News

POST TYPE

ARTICLE

ဝီစီမှုတ်သည့် ကျောင်းဆရာ
19-Dec-2017
မြန်မာနိုင်ငံ အခြေခံပညာကျောင်းများမှ ကျောင်း ဆရာ၊ ဆရာမ အများစုသည် စာသင်ခန်းအတွင်း မြေဖြူ သို့မဟုတ် ကြိမ်လုံးတို့ကိုသာ စာသင်ကြားစဉ် တွဲပြီး တွေ့ရလေ့ရှိသည်။ သို့သော် ထိုအရာတို့နှင့်မတူပဲ ကွဲလွဲကာ ပုသိမ်မြို့အနီး ၁၀ မိုင်ခန့်အကွာက စာသင်ခန်းတစ်ခုတွင် ဝီစီခရာကိုသုံးပြီး စာသင်ကြားနေရသော မူလတန်းကျောင်းဆရာတစ်ဦးရှိနေသည်။ ဘာကြောင့် ဝီစီသုံးကာ စာသင်နေရသည်ကို ပုသိမ်မြို့ သတင်းထောက် ဦးဇော်တင့်(ပုသိမ်)က ကွင်းဆင်းတွေ့ဆုံမေးမြန်း ရေးသားထားပါသည်။
အယ်ဒီတာ


ရွှီး...ရွှီး...ရွှီ ရွှီး...

မော်တော်ယာဉ်ထိန်းရဲထံက မဟုတ်၊ ဘောလုံးပွဲကို စည်းကြပ်ရသော ဒိုင်သူကြီးထံမှလည်း မဟုတ်။ ရွာအစွန်တွင်ရှိသည့် ဂိုဒေါင်နှင့်ဆင်တူသော မူလတန်းကျောင်းထဲမှ အဖြူနှင့်အစိမ်းကို ဝတ်ဆင်ထားသည့် ကျောင်းဆရာတစ်ဦးက ဝီစီမှုတ်၍ ကျောင်းသားများကို ထိန်းကျောင်းကာ စာသင်နေသော အသံပင် ဖြစ်သည်။

သွပ်မိုးကာ ဝါးထရံများကာရံထားပြီး အဝင်အထွက်ပေါက် ၂ ခုသာ ရှိသည့် အဆောက်အအုံထဲတွင် KG တန်းမှ စတင်ကာ စတုတ္ထတန်းအထိ အတန်းစုံမှ ကျောင်းသား ကျောင်းသူ ၃၂ ဦးကို ဆရာတစ်ဦးတည်း စာသင်ကြားနေရသည်။ ကျောင်းသားများကို စာသင်ရသောအခါ နှုတ်ဖြင့်မအော်နိုင်၊ လက်ဟန်လည်း မပြနိုင်ဘဲ ဝီစီသံဖြင့်ပင် ထိန်းကျောင်းနေရသော မူတန်းကျောင်းမှာ ပုသိမ်မြို့နယ်၊ တလိုင်းလေးကုန်းရွာအစွန်တွင် တည်ရှိလေသည်။

တလိုင်းလေးကုန်းရွာသည် ပုသိမ်မြို့နှင့် (အဖြောင့်တိုင်းပါက) ၁၀ မိုင်ခန့် ကွာဝေးသော်လည်း ဝါးတောများ၊ တောလမ်းများကို ဖြတ်သန်းသွားလာရပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ မိုးတွင်းအခါတွင် လှေတစ်တန်၊ ကုန်းတစ်တန်ဖြင့် သွားလာရသော အိမ်ခြေ ၄၀ ခန့်ရှိသည့် ကရင်တိုင်းရင်းသားကျေးရွာ တစ်ရွာပင်ဖြစ်သည်။ 

တလိုင်းလေးကုန်းရွာ မူလတန်းကျောင်းမှာ ယခင်က ရွှံ့အင်းကျေးရွာ အ.မ.က ကျောင်း၏ လက်အောက်တွင် မူခွဲအဆင့်ရရှိသည်မှာ ၄ နှစ်သာရှိပြီး ၂၀၁၆ ခုနှစ်ကမှ မူလတန်းကျောင်းအဆင့်သို့ တိုးမြှင့်ခံရသည်။ အဆိုပါမူလတန်းကျောင်းမှာ မြေပိုင်ဆိုင်မှုနှင့် မြေကြီးမြေပုံများ မပြသနိုင်သေးသဖြင့် ကျောင်းဆောက်လုပ်ခွင့်၊ ခြံစည်းရိုးကာရံခွင့်များ ချထားမပေးနိုင်သေးကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ယင်းအခြေအနေများကြောင့် ကျောင်းမှာ ဂိုဒေါင်သာသာပင် ဖြစ်နေသည်။ ထိုကျောင်းတွင် ဆရာ၊ ဆရာမနှစ်ဦးက သင်ကြားပေးသည်။ ယခင်က စာသင်ကျောင်းမှာ ဝါးထရံအကာများ ပေါက်ပြဲနေသော်လည်း ယခုစာသင်နှစ်လယ်ပိုင်းက ဝါးထရံကာများကို ပြန်လည်ပြုပြင်ထားသည်။ 

တလိုင်းလေးကုန်း မူလတန်းကျောင်းလေးတွင် ဆရာနှင့် ဆရာမတစ်ဦးစီ ရှိသော်လည်း ယခုစာသင်နှစ်တွင် ဆရာမမှာ မီးဖွားခွင့်ယူထားသဖြင့် အတန်းစုံ ကျောင်းသားများကို ဆရာတစ်ဦးတည်းက စာသင်ကြားပေးနေရသည်။ တစ်ခါတစ်ရံ ကရင်တိုင်းရင်းသား စာပေသင်ကြားပေးသော ဆရာမလေးက ကူသင်ပေးရသည်များလည်း ရှိသည်။ 

ဧရာဝတီတိုင်းတွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာ သင်ကြားပေးရန် ဆရာ၊ ဆရာမ ၅၀၀၀ ခန့်လိုအပ်နေပြီး လိုအပ်နေသော ဆရာ၊ ဆရာမများကို စာချုပ်ဖြင့်ခန့်ထားရန် လုပ်ဆောင်နေကြောင်း ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးရုံးထံမှ သိရသည်။ 

ပုသိမ်မြို့နယ်တွင် မူလတန်းကျောင်း ၂၄၉ ကျောင်း၊ မူခွဲကျောင်း ၄ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၆ ကျောင်းရှိပြီး မူလတန်းပြ ဆရာ၊ ဆရာမ ၁၆၉၅ ဦး ရှိနေကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သို့သော် အဆိုပါကျောင်းများတွင်လည်း ဆရာ လိုအပ်ချက်ရှိနေသကဲ့သို့ ဝီစီစာသင်ကျောင်းလည်း ဆရာမလောက်ငသော ပြဿနာနှင့် ရင်ဆိုင်နေရသည်။ 

စာသင်ကျောင်းနေရာကျဉ်းခြင်း၊ ဆရာအခက်အခဲကြောင့် အတန်းအလိုက် ကျောင်းသားများကို အခန်းခွဲမထားနိုင်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည်လည်း ကရင်ဘာသာစကားသာ နားလည်ပြီး မြန်မာဘာသာစကားကို အဓိကပြောဆိုသော ဆရာ၏စကားမှာ နားဝင်ဖို့ခက်ခဲသည်။ ကျောင်းသား ၃၀ ကျော်ကို အော်ပြောဖို့ ခေါ်ဖို့ခက်ခဲသဖြင့် ဝီစီသံဖြင့် ခေါ်ပါက အလုပ်ဖြစ်ကြောင်း အသက် ၂၅ နှစ်အရွယ် ကျောင်းဆရာ ကိုအောင်သူရက ပြောသည်။

အဆိုပါ စာသင်ကျောင်းတွင် နေရာအခက်အခဲ ဆရာနည်းသဖြင့် အခန်းသီးခြားမထားနိုင်ပေ။ ယင်းအပြင် ကျောင်းတွင် ခြံဝင်းမရှိသဖြင့် ဆရာက အတန်းတစ်တန်းကို စာသင်ပါက ကျန်အတန်းမှ ကလေးများကို စာကျက်စေခြင်း၊ စာရေးရန် ညွှန်ကြားထားရသည်။ အချို့ကလေးများမှာ စာသင်ခန်းမှထွက်ခွာပြီး ကျောင်းပတ်ဝန်းကျင်ရှိ ကွင်းပြင်တွင် ပြေးလွှားဆော့နေသူများလည်း ရှိသကဲ့သို့ ကလေးချင်း နပန်းလုံးနေသူများလည်း ရှိသည်။ 

အချို့ကလေးများမှာ ရေကန်တွင် ငါးနှိုက်နေသူများလည်း ရှိသကဲ့သို့ အချို့မှာ ကြာပန်းချိုးနေကြသည်။ တစ်တန်းကို စာသင်ပြီးပါက နောက်တစ်တန်းကို သင်ကြားရန်အတွက် အော်ခေါ်ရန်ခက်ခဲသော ကလေးများကို ဆရာက ဝီစီဖြင့် အချက်ပြကာ လှမ်းခေါ်ရသည်။ 

“ကလေးအများကြီးက ဆော့နည်းမျိုးစုံနဲ့ ဆော့နေတာဆိုတာက တစ်ကြောင်း၊ မြန်မာစကားကို ရေလည်စွာ နားမလည်တာက တစ်ကြောင်းနဲ့ ခေါ်ရတာခက်တော့ ဝီစီနဲ့ပဲ ခေါ်ရတယ်။ အော်ခေါ်နေရင် တော်ရုံနဲ့လှည့်မကြည့်တဲ့ ကလေးတွေက ဝီစီသံ တစ်ချက်ကြားရင် အလိုလိုလှည့်ကြည့်ပြီး ကိုယ်ပြောတာ နားထောင်ကြတယ်” ဟု ကျောင်းဆရာ ကိုအောင်သူရက ပြောသည်။ 

ဆရာ၏ ဝီစီအချက်ပေးမှာ ကျောင်းသား ကျောင်းသူများအကြားတွင်သာ မည်သည့်အကြောင်းကြောင့် ခေါ်သည်ကို သိရှိနိုင်သော သင်္ကေတတစ်ခုပင် ဖြစ်သည်။ 

“ဝီစီသံတို တစ်ချက်မှုတ်ရင် ကျောင်းအနီးအနားမှာရှိနေတဲ့ ကလေးတွေလာရမယ်၊ ဝီစီသံတို နှစ်ချက်မှုတ်ရင် ကျောင်းနဲ့ခပ်လှမ်းလှမ်းမှာရောက်နေတဲ့ ကလေးတွေလာရမယ်၊ ဝီစီသံရှည်မှုတ်ပြီဆိုရင်တော့ ကလေးအားလုံးကိုခေါ်တာ တစ်ခါတစ်ရံ အရေးကြီးတဲ့အခါတွေမှာလည်း သံရှည်မှုတ်ပြီး ခေါ်ရတာရှိသေးတယ်” ဟု ဝီစီဖြင့် ကျောင်းသားများကို ထိန်းကျောင်းရသော ကျောင်းဆရာ ကိုအောင်သူရက ပြောသည်။ 

ကျောင်းချိန်မတိုင်မီ ကရင်တိုင်းရင်းသား စာပေသင်ကြားပေးသော ဆရာမ နော်စနိုးလ်အယ်က  တစ်ခါတစ်ရံ ကျောင်းဆရာနှင့်အတူ ကလေးများကို ကရင်လို ပြောရအော်ရသည်များကြောင့် အသံပင်နာလာပြီး အသံမထွက်တော့ကြောင်း၊ ထို့ကြောင့် ယခု မူလတန်းကျောင်းအတွက် ဝီစီအချက်ပေးစနစ်မှာ အလုပ်ဖြစ်ကြောင်း ၎င်းက ထောက်ခံသည်။ 

ရွာထိပ်တွင် ဖွင့်လှစ်ထားသော မူလတန်းကျောင်းလေးသို့ တလိုင်းလေးကုန်းရွာသာမက တုတ်ကြီးကုန်းရွာမှလည်း ကျောင်းလာတက်ကြရသည်။ မိုးတွင်းအခါ အဆိုပါကျောင်းလေးမှာ ရေမြုပ်ခြင်းမရှိသော်လည်း ကျောင်းသားများနေထိုင်သည့်အိမ်များ ရေမြုပ်သည့်အတွက် ကျောင်းမှာ အလိုလိုပိတ်ထားရကြောင်း၊ ဆရာလေးတစ်ဦးတည်းရှိချိန်တွင် မြို့ပေါ်မှ အစည်းအဝေးခေါ်လျှင်ဖြစ်စေ၊ မြို့တွင် လစာထုတ်လျှင်ဖြစ်စေ ကျောင်းကိုပိတ်ထားခဲ့ရကြောင်း ရွာသားများက ပြောပြသည်။

ကျောင်းလာတက်သော ကလေးများ၏ မိဘများမှာ ကျပန်းလုပ်ကိုင်သူများပြီး ဆင်းရဲနွမ်းပါးကြကြောင်း၊ မိဘများက ရေလုပ်ငန်းချိန်၊ စပါးစိုက်ချိန်၊ ဓနိခုတ်ချိန်တို့တွင် ရာသီချိန်အလိုက် အလုပ်လုပ်ကိုင်ကြရသည်။ စားဝတ်နေရေးကို ကြိုးစားရှာဖွေနေရသဖြင့် ကလေးများကို ကျောင်းပို့နိုင်ရေးသာ အာရုံစိုက်နိုင်သော်လည်း ကလေးများ၏ ကျောင်းဝတ်စုံအတွက် မစဉ်းစားနိုင်ကြပေ။ 

ကလေးများမှာ ကျောင်းက ထောက်ပံ့ပေးသည့် တစ်စုံတည်းသော ကျောင်းဝတ်စုံကို သိမ်းထားကြပြီး ကျောင်းအခမ်းအနားပွဲတွင်သာ ဝတ်ဆင်ကြသည်။ ကျန်သော ကျောင်းတက်ချိန်တွင် အိမ်နေရင်း အဝတ်နွမ်းများဖြင့်သာ စာသင်ကြရကြောင်း ကျောင်းဆရာ ကိုအောင်သူရက ဆိုသည်။ 

“နိုင်ငံတော်က ကျောင်းဝတ်စုံတစ်စုံစီ ထုတ်ပေးထားပေမယ့် ညစ်ပတ်ကုန်မှာစိုးလို့ မဝတ်ခိုင်းရဲဘူး၊ ကျောင်းကလုပ်တဲ့ အခမ်းအနားတို့ ဆုပေးပွဲတို့ကျမှသာ ဝတ်ခိုင်းရတဲ့အဖြစ်တွေပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

ကျောင်းလာတက်သူ ၃၀ ကျော်အနက် တစ်ထည်တည်းသော အပွင့်ရိုက်အင်္ကျီရှည်ကို နေ့စဉ်ဝတ်ဆင်ကာ စာလာသင်သဖြင့် ပထမတန်းကျောင်းသားကို အတန်းဖော်များက “ကိုသိန်းတန်” ဟု အမည်ပေးထားသည်။ 

ကိုသိန်းတန်တွင်လည်း ကျောင်းဝတ်စုံ အဖြူအစိမ်းကို ကျောင်းအခမ်းအနားတို့တွင် ဝတ်ဆင်ရန် သိမ်းထားရပြီး ဖုန်မှုန့်များ နှပ်များပေကျံနေသော အင်္ကျီရှည်သာ ကျောင်းဝတ်စုံအဖြစ် ဝတ်ဆင်ကာ စာသင်နေသည်။ 

ကျောင်းသား ကျောင်းသူများက ၎င်းတို့၏ မိသားစုဝင် လသားအရွယ်၊ လမ်းလျှောက်တတ်သောအရွယ် မောင်နှမများကိုလည်း စာသင်ခန်းထဲသို့ ခေါ်ဆောင်လာကာ စာသင်ကြရသည်။ စာသင်ကြားသော ကျောင်းဆရာမှာ ကျောင်းသား ကျောင်းသူများကိုသာမက ၎င်းတို့ခေါ်ဆောင်လာသော ကလေးများကိုပါ ထိန်းကျောင်းရသည်။ 

စာသင်ကျောင်းမှ ကျောင်းသား ကျောင်းသူများကို သင်ရိုးကုန်အောင် စာသင်ပေးပြီး တစ်ခါတစ်ရံတွင် သင်ခန်းစာများ ပေါင်းသင်ရခြင်းများလည်း ရှိကြောင်း၊ ကျောင်းတွင် တက်ရောက်သော ကလေးများကို ရေးတတ်ဖတ်တတ်စေရန် မူလတန်းပညာရေး ဆုံးခန်းတိုင်စေချင်ကြောင်း ကျောင်းဆရာ ကိုအောင်သူရက ဆိုသည်။ 

အဆိုပါကျောင်းမှ မူလတန်းပြီးမြောက်ပြီးသော ကလေးများမှာ ရွာနှင့် ၂ မိုင်ခန့်ဝေးပြီး တောလမ်းများမှ ဖြတ်သန်းသွားလာရသည့် ဝါးတောကြီးရွာ အလယ်တန်းကျောင်းတွင် ဆက်လက် ပညာသင်ကြားရကြောင်း၊ သို့သော် ကျောင်းနှင့်ရွာမှာ ဝေးခြင်း၊ မိုးတွင်းကာလတွင် သွားလာရခက်ခဲမှုကြောင့် ၅ တန်း၊ ၆တန်း ရောက်ပါက ကလေးများမှာ ကျောင်းထွက်သွားကြောင်း ၎င်းက ပြောပြသည်။ 

ဆရာတစ်ဦးတည်း ဝီစီဖြင့် စာသင်ကြားနေရခြင်းကြောင့် အောက်တိုဘာလမှ စတင်ကာ ဆရာတစ်ဦးကို တွဲဖက်တာဝန်ပေးထားကြောင်း၊ မူလတန်းကျောင်းများတွင် အုပ်စုများ ခွဲခြားထားပြီး အုပ်စုတစ်စုတွင် ဆရာ၊ ဆရာမအင်အား အပိုအလိုများကို ညှိနှိုင်းကာ ဆရာလစ်လပ်နေသော ကျောင်းများကို တွဲဖက် (ယာယီ) တာဝန်ပေးထားမှုများလည်း ရှိကြောင်း၊ ပုသိမ်မြို့နယ်ပညာရေးမှူး ဦးဝင်းလွင်က ပြောပြသည်။

ဆရာလစ်လပ်နေသောနေရာများတွင် အစားထိုးခန့်ထားနိုင်ရေးကို လစဉ်တင်ပြပေးထားပြီး စာချုပ်နှင့်ခန့်မည့် ဆရာ၊ ဆရာမများကိုလည်း လျှောက်လွှာခေါ်ယူနေကြောင်း၊ လျှောက်ထားလိုသူများမှာ အသက် အကန့်အသတ်မရှိသော်လည်း ဘွဲ့ရရှိရမည်ဖြစ်ကြောင်း၊ အဆိုပါ ဆရာ၊ ဆရာမများကို လစ်လပ်နေသော ရွာကျောင်းများတွင် တာဝန်ပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

အဆိုပါကျောင်းသို့ တွဲဖက်ရောက်ရှိနေသည့် ဆရာတစ်ဦးဖြစ်သူ ကိုဇော်ရဲအောင်က “ကျွန်တော်က ခဏလာရပေမယ့် ကလေးတွေက ကျွန်တော့်ကို ချစ်ကြပါတယ်၊ ကျောင်းက ဟော(Hall) တိုက်ဖြစ်နေတယ်၊ အခန်းလည်းခွဲမထားရတော့ ဒီဘက်ကစာသင်ရင် ဟိုဘက်က ဆော့နေတာတွေလည်း ရှိတယ်၊ တစ်ခါတစ်ခါ နပန်းလုံးကြသေးတယ်၊ တစ်ခါတစ်ခါ ကျောင်းရှေ့က လယ်ကွက်ထဲဆင်းဖို့ လုပ်ကြတယ်၊ အဲတော့ ထုံးစံအတိုင်းပေါ့နော်၊ ဝီစီနဲ့ပဲ ပြောကြရတာပေါ့” ဟု ပြောပြသည်။

ယင်းအပြင် ဆင်းရဲနွမ်းပါးသော မိဘများ၏ ကလေးများ ကောင်းမွန်စွာ စာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပဓိရုပ် ညီစေရေးအတွက် ကျောင်းပြန်ဆောက်နိုင်ရန် ဘတ်ဂျက် တင်ပြထာကြောင်း ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းက ပြောပြသည်။

ကရင်တိုင်းရင်းသားများနေထိုင်ရာ သွားလာရ ခက်ခဲသောကျေးရွာတွင် မည်သည့်အခွင့်အရေးမှမရဘဲ ကျောင်းရှိဆရာများက စာသင်ကြားပေးနေမှုကြောင့် ကျေးရွာလူထုနှင့် ကလေးများက ချစ်ခင်ကြကြောင်း ကျေးရွာဒေသခံ နော်အက်စ်စတယ်က ဆိုသည်။

ပုသိမ်မြို့နယ်တွင် အချို့သော မူလတန်းကျောင်းများတွင် ကျောင်းသား ၂၀ ခန့်ကို ဆရာ၊ ဆရာမ ၅ ဦး၊ ၆ ဦးဖြင့် သင်ကြားနေခြင်း၊ အချို့မှာ ကျောင်းမရှိဘဲ ဆရာ၊ ဆရာမရှိနေခြင်းများ ရှိနေကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမအရေအတွက်နှင့် ကျောင်းကို သေချာစိစစ်ပြီး ပိုနေသောဆရာများကို လိုနေသောနေရာကို ဖြည့်ပေးပါက လုံလောက်မှုရှိနိုင်ကြောင်း ပုသိမ်မြို့ရှိ မူလတန်းကျောင်းအုပ်တစ်ဦးက ဆိုသည်။ 

“ပုသိမ်တစ်ဖက်ကမ်းက အ.မ.က ကျောင်းတစ်ကျောင်းမှာဆိုရင် ကျောင်းသား ကျောင်းသူ ၁၅၀ လောက်ကို ဆရာ၊ ဆရာမ ၄ ဦးလောက်နဲ့ စာသင်နေရတာတွေ၊ တချို့ကျောင်းတွေမှာ ဆရာနာမည်ပဲ ရောက်လာပြီး GEC တို့၊ ပညာရေးမှူးရုံးတို့မှာ တွဲဖက် တာဝန်ပေးထားတာတွေ အများကြီးရှိနေတယ်၊ ဒီလို တိုင်းရုံးစိုက်တဲ့ မြို့နယ်မှာတောင် ဒီလောက်ဖြစ်နေရင် တစ်တိုင်းလုံး၊ တစ်နိုင်ငံလုံးဆိုရင်တော့ ပိုများမှာပေါ့” ဟု ၎င်းကဆိုသည်။ 

ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော် ပုသိမ်မြို့နှင့် နီးကပ်စွာတည်ရှိနေသော တလိုင်းလေးကုန်း မူလတန်းကျောင်းလေးတွင်ပင် ဆရာ၊ ဆရာမ မပြည့်စုံခြင်း၊ ကျောင်း၏ ဥပဓိရုပ်နှင့် မကိုက်ညီခြင်း၊ ဖြစ်သလို စာသင်နေကြရခြင်းတို့ကို တွေ့ကြုံနေရသည်။ အလားတူ မြို့နှင့်ဝေးသော ဒေသများမှ စာသင်ကျောင်းများ၏ အခြေအနေမှာလည်း အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။ 

မြို့ပေါ်ရှိ ကျောင်းအချို့ကဲ့သို့ ပကာသနလွှမ်းသော၊ ဂုဏ်တုဂုဏ်ပြိုင်လုပ်သော ကျောင်းသားမိဘများလည်း မရှိ၊ ကျူရှင်ဆိုတာ ဘာမှန်းမသိသော ကျောင်းသားများသာ ရောက်တစ်လှည့် မရောက်တစ်လှည့် ကျောင်းတက်နေသည့် အဆိုပါ မူလတန်းကျောင်းတွင် စာသင်ပေးနေသည့် ကျောင်းဆရာလေး ကိုအောင်သူရကမူ ဝီစီကျောင်းတွင် စာသင်နေရသရွေ့ သင်ချင်ကြောင်း ဆိုသည်။ 

“ကျွန်တော်ကတော့ ကလေးတွေရဲ့ဘဝ တိုးတက်ဖို့၊ အသိဉာဏ်တွေဖွံ့ဖြိုးဖို့အတွက်တော့ ဘာမှမပြည့်စုံတဲ့ဒီကျောင်းမှာ စာဆက်သင်နေရတာပါ၊ ဘာလို့ဆိုတော့ မြို့က ကလေးတွေထက်စာရင် သူတို့ကို ပိုသနားတယ်” ဟု ၎င်းက ဆက်ပြောသည်။

Zaw G


  • VIA