News

POST TYPE

ARTICLE

လျှပ်တစ်ပြက်ကောင်းမှုလေးများနှင့် လူသားများ (၁၀)
17-Dec-2017
လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများချည်း ဖြစ်ပါသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည် ခိုင်မာစေရန် အမြဲပြင်ဆင်လှုပ်ရှားနေကြရသည်။ ထို့ကြောင့် လူတိုင်းသည် အချိန်ပြည့် အများအကျိုးလုပ်ဆောင်နေနိုင်သူ မဖြစ်နိုင်ပေ။ သို့သော် နေ့စဉ်ဘဝတွင် ရုန်းကန်နေထိုင်ရင်းပင် ကြုံရာကျပန်း ကောင်းမှုလေးများကို လုပ်ဆောင်နိုင်ပေသည်။ သန်းကြွယ်သူဌေး၊ အားကစားကြယ်ပွင့်မှသည် သာမန်ရထားစီး ခရီးသည်တစ်ယောက်အထိ လုပ်ဆောင်ပေးသမျှသည် သူ့နည်းသူ့ဟန်ဖြင့် လိုအပ်နေသူအတွက် ထိရောက်မှု ရှိပါပေသည်။ ကြုံရာကျပန်း လုပ်ဆောင်ပေးသည့် လျှပ်တစ်ပြက်ကောင်းမှုလေးများ သတင်းတိုများကို ဖတ်ရှုရတိုင်း မဖော်ပြတတ်သော ကြည်နူးမှုများ ခံစားရတတ်သည်။ ထို့ကြောင့် The Voice Sunday စာဖတ်ပရိသတ်အတွက် အဆိုပါ ဖြစ်ရပ်လေးများကို မျှဝေဖော်ပြလိုက်ပါသည်။ 

မင်းမဲ့စရိုက်အလွန် လန်ဒန်

၂၀၁၁ လန်ဒန်အဓိကရုဏ်းအကြောင်းကို ပြန်ပြောင်းပြောပြပါမည်။ ဂိုဏ်းစတား လူငယ်တစ်ဦးကို ရဲက ပစ်သတ်လိုက်ရာမှ လမ်းများပေါ်ကို လူစုံတက်လာကြပြီး တွေ့ရာဖျက်ဆီး ရိုက်ချိုးကြသည့် ဆူပူသောင်းကျန်းမှု ဖြစ်သည်။ မည်သည့် နိုင်ငံရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုမှမဟုတ်။ ဒေါသထွက်နေသော လူအုပ်ကြီးက ဖျက်ဆီးရေးများ လုပ်နေခဲ့ကြခြင်း ဖြစ်ပါသည်။ လန်ဒန်မြို့တော် ဆင်ခြေဖုံးနေရာ အတော်များများကို ပျံ့နှံ့သွားပြီး အရေးပေါ်အခြေအနေများပင် ဖြစ်ခဲ့ပါသည်။ မြို့သည် မီးခိုးတလူလူနှင့် ဖြစ်ခဲ့၏။ ထိုအဓိကရုဏ်းပြီးသောအခါ လမ်းမပေါ်သို့ နောက်ထပ် လူအုပ်ကြီးပြန်တက်လာခဲ့သည်။ ဒီတစ်ခါ လူအုပ်ကြီးက ထူးဆန်းသည်။ လက်နက်မျိုးစုံ ကိုင်လာကြသော်လည်း သန့်ရှင်းရေးပစ္စည်းများ ဖြစ်ကြသည်။ လူရမ်းကားများ စိတ်ထင်တိုင်း ရိုက်ခွဲ ဖျက်ဆီးသွားသမျှကို စေတနာ့ဝန်ထမ်း လာရောက်ရှင်းလင်းကြသူများ ဖြစ်ပါသည်။ လန်ဒန်မြို့တော်သူ မြို့တော်သားများ၏ ရင်းနှီးသွေးစည်းမှု၊ မိသားစုစိတ်ဓာတ်ကိုလည်း ဖော်ပြပြီးသား ဖြစ်သွားသလို အကြမ်းဖက်မှုများကို လန်ဒန်သားများက အလိုမရှိဆိုသည်ကိုလည်း ပြပြီးသား ဖြစ်သွားသည်။ တစ်မြို့လုံးကို ပျော်ပျော်ပါးပါး သန့်ရှင်းရေးလုပ်ကြပြီး အကြမ်းဖက်ခြင်းကို ဆန့်ကျင်ကြပါသည်။

လမ်းဘေးကကြောင်အိမ်

တစ်ခါတလေ ကိုယ့်အိမ်မှာ တချို့အစားအသောက်တွေက ပိုလျှံနေတတ်သည်။ ထိုပိုလျှံနေပါသည်ဟူသော အစားအသောက်မျိုးက တခြားအိမ်များတွင် လိုချင်လိုအပ်နေတတ်သော အရာများဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု ဖာယက်ဗီလီမြို့က ဂျက်ဆီကာမက္ကလက်ဆိုသူက လမ်းဘေးကြောင်အိမ်လေး တီထွင်ကာ ပရဟိတအစီအစဉ်တစ်ခု ပြုလုပ်ထားသည်။ ထိုကြောင်အိမ်လေးထဲသို့  မိမိအိမ်တွင်ပိုနေသော စည်သွတ်ဘူးများ၊ ကွေကာအုတ်များ လာထည့်ကာ လှူဒါန်းနိုင်သည်။ အစားအသောက်အတွက် လိုအပ်နေသူများကို ပြန်လည်လှူဒါန်းနိုင်ခြင်း ဖြစ်သည်။ ထိုကြောင်အိမ်လေး ထောင်လိုက်ပြီးနောက်နေ့တွင် ဂျက်ဆီကာ အံ့ဩသွားခဲ့ရသည်။ ဘယ်လိုဖြစ်သလဲဆိုတော့ အစားအသောက်များ ပြည့်နေသောကြောင့် ဖြစ်သည်။ အများသူငါက စိတ်ပါဝင်စားစွာ လှူကြသောကြောင့် ဖြစ်သည်။ အစားအသောက်အတွက် ခက်ခဲနေသူများကို သေသေချာချာ လှူနိုင်ခဲ့သည်။ တခြားမြို့များကလည်း ထိုကဲ့သို့ ကြောင်အိမ်လေးများ လိုက်လုပ်ကြသည်။ ခိုးခံရသည်၊ ဖောက်ခံရသည်ဟူ၍ မကြားရ။ မေတ္တာကြောင်အိမ်လေးများ ဖြစ်ပါသည်။ 

ကတုံးစာသင်ခန်း

ကင်ဆာဖြစ်ပြီဆိုလျှင် ကင်ဆာဆေးများ သွင်းရသည်။ ထိုဆေးများက ပြင်းပုံရသည်။ ဆေးသွင်းလိုက်ပြီးသော် ဆံပင်များ ကျွတ်လာသည်။ ထို့ကြောင့် ကင်ဆာဝေဒနာရှင် အတော်များများ ကတုံးဖြစ်ရသည်။ နေမကောင်းရသည့်ကြားထဲ ကိုယ့်ရုပ်ကို ကတုံးကြီးနဲ့တွေ့သောအခါ ပိုပြီးစိတ်ဓာတ်ကျရသည်။ ထိုဖြစ်ရပ်မျိုး ကြုံရသော အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဘရွန်းဖီး မူလတန်းကျောင်းတစ်ကျောင်းမှ မာလီပတ်ဟုအမည်ရသော ကိုးနှစ်အရွယ် ကျောင်းသူတစ်ဦးလည်း ရှိခဲ့သည်။ ကတုံးလေးနှင့် စိတ်ဓာတ်ကျနေသည်ကို အတန်းဖော်များနှင့် ဆရာ၊ ဆရာမများက သိကြသည်။ သူ့ကို အားပေးဖို့လိုသည်။ မည်သို့လုပ်ကြသည် ထင်ပါသနည်း။ ဆရာ၊ ဆရာမများနှင့် အတန်းသူအတန်းသား စုစုပေါင်း ၈၀ လောက် အစုလိုက်အပြုံလိုက် ကတုံးတုံးကြခြင်း ဖြစ်ပါသည်။ မာလီပတ် ကျောင်းလာသောအခါ တစ်တန်းလုံး သူ့လိုပဲ ကတုံးများဖြစ်နေသည်။ အားလုံးက သူနဲ့တစ်သားတည်းရှိ အားပေးကြောင်းကို ပြောပြကြသည်။ ကင်ဆာလိုဝေဒနာဆိုးကြီးကို ရင်ဆိုင်နေရသော ကလေးငယ်သည် သူငယ်ချင်းများ၊ ဆရာ၊ ဆရာမများထံမှ စိတ်အားသတ္တိရရှိပါသည်။ ချစ်စရာကောင်းသည့် ဖေးမအားပေးမှုမျိုး ဖြစ်လေတော့သတည်း။

အီဂျစ်က ခရစ်ယာန်နှင့် မွတ်ဆလင်များ

လူ့အဖွဲ့အစည်းတိုင်းတွင် အစွန်းရောက်ကာ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးမှ မိတ်ဆွေ၊ ဘာသာခြား လူမျိုးခြားဆို ရန်သူလို ယူဆကြသူများရှိသည်။ သို့သော် ဘာသာလူမျိုး မခွဲခြား လူသားချင်းအတူတူ ကူညီစောင့်ရှောက်ကြသော ဘာသာဝင်ကောင်းများလည်း ဘာသာတိုင်းတွင် ရှိပါသည်။ အီဂျစ်တွင် ဖြစ်ပျက်ခဲ့သော ဥပမာကောင်းတစ်ခုကို ဖောက်သည်ချလိုပါသည်။ အီဂျစ်သည် မွတ်ဆလင်လူများစု နိုင်ငံဖြစ်သလို ခရစ်ယာန်အီဂျစ်များလည်း ရှိပါသည်။ အစွန်းရောက်မွတ်ဆလင်များက ခရစ္စမတ်ပွဲတော်ကို တိုက်ခိုက်မည်ဟု ကြေညာခဲ့ပြီးနောက်တွင် မေတ္တာတရားကို လိုလားသော မွတ်ဆလင်များက ထိုဖြစ်ရပ်ကို လက်မခံပါ။ ခရစ်ယာန်ဘုရားကျောင်းများအတွင်း ခရစ္စမတ်ဝတ်ပြုနေချိန်တွင် မွတ်ဆလင် လူအုပ်ကြီးက ဘုရားကျောင်းများရှေ့တွင် လူတံတိုင်းကာထားကာ အမျိုးသားရေးအစွန်းရောက် မွတ်ဆလင်များ မနှောင့်ယှက်နိုင်ရန် ကာကွယ်ပေးခဲ့ကြသည်။ နောက်ထပ် ဥပမာကောင်းရှိသေးသည်။ မွတ်ဆလင်များသည် ဘာသာရေး ဝတ်ပြုကိုးကွယ်မှုကို အချိန်နဲ့ လုပ်ရသူများဖြစ်သည်။ အီဂျစ်တော်လှန်ရေး ဒီမိုကရေစီ အရေးတော်ပုံအတွင်း မွတ်ဆလင်များက ရဲများ အဝိုင်းခံထားရချိန် ဘုရားဝတ်ပြုရန် အချိန်ရောက်လာသောအခါ ဝတ်ပြုနေကြပြီး ၎င်းတို့ လုံခြုံရန်အတွက် ဝတ်ပြုဖို့မလိုသော ခရစ်ယာန်များက လူတံတိုင်းဖြင့် ကာထားပေးခဲ့ဖူးသည်။ မေတ္တာသည် အကာအရံကောင်းဖြစ်၏။


  • VIA