News

POST TYPE

ARTICLE

လက်ပံတောင်းတောင် တစ်ဝှိုက်မှာ တာဝန်ထမ်းဆောင်စဉ်က အမှတ်တရများ အပိုင်း(၃)
19-Dec-2017
ယင်းမာပင် ခရိုင်ခွဲမှာ စာရေးသူ အမှုထမ်းတဲ့ကာလမှာ ဘိန်းဖြူ၊ စိတ်ကြွဆေး အမျိုးမျိုး မပေါ်သေးပါ။ ဒါကြောင့် နယ်ပိုင်မြို့ပိုင် စစ်ဆေးတဲ့ ရာဇဝတ်မှုတွေထဲ မူးယစ်ဆေးဝါးမှု မရှိသလောက်ပါပဲ။ ဘိန်းမဲကတော့ အများအစားမမိ၊ ခတ်ပုံလို့ခေါ်တဲ့ ဘိန်းနဲ့ငှက်ပျောညွန့် လုံးထားတဲ့ အပေါစား ခတ်ပုံရှူသူတချို့တော့ တွေ့ရပါတယ်။ ဘိန်းကိုလည်း ဒီဒေသမှာ စိုက်တာမရှိ။ ခန္တီးဘက်က စုံဆင်းတဲ့ ရေလမ်းကြောင်းနဲ့ ဝင်တယ်လို့ ဆိုပါတယ်။ ခတ်ပုံရှူသူတွေကတော့ ရေလုပ်သား အလုပ်ကြမ်းသမား၊ ထန်းတက်သူများ ငွေကြေးတတ်နိုင်တဲ့ ရွာလူကြီးအချို့ သုံးတယ်လို့ ဆိုပါတယ်။

ဒီကာလမှာ တောချက်အရက်ကတော့ လိုင်စင်မဲ့ချက်ကြလို့ ယစ်မျိုးဥပဒေပုဒ်မ ၃ဝ (က) နဲ့ မကြာခဏ ဖမ်းဆီးစွဲဆိုတာတွေ ရှိပါတယ်။

တစ်နေ့တော့ စစ်ကိုင်းခရိုင်နဲ့ မုံရွာခရိုင် ပူးတွဲကိုင်နေတဲ့ ယစ်မျိုးဝန်ထောက် ဦးမောင်မောင်ကလေးနဲ့ မုံရွာမှာ ဆုံမိပါတယ်။ သူပြောတာက ဒီနယ်မှာ လိုင်စင်မဲ့ တောအရက်တွေ မကြာခဏ ဖမ်းမိနေကြောင်း၊ တချို့ကျေးရွာမှာဆိုရင် အာဏာရပါတီက “ဆက်ကြေး”ယူပြီး ခွင့်ပြုထားတဲ့ အရက်ဖိုများရှိကြောင်း၊ ရဲတပ်ဖွဲ့ကလည်း ပါတီနဲ့ပြဿနာဖြစ်မှာစိုးလို့ မဖမ်းနဲ့ ယစ်မျိုးအဖွဲ့က မဖမ်းရဲကြောင်း၊ ချင်းတွင်းမြစ်ရိုးက ကျောက်မှော်ရွာအုပ်စုရဲ့ ရွာငယ်မှာ အိမ်တိုင်းစေ့ကို လိုင်စင်မဲ့ အရက်ချက်တာ သတင်းရထားတာမို့ ယစ်မျိုးဝန်ထမ်းများ စုပေါင်းပြီး ဖမ်းဆီးချင်လို့ နယ်ပိုင်ကြီးက ကူညီစေလိုကြောင်း ပြောပါတယ်။ 

ယစ်မျိုး ဝန်ထောက် ဦးမောင်မောင်ကလေးဆိုတာ နိုင်ငံကျော် မြန်မာဆိုင်းဝိုင်းကြီးရဲ့ ပညာရှင် ရွာစားကြီး စိန်ဘမောင်ရဲ့ သားသမက်ပါ။ ဇနီး ဒေါ်သင်းသင်းပေါ့၊ စာရေးသူကလည်း မိမိနယ်ထဲမှာ ဥပဒေမဲ့လုပ်ရပ်ကို သိရက်နဲ့ မဖမ်းရင် သိက္ခာကျမှာ စိုးတာရယ်၊ ယစ်မျိုးဝန်ရဲ့ အဆွယ်ကောင်းတွေရယ်ကြောင့် စစ်ကိုင်း၊ မုံရွာ၊ ရွှေဘိုဘက်က ယစ်မျိုးဝန်ထမ်း အချို့ပါပေါင်းပြီး ရွာဝင်စီးဖို့ သဘောတူလိုက်ပါတယ်။ ယစ်မျိုးဝန်ကိုယ်တိုင် မလိုက်ပါ။ သူ့တပည့်ကျော် “ကိုသူတော်” ဆိုတဲ့ ယစ်မျိုးအုပ်ကို ကြီးကြပ်ခိုင်းပါတယ်။ ချိန်းတဲ့ရက်မှာ မုံရွာဆိပ်ကမ်းကနေ (UB) မော်တော်နဲ့ ကနီဘက်ကို ဆန်တက်ပါတယ်။ အဲဒီရွာရဲ့ ကင်းအဖွဲ့က မြစ်ရိုးမှာရှိပြီး၊ အစိုးရ မော်တော်ဘုတ်လာရင် ရွာထဲကိုသတင်းပို့ ပစ္စည်းတွေ သိုသိုသိပ်သိပ် သိမ်းကြသတဲ့၊ ဒီအကြောင်းကို ယစ်မျိုးတွေကသိတော့ (UB) ကို ရွာနားမကပ်ဘဲ အဆန်လမ်းအတိုင်း ဣန္ဒြေမပျက်မောင်းသွားပြီး နာရီဝက်လောက် မရှိတရှိမှ မော်တော်စက်သတ် ပြန်ကွေ့ပြီး ရွာဆိပ်ကမ်း အထက်နားကပ်၊ ဖမ်းမည့်သူတွေဆင်းပြီး ရွာဝင်စီး၊ မိလိုက်တဲ့ အရက်ပုန်းတွေ၊ စဉ့်အိုးစည်ပိုင်းနဲ့ ထည့်ပြီးသား၊ ချက်နေရင်းတန်းလန်း မီးဖိုပေါ်က မိတာလည်း မနည်းပါ။ အမှုတစ်ခုချင်း မှတ်တမ်းတင် ပစ္စည်းသိမ်း တရားခံတွေကို ရုံးချိန်းလာဖို့ ရွာလူကြီးတွေရဲ့ အာမခံချက်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ရွာသားတွေကတော့ သတင်းရထားတဲ့အတိုင်း ပါတီရဲ့ ရန်ပုံငွေ၊ ဆက်ကြေးနဲ့ အရက်ချက်ရကြောင်း၊ မိမိတို့အတွက် အကျိုးအမြတ်များ မရကြောင်း ရှင်းပြကြပါတယ်။ ဆင်းရဲတဲ့ ရွာသားတွေရဲ့ ဝမ်းရေးပါ။

စာရေးသူလည်း ဒီအမှုကို မြို့ပိုင်ကြီးရုံးမှာ စစ်ထားဖို့ လွှဲပေးပြီး ထောင်မချပါနဲ့၊ ဒဏ်ငွေရိုက်ပြီး ဆုံးမလိုက်ပါလို့ ပြောထား၊ နောင်မှာ ဒီရွာက အရက်ပုန်း မချက်တော့ဘူးလို့ သိရပါတယ်။ ဖမ်းဆီးတဲ့ ယစ်မျိုးဝန်ထမ်း “ကိုသူတော်”လည်း ဌာနဆိုင်ရာ နာမည်ကောင်းဆု လက်မှတ်အပြင်၊ ခြောက်လုံးပူး သေနတ်တစ်လက် ဆုရကြောင်း သိရပါတယ်။ ဒီကိစ္စကို မုံရွာခရိုင် ဒုတိယအရေးပိုင် ဦးရှိန်သိတော့ စာရေးသူကို နောက်မှာ ဒီလိုကိုယ်တိုင်ပါဝင်တဲ့ အလုပ်တွေ မလုပ်သင့်ဘူး။ လက်အောက်ဝန်ထမ်းကိုသာ ခိုင်းသင့်ကြောင်း၊ အန္တရာယ်များကြောင်း ဆုံးမရှာပါတယ်။

ပုလဲမြို့ပိုင်ကြီး ချုံခိုအတိုက်ခံရ

စာရေးသူ ယင်းမာပင်နယ်ပိုင် တာဝန်ရှိစဉ်က ခရိုင်ခွဲရဲ့ မြို့နယ်လေးခုမှာ တာဝန်ကျတဲ့ မြို့ပိုင်တွေကတော့ ယင်းမာပင်မှာ ဘုရားတရား အလွန်ကိုင်းရှိုင်းပြီး ညနေတိုင်း ပရိတ်ရွတ်ခိုင်းတဲ့ မြို့ပိုင်ကြီး ဦးဘသက်၊ ဆားလင်းကြီးမှာ ရွှေဘိုဇာတိ ဦးဘမောင်၊ ကနီမှာ ဦးကိုမောင်တင် ပါတယ်။ ပုလဲမှာတော့ နောင်တစ်ချိန်မှာ ပြည်သူ့ အလုပ်သမားကောင်စီ ဗဟိုကော်မတီဝင် ဖြစ်လာမယ် ဦးအုန်းဖေပါ။

၁၉၅၇ ခုနှစ် ဆောင်းဦးပေါက်ကာလမှာ စာရေးသူက ယင်းမာပင်ရုံးမှာ အိပ်ရာထစ ကော်ဖီဖျော်ဖို့ ပြင်နေတုန်း ရုံးအောက်မှာ ကားတစ်စီး ထိုးရပ်သည်နဲ့အတူ ကျွန်တော့်မိတ်ဆွေ ဗိုလ်ကြီးစံအေး အသံကြားရပါတယ်။ ရုံးလှေကားအတက် “နယ်ပိုင်ကြီး နိုးပြီးလား ပြဿနာပေါ်ပြီဗျို့” အချိန်သိပ်မရဘူးဗျ၊ ပုလဲမြို့ပိုင်ကြီးကြောင့် သန်းရွာဘက်မှာ အလံနီ “အမ်ဘွတ်ရှ်” လုပ်ခံရ (ချောင်းမြောင်းတိုက်ခိုက်ခံရ)လို့ ရှာမတွေ့ဘူး။ မြန်မြန်လိုက်မှဖြစ်မယ် ပြောပါတယ်။ ဒါနဲ့ ကော်ဖီ ကပျာကယာသောက်ကြပြီး သူ့ကားနဲ့ ပုလဲကို ထွက်ခဲ့ကြတယ်။ မနက် ၇ နာရီလောက်ပေါ့။

ဦးအုန်းဖေမိသားစုက မြို့ပိုင်ရုံး အပေါ်ထပ်မှာနေကြလို့ ကျွန်တော်တို့ကိုမြင်ပြီး အားရပါးရငိုကြပြီး ကယ်ကြပါဦးလို့ ပြောကြပါတယ်။ ကျွန်တော်တို့လည်း စိတ်မပူကြပါနဲ့ မသေနိုင်ပါဘူး။ သူ ဉာဏ်အလွန် ကောင်းပါတယ်။ ချက်ချင်းလိုက်မှာပါလို့ အားပေးရင်း မင်းတိုင်ပင်ရွာကို ဆက်မောင်းကြပါတယ်။ 

ဖြစ်ပုံက မနေ့က စောစောပိုင်းမှာ မြို့ပိုင်ကြီးဟာ ရဲသား ၃ ယောက် ပြူစောထီး ၃ ယောက်နဲ့ ပုလဲ အရှေ့မြောက်ပိုင်းက ကြောင်းသန်းရွာဘက်ကို လုံခြုံရေးကိစ္စ၊ အခွန်ကိစ္စနဲ့ ခရီးထွက်တာပါ။ နေ့လယ်ပိုင်းမှာ ရွာလူကြီးတွေနဲ့ ပြောဆိုပြီးအပြန်မှာ တောတွင်းတစ်နေရာက အလံနီ လက်နက်ကိုင်တစ်စုက ချုံခိုတိုက်တာပါ။ အလစ်မှာ အတိုက်ခံရပေမယ့် ကံသီတော့ ကျဆုံးသူ မရှိ ထင်ပါတယ်။ ဦးအုန်းဖေလည်း လက်က အမေရိကန်ရိုင်ဖယ်တစ်လက်နဲ့ ပြန်ပစ်ရင်း တောထူတဲ့ဘက်ကို ထွက်ပြေးပါတယ်။ လမ်းမှာ ဖိနပ်ဘယ်မှာ ကျွတ်ကျန်ခဲ့သလဲ သတိမရပါ။ တောင်ကမူ ချုံထူရှိရာပြေးရင်း နောက်ကလိုက်လာတဲ့ အလံနီတွေဆီ တစ်ချက်တစ်ချက် ပြန်ပစ်ခဲ့တာပါ။ ရန်သူကလည်း မြို့ပိုင်ကြီးလက်ထဲ သေနတ်ပါတာသိတော့ အရမ်းမလိုက်ရဲပါ။ ခပ်ခွာခွာက အသံပေးရင်း သေနတ်နဲ့ မှန်းပြီး ပစ်ကြတော့ သူ့ကိုမထိ၊ သူပစ်တာ ရန်သူမထိနဲ့ မိုးချုပ်လာပါတယ်။ ပါလာတဲ့ ကျည်ဆန်အပိုလည်း ကုန်တော့မလို့ စိတ်ပူရတယ်။ ဒါပေမဲ့ အလံနီက မိုးချုပ်တော့ ဆက်မလိုက်ဘဲ နောက်ပြန်လှည့်သွားတယ်လို့ ဆိုပါတယ်။ ဦးအုန်းဖေလည်း ရှေ့ဘက်ဆင်းသွားရင်း မိုးကချုပ် ခြေကနာ လမ်းဆက်မလျှောက်နိုင်တော့ တောင်ကမူကွယ်တဲ့ ချုံစပ်မှာဝင်လှဲရင်း အိပ်ပျော်သွားသတဲ့။ မိုးလင်းလို့ ချုံထဲကထွက်ပြီး သေနတ်ထမ်းရင်း ဆက်လျှောက်တော့ တောင်ယာလုပ်တဲ့ ရွာသားတစ်ယောက်တွေ့တယ်။ အော်ဟစ် အကူအညီတောင်းရတာပေါ့။ ရွာသားက အခြေအနေမှန်သိတာနဲ့ သူ့လှည်းရှိရာခေါ်ပြီး လှည်းပေါ်တင်ပြီး အနီးဆုံး မင်းတိုင်ပင်ရွာကြီးကို ခေါ်ခဲ့တာပေါ့။ 

ဒီအချိန်နဲ့ မရှေးမနှောင်းမှာ ဗိုလ်ကြီးစံအေးနဲ့ စာရေးသူတို့ ရွာကိုရောက်တော့ ဦးအုန်းဖေကို တင်လာတဲ့ လှည်းရောက်လို့ သူကြီးအိမ်သတင်းပို့တော့ ချက်ချင်းလိုက်လာကြရပါတယ်။

မြို့ပိုင်ကြီးလည်း အသက်ရှင်လျက် (ခြေထောက်ဆူးစူးတဲ့ ဒဏ်ရာတွေကို ဆေးထည့်ပြီး ပုလဲကို ပြန်ခေါ်ခဲ့ရပါတယ်။ မိသားစုက မြို့ပိုင်ကြီးကို တွေ့လိုက်ရတဲ့အခါ အတိုင်းထက်အလွန် ဝမ်းသာလိုက်ကြတဲ့ မြင်ကွင်းကို ခုထိသတိရနေပါတယ်။

တိုက်ခိုက်ခိုင်းသူနဲ့ ခုခံသူတို့ဆုံကြပြီ

ဦးအုန်းဖေကလည်း နောက်ပိုင်း ပုလဲကနေ တခြားဒေသကို ပြောင်းသွားရသလို စာရေးသူကလည်း ၁၉၅၈ ခုနှစ်လောက်မှာ ရွှေဘိုကို ပြောင်းရလို့ သူနဲ့လူချင်း မဆုံဖြစ်တော့ပါ။ 

ဒါပေမဲ့ ကံတရားက စီမံတဲ့အတိုင်း ပြန်ဆုံဖို့ ကြုံရပါပြီ။ ၁၉၆၇ ခုနှစ်လောက်မှာ စာရေးသူက တော်လှန်ရေးကောင်စီရဲ့ အလုပ်သမားဝန်ကြီး ဗိုလ်မှူးကြီး မောင်ရွှေရဲ့ အဖွဲ့ရုံးမှာ လက်ထောက်အတွင်းဝန် (အတွင်းဝန်ကလေး) အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ ဒီကာလမှာ တော်လှန်ရေးအစိုးရရဲ့ ပေါ်လစီအရ တောတွင်း လက်နက်ကိုင်အဖွဲ့အချို့ ငြိမ်းချမ်းရေးမူအရ “အလင်းဝင်”ကြပါတယ်။ ဒီ့အပြင် မြန်မာ့နိုင်ငံရေးမှာ ရှေ့ဆောင်ရှေ့ရွက် လုပ်ခဲ့သူတွေ၊ တပ်မတော်က အသက်ကြီး အတွေ့အကြုံရှိသူတွေလည်း အစိုးရဌာနတွေမှာ အထူးအရာရှိအဖြစ် တာဝန်ပေးခဲ့ပါတယ်။ အလုပ်သမား ဝန်ကြီးဌာနက တာဝန်ယူဖွဲ့ခဲ့တဲ့ အလုပ်သမားကောင်စီမှာလည်း အထက်ပါ ဌာနစုံက ပုဂ္ဂိုလ်တွေ တာဝန်ပေးတဲ့အခါ စာရေးသူနဲ့ မုံရွာမှာ နယ်လှည့်ရုပ်ရှင်ပြတဲ့ လုပ်ဖော်ကိုင်ဖက် သခင်အုန်းဖေကြီး၊ အလံနီတပ်မှာ ရဲရဲတောက် ဒေါ်စောမြလည်း ပါပါတယ်။ ဒေါ်စောမြဟာ ပြောပုံဆိုပုံပြတ်သားပြီး သခင်စိုးကြီးကိုတောင် ပြန်ပက်ရဲလို့ ကလော်တုတ် ခံရတဲ့သမိုင်း ရှိသူပါ။ ဒါ့အပြင် သခင်ခင်ဇော် (နောက်မှာ နိုင်ငံတော်ကောင်စီဝင်) ဦးဘလှိုင်(အဘ)၊ ဦးဘငြိမ်း၊ ယခင်မြို့ပိုင်ကြီး ဦးအုန်းဖေလည်း ပါလာပြန်တယ်။ တပ်ဘက်ကဆိုရင် ဗိုလ်ကြီးဖေညွန့်၊ ဗိုလ်ကြီးခင်မောင် စတဲ့ လုပ်သက်ရ စစ်သားကြီးတွေထဲမှာ ဂျပန်ခေတ် မင်္ဂလာဒုံစစ်သင်တန်းမှာ သမိုင်းတင်ရစ်တဲ့ တပ်ကြပ်မောင်ထူးလည်း ဗိုလ်မှူးအဖြစ် ပြောင်းလာပါတယ်။ တစ်ရက်မှာ အလုပ်သမားညွှန်ကြားရေးဝန် ဦးစိန်ရဲ့ ရုံးအစည်းအဝေးခန်းထဲ ဆုံမိကြတော့ ပုလဲမြို့ပိုင်ကြီး အလံနီတပ်က ချုံခိုတိုက်တဲ့အကြောင်း ပြောမိပါတယ်။ အဲအချိန်တုံးက ပုလဲဂန့်ဂေါဘက်က အလံနီတပ်ဖွဲ့ကို တာဝန်ခံသူက အစ်မကြီးဒေါ်စောမြပါတဲ့ တစ်ချိန်တုန်းက သူ့တာဝန် ကိုယ့်တာဝန်အရ လုပ်ကိုင်ကြရင်း ရန်သူလို သဘောထားသူနှစ်ဦး ပြန်ဆုံကြရတဲ့ “ဘဝသံသရာ” ဇာတ်ကားထဲက သီချင်းသွားအတိုင်း ပါလားလို့ တွေးမိပါရဲ့။

အင်ခိုင်ဘွမ်


  • VIA