News

POST TYPE

ARTICLE

သရော်ကွက်တောင် မရှိပေါင်
17-Dec-2017
စိုပြေလည်း စာမရေးဖြစ်တာကြာပြီ။ မရေးဆို ဘာရေးရမှန်းကို မသိတာ။ ဘာကို သရော်လို့ သရော်ရမှန်း မသိဘူးပေါ့လေ။ 

သရော်တယ်ဆိုတာကလည်း ကမောက်ကမ ဖြစ်နေတဲ့အဖွဲ့တွေ၊ အစိုးရတွေကို သရော်ရတာ မဟုတ်လား။ 

စိုပြေ ရေးစရာမရှိဘူးဆိုတော့ ဒီအစိုးရလက်ထက်မှာ ကမောက်ကမတွေ မရှိတော့ဘူးလို့ မှတ်ယူရမှာပေါ့လေ။ 

ဟုတ်လည်း ဟုတ်သဗျ ...။ ရေးစရာတွေ တော်တော်ကို ရှားသွားတာ ...။ ဟိုးအရင်တစ်ပတ်က ဘာသာရေး စာပေတွေကို စိစစ်ပြီးမှ ထုတ်ဝေခွင့်ပြုမယ်လို့ ကြေညာတယ်။ ဒါဟာ ကမောက်ကမလားလို့ စဉ်းစားသေး တယ်။ ဘယ်ဟုတ်မလဲ...။ 

စစ်အစိုးရလက်ထက်ကဆို ဘာစာအုပ်ထုတ် ထုတ် စိစစ်ရေးတင်ရတာ မဟုတ်လား ...။ အခုက ဘာသာရေး စာပေတစ်ခုတည်း စိစစ်ရေးတင်ရတာ ...။ ဒါကြောင့် စစ်အစိုးရခေတ်လောက် မဆိုးသေးဘူးလေ ...။ ဒီတော့ ကမောက်ကမ မဟုတ်ဘူးပေါ့ ...။ 

ဒီရက်ပိုင်းမှာ စီးပွားရေးကြီးက ပြောတယ်။ မြန်မာစီးပွားရေး သိပ်မတိုးတက်ဘူးတဲ့ ...။ အရင်ကတော့ သူက ပြောခဲ့ဖူးတယ်။ မြန်မာ့စီးပွားရေးက ဂျက်လေယာဉ်လို တစ်ဟုန်ထိုး တိုးတက်မှာဆိုပဲ ...။ အခု တလွဲတွေဖြစ်လာတော့ ...။ 

ဒါကလည်း စစ်အစိုးရခေတ်လောက် မဆိုးသေးပါဘူး ...။ စစ်အစိုးရခေတ်ကဆိုရင် စီးပွားရေးက ဘာမှန်းမှ မသိတာ ...။ တိုးသလား ... ကျသလားလဲ မသိ။ ဖြစ်ချင်တိုင်းဖြစ်နေတာ မဟုတ်လား ...။ 

အခုအစိုးရခေတ်မှာတော့ ဂျက်လေယာဉ်ကြီး တက်သွားလိုက်၊ ပြန်ဆင်းလာလိုက်မို့ တော်သေး တယ်ပြောရဦးမယ်။ လေယာဉ်ဆီ ဖြည့်ပြီးရင် ပြန်တက် ချင်တက်မှာပေါ့လေ ...။ 

ပါတီက လူကြီးကလည်း ပြောပါတယ်။ မြန်မာ့ စီးပွားရေးက တိုးတက်နေတယ်တဲ့။ ခရီးသွားတဲ့လူတွေကို ကြည့်တဲ့။ စီးပွားရေး အဆင်ပြေလို့ ခရီးသွားနေတာတဲ့ ...။ လမ်းက ထမင်းဆိုင်တွေတောင် ထမင်းဟင်းတွေ ပြတ်ကုန်သတဲ့ ...။ အဲ့တော့ စီးပွားရေးတိုးတက်တာပဲ ဆိုပဲ ...။ 

အရမ်းကောင်းတဲ့ လော့ဂျစ်ပဲဗျာ ...။ စီးပွားရေး ပညာရှင်တွေ၊ ဖီလော်ဆော်ဖာတွေတောင် အဲ့လို မစဉ်းစားတတ်ဘူး။ ဂျီဒီပီမြင့်မှ စီးပွားရေး တိုးတက်တယ် သတ်မှတ်ကြတာ မဟုတ်လား ...။ 

အခုဆို ပါတီလူကြီးပြောတဲ့ လော့ဂျစ်ကို တက္ကသိုလ်မှာတောင် ထည့်ပြီး သင်ကြားသင့်တယ်။ နောက်ဆို ပို့ကုန်ဘယ်လောက်၊ သွင်းကုန်ဘယ်လောက် ဘာညာတွေ တွက်မနေနဲ့။ အဝေးပြေးက ထမင်းဆိုင်တွေ ထမင်းပြတ်သွားလားဆိုပြီး စစ်တမ်းကောက်။ ထမင်းဆိုင်တွေ ထမင်းပြတ်ရင် စီးပွားရေး တိုးတက်တယ်လို့ မှတ် ...။ ရပ်ကွက်ထဲက ထမင်းဆိုင်တွေတော့ မထည့်နဲ့ပေါ့လေ ...။ 

ဘာလို့လဲဆိုတော့ မီးတွေက ခဏခဏပြတ်တော့ ထမင်းဆိုင်တွေက ထမင်း ခဏခဏ ပြတ်တတ်တာကိုး ...။ 

ဘာပဲဖြစ်ဖြစ် စီးပွားရေး လော့ဂျစ်အသစ်တစ်ခုကို ဖော်ထုတ်ခဲ့တဲ့ ပါတီလူကြီးကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးသင့်တယ်။ အရင်အစိုးရခေတ်ကဆို ဒီလောက် ကောင်းတဲ့ လော့ဂျစ်တွေ မထွက်ဖူးဘူးလေ ...။ အလွန်ဆုံး ဝယ်သာမကောင်းရင် ဖြုတ်လဲလိုက်ဆိုတဲ့ လူကြီးတွေပဲ ရှိတာမဟုတ်လား ...။ 

စီးပွားရေးဒုဝန်ကြီး တစ်ယောက်ကလည်း ပြောသေးသဗျ ...။ ဆန်တွေ၊ ဆီဈေး၊ ကြက်သွန်ဈေးတွေ တက်တာဟာ တောင်သူတွေကို အကျိုးရှိစေသတဲ့ ...။ ဈေးတက်တော့ စိုက်ပျိုးတဲ့တောင်သူတွေ ချမ်းသာတာ ပေါ့ဆိုပဲ။ ဒါကလည်း လော့ဂျစ်အသစ်ပဲဗျ ...။ 

နောက်ဆို မြန်မာပြည် တိုးတက်အောင် ကုန်ဈေးနှုန်းတွေ မြှင့်ပေးမှဖြစ်မယ်။ ဆန်တစ်ပြည် တစ်သောင်းလောက်နဲ့ရောင်း။ ကြက်သွန် တစ်ဆယ်သားကို တစ်ထောင်လောက်နဲ့ရောင်း။ ဒါဆို တောင်သူတွေ အကျိုးအမြတ် များတယ်။ မြန်မာပြည်မှာကလည်း တောမှာနေတဲ့လူက ၇၀ ရာခိုင်နှုန်းလောက်ရှိတာ မဟုတ်လား။ အဲ့တော့ တောင်သူတွေ ဝင်ငွေကောင်းပြီး မြန်မာပြည် တိုးတက်ပြီပေါ့။ 

အဲ ... တစ်ခုတော့ ရှိတယ်။ စပါးစိုက်တဲ့လူကလည်း ဆန်ပဲစား။ ကြက်သွန်စိုက်တဲ့ လူကလည်း ကြက်သွန်ပဲစား ...။ ကိုယ်စိုက်တာ မဟုတ်တဲ့ပစ္စည်းကို ဝယ်စားရင် ဈေးတွေကြီးမှာ မဟုတ်လားဗျ ...။ 

အရမ်းကောင်းတဲ့ အတွေးအခေါ် ပိုင်ရှင်တွေရှိ တဲ့ ဒီအစိုးရကို စိုပြေ့အနေနဲ့ ဘယ်နား သရော်မလဲဗျာ ...။ 

သရော်ကွက်ကို မရှိဘူး။ 

အခုပဲကြည့်ဦး ...။ ဟိုးလွန်ခဲ့တဲ့ နှစ်လကျော်လောက်က ကိုကြီးဖြိုးဟာ ရိုက်တာ သတင်းဌာနကို အရေးယူပေးဖို့ တိုင်တယ်။ ဒါပေမဲ့ စာနယ်ဇင်းကောင်စီက အရေးမယူဘူး။ ရိုက်တာက ဘာတွေ ကျူးလွန်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြန်ပြောဆိုပြီး ကိုကြီးဖြိုးကို ပြန်ပြောတယ်။ တော်တော် မခန့်လေးစာလုပ်တဲ့ စာနယ်ဇင်းကောင်စီပဲ။ ဒီလောက် အလုပ်များနေတဲ့ ကိုကြီးဖြိုးကိုများ ... ပြန်တောင် မေးခွန်းထုတ်လိုက်သေးတယ်။ 

ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ ရိုက်တာ သတင်းဌာနက သတင်းထောက်နှစ်ယောက် အဖမ်းခံရတယ်။ ရခိုင်နဲ့ ပတ်သက်တဲ့စာတွေ လက်ဝယ်ထားလို့ ဖမ်းတာဆိုလားပဲ။ စိုပြေကတော့ ထောက်ခံသဗျ ...။ တကယ်ဆို အဲ့သတင်းထောက် နှစ်ယောက်တည်းကိုတင် မဟုတ်ဘူး။ သတင်းထောက် အားလုံးကို ဖမ်းသင့်တာ ...။ 

သတင်းထောက်တွေမှာ ရခိုင်နဲ့ပတ်သက်တဲ့ စာတွေ ရှိကြတယ်။ မယုံရင် သူတို့ဖုန်းထဲကို ကြည့်လိုက်။ ဖုန်းထဲမှာမရှိရင် သူသုံးနေတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကို ဝင်စစ်လိုက်။ သူတို့ ဖေ့စ်ဘွတ်ခ်အကောင့်ထဲကနေ အစိုးရဌာနပေ့ချ်တွေကို ဝင်ကြည့်လိုက်။ ရခိုင်နဲ့ပတ်သက်တာတွေရော။ လျှို့ဝှက်စာတွေရော ရှိတတ်သဗျ။ ဒါဆို တစ်ခါတည်း ဖမ်းလို့ရတာပေါ့။ သူတို့ဖုန်းထဲက တွေ့တာမဟုတ်လား...။ 

အဲ့လို သတင်းထောက်တွေကို အကုန်ဖမ်းမှ နားအေးမှာ...။ နို့မို့ဆို အစိုးရနဲ့ စစ်တပ်ကို ဘာလဲ ဘယ်လဲဆိုပြီး မေးခွန်းတွေထုတ်။ အကြပ်ရိုက်အောင် လုပ်။ အခွန်တွေကောက်နေပါတယ် ရေးလို့ရေး။ ပြည်သူတွေ ငတ်နေပါတယ်ရေးလို့ရေး ...။ 

ပြန်ကြားရေးဝန်ကြီး ဘာလဲ ဘယ်လဲဆိုပြီး ရေးလို့ရေး။ ပြန်ကြားရေးဝန်ကြီးလား ...။ အယ်ဒီတာလား ...။ .... အခမ်းအနားတွေပဲ တက်နေတော့မှာလား ဆိုပြီး လျှောက်မေးလို့မေး ...။ ဒါတွေဟာ အစိုးရကို ဒုက္ခရောက်အောင် လုပ်နေသလိုပဲ။ 

အဲ့တော့ သတင်းထောက်တွေသာ မရှိတော့ရင် အစိုးရလည်း သိပ်အလုပ်မရှုပ်တော့ဘူး။ အေးအေးဆေးဆေးနေရုံပဲ။ မေးခွန်းတွေလည်း သိပ်မဖြေရတော့ဘူး။ ဒါကြောင့် သတင်းထောက်တွေ အားလုံးကို ဖမ်း။ သတင်းစာ ဂျာနယ်တွေ အားလုံးကို ပိတ်ပစ်လိုက် ...။ 

အရင် စစ်အစိုးရခေတ်ကလို အစိုးရသတင်းစာလေးပဲ ဖတ်ကြ။ ဒါဆို ပြည်သူတွေလည်း စိတ်ချမ်းသာမယ်။ 

အဲ ... တစ်ခုတော့ တောင်းဆိုပါရစေ ...။ အဲ့လို ပုဂ္ဂလိက ဂျာနယ်တွေ၊ သတင်းစာတွေ ရပ်သွားရင်လေ ...။ 

စိုပြေ့ကိုတော့ အစိုးရသတင်းစာမှာ စာရေး ခွင့်လေးပေးနော် ...။ နို့မို့ဆို စိုပြေ့မှာ ရေးစရာနေရာ မရှိတော့ဘဲ စာမူခ မရမှာ စိုးလို့ပါနော် ...။

စိုပြေ 


  • VIA