝင်လာကာ ဇနီးသည်ကို အဆက်မပြတ် ရိုက်သည်။ ခန်းအပေါ်တက်ခွထားပြီး မျက်နှာကို စိတ်ကြိုက်ရိုက်နေခြင်း ဖြစ်သည်။ ခန်းက အော်သော်လည်း မည်သူမှ ရောက်မလာကြ။ ခင်ပွန်းဟောင်းက သူ့နှာခေါင်းကို အတင်းကိုက်ဖြတ်ရန် ကြိုးစားသည်။ သူလုပ်နေပုံက ဇနီးဖြစ်သူကို နှာခေါင်းပြတ်ကြီးနှင့် သူတို့ အသိုင်းအဝိုင်းထဲတွင် လုံးဝရုပ်ပျက်ဆင်းပျက် အရှက်ရစေရန် ပြုလုပ်နေမှန်း ထင်ရှားသည်။

ခန်းကသူမ၏ အဖြစ်အပျက်ကို ပထမဆုံး အများပြည်သူသိစေရန် ပွဲထုတ်ဖော်ပြောသည်မှာ ဆတ်ယာမက်ဂျာရတီ ဆွေးနွေးခန်း အစီအစဉ်တွင် ဖြစ်သည်။ ထိုအစီအစဉ်ကို ထင်ရှားသည့် ဘောလီးဝုဒ် မင်းသား အမီယာခန်းက ဦးဆောင်ဆွေးနွေးကာ ၂၀၁၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ရုပ်သံကတစ်ဆင့် ဖြစ်ပျက်ခဲ့သမျှကို လူသိရှင်ကြားဖြစ်အောင် လုပ်ပေးခဲ့သည်။

အသက် ၁၂ နှစ်အရွယ်တွင် ခန်းကို သူ့မိဘတွေက အိမ်ထောင်ချပေးသည်။ ကလေးများကို လက်ထပ်ပေးခြင်း မပြုရဆိုသည့် ဥပဒေရှိနေသည့်ကြားက ခန်းတစ်ယောက် ၁၂ နှစ်ကစပြီး အိမ်ထောင်ရှင်မ ဖြစ်ခဲ့ရသည်။ ယခု သူ့ကို ရိုက်ကာ နှိပ်စက်နေသည့် အသက် ၄၆ နှစ်အရွယ် ဟာမစ်သည် ခန်း၏ ဒုတိယယောကျာ်း ဖြစ်သည်။

အိန္ဒိယနိုင်ငံအလယ်ပိုင်း မာဒယာပရာဒက်ရှ် ပြည်နယ်၊ မိုရီနာဆိုသည့် ရွာလေးတွင် မွေးဖွားခဲ့ရသော ခန်းတစ်ယောက် အခြားရွာက မိန်းကလေးတွေလို ကျောင်းတက်ခဲ့သည်မဟုတ်။ ခန်း၏ ဖခင်သည် လုပ်ခနည်းနည်း ဝင်ငွေနှင့် မိသားစုကို စောင့်ရှောက်နေရသည်။ ခန်းတစ်ယောက် မွေးလာကတည်းက ပါးစပ်တစ်ပေါက် မြန်မြန်လျော့သွားစေရန် အိမ်ထောင်ချ ပေးရန်ဆိုသည့် သတ်မှတ်ချက်အတိုင်း ကြီးပြင်းလာခဲ့ရသည်။ 

“ကျွန်မ သတို့သမီးဘဝကတော့ ပျော်တာပေါ့။ အနီရောင်ဝတ်စုံလေးနဲ့ နှုတ်ခမ်းနီတွေလည်း ဆိုးထားရတယ်”ဟု ခန်းက ပြောပြရှာသည်။

ခန်းတစ်ယောက် သူ့ထက်အသက် နှစ်ဆကြီးသည့် တစ်ကြိမ်မှ မတွေ့ဖူးသူတစ်ဦးနှင့် အိမ်ထောင်ချပေးခြင်း ခံလိုက်ရသည်။ ရက်သတ္တပတ် အနည်းငယ်အတွင်း ခန်းသည် သူနှင့်လက်ထပ်လိုက်သူမှာ သူ့ကို မချစ်ရုံမက လေးစားမှုပင် လုံးဝမရှိသူတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတော့သည်။ ရလဒ်က မကြာခဏ အရိုက်ခံနေရခြင်း ဖြစ်သည်။

ခန်း အသက် ၁၆ နှစ်အရွယ်တွင် ဟာမစ်နှင့်တွေ့သည်။ သူတို့နှစ်ယောက် ချစ်ကြိုက်သွားသည်။ ခန်းက သူ့ပထမယောကျာ်းထံ မပြန်တော့။ ပထမယောကျာ်းကို ကွာရှင်းခွင့်ပေးရန် တောင်းဆိုသော်လည်း ခွင့်မပြု။ ထို့ကြောင့် ခန်းသည် အသက်ချင်း သိပ်မကွာသည့် ၂၁ နှစ်သာရှိသေးသော ဟာမစ်နှင့် လက်ထပ်လိုက်သည်။ သူ့မိဘတွေကိုလည်း စကားမပြောတော့။

“ကျွန်မကို ပထမဆုံး ချစ်ခွင့်ပန်ခြင်းခံလိုက်ရတော့ ကျွန်မဘဝပြန်ပြီးတော့ နိုးထလာတယ်။ ဟာမစ်က ကျွန်မကို နေ့တိုင်းချစ်ခွင့်ပန်တယ်။ ပထမယောကျာ်း အန္တရာယ်ကလည်း အကာအကွယ်ပေးမယ်လို့ ကတိပေးတယ်”ဟု ခန်းက ဆိုသည်။

ဟာမစ်က ခန်းကို မကြာခဏ သတိပေးသည်။ သူ့စိတ်ထဲတွင် ခန်းကို ပထမယောကျာ်းနှင့် ပြန်ပြီး ဖောက်ပြန်နေသည်ထင်ပြီး အဆက်အသွယ် လုပ်နေသည်ဟုလည်း သံသယဖြစ်နေသည်။

သူနောက်အိမ်ထောင်ပြုပြီး သုံးနှစ်ခန့်အကြာတွင် ခန်းတစ်ယောက် ကိုယ်ဝန်ရပြီး ပထမကလေး ကို မွေးဖွားနိုင်ခဲ့သည်။ ဟာမစ်က ကလေးကို စိတ်ဝင်စားပုံမပြ။ အဘယ်ကြောင့်ဆိုသော် သူလိုချင်သည်က ယောကျာ်းလေးဖြစ်ပြီး မိန်းကလေး ဖြစ်နေသောကြောင့်ပင်။ ကလေးကို ဆေးရုံတွင် လာကြည့်ပြီး မိန်းကလေး ဖြစ်နေမှန်းသိသောအခါ ဟာမစ်တစ်ယောက် ပေါက်ကွဲတော့သည်။

ဒုတိယကိုယ်ဝန် ရလာသည့်အခါတွင်လည်း ကိုယ်ဝန်ဆောင်စဉ်ကတည်းက မိန်းကလေးဖြစ်လျှင် ဖျက်ချလိုက်ရန် ဟာမစ်က ပြောသည်။ 

“ကျွန်မကိုယ်ဝန် သုံးလရှိချိန်မှာ ဟာမစ်က ကျွန်မကို ဆေးရုံခေါ်တယ်။ ကလေးကို ဘာလေးလဲဆိုပြီး စစ်ခိုင်းမယ်ပေါ့။ ကျွန်မကို မလိုက်ချင်ဘူးလို့ အတင်းငြင်းတာကို သူက ကျွန်မ ဆံပင်တွေကိုဆွဲပြီး ဆေးရုံကို အတင်းခေါ်ခဲ့တယ်”ဟု ခန်းက ပြောပြရှာသည်။ 

ဆေးရုံရောက်သည့်အခါတွင် မိန်းကလေးဖြစ်နေမှန်း သိသဖြင့် ဟာမစ်က သူ့ကိုယ်ဝန်ကို အတင်း ဖျက်ချခိုင်းသည်။

“ကျွန်မ ရင်ကွဲမတတ် ခံစားရတယ်။ ကျွန်မသမီးလေးကို ဖျက်ချတာ ခံလိုက်ရတယ်”

ခန်းတစ်ယောက် နောက်ထပ်ကိုယ်ဝန် ရလာပြန်သည်။ ယခုတစ်ယောက်လည်း မိန်းကလေး ဖြစ်နေပြန်သည်။ ယောကျာ်းက အတင်းဖျက်ချခိုင်းပြန်သည်။ အပြစ်မဲ့သည့် ကလေးနှစ်ယောက်ကို သူသတ်လိုက်မိသလို ဖြစ်သွားကာ စိတ်မချမ်းသာ ဖြစ်ခဲ့ရသည်။ နောက်တစ်ယောက် ကိုယ်ဝန်ဆောင်တော့ ကလေးက သူ့အလိုလို ပျက်ကျသွားသည်။ ၂ နှစ်အတွင်း သူ ကလေးသုံးယောက် ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ သူ့ကိုယ်ခန္ဓာလည်း ပိန်ချုံးပြီး လူရုပ်မပေါ်လောက်အောင်ဖြစ်ကာ စိတ်ဓာတ်တွေ ကျဆင်းခဲ့ရသည်။ 

“ကျွန်မကိုယ်ကျွန်မ မုန်းနေမိတယ်။ ကျွန်မရဲ့ ဆုံးရှုံးသွားတဲ့ ကလေးတွေကိုပဲ လွမ်းဆွေးနေမိတယ်”ဟု သူက ဆိုသည်။ 

အိန္ဒိယနိုင်ငံ၏ လိင်အချိုးနှုန်းသည် မညီမမျှဖြစ်မှု အတော်လေးများလာကြောင်း အစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။ နိုင်ငံအတွင်း ကိုယ်ဝန်ဆောင်စဉ်ကတည်းက မိန်းကလေးမှန်းသိလျှင် ဖျက်ချနေသည့် အလေ့အထများသည် အနာဂတ်အတွက် စိုးရိမ်စရာ အနေအထားဖြစ်လာသည်။

အိန္ဒိယလူ့ဘောင် ရိုးရာအစဉ်အလာက သားယောကျာ်းလေးကို ပိုပြီး ဦးစားပေး အလေးထားသည့် စနစ်ဖြစ်သည်။ သားယောကျာ်းလေးများသည် ကြီးလာလျှင် အိမ်ထောင်ကို ဦးစီးဦးဆောင်ပြုကာ ပိုက်ဆံရှာရသူများ ဖြစ်သည်ဆိုသော ခံယူချက်များကြောင့် ဖြစ်သည်။ သမီးများမွေးလာလျှင် မြန်မြန်လက်ထပ်ပေးပြီး ယောကျာ်းလေးအိမ်ကို ပို့လိုက်ကြသည်က များသည်။ သတို့သမီးက ယောကျာ်းလေးကို လက်ဖွဲ့ငွေ တင်တောင်းရသည့် ဓလေ့တွေကလည်း အိန္ဒိယတွင် ထွန်းကားနေခဲ့သည်မှာ အစဉ်အလာလို ဖြစ်နေသည်။

ကိုယ်ဝန်ဆောင်စဉ် မိန်းကလေးဖြစ်လျှင် ဖျက်ချသည်ကို တားမြစ်သည့် ဥပဒေများ ထုတ်ပြန်ကာ အစိုးရက တားမြစ်ထားသည်။ သို့သော် ၁ ဒသမ ၃ ဘီလီယံခန့်ပမာဏ လူဦးရေ ပေါက်ကွဲနေသည့် နိုင်ငံတွင် ဥပဒေသည် မည်မျှ သက်ရောက်မှု ရှိနိုင်သနည်းဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ၁၉၉၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အကြား လိင်ကွဲပြားမှု အချိုးအစားမှာ ယောကျာ်းလေး ၁၀ဝ၀ မွေးတိုင်း မိန်းကလေး ၉၁၄ ယောက်ဖြစ်နေသည် ဆိုခြင်းနှင့် နှိုင်းယှဉ်ကြည့်ရန် ဖြစ်သည်။ 

လက်ရှိ စာရင်းဇယားများအရ မိန်းကလေးဦးရေသည် ပိုပြီးကျဆင်းနေကာ ၂၀၂၁ ခုနှစ်တွင် ယောကျာ်းလေး ၁၀ဝ၀ မွေးတိုင်း မိန်းကလေး ဦးရေမှာ ၉၀၄ ဦး ဖြစ်သွားပြီး၊ ၂၀၃၁ ခုနှစ်တွင် ၈၉၈ ဦးအထိ ကျဆင်းသွားနိုင်ကြောင်း အိန္ဒိယနိုင်ငံ၏ Youth in India အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ဥပဒေက မိန်းကလေးဖြစ်သောကြောင့် ကလေးမဖျက်ချရ ဟူသည့် ဥပဒေကို ထုတ်ပြန်ထားသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကာလအတွင်း ကလေးဖျက်ချခြင်း ခံခဲ့ရသော အမျိုးသမီး ဦးရေမှာ ၁၂ သန်းကျော် ရှိနေသည်။ အထူးသဖြင့် ကျေးလက်ဒေသများသို့ ဥပဒေက မသက်ရောက်ရုံသာမက၊ မြို့ပြရှိ ပညာတတ် မိသားစုများအတွင်းမှာပင် ထိုအဖြစ်အပျက်တွေက များစွာ ရှိနေသေးကြောင်း တွေ့ရသည်။ 

၂၀ဝ၆ ခုနှစ်တွင် ခန်းသည် ကိုယ်ဝန်ထပ်ရ ပြန်သည်။ ယခုတစ်ယောက်ကိုတော့ ဘာဖြစ်ဖြစ် ရအောင်မွေးမည်ဟု သူက ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ကိုယ်ဝန် ၆ လရှိသည့်တိုင် ယောကျာ်းဖြစ်သူကို မပြောဘဲ ဖုံးကွယ်ထားခဲ့သည်။ 

“တစ်နေ့တော့ သူနဲ့ ကျွန်မ စကားများတယ်။ ကျွန်မကို အခန်းထဲထည့်ပြီးတော့ တံခါးသော့ခတ်လိုက်ပြီး ဟော့ကီတုတ်နဲ့ကို ရိုက်တာ”

ဟာမစ်က သူ့ကို ရိုက်လည်းရိုက် ကန်လည်း ကန်သည်။ သူ့ကျောတွေကိုလည်း အကန်ခံရသည်။

“ကျွန်မ ကြမ်းပြင်ပေါ် လဲကျသွားတယ်။ သွေးတွေ ထွက်လာတယ်။ အဲဒီတော့မှ ကျွန်မယောကျာ်းက ကျွန်မမှာ ကိုယ်ဝန်ရှိမှန်းသိတာ။ ဘာဖြစ်ဖြစ် ကျွန်မ ကလေးကို စောင့်ရှောက်ထိန်းသိမ်းပြီး မွေးနိုင်ခဲ့တယ်။ ကျွန်မ နောက်ထပ်လှပတဲ့ သမီးလေးတစ်ယောက် ထပ်ရတယ်”

ခန်းသည် ဆာနီယာကို မွေးပြီးနောက် ကွာရှင်းပြတ်စဲရန် သူ့ခင်ပွန်းကို တောင်းဆိုလိုက်သည်။ သူ့ယောကျာ်းက ကွာမပေးနိုင်ကြောင်း ပြောသည်။ ၂ နှစ်ခွဲလောက်ကြာသည့်တိုင်အောင် သူ့ယောကျာ်းက ကွာရှင်းပေးခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ခန်းသည် သမီးလေးနှစ်ယောက်နှင့်အတူ ဘဝသစ်တစ်ခု ထူထောင်ပြီး သမီးလေးတွေကို လုပ်ကျွေးကာ နေထိုင်ခဲ့သည်။

လွန်ခဲ့သည့် ၈ နှစ်ခန့်က သူ့တွင် စိတ်ရောကိုယ်ပါ ဒဏ်ရာဒဏ်ချက်ပေါင်းများစွာ ရခဲ့သည်။ ရုပ်ရှင်မင်းသား အမီယာခန်းနှင့်သူ တွေ့ဆုံဆွေးနွေးခန်းအပြီး ထိုနှစ်ထဲမှာပင် ဂျိုတီဆင်းဆိုသည့် အသက် ၂၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်လိုက်သည့် အဖြစ်အပျက်ဖြစ်ပွားကာ အိန္ဒိယနိုင်ငံသာမက ကမ္ဘာကပါ ထိတ်လန့်တုန်လှုပ်စရာ ဖြစ်သွားခဲ့ရသည်။

ဂျိုတီဆင်း၏ ကြေကွဲစရာ အဖြစ်အပျက် နောက်ပိုင်းတွင် ဝိုင်းဝန်းကန့်ကွက်မှုများ ပြင်းထန်လာပြီး မုဒိမ်းကောင်များကို အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ သတ်မှတ်ရန်အထိ ဥပဒေကို ပြင်ဆင်လိုက်သည့် တိုးတက်မှုများ ရရှိလာခဲ့သည်။ 

ဟာမစ်တစ်ယောက် ခန်းကို သေလုမြောပါး နှိပ်စက်ခဲ့သည့်အတွက် အပြစ်ပေးအရေးယူခြင်း မခံရပေ။ မိသားစုအရေးကိစ္စ ဖြစ်နေသည့်အပြင် ခန်းဘက်ကလည်း ကျေအေးခွင့်လွှတ် ပေးလိုက်သောကြောင့် ဖြစ်သည်။ 

“ကျွန်မက သူ့ကို ခွင့်လွှတ်ပေးလိုက်ပါတယ်။ ဟာမစ်ဘက်ကို ကျွန်မက ခွင့်လွှတ်ပေးလိုက်လို့ ကွာရှင်းခွင့်ပေးဖို့ တောင်းဆိုပါတယ်။ ဒါပေမဲ့ ကျွန်မ တရားမစွဲတာတောင် သူက ကွာရှင်းမပေးတဲ့အပြင် ကျွန်မကို နေ့တိုင်း ခြိမ်းခြောက်နေပါတယ်”ဟု ယခု အခါ အသက် ၄၁ နှစ်အရွယ် ရှိနေပြီဖြစ်သော ခန်းက ပြောပြရှာသည်။

မျက်နှာတစ်ခုလုံး စုတ်ပြတ်သွားအောင် ဖျက်ဆီးခြင်း ခံရသည့်အပြင် ခင်ပွန်းဟောင်း၏ ခြိမ်းခြောက်မှုကိုပါ ခံနေရသည့် ခန်းဘဝမှာ သူသာမက သမီးလေးတွေပါ မလုံခြုံဟု ခံစားနေရရှာသည်။ 

ခန်း၏ သမီးကြီး ဘူဘူးဆိုလျှင် ယခု အသက် ၂၀ အရွယ်ပင် ရောက်နေပြီ။ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ကျောင်းမှ မာစတာဘွဲ့ကိုပင် ယူပြီးဖြစ်သည်။ ခန်းအတွက် ဂုဏ်ယူစရာ သမီးကြီး တစ်ယောက်ပင်။ ဘူဘူးကလည်း သူ့အမေကို စောင့်ရှောက်ကြည်ဖြူမည့်သူကို အိမ်ထောင်ပြုချင်ပါသည်ဟု ဆိုသည်။ 

သမီးငယ် ဆာနီယာက ၁၁ နှစ် ရှိနေပြီ။ ၇ တန်းတွင် တက်နေသည်။ သူလည်း ကြီးလာလျှင် အစိုးရ အလုပ်ဝင်လုပ်မည်ဟု ဆိုသည်။ 

“ကျွန်မကတော့ ကျွန်မတို့ အသိုင်းအဝိုင်းက ကျွန်မကို ဘာမှပြန်ပေးဖို့ မမျှော်လင့်ပါဘူး။ သူတို့ကိုပြန်ပြီး တိုက်ခိုက်တာတွေလည်း မလုပ်ချင်ဘူး။ ဘုရားက ကျွန်မကို နည်းလမ်းပြပါတယ်။ ဘုရားပြတဲ့ လမ်းအတိုင်းပဲ ကျွန်မလျှောက်တယ်။ ခုဆိုရင် ကျွန်မသမီးတွေအတွက် ကျွန်မဂုဏ်ယူရလွန်းလို့ ပျော်နေပါတယ်”ဟု ခန်းက ဆိုသည်။ သူကနောက်ဆုံး ပြောလိုက်သည့် စကားတစ်ခွန်းမှာ - 

“ကျွန်မ ပြောချင်တာက မိန်းကလေးဆိုတာ ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး။ သူတို့ဟာ ဘုရားပေးတဲ့ ဆုတွေပါ”

(Ref: Daughters are not a burden, Shereena Qazi)


  • VIA