News

POST TYPE

ARTICLE

လူငယ်နှင့် ခေါင်းဆောင်မှုပညာ
17-Dec-2017

ကားတစ်စီးမောင်းလာသည်။  လမ်းရိုးအတိုင်း မောင်းလာရာမှ ဘေးကိုခွဲဆင်းသည်။ ယာဉ်ကြောတွေက ပိတ်လွန်းသည်ကို ရှောင်ကွင်းရန် ဖြတ်လမ်းထင်ပြီး မောင်းခြင်းဖြစ်သည်။ ကားကို မောင်းလာပြီး အတန်ကြာသည့်အခါတွင် ရှေ့တွင် တံတားက ပျက်နေသည်။ ဆက်သွား၍မရ။ နောက်ပြန်လှည့်ပြီး မောင်းလာသည်။ ယခင်နေရာကို ပြန်ရောက်သည်။ ခရီးက နှစ်ဆကြာသည့်အပြင် လမ်းတွေက ထပ်ပိတ်သည်။ ပိတ်သည့်လမ်းအတိုင်း ဆက်မောင်းနေလျှင်ပင် ခရီးက အတော်လေးရောက်မည်။

ဦးဆောင်နေသူ တစ်ယောက်သည် ကားကိုမည်သို့ မောင်းမည်နည်း၊ ကားပေါ်တွင် ပါလာသူတွေကို မည်သို့ ခေါ်ဆောင်မည်။၊ မည်သည့်လမ်းကို ရွေးချယ်သင့်သနည်းဟု စဉ်းစားဝေဖန်နိုင်စွမ်း ရှိနိုင်ရမည် ဖြစ်သည်။ အလွယ်ကြိုက်ပြီး ဖြတ်လမ်းလိုက်ရခြင်း အကျိုးတရားကို မည်သူတွေ ခံစားရမည်နည်းဟု ထည့်သွင်းစဉ်းစားသင့်သည်။ 

Fortune မဂ္ဂဇင်းတွင် သောမတ်စ်အေစတီးဝပ် ဆိုသူက -
“ခေါင်းဆောင်တစ်ဦး၏ အဓိက ကျဆုံးရခြင်း အကြောင်းတရားမှာ မသိသည့် နယ်ပယ်ကို အားကုန်ထုတ်ပြီး မောင်းဝင်တတ်ခြင်း ဖြစ်သည်။ ထိုနယ်ပယ်သို့ ဝင်လိုက်လျှင် ဘာဖြစ်မည်ကို ကောင်းစွာ နားမလည်ဘဲ ရမ်းပြီးဝင်လိုက်ခြင်းမှာ ဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်”ဟု ဆိုထားသည်။ ခေါင်းဆောင်ဆိုသည်မှာ တွေဝေ၍ မရ။ လမ်းကို ရွေးချယ်ရမည်ဆိုလျှင် သူ့အဆုံးအဖြတ်က အရေးကြီးသည်။ မှား၍ နောက်ကြောင်း ပြန်လှည့်လိုက်ချိန်တွင် နောက်ကျကျန်ခဲ့ပြီ။

ခေါင်းဆောင်သည် မိမိဦးဆောင်သည့် အဖွဲ့အစည်းကို မည်သို့ ဦးဆောင်ခေါ်သွားရမည်ကို ခိုင်မာသည့် ဆုံးဖြတ်ချက်ချပြီးသား ဖြစ်နေရန်လိုပါသည်။ လမ်းကြောင်းအမှန်ကို သွားနေသည်မှာ ကြာသည်ထင်ပြီး လမ်းကြောင်းသစ်ကို ရွေးချယ်လိုက်ခြင်းမှာ စွန့်စားရခြင်း တစ်ခုဖြစ်ပြီး ထိုစွန့်စားမှုမှာပင် အန္တရာယ်ရှိနိုင်သည်။

လမ်းမှန်ကို ရွေးချယ်နိုင်စွမ်းဆိုသည်မှာ အတွေ့အကြုံနှင့် ဉာဏ်ပညာ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတို့ကလည်း အရေးကြီးသည်။ စစ်သားများကို တိုက်ပွဲတွင် ဘာလုပ်ဟု လိုက်ပြောနေစရာမလို။ သူတို့ကို လေ့ကျင့်ပေးထားပြီး ဖြစ်သောကြောင့် ဘာလုပ်ရမည်ကို အလိုလိုသိနေသည်။ သင်တန်းက သူတို့ အသက်ရှင်ရေးကို လေ့ကျင့်သင်ကြားပေးပြီး ဖြစ်သည်။ 

ဂျွန်မက်စ်ဝဲကလည်း
“ခေါင်းဆောင်ဆိုသည်မှာ သူ့ကိုယ်သူ ခေါင်းဆောင်မှန်းသိသူ၊ ခေါင်းဆောင်အဖြစ် ကြိုးစားလာသူ၊ ခေါင်းဆောင်အဖြစ် လမ်းပြနိုင်သူဖြစ်သည်”ဟု ဆိုထားပါသည်။ 

ဆိုလိုသည်မှာ ခေါင်းဆောင်တစ်ယောက်သည် မိုးပေါ်က ကျမလာ။ မကြိုးစားဘဲ ထိုင်နေရုံသက်သက် ခေါင်းဆောင်ဖြစ်မလာ။ ခေါင်းဆောင်နိုင်သည့် အရည်အချင်းတစ်ခုကို ကြိုးစား တည်ဆောက်ပြီးမှ ခေါင်းဆောင်ဖြစ်လာရသူများသာ ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်ဆိုသည်မှာ မည်သည့်လမ်းက ဦးဆောင်ခေါ်သွားရမည် ဆိုခြင်းကို ကောင်းစွာ နားလည် သဘောပေါက်ထားသူ ဖြစ်ရန်လိုသည်ဟု ဆိုရခြင်းဖြစ်သည်။ 

လုပ်ငန်းအဖွဲ့အစည်းများတွင် အင်အား တောင့်တင်းသော်လည်း ခေါင်းဆောင်ညံ့ဖျင်းမှုကြောင့် ကျဆုံးသွားသည်များ ရှိသလို၊ အင်အား မတောင့်တင်းသော်လည်း ခေါင်းဆောင်ကောင်း တစ်ယောက်ကြောင့် ထောင်တက်သွားရသည့် သာဓကများ ရှိခဲ့ဖူးပါသည်။ ထို့ကြောင့် အဖွဲ့အစည်းတစ်ခုတွင် အင်အားနှင့် တည်ဆောက်မှုပုံစံ အရေးကြီးသလားဟု မေးစရာဖြစ်လာသည်။ ခေါင်းဆောင်ကောင်းတို့နှင့် နောက်လိုက်ကောင်းတို့ရှိမှ အဖွဲ့အစည်းက တိုးတက်ပါသည်။ ဗိုလ်တွေချည်း ဖြစ်နေလျှင်လည်း မတိုးတက်။ နောက်လိုက်ပဲရှိပြီး ခေါင်းဆောင်ကောင်း မရှိလျှင်လည်း ပရမ်းပတာဖြစ်ချင်တိုင်း ဖြစ်နေမည်သာ။ 

နောက်လိုက်တို့သည် ခေါင်းဆောင်ဖြစ်သူက မည်သည့်လမ်းကိုရွေးပြီး မည်သို့သွားနေကြောင်း ကောင်းစွာသိရှိကာ ယုံကြည်စွာ လိုက်ပါရန်လည်း လိုသည်။ ခေါင်းဆောင်က ဖြတ်လမ်းကို ရွေးချယ်လိုက်မှုသည် မှန်ကောင်းလည်း မှန်သွားနိုင်ပါသည်။ မှန်လျှင် ခေါင်းဆောင်မှန်ပြီး၊ မှားလျှင်လည်း ခေါင်းဆောင်တွင် တာဝန်ရှိသည်။ နောက်လိုက်များကို အပြစ်ပြောရန် မဟုတ်ပေ။ နောက်လိုက်ကောင်းတို့ မည်သည့် ခေါင်းဆောင်ကောင်း၏ ဦးဆောင်ရာနောက်ကို ယုံကြည်စွာနှင့် လိုက်ပါရန်သာဖြစ်သည်။ 

ခေါင်းဆောင်ကလည်း မည်သည့်လမ်းကသွားမည်။ အဘယ်ကြောင့် သွားရသည်။ ဘာဖြစ်မည်၊ ဘာတွေ ရင်ဆိုင်ကျော်ဖြတ်ရမည် ဆိုခြင်းကို နောက်လိုက်များအား သဘောပေါက်အောင် ရှင်းလင်း ပြောပြထားရမည်။ ဘာဖြစ်ဖြစ် ငါခေါ်ရာနောက်ကို လိုက်သာလိုက်ခဲ့ဆိုသည့် အဖြစ်မျိုးမှာ မဖြစ်သင့်ပါ။ ဖြစ်သင့်ဖြစ်ထိုက်၊ ပြောသင့်ပြောထိုက်သည်များကို နောက်လိုက်များ ယုံကြည်စွာဖြင့် လိုက်လာနိုင်ရန် ပြောပြမှလည်း ခရီးရောက်နိုင်ပါသည်။ 

ခေါင်းဆောင်သည် မှန်ကန်သောလမ်းကို ရွေးချယ်ပြီး ဖြစ်ကြောင်း နောက်လိုက်များက နားလည်ပြီးလျှင် သူတို့ စကားသံကိုလည်း နားထောင်သင့်ပါသည်။ ကောင်းမွန်သည့် အကြံပြုချက်မျိုးကို လက်ခံနိုင်စွမ်းရှိသော ခေါင်းဆောင်မျိုး ဖြစ်ရမည်။ ဤလမ်းက သွားမည်။ ဤလမ်းအကြောင်း ဘာသိသနည်းဟု နောက်လိုက်များထံက အကြံဉာဏ်ယူကောင်း ယူသင့်သည်။ တံတားပျက်တစ်ခုရှိကြောင်း နောက်လိုက်ထဲက တစ်ဦးသည် သိနေလျှင်လည်း အချိန်ပုပ်ခြင်းကို ကာကွယ်နိုင်သည်။ အရေးကြီးသည်မှာ အပြန်အလှန် လေးစားစိတ်နှင့် အဖွဲ့အစည်းကို ပူးပေါင်း လုပ်ဆောင်နေကြောင်း သိထားရန်လိုသည်။

ခေါင်းဆောင်ခြင်းသည် အနုပညာတစ်ရပ်ဖြစ်သည်။ ခေါင်းဆောင်ဆိုသည်မှာ ခေါင်းဆောင်အဖြစ် မွေးဖွားလာသည် မဟုတ်ပါ။ ခေါင်းဆောင်နိုင်မှု အရည်အချင်းများကို ပြုစုပျိုးထောင်ရင်းက ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်းခံရသော ခေါင်းဆောင်သည်သာ အားလုံးအတွက် ခေါင်းဆောင်၊ အောင်မြင်သော ခေါင်းဆောင်တစ်ယောက် ဖြစ်နိုင်သည်။ 

E-01


  • VIA