News

POST TYPE

ARTICLE

စောဘဦးကြီးရုပ်တု စိုက်နိုင်မယ့်အချိန်
18-Dec-2017
နှစ်ပေါင်း ရှစ်ဆယ်ပြည့်အဖြစ် ကျင်းပမည့် ၂၀၁၇ ကရင်နှစ်သစ်ကူးနေ့ မတိုင်မီတွင် ကရင်တစ်မျိုးသားလုံး ထူးခြားမှုတစ်ခု ပြုလုပ်နိုင်ရန် ကြိုးပမ်းချက်တစ်ခုကို မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်အတွင်း နိုဝင်ဘာလအတွင်းကပင် ခပ်စိပ်စိပ် ကြားလာရသည်။ သို့သော် ထိုကြိုးပမ်းမှုသည် ကရင်လူမျိုးတို့က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သဘောထားကြီးမှုနှင့် လဲလှယ်လိုက်ရသကဲ့သို့ ရှိနေသည်။
အယ်ဒီတာ


ဒီဇင်ဘာလ ၁၈ ရက်သည် နှစ်ပေါင်းရှစ်ဆယ်ပြည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ကျရောက်ခဲ့ပြီ ဖြစ်သည်။

ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားများကို မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသားများ နေထိုင်ရာ နေရာအနှံ့တွင် ကျင်းပပြုလုပ်သွားရန် ပြင်ဆင်လျက် ရှိနေကြသည်။

ယင်းသို့ ကျင်းပပြုလုပ်ရန် စီစဉ်နေသည့် အခမ်းအနားများတွင် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ရှိ ကရင်စု (ထော်မဲပါရပ်) ကရင်နှစ်သစ်ကူးကွင်းတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) က ကျင်းပပြုလုပ်မည့် အခမ်းအနားတွင် ထူးခြားမှုတစ်ခုရှိခဲ့သည်။

ဘုရားသုံးဆူမြို့တွင် စုပေါင်းကျင်းပမည့် အဆိုပါ အခမ်းအနားသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ဒူပလာယာခရိုင် ဝင်းရေးမြို့နယ်လုံးဆိုင်ရာ နှစ် ၈၀ ပြည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားအဖြစ် ကျင်းပပြုလုပ်မည် ဖြစ်သည်။

အဆိုပါအခမ်းအနားတွင် ကရင်အမျိုးသား အာဇာနည်တစ်ဦးအဖြစ် ကရင်လူမျိုးများက သတ်မှတ်ခဲ့ကြသည့်  KNU ဥက္ကဋ္ဌဟောင်း တစ်ယောက်ဖြစ်သူ စောဘဦးကြီး၏ ရုပ်တုကို စိုက်ထူနိုင်ရန် နှစ်သစ်ကူးကျင်းပရေး ကော်မတီက စီစဉ်လာခြင်း ဖြစ်သည်။

အောက်ခြေ ၂၅ ပေ ပတ်လည်၊ အမြင့် ၉ ပေ ရှိသည့် စောဘဦးကြီးရုပ်တုကို သံကူကွန်ကရစ်ဖြင့် ထုလုပ်မည်ဖြစ်ပြီး ကျပ်ငွေ ၇၆ သိန်း ကုန်ကျမည်ဖြစ်ကြောင်း နိုဝင်ဘာ လဆန်းပိုင်းက အခမ်းအနားကျင်းပရေး ကော်မတီက ထုတ်ပြောခဲ့သည်။

ယင်းနောက်တွင် စောဘဦးကြီးရုပ်တု ထုလုပ်နေသည့် ဓာတ်ပုံများလည်း လူမှုကွန်ရက် စာမျက်နှာများပေါ်သို့ ပျံ့နှံ့ရောက်ရှိခဲ့သည်။

အဆိုပါ ရုပ်တုထုလုပ်သည့်ကိစ္စနှင့် ပတ်သက်၍ ပြဿနာက နိုဝင်ဘာ လကုန်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည်။

စောဘဦးကြီး ရုပ်တုကို နှစ်သစ်ကူးကျင်းပသည့် နေရာတွင် စိုက်ထူရန် စီစဉ်ထားခဲ့သော်လည်း တပ်မတော်နှင့် ပြည်နယ် အပစ်ရပ်ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) တို့က ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါရုပ်တု စိုက်ထူမှုနှင့်ပတ်သက်၍ ပြည်နယ် JMC က အစိုးရအနေနှင့် လွတ်လပ်ရေးရရှိအောင် လုပ်ဆောင်ခဲ့သော နိုင်ငံခေါင်းဆောင်များနှင့် ပြည်ထောင်စု တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသည့် အာဇာနည်ပုဂ္ဂိုလ်များ၏ ရုပ်တုများကိုသာ ခွင့်ပြုချက်ဖြင့် စိုက်ထူစေခဲ့ခြင်းဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။

ထို့ပြင် KNU အနေနှင့် စောဘဦးကြီး ရုပ်တုကို ထားရှိလိုပါက KNU လေးဝါးစခန်းတွင် ထားရှိနိုင်ပြီး ကျန်နေရာတွင် အစိုးရနှင့်တပ်မတော်တို့မှ စိုက်ထူခွင့်မပြုကြောင်း၊ NCA လက်မှတ် ထိုးထားသည့်အတွက် ဥပဒေနှင့်မညီသည့် လုပ်ဆောင်ချက်များ မလုပ်ရန် ပြီးခဲ့သည့် နိုဝင်ဘာ လကုန်ပိုင်းက JMC-S က အကြောင်းပြန်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကန့်ကွက်မှုကြောင့် မူလနေရာတွင် ရုပ်တုစိုက်ထူမည့် အစီအစဉ်ကို ဆိုင်းငံ့လိုက်ရသည်အထိ သက်ရောက်မှုရှိခဲ့သည်။

အဆိုပါရုပ်တုကို ကရင်အမျိုးသား အစည်းအရုံး၏ ဒူပလာယာခရိုင် ဝင်းရေးမြို့နယ်တွင် ယာယီ ထားရှိသွားမည်ဖြစ်ပြီး ရုပ်တုစိုက်ထူခွင့် ပြန်လည်ရရှိရေးအတွက် အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ထံ ပြန်လည်တင်ပြ၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အခမ်းအနားကျင်းပရေး ကော်မတီက ဆုံးဖြတ်ခဲ့ရသည်။

အခမ်းအနားသည် ဒီဇင်ဘာလ ၁၈ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သော်လည်း အဆိုပါထုလုပ်ပြီးဖြစ်သည့် ရုပ်တုကို ဝင်းရေးမြို့တွင်သာ ထားရှိထားပြီး လက်ရှိအချိန်ထိ ဘုရားသုံးဆူမြို့ကို ရောက်ရှိလာခြင်း မရှိသေးကြောင်း ဘုရားသုံးဆူမြို့နယ်ရှိ KNU ဆက်ဆံရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၁၅ ရက်က ပြောကြားသည်။

“ရုပ်တုက အခုချိန်ထိတော့ ဝင်းရေးမှာပဲ ရှိသေးတယ်။ အထက်က ဘယ်လိုလုပ်မယ်တော့ မသိသေးဘူး ခင်ဗျ”ဟု ၎င်းက ဆိုသည်။

ထို့ပြင် အဆိုပါ ဘုရားသုံးဆူမြို့တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ဖိတ်ကြားလွှာတွင်လည်း စောဘဦးကြီးရုပ်တု စိုက်ထူမည့် အစီအစဉ် ပါဝင်လာခြင်း မရှိတော့ဟုလည်း အခမ်းအနားကျင်းပရေး ကော်မတီထံမှ သိရသည်။

ယင်းသို့စီစဉ်ထားမှုကို ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ  (JMC-S) က ကန့်ကွက်ခဲ့သည့်အတွက် ယာယီရပ်ဆိုင်းထားမည်ဖြစ်ပြီး ယင်းကိစ္စရပ်နှင့် ပတ်သက်၍ JMC ထံ ဆက်လက်ဆွေးနွေး တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါ ကရင်နှစ်သစ်ကူး ကျင်းပရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဖဒိုစောမောင်ရွှေက ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုကော်မတီဝင် တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင်လည်း မှတ်ချက် တစ်စုံတစ်ရာပေးရန် ငြင်းဆိုခဲ့ပြီး ဒေသတာဝန်ခံကိုသာ တာဝန်လွှဲအပ်ထားကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

၎င်းတို့၏ အာဇာနည်တစ်ဦးအဖြစ် မှတ်ထင်ထားသူ၏ ရုပ်တုစိုက်ထူမှုကို ကန့်ကွက်ခဲ့သည့်အတွက် ကရင်တိုင်းရင်းသားများကြား မကျေနပ်မှုအချို့ ပေါ်ပေါက်လာခဲ့ပြီး ဝေဖန်မှုများလည်း ရှိလာခဲ့သည်။

ကရင်လူမျိုးတို့၏ သမိုင်းတွင် စောဘဦးကြီးသည် အရေးကြီးသည့် အာဇာနည်တစ်ဦးဖြစ်ပြီး ကရင်အမျိုးသားခေါင်းဆောင် တစ်ဦးအဖြစ် ပြည်ထောင်စုက အသိအမှတ်ပြုသင့်ကြောင်း ကရင်လူမျိုး နိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်သူ ကိုစောထူးအောင်က မှတ်ချက်ပြု ပြောကြားသည်။

“ကျွန်တော်တို့ ကရင်လူမျိုးတွေမှာလည်း အသိအမှတ်ပြုမှုတော့ ရှိသင့်တယ်။ ကရင်လူငယ်တွေ လိုက်မေးကြည့်လိုက်။ နိုင်ငံရေး လေ့လာတဲ့သူမဟုတ်ရင် စောဘဦးကြီးဆိုတာတောင် မသိတဲ့သူတွေ အများကြီးပဲ။ သမိုင်းပျောက်သွားမှာ စိုးရိမ်လို့ ဒီလိုတွေလုပ်နေတာ”ဟု ၎င်းက ဆိုသည်။

စောဘဦးကြီးသည် ကော့ကရိတ်မြို့နယ်တွင် ၁၉၅၀ ပြည့်နှစ်က တပ်မတော်နှင့် တိုက်ပွဲဖြစ်ပြီး ကျဆုံးခဲ့သူ တစ်ဦးဖြစ်ပြီး တရားဝင် အာဇာနည်ခေါင်းဆောင် တစ်ဦးအနေနှင့် အသိအမှတ်ပြုထားခြင်း မရှိခဲ့ပေ။

၎င်း ကျဆုံးခဲ့သည့် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အနီးရှိ ထို့ကော်ကိုးရွာတွင် အုတ်ဂူဗိမာန် တည်ဆောက်ထားသည်။

ထို့ပြင် ၎င်းသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ၁၉၄၇ ခုနှစ်က ကျင်းပခဲ့သည့် ညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပြီး ကရင်လက်နက်ကိုင် တော်လှန်ရေးကိုလည်း ဦးဆောင်ခဲ့ကာ ကရင်ပြည်နယ်ရရှိရေးကို တောင်းဆိုခဲ့သူတစ်ဦး ဖြစ်သည်။

၁၉၅၀ ပြည့်နှစ် ဩဂုတ်လက ကော့ကရိတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကျဆုံးသွားခဲ့ပြီးနောက် ကရင့်အာဇာနည် တစ်ယောက်အဖြစ် ကရင်လူမျိုးများက သတ်မှတ်ခဲ့ကြပြီး ၎င်း ကွယ်လွန်စဉ်က အသက် ၄၅ နှစ် လူလတ်ပိုင်းအရွယ်တွင်သာ ရှိနေသေးသည်။

ထို့ပြင် စောဘဦးကြီးသည် လန်ဒန်ရှိ ကိန်းဘရစ်တက္ကသိုလ် ကျောင်းဆင်း တစ်ဦးလည်းဖြစ်ပြီး ဗြိတိသျှ အစိုးရလက်ထက် လွတ်လပ်ရေးရခါစ မြန်မာနိုင်ငံ၏ ဘုရင်ခံအစိုးရတွင် ဝန်ကြီးတစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။

စောဘဦးကြီး ရှိစဉ်က ချမှတ်ခဲ့သည့် မူလေးချက်ဖြစ်သည့် လက်နက်ချ စကားမပြောရ၊ ကရင့်လက်နက် ကရင့်ထံတွင် ရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်၊ ကရင်ပြည်နယ်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည် စသည့် စောဘဦးကြီးမူများသည် ကရင်နိုင်ငံရေး အသိုင်းအဝိုင်းကို လွှမ်းမိုးမှုရှိခဲ့သည်။

လက်ရှိတွင် စောဘဦးကြီးရုပ်တု စိုက်ထူမှုနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ပြဿနာအချို့ ဖြစ်ပွားနေသေးပြီး ကရင်လူမျိုးတို့ကလည်း စောဘဦးကြီးကို အာဇာနည်ခေါင်းဆောင် တစ်ဦးအဖြစ် သတ်မှတ်ထားဆဲ ဖြစ်သည်။

ကရင်တိုင်းရင်းသား ခေါင်းဆောင်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေးနှင့် မကင်းသူများသောကြောင့် သမိုင်းအမှန်ကို လက်ခံရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသူ စောကျော်ထွန်းက သုံးသပ်သည်။

“ကျွန်တော်တို့ ထင်တာက စစ်တပ်ဘက်က သူတို့တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သူတစ်ဦးကို အာဇာနည်အဖြစ် အသိအမှတ်ပြုဖို့ ဝန်လေးနေတယ် ထင်တယ်၊ တကယ်က သမိုင်းက သမိုင်းပဲလေ ပြင်လို့မှ မရတာ”ဟု ၎င်းက ဆိုသည်။

ပွင့်ဇင်မော်ဟိန်း


  • VIA