News

POST TYPE

ARTICLE

လက်ပံတောင်းတောင်တစ်ဝိုက်မှာ တာဝန်ထမ်းစဉ်က အမှတ်တရများ အပိုင်း(၂)
15-Dec-2017
မြေအောက်ရေရရှိရေးအစီအမံ

ယင်းမာပင်ခရိုင်ခွဲဟာ မိုးနည်းဒေသမို့ ကနီမြို့နယ် မြောက်ဖျားက တောင်ဘက်စီးဆင်းတဲ့ ချင်းတွင်းမြစ်ရေကို အားပြုပြီး ကမ်းနှစ်ဖက်ရွာတွေမှာ စိုက်ပျိုးရေး လုပ်ကိုင်ကြတာပါ။ ယင်းမာပင်မြို့ရဲ့ အရှေ့မြောက်ဘက်မှာတော့ ယမားချောင်းကြီးစီးဆင်းလို့ ချောင်းဘေးရွာတွေမှာ ကြက်သွန်ဖြူ၊ နီ၊ ကုလားပဲ၊ ပြောင်း၊ ဆေးရွက်ကြီး စတဲ့ဆောင်းသီးနှံများ စိုက်ကြပါတယ်။ ဆားလင်းကြီးနဲ့ ပုလဲကြားကရွာတွေမှာ ဆေးရွက်ကြီး၊ ဂျုံ၊ ကုလားပဲ၊ ငရုတ်နဲ့ ပဲအမျိုးမျိုးစိုက်ပေမယ့် ချောင်းနဲ့နီးရင် ရေရဖို့မခက်သော်လည်း ချောင်းနဲ့ဝေးရင် စိုက်ပျိုးရေ မလုံလောက်ပါ။

ဒါပေမဲ့ သဘာဝက ဖန်ဆင်းပေးတာကတော့ “ရွာသာ” ရွာလို ကျေးရွာအချို့မှာ မြေအောက်က ရေလျှံတဲ့စိမ့်တွင်းများ ရှိတတ်ပါတယ်။ အဲဒီခေတ်က ပလတ်စတစ်ပိုက်လုံး၊ သံပိုက်လုံး၊ မသုံးနိုင်လို့ ရွာဓလေ့အရ ဆန်းသစ်တီထွင်ထားပါတယ်။ ပြည်တော်သာစီမံကိန်း အထောက်အပံ့နဲ့ ရေလျှံတွင်းရှိတဲ့ရွာတွေမှာ ဝါးပိုးဝါးထူထူကို အဆစ်တွေထိုးဖောက်ပြီး ရေလျှံတွင်းထဲရိုက်ထည့်၊ ဝါးလုံးတစ်ပြန်ကနေ ၃ - ၄ ဆက်ရိုက်သွင်းမိရင် သဘာဝလျှံထွက်တဲ့ ရေတွေပန်းထွက်တော့ မြောင်းသွယ်၊ ကန်တူးပြီး စိုက်ပျိုးကြတာ၊ နောက်ပိုင်းမှာ အဝီစိတွင်းတူးပိုက်မျိုးသုံးတော့ ရေကန်ကြီးတွေ ပေါ်ထွန်းလာကြောင်း သတင်းစာတွေမှာ ဖတ်ရပါတယ်။ ဒေသခံတွေဟာ လိုလျှင်ကြံဆ နည်းလမ်းရဆိုတဲ့ စိတ်ဓာတ်ရှိသူတွေပါ။

အမေရေယာဉ်နတ်ပွဲ

ရှေးအဆက်ဆက် ရိုးရာမပျက်ကျင်းပတဲ့ ယင်းမာပင်နယ်မှာ ကျင်းပတဲ့နတ်ပွဲက အမေရေယာဉ်ခေါ် အမေကြီးနတ်ပွဲပါ။ မြို့ရဲ့အရှေ့မြောက်ဘက် ဇီးတောရွာမှာထင်ပါတယ်။ တပေါင်းလဆုတ်မှာ ၄၊ ၅ ရက်ကျင်းပတဲ့ နတ်ပွဲကို ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ၊ မုံရွာနဲ့ ဘုတလင်နယ်ဘက်က လာရောက်ပသသူတွေနဲ့ အလွန်စည်ကားပါတယ်။ သူပုန်အနှောင့်အယှက်မရှိ၊ ရွာသူကြီးတွေနဲ့ နတ်ပွဲကျင်းပရေးဆိုင်ရာကော်မတီက ကြီးကြပ်ပါတယ်။ ဆူပူမှုမရှိပါ။

နယ်ဓလေ့ထုံးစံက အဲဒီနတ်ပွဲကျင်းပနေချိန်မှာ အမေကြီးနတ် ပိုင်နက်နယ်မြေထဲမှာရှိတဲ့ မည်သည့်ရွာတွင်မှ ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ ကခုန်ပွဲတွေ မပြုရလို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။ ဒေသဓလေ့ကို လိုက်နာကြပါတယ်။

ဒီကိစ္စနဲ့စပ်လျဉ်းပြီး စာရေးသူရောက်လာတဲ့ ကာလမှာ အမှတ်တရတွေ့ကြုံရပုံကို ပြောပြချင်ပါတယ်။ ၁၉၅၇ နှစ် ပတ်ဝန်းကျင်ကာလ မြန်မာပြည်တစ်ပြည်လုံး ရေပန်းစားပြီး ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် ရုပ်လုံးဖော်ရိုက်ကူးတဲ့ “လူထုအောင်သံ” ဇာတ်ကားကို ခရိုင်တိုင်းက ပြန်ကြားရေးရုံးတွေမှာ နယ်လှည့်ပြသရပါတယ်။ ဒီဇာတ်မှာပါတဲ့ သရုပ်ဆောင် “ဗိုလ်ဗကို” နဲ့ သရုပ်ဆောင်သူတွေရဲ့ ပြောင်မြောက်မှုကြောင့် ကျေးရွာတိုင်းက ဒီကားကို ကြည့်ချင်ကြတယ်။ ဒီတုန်းက မုံရွာမှာ ရုံးစိုက်တဲ့ ပြန်ကြားရေးအရာရှိက သမိုင်းဝင်ရေနံမြေအလုပ်သမား အရေးတော်ပုံမှာ နာမည်ရတဲ့ သခင်အုန်းဖေကြီး၊ သူက အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ပြည်တော်သာစီမံကိန်းအကြောင်းကို သူဟောရင် ရွာသားတွေ ဂရုတစိုက်နားထောင်ကြပါတယ်။ လူထုအောင်သံဇာတ်ထုပ်မပြခင် သူဟောပြောပြီးတော့ သူနဲ့ပါလာတဲ့ ရုပ်ရှင်အဖွဲ့က တပည့်တပန်းတွေနဲ့ ခပ်လှမ်းလှမ်းမှာ ပိုကာဆွဲပြီး အချိန်ဖြုန်းတော့တာပါပဲ။ ကြေးကြီးကစားဝိုင်းတော့ မဟုတ်ပါ။ စာရေးသူက အမေရေယာဉ်နတ်ရဲ့ ဓလေ့ထုံးစံကိုမသိတော့ ဒီကာလမှာ ပြန်ကြားရေးရုပ်ရှင်အဖွဲ့ကို ယင်းမာပင်ကို ဖိတ်ခေါ်မိပါတယ်။ ရုပ်ရှင်ပြမယ့်ရွာကတော့ ညောင်ပင်ကြီးဆိပ်ကမ်းက ယင်းမာပင်မြို့ကိုလာတဲ့ ကားလမ်းဘေးရွာကြီးဖြစ်ပါတယ်။ ရွာအမည် မမှတ်မိတော့ပါ။

ရုပ်ရှင်ပြခါနီးမှာ ရွာလူကြီးတချို့က ပြစက်ပြင်ဆင်နေတဲ့ ဝန်ထမ်းတွေကို တီးတိုးတီးတိုးပြောနေကြတာ မြင်ရပေမယ့် စာရေးသူကိုတော့ တိုက်ရိုက်မပြောကြပါ။ နတ်ပွဲရှိတဲ့ကာလမို့ ရုပ်ရှင်ပြသဖို့ မသင့်ကြောင်း ပြောကြတာပါ။ စာရေးသူက နတ်ပွဲကျင်းပတဲ့ ဇီးတောရွာနဲ့ အခုရုပ်ရှင်ပြတဲ့ရွာဟာ မိုင်ပေါင်းများစွာကွာဝေးကြောင်း ပြဖို့အစီအစဉ်တွေလုပ်ပြီးတော့ စမ်းပြကြည့်တာပေါ့လို့ ပြောလိုက်လို့ ပိတ်ကားပေါ်မှာ  ကနဦးပြနေကျ သတင်းကားတစ်ခု ပြလိုက်တာပေါ့။ ပြလို့ ငါးမိနစ်တောင်မကြာဘူး ပြစက်ကဖလင်ကို မီးစွဲလို့ အားလုံးလန့်ဖျပ်ပြီး စက်ရပ်လိုက်ရပါတယ်။ စာရေးသူအတွက်တော့ သင်ခန်းစာကောင်းကောင်း ရလိုက်ပါတယ်။ ရွာလူကြီးတွေကလည်း သူတို့လက်ခံထားတဲ့ ရိုးရာယုံကြည်မှုမမှားကြောင်း သက်သေပြခွင့် ရလိုက်ပါတယ်။ ဆက်မပြဘဲ ရပ်လိုက်ပါတယ်။ ရွာကအဖွဲ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုလိုက်ကြတာ မှတ်မိပါတယ်။ နတ်နဲ့နဂါး မလှည့်စားနဲ့ဆိုတဲ့ အဆိုအမိန့်ကို အုပ်ချုပ်ရေးအရာရှိများ သတိရှိကြဖို့ တကယ့်အဖြစ်အပျက်ကို ပြန်ရေးပြခြင်းပါ။

လူထုအောင်သံဇာတ်ကားရဲ့ နယ်လှည့်ပြခြင်း

စာရေးသူက မိမိတာဝန်ယူရတဲ့ ကျေးရွာတွေကို နှံ့နှံ့စပ်စပ်ရောက်ဖူးပြီး လေ့လာချင်တဲ့ စရိုက်ရှိပါတယ်။ အဲဒီနှစ်ထဲမှာပဲ ခရိုင်ဝန်ကခွင့်ပြုလို့ ယင်းမာပင်မြို့နယ်ရဲ့ ရွာတစ်လျှောက်ကစပြီး မြောက်ဘက် ကနီမြို့အထိ ခရီးရှည်ထွက်ဖို့ စီစဉ်ပါတယ်။ ဒီအချိန်တုန်းက မုံရွာခရိုင်ရဲတပ်ဖွဲ့မှာ ရဲဝန်ထမ်းအကြီးတမ်း (BPS) ခရိုင်လက်ထောက် (D.A) ဦးခင်မောင်ကလည်း စာရေးသူနဲ့ခင်မင်တော့ အတူလိုက်မယ်လို့ စီစဉ်ပါတယ်။ ရုပ်ရှင်အဖွဲ့က ပြစက်တွေနဲ့ လမ်းခရီးရိက္ခာတွေကို လှည်းငါးစီးငှားပြီး ခရီးဆက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က တပ်စိတ်တစ်စိတ်ပါပြီး လမ်းမှာရှိတဲ့ ပြူစောထီးတပ်တွေက ကူပါတယ်။ ယင်းမာပင်မြို့နယ်ထဲက တစ်ရွာဝင် တစ်ရွာထွက်နဲ့ (ညအိပ်တဲ့ ရွာစဉ်တော့ မှတ်မိတော့ပါ) ညပိုင်း နားတဲ့ရွာမှာအိပ်ကြပြီး ပြည်တော်သာစီမံကိန်းဟောပြော။ လူထုအောင်သံဇာတ်ထုပ်ပြကြတော့ အသက် ၈၀ ကျော် ၉၀ အရွယ် လူကြီးတွေက သူတို့တစ်သက် ရုပ်ရှင်ကားကို တစ်ကြိမ်မှ မကြည့်ဖူးလို့ ဝမ်းသာကျေးဇူးတင်ကြောင်း ပြောကြပါတယ်။

ရွာကြီးတစ်ရွာ(အမည်မမှတ်မိ)ကို မနက်ခင်းမှာ ဖြတ်သွားတော့ ရွာဦးဘုန်းကြီးက လူလွှတ်ပြီး သူတို့ရွာမှာ ရုပ်ရှင်ပြဖို့ လာပြောပါတယ်။ ဒါနဲ့ လှည်းတန်းခဏရပ်ပြီး စာရေးသူနဲ့ ရုပ်ရှင်အဖွဲ့လိုက်သွားတော့ ဆရာတော်က ဒီရွာက လူထုကလည်း ရုပ်ရှင်မကြည့်ဖူးကြလို့ တစ်ညနားဖို့ မေတ္တာရပ်ခံပါတယ်။ စာရေးသူက ရှေ့ကရွာမှာ ညအိပ်ဖို့စီစဉ်ထားလို့ ညအိပ်ဖို့ အစီအစဉ်မရှိကြောင်း လျှောက်ထားတော့ ဆရာတော်ရဲ့မျက်နှာ မကောင်းတာ မြင်ရပါတယ်။ ဒီဘုန်းကြီးကျောင်းက ၁၀ ပေအမြင့် ကျွန်းတိုင်ကြီးတွေနဲ့ အခိုင်အခံ့တည်ဆောက်ထားပြီး ကျယ်ဝန်းပါတယ်။ ဒါနဲ့ စာရေးသူနဲ့ ရုပ်ရှင်အဖွဲ့တို့ တိုင်ပင်လို့ အကြံရတာက ကျောင်းအောက်က တိုင်တွေကို ယိုင်တွေနဲ့ စောင်ပတ်ပြီး ရုပ်ရှင်ပြရင် ရမရ ဆွေးနွေးကြပါတယ်။ တိုင်တွေပတ်လည်မှာ အကာအရံထူထူကာရင် အတော်အသင့် အမှောင်ခန်းရပြီး ရွာသားတွေလည်း ထိုင်ကြည့်နိုင်ကြောင်း ဆရာတော်ကို ပြန်လျှောက်ပါတယ်။ ဒီတော့ ဆရာတော်က ဝမ်းသာစွာနဲ့ ရွာဓလေ့ မောင်းထုပြီး လူစုပါတယ်။ လူတွေရောက်တော့ ကျောင်းအောက်ထပ်မှာ အမှောင်ခန်းကာဖို့ စောင်များယူခဲ့ဖို့နဲ့ ကြည့်ချင်တဲ့ ရွာလူထု အမြန်စုဖို့ အမိန့်ပါတယ်။ ကျောင်းမှာရှိတဲ့ ကန့်လန့်ကာ၊ ဖျာကြမ်းတွေလည်း အကုန်ထုတ်ပြီး ကာရံစေပါတယ်။ ရွာသားတွေက ရုပ်ကြည့်ရမှာမို့ တပျော်တပါး ဝိုင်းပြီးဆောင်ရွက်ကြတော့ တစ်နာရီလောက်နဲ့ အမှောင်ခန်းဖန်တီးလို့ရပါတယ်။ လှည်းပေါ်က ရုပ်ရှင်စက်နဲ့ မီးစက်တွေချပြီး လူထုအောင်သံဇာတ်ကားနေ့ပွဲကို ပြရပါတယ်။ ရွာလူကြီးတွေကလည်း စာရေးသူတို့အဖွဲ့ကို ဟင်းမျိုးစုံ၊ မုန့်မျိုးစုံနဲ့ စုပေါင်းဧည့်ခံကြတာတွေ ခုချိန်အထိ သတိရနေပါတယ်။

ဒီရွာက ညနေမစောင်းမီပြန်ထွက်ပြီး ခရီးဆက်ကြပါတယ်။ လမ်းခရီးတောစပ်တွေမှာ မကြာခဏ ရဲဘော်ဖြူလက်နက်ကိုင်တွေ ဖြတ်သွားလေ့ရှိပေမယ့် လူထုမေတ္တာကြောင့် ပစ်တာခတ်တာမကြုံခဲ့ပါ။

ကနီတွင်းတောင်ရောက်ခဲ့

လမ်းခရီးမှာ ကနီမြို့နယ်ထဲက၊ လင်းပုန်းရည်ရွာကို ဖြတ်သွားခဲ့သလား သတိမရတော့ပါ။ ဘုတလင်နယ်က အရှေ့တွင်းတောင်ဟာ B.P.I ဆေးဝါး ထုတ်လုပ်ရေးကဖော်စပ်တဲ့ “စပီရူလိုင်းနား”အားဆေးကြောင့် နာမည်ကျော်ခဲ့တာပါ။ အခု စာရေးသူတို့ရောက်တဲ့ ကနီတွင်းတောင်က အလွန်သာယာလှပပြီး တွင်းတောင်ဝနဲ့ အင်းကြီးပတ်လည်မှာ၊ အုန်းငှက်ပျော၊ ကွမ်းသီးပင်၊ ကွမ်းခြံတွေနဲ့ တဲအိမ်တွေဆောက်ထားလို့ စိမ်းလန်းစိုပြည်တဲ့ မြင်ကွင်းတွေ့ရတာ အမောပြေသွားပါတယ်။ တွေ့ဖူးအောင် တွင်းရဲ့ ရေစပ်အထိဆင်းကြည့်တော့ ရေညှိလိုလို အစိမ်းပုပ်ပုပ်အရောင် အခါးဓာတ်ရှိတဲ့ရေကို လျှာနဲ့တို့ကြည့်ပါတယ်။ (လပြည့်)လကွယ်ညကျရင် တွင်းပိုးလို့ခေါ်တဲ့ ပိုးကောင်လေးတွေ ရေပေါ်တက်လာတာကို ရွာသားတွေက ပိုက်နဲ့ခပ်ယူပြီး အစိုချက်စား၊ အခြောက်ခံပြီး လက်ဖက်နဲ့စားရင် အလွန်ဆိမ့်တဲ့ “တွင်းပိုးကောင်ကြော်”အဖြစ် ရောင်းချကြပါတယ်။ တွင်းရွာရှေ့ ခရီးဆက်ပြီး စာရေးသူတို့အဖွဲ့ ကနီမြို့ရောက်မှ စခန်းရပ်ပါတော့တယ်။ ကနီမှာ ကြိုနေတဲ့မော်တော်နဲ့ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းခဲ့ကြပါတယ်။ စာရေးသူနဲ့လိုက်လာတဲ့ ရဲဝန်ထောက် ဦးခင်မောင်ကတော့ ခရီးရက်ကြာလာတော့ အိမ်ကိုလွမ်းနေပုံရတယ်။ ရုပ်ရှင်အဖွဲ့က ထုံးစံအတိုင်း မော်တော် (L.Boat)ပေါ်မှာ ဖဲဝိုင်းဖွဲ့ပြီး လိုက်ခဲ့ကြပါတယ်။ ဒီခရီးက အထွေထွေအုပ်ချုပ်ရေး အရာရှိတစ်ဦးအနေနဲ့ နယ်စုံရောက်တုန်း ရွာလူထုရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လုံခြုံရေးအခြေအနေကို ကိုယ်တွေ့သိရှိခွင့်ရပြီး အစိုးရရဲ့စီမံကိန်းက လုပ်ငန်းတွေ စီစဉ်တဲ့အခါ အထောက်အကူဖြစ်တဲ့ အကျိုးကျေးဇူးရခဲ့တာအမှန်ပါ။

၁၉၆၉-၇၀ ခုနှစ်လောက်မှာ ဆရာကြီး “လူထုဦးလှ” ရေးတဲ့ စာစဉ်တွေထဲက “ကျွန်တော်ဗြူရိုကရက်” စာအုပ်မှာ လွတ်လပ်ရေးမရမီကာလ အရေးပိုင်ကြီး ဦးစံတင်နယ်လှည့်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေလုပ်တဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေဖတ်ရတော့ စာရေးသူတို့ အုပ်ချုပ်ရေးအရာရှိတွေဟာ ဗျူရိုကရက်လို့ အခေါ်ခံရပေမယ့် ကျေးရွာလူထုနဲ့ ထိတွေ့ဆက်ဆံရာမှာ စိတ်ရှည်သည်းခံပြီး (အချို့သော ဗျူရိုကရက် စိတ်ပေါက်သူ၊ ခက်ထန်သူတွေမှအပ) အစိုးရရဲ့ပေါ်လစီကို အောင်မြင်အောင် ဖော်ဆောင်နိုင်တယ်လို့ ယူဆပါတယ်။ ဆရာလူထုဦးလှက အရေးပိုင်ကြီး ဦးစံတင်အကြောင်း စာအုပ်ထုတ်ပြီးနောက် စာဖတ်ပရိသတ်အချို့က ဆရာကြီးကို ဗျူရိုကရက်မုန်းအောင်မရေးဘဲ သူတို့ရဲ့ ကောင်းချက်တွေကို ရေးတယ်လို့ အပြစ်တင်ခံရကြောင်း ဖော်ပြဖူးပါတယ်။

စာရေးသူ ယင်းမာပင်ရွာရှိတုန်း နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင်ရဲ့ မော်လိုက်ခရီးစဉ်အပြန်မှာ ဖိုလ်ဝင်တောင်ဘုရားဖူးမယ်ဆိုတဲ့ သတင်းရလို့ ရောက်မည့်ရက်ကို မသိပေမယ့် ညောင်ပင်ကြီးဆိပ်ကနေ ဖိုလ်ဝင်တောင်တစ်လျှောက် (ကျောက်ချော လမ်းကို) မုံရွာလမ်းဌာနကလေ့လာပြီး ချိုင့်တွေ၊ ကျင်းတွေ ဖို့ကြပါတယ်။ ဒါပေမဲ့ နောက်ထပ်သတင်းက သမ္မတကြီးမော်လိုက်ခရီးစဉ်မှာ ခြေထောက်အနာတရဖြစ်လို့ မဝင်ဖြစ်ဘဲနဲ့ ပြန်သွားတယ်ကြားရတော့ နယ်ခံဌာနတွေ ဝန်ပေါ့သွားတာပေါ့။

ယင်းမာပင်ကို မပြောင်းခင် မြင်းမူမှာ တာဝန်ကျစဉ်က ဧရာဝတီမြစ်ကြောင်းသင်္ဘောနဲ့ ဆန်တက်လာတဲ့ ဝန်ကြီးဦးကျော်ငြိမ်းကို မြင်းမူဆိပ်ကမ်းမှာ ဧည့်ခံရခြင်း၊ နောက်ပိုင်းမှာ ဝန်ကြီးချုပ်ဦးနုရဲ့ မီးရထားခရီးစဉ်ကို (၁၉၅၉ ခုနှစ်)မှာ ကန့်ဘလူမြို့က ဧည့်ခံကြိုဆိုရပုံတွေ ဆောင်းပါးရေးဖြစ်ပါတယ်။

အင်ခိုင်ဘွမ်
တနင်္လာနေ့တွင် ဆက်လက်ဖော်ပြပါမည်


  • VIA