News

POST TYPE

ARTICLE

လက်ပံတောင်းတောင် တစ်ဝိုက်မှာ တာဝန်ထမ်းစဉ်က အမှတ်တရများ
14-Dec-2017
စာရေးသူဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ က မုံရွာခရိုင်ရဲ့ အနောက်ဘက်ကမ်းမှာ ခရိုင်ခွဲအုပ်ချုပ်ရေး အရာရှိ (ယခင်ခေတ်အခေါ်) နယ်ပိုင်ဝန်ထောက် တာဝန် ထမ်းဆောင်ဖူးပါတယ်။

၁၉၅၆ ခုနှစ်မှာ မြင်းမူမြို့ပိုင်တာဝန်က အထက်အမိန့်အရ ယင်းမာပင် ခရိုင်ခွဲကို ပြောင်းရွှေ့ရခြင်းပါ။

အဲဒီအချိန်က မုံရွာခရိုင်ဝန်အဖြစ် ဦးလှထွန်း (ပ/၁၂၇၀) မြို့မဝန်ထောက်ကြီး (အထက်မြန်မာပြည်အခေါ်) ဒုတိယအရေးပိုင် ဦးရှိန် (ပ/၁၅၁၃)၊ ငွေတိုက်ဝန်ထောက် ဦးတင်မောင်တို့ တာဝန်ကျပါတယ်။ နောက်ပိုင်း သူတို့နှစ်ယောက်လုံး အောက်ဘက်ကို ခရိုင်ဝန်များအဖြစ် ရာထူးတိုးမြှင့်ပြီး ပြောင်းသွားကြတယ်။ ညောင်ပင်ကြီးဆိပ်က ၁၇ မိုင်ဝေးတဲ့ ယင်းမာပင်မြို့ကို ဒုတိယကမ္ဘာစစ်ကျန်ကားကို ပြုပြင်ထားတဲ့ ဘတ်စ်ကားနဲ့ လိုက်ခဲ့ပါတယ်။ ယခုခေတ်လို အထွေထွေ အုပ်ချုပ်ရေးရုံးတွေမှာ အစိုးရပေးတဲ့ ကားမရှိ၊ ညောင်ပင်ကြီးဆိပ်နဲ့ ယင်းမာပင်မြို့ပြေးတဲ့ကားကလည်း မနက်တစ်ခေါက် ညနေတစ်ခေါက်ပဲ ဆွဲပါတယ်။ ဒီကားတွေထဲက ပုလဲမြို့အထိ ပြေးတာအချို့ရှိပါတယ်။

ညောင်ပင်ကြီးဆိပ်ကနေပြီး စထွက်တော့ လမ်းဘေးဝဲယာမှာ ထနောင်း၊ ဒဟတ်၊ သန်းပင် စတဲ့ တောအုပ်တွေနဲ့ ထန်းတောတွေ မျက်စိတစ်ဆုံးပဲ။ လမ်းရဲ့ဘယ်ဘက် ခပ်ဝေးဝေး လက်ပံတောင်းတောင်ကလည်း စိမ်းညို့ပြီး အညာသစ်တောမှာပေါက်တဲ့ သစ်ပင်ကြီးငယ်တွေနဲ့ သာသာယာယာ မြင်ရပါတယ်။ ဆက်သွားတော့ သမိုင်းဝင် ဖိုလ်ဝင်တောင်ကြီးကလည်း ဘယ်ဘက်မှာ မှိုင်းညို့နေတာပါ။

ဒီကာလမှာ ယင်းမာပင်မြို့ဟာ နယ်ဝန်ထောက် ရုံးစိုက်ရာမြို့ဖြစ်ပေမယ့် တာဝန်ကျအစိုးရရုံးတွေ လာရောက်ရုံးဖွင့်တာ အလွန်နည်းပါတယ်။ စာရေးသူ မှတ်မိသလောက် သစ်တောရုံး၊ ရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့၊ ကျန်းမာရေး ဝန်ကြီးဌာနက ငှားရမ်းထားတဲ့ အိန္ဒိယနိုင်ငံသား ဆရာဝန် ဒေါက်တာတို့ မိသားစုအိမ်နဲ့ ဆေးရုံ၊ အလယ်တန်းကျောင်းနဲ့ ကျောင်းအုပ်ကြီးရုံးခန်း ဒါလောက်ပါပဲ ရှိတာကို မှတ်မိပါတယ်။
 
နယ်ပိုင်ရုံးကတော့ နှစ်ထပ်အုတ်ညှပ်။ ခြံဝင်းနောက်ဘက်က တစ်ထပ်တိုက်ခံတန်းလျားမှာ မြို့ပိုင်ကြီး ဦးဘသက်တို့ ဇနီးမောင်နှံနေပါတယ်။ သူ့ရုံးက အောက်ထပ်၊ နယ်ပိုင်က ရုံးအပေါ်ထပ်ကို ရုံးလုပ်ပြီး စာရေးသူက ထောင့်ခန်းတစ်ခန်းမှာ အိပ်ပါတယ်။

ယင်းမာပင်မြို့ပေါ်ဈေးက စည်စည်ကားကား မရှိ၊ ဆိုင်ကြီးကနားကြီးလည်း မရှိသေး။ မြင်းမူက လိုက်လာတဲ့တပည့်က ရေနံဆီ လေထိုးမီးဖိုနဲ့ ချက်ကျွေးပါတယ်။ သားငါးဈေးကတော့ မကြီးပါ။ ကြက်တစ်ကောင်မှ သုံးကျပ်၊ လေးကျပ်ပေးရပြီး ဟင်းရွက်သီးနှံကလည်း လတ်လတ်ဆတ်ဆတ် တွေ့ပါတယ်။ ယမားချောင်းဘက်မှာစိုက်တဲ့ ကြက်သွန်ဖြူ/နီ ဈေးပေါမှပေါ။ စာရေးသူ ယင်းမာပင်ရောက်ပြီး မုံရွာမှာစုံစမ်းတော့ လက်ပံတောင်းတောင်ပေါ်မှာ ကြေးနီသတ္တု အစမ်းတွင်းတူးတဲ့ အလုပ်စခန်း စနေပါပြီ။ မြန်မာနိုင်ငံမှာ နာမည်အရှည်ဆုံးလို့ ခေါ်ရမယ့် M.R.D.C ဆိုတဲ့ “ဓာတ်သတ္တုပင်ရင်း အခြေအမြစ်များကို တိုးတက်ကြီးပွားအောင် ဆောင်ရွက်ရေးကော်ပိုရေးရှင်း (ဓာတ်ပင်တိုးရှင်း)”က တာဝန်ယူစမ်းသပ်နေတာပါ။ အဲဒီ အစမ်းတွင်းတူးစခန်းက လက်ပံတောင်းတောင်စောင်းကိုပတ်တဲ့ ကားလမ်းဖောက်ထားပြီး မိုးကာတဲတွေနဲ့ ယာယီစခန်းရှိပါတယ်။ ဒီအဖွဲ့မှာ စာရေးသူနဲ့ ရန်ကုန်တက္ကသိုလ်မှာ အတန်းဖော် (ဘူမိဗေဒဘာသာဘွဲ့ရသူ) မုံရွာသား ကိုကျော်ငြိမ်း တာဝန်ကျပါတယ်။ သူနဲ့အတူ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်နဲ့ (မယားညီအစ်ကို တော်သူ) ကိုမောင်မောင်ခင်အပြင် တွင်းတူးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်လုပ်ကိုင်နေကြပါသည်။ ကိုကျော်ငြိမ်းက ဖိတ်လို့ စာရေးသူဟာ စနေ၊ တနင်္ဂနွေအားရက်အချိန်မှာ သူတို့စခန်းကိုသွား၊ ညအိပ်သွားလည်ရင်း သူတို့နဲ့အဖွဲ့ကျသွားပါတယ်။ သူတို့က ညနေစောင်းမှာ ဒိုင်ဟာမီကင်ဘီယာနဲ့ ဝိုင်းဖွဲ့ပြီး ကြက်ကြော်၊ ငုံးကြော်၊ ယုန်သားကင်နဲ့ ဧည့်ခံတတ်ပါတယ်။ စာရေးသူ မသောက်တတ်တော့ အလုပ်စခန်းကို ရန်ကုန်ကပို့ပေးတဲ့ ပြင်သစ် လိုင်ယွန်ကော်ဖီ အကောင်းစားဖျော်တိုက်လို့ ကျေးဇူးတင်ရပါတယ်။ ရုံးဖွင့်ရက် မနက်စောစောမှာ စာရေးသူနေတဲ့ ယင်းမာပင်ကို သူတို့ဂျစ်ကားနဲ့ လိုက်ပို့ကြပါတယ်။

ချင်းတွင်းမြစ်ဟာ မုံရွာညောင်ပင်ကြီး ဆိပ်ကိုဖြတ်ပြီး စီးဆင်းသွားသော ဝဲယာကမ်းခြေတွေမှာ မြေဆီဩဇာကောင်းလို့ ဆားထုံး၊ ပေါင်းဝ၊ တုံရွာ စတဲ့ ဖွံ့ဖြိုးတဲ့ရွာကြီးတွေ ရှိပါတယ်။ လယ်ယာ၊ ကိုင်းသီးနှံ၊ ထန်းတက်လုပ်ငန်း၊ ရေလုပ်ငန်းတွေအပြင် မြစ်အောက်ပိုင်း စုန်သွားရင် သင်ဖြူးချောရက်တဲ့ လက်မှုလုပ်ငန်းတွေပါ ရှိတယ်။

ဇောက်ထိုးခဲပေါက်ခံရခြင်း

အဲဒီတုန်းက“ဇောက်ထိုးသောင်းတင်” ခဲပေါက်ခံရတဲ့ကိစ္စ ပြောပြချင်ပါတယ်။ မုံရွာမှာ စာရေးသူရဲ့ သူငယ်ချင်းကျောင်းဆရာ ကိုသာဌေး နေပါတယ်။ နာမည်ကြီး ကျူရှင်ဆရာအဖြစ် ထင်ရှားသူပါ။ သူ့အစ်ကိုကြီး ကိုသောင်းတင်ဟာ နိုင်ငံရေးစိတ်ပြင်းထန်ပြီး အဲဒီကာလမှာ ကွန်မြူနစ်ပါတီမှာ တက်ကြွသူပါ။

စာရေးသူ ယင်းမာပင်ရောက်ပြီး မကြာမီမှာ ကိုသောင်းတင်ဟာ ဆားလင်းကြီးနယ်က လွှတ်တော်အမတ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ ဆားထုံး၊ ပေါင်းဝဘက်မှာ စည်းရုံးရေးဆင်းပါတယ်။ သူစီးတဲ့ကားကို ရွာသားတစ်ဦးက ခဲနဲ့ပေါက်တယ်ဆိုပြီး စာရေးသူ ဆားလင်းကြီးမြို့ကို ရောက်ခိုက် ကိုသောင်းတင် လာတိုင်ပါတယ်။ ဆရာသာဌေးရဲ့ အစ်ကိုဆိုတော့ သိကျွမ်းပြီးသားမို့ စုံစမ်းပေးပါမယ်လို့ စာရေးသူက နှစ်သိမ့်လိုက်ပါတယ်။

ကိုသောင်းတင်ဟာ ဗကသ နံရံကပ်စာစောင်မှာ သဗ္ဗညုတဉာဏ ဆိုတာရှိသလားဆိုတဲ့ ဆောင်းပါးရေးသားမှုကြောင့် စာစောင်တာဝန်ခံ လင်းယုန်မောင်မောင်က ဇောက်ထိုးလို့ ဘွဲ့ပေးခံရသူပါ။ ရဟန်းပျိုအဖွဲ့နဲ့ လူအများကမကျေနပ်၍ ဆန္ဒပြခံရသူပါ။ သူ့ညီ ဆရာသာဌေးနဲ့တော့ ဆန့်ကျင်ဘက်ပေါ့။ ခဲပေါက်ခံရတာကြောင့် စာရေးသူက သူနဲ့တွေ့တော့ “ခဲ” နဲ့ပေါက်တဲ့ တရားခံမပေါ်၊ သူစီးတဲ့ကားဘီးက ခဲညပ်ပြီး ပြန်စင်တာ ဖြစ်နိုင်တယ်လို့ပြောတော့ သူမကျေနပ်ပေမယ့် အဲဒီကိစ္စပြီးသွားပါတယ်။

စုန်းကုတဲ့ဗိုလ်ကြီး

တစ်ရက်မှာ မုံရွာခရိုင်ဝန်က စာရေးသူကိုခေါ်ပြီး များမကြာမီ ဆားလင်းကြီးနယ်ထဲက ရွာအချို့ကို သမိုင်းသုတေသနလုပ်ဖို့ ဗိုလ်မှူးဘရှင်နဲ့အဖွဲ့ လာမယ်။ လိုအပ်သလို ကူညီပါလို့ ပြောပါတယ်။ ဒါနဲ့ စာရေးသူဟာ အဲဒီအဖွဲ့ကို လုံခြုံရေးတာဝန်ယူမယ့် ကျားတက်တပ်ခွဲစခန်းက ဗိုလ်ကြီးစံအေး (သံတွဲသား)နဲ့ ညှိနှိုင်းရပါတယ်။

ဗိုလ်မှူးဘရှင်နဲ့အဖွဲ့ ရောက်လာတော့ သူလေ့လာလိုတဲ့ ကျေးရွာများက ရွာသူကြီးနဲ့ ရှေ့မီနောက်မီ လူကြီးအချို့ကို ဆားလင်းကြီးဗိုလ်တဲမှာ ဖိတ်ခေါ်ပြီး တိုင်ပင်ကြပါတယ်။ ဗိုလ်မှူးရဲ့အဖွဲ့မှာ ကောင်းကင်မြေတိုင်းဌာနက ကျွမ်းကျင်သူအဖြစ် ကိုအောင်နိုင် လိုက်ပါလာပါတယ်။ စာရေးသူထက် အသက်နည်းနည်းကြီးပါတယ်။ အစ္စလာမ်ဘာသာဝင်ပါ။

ရွာလူကြီးတွေနဲ့ ဆွေးနွေးတဲ့ပွဲမှာ ဘယ်သူက စကားစလိုက်တယ် မမှတ်မိ၊ ဆားထုံး၊ ပေါင်းဝရွာဘက်မှာ စုန်းပြုစားခံရတဲ့ ကိစ္စတစ်ခုရှိကြောင်း သတင်း ထွက်လာတယ်။ ဆွေးနွေးပွဲမှာရှိတဲ့ ဗိုလ်ကြီးစံအေးက သူသွားကြည့်လိုကြောင်း ဗိုလ်မှူးဘရှင်ထံ ခွင့်ပန်တော့ ခွင့်ပြုပါတယ်။

ကိုအောင်နိုင်ကလည်း လေ့လာချင်တာနဲ့ လိုက်ခွင့်တောင်းပြီး ဗိုလ်ကြီးရဲ့ကားနဲ့ ပေါင်းဝရွာ (အတိအကျ ရွာနာမည်မမှတ်မိပါ) ကို ထွက်ခဲ့ပါတယ်။ ကားနဲ့ပါလာတဲ့ ရွာသူကြီးက လမ်းပြလို့ စုန်းပြုစားခံရတယ်ဆိုတဲ့ လူနာရှင်ရဲ့မိဘအိမ်ကို ရောက်ကြပါတယ်။ စာရေးသူတို့ကို ဧည့်ခံပြီး သူ့သမီးဟာ (နာမည်တော့ မေ့ပါပြီ) အသက် ၁၄ နှစ်ခန့်ရှိကြောင်း၊ အိမ်မှာထားရင် စုန်းဝင်ပူးတဲ့အခါ အော်ဟစ်သောင်းကျန်းတတ်လို့ ဆွေမျိုးဘုန်းကြီးကျောင်းကို ပို့ထားကြောင်း သွားခေါ်ပေးမည်ဟု ပြောပါတယ်။

ပယောဂကုမယ့် ဗိုလ်ကြီးကလည်း သူတာဝန်ကျဖူးတဲ့ နယ်တစ်နယ်မှာရှိစဉ် ဆရာဘုန်းကြီးတစ်ပါးဆီက အစွမ်းထက်တဲ့ “အင်း” တစ်ခုရခဲ့ကြောင်း၊ အဲဒီ “အင်း” ကို ဘုရားသောက်တော်ရေမှာထည့်ပြီး လူနာကိုတိုက်၍ ဘယ်စုန်း၊ ကဝေမှ မခံနိုင်ကြောင်း ရွာထဲကလာကြည့်နေတဲ့ လူအုပ်ကို ရှင်းပြပါတယ်။

မကြာခင်မှာ ဆွေမျိုးများက တွဲခေါ်လာတဲ့ မိန်းမပျိုလေးရောက်လာပြီး သူ့အိမ်ဝင်းထဲက လူစုကို မြင်တော့ အံ့ဩတဲ့အမူအရာနဲ့ နှစ်ထပ်အိမ် အပေါ်ထပ် တက်သွားပါတယ်။

ဗိုလ်ကြီးစံအေးက သူဆေးမကုမီ လူအုပ်ထဲက ပြူစောထီးခေါင်းဆောင်ကို အမိန့်ပေးပုံက “လူနာကို သူ့ဆေးတိုက်လိုက်ရင် ရွာထဲမှာရှိတဲ့ လူနာကို ပြုစားသူ (အမျိုးသမီးကြီး) ဟာ အင်းတန်ခိုးကြောင့် ပူလောင်ပြီး အော်ဟစ်နေလိမ့်မယ်။ အဲဒီသူကို ဖမ်းခေါ်ခဲ့”လို့ ပြောပါတယ်။ စာရေးသူကတော့ သိပ်မယုံတာနဲ့ ဟုတ်မှလည်းလုပ်ကြနော် လူမှားဖမ်းလာလို့ ရာဇဝတ်မှုသင့်မယ်”လို့ မှာလိုက်ပါတယ်။

ဗိုလ်ကြီးစံအေးဟာ ရှေးဦးမဆွ ဘုရားခန်းရှေ့မှာ ဝတ်ပြုပြီး ဂါထာကို မတိုးမကျယ်ရွတ်ဖတ်ပါတယ်။ သူဆောင်ထားတဲ့ အင်းကို ဖန်ခွက်ထဲမှာ ဘုရားသောက်တော်ရေ လောင်းထည့်ပြီး သူ့ရှေ့မှာ ချထားပါတယ်။ ၂ မိနစ် ၃ မိနစ်ရွတ်ပြီးလို့ မိန်းကလေးကိုတိုက်ဖို့ မိဘကိုပေးလိုက်ပါတယ်။ ဒီအချိန်အထိ ကလေးမက ဘာမှမပြောသေးဘဲ စိုက်ကြည့်နေပါတယ်။ သူ့မိဘက သမီးသောက်လို့ပြောတော့ သောက်ရှာပါတယ်။ အဲဒီအချိန်မှာ စာရေးသူနဲ့အတူ ကိုအောင်နိုင်၊ သူကြီးနဲ့ ဆွေမျိုးရင်းချာအချို့ အပေါ်ထပ်မှာထိုင်ကြည့်နေတာပါ။ ကလေးမက ရေမန်းသောက်ပြီးပြီးချင်း ဆူပူသောင်းကျန်မှု စပါတော့တယ်။ သူက“ဟဲ့ ပယောဂဆရာအတုရဲ့ ငါ့ကိုလာစမ်းလို့ ရမလား” တဲ့။

“ဒီရေမန်းလောက်နဲ့ မရဘူးဟေ့၊ ဟား ဟား ဟား”အော်ဟစ်ရင်း ဝါးလုံးကွဲရယ်တော့တာပဲ။ ဗိုလ်ကြီးလည်း သူ့ဂါထာကို တဖွဖွရွတ်ပြီး အကဲခတ်နေပါတယ်။ ကိုအောင်နိုင်က စာရေးသူကို တစ်ချက်ကြည့်ပြီး အံ့ဩနေပုံရပါတယ်။ လူနာကလေးမဟာ အရွယ်ရောက်စ ဗမာအမျိုးသမီးငယ်ဖြစ်လို့ သာမန်အခြေအနေတော့ ဒီလိုအော်ဟစ်ဝံ့သူ မဖြစ်နိုင်ပါ။ ပြင်ပ ပယောဂကြောင့် ယဉ်ကျေးသိမ်မွေ့တဲ့ စိတ်ပျောက်ပြီး အမူအရာပါ ကြမ်းတမ်းလာတာ အထူးအဆန်းဖြစ်နေလို့ပါပဲ။

အဲဒီလိုဖြစ်ရပ် ၁၅ မိနစ်လောက်ကြာတော့ ဆရာစံအေးလည်း ဂါထာရွတ်တာမောရော၊ လူနာမိန်းကလေးလည်း အော်ဟစ်ရတာနဲ့ မောနေပါပြီ။ သူ့မိဘနဲ့ ဆွေမျိုးလူကြီးတွေက ပယောဂဆရာကြီးကို “ဗိုလ်ကြီးရယ် သူက အကျိုးပေးဝဋ်ဒုက္ခကြောင့် ခုလိုဖြစ်ရတာပါ။ ရောဂါမပျောက်လည်း ကိစ္စမရှိပါလို့ ပြောကြပါတယ်။ အိမ်အောက်ထပ်မှာ စုဝေးနေတဲ့ ရွာသားတွေကလည်း ထင်မြင်ချက်အမျိုးမျိုး ပြောနေကြတာပေါ့။

နောက်တော့ ဆရာစံအေးပြောတာက “သူ ကြားဖူးတယ်၊ စုန်းပူးနေတုန်း အဲဒီလူနာကိုရိုက်ရင် လူနာမခံစားရဘဲ ဝင်ပူးတဲ့စုန်းမသာ ခံရတယ်။ သေနတ်နဲ့ ပစ်ရင်လည်း စုန်းမသေတယ်”လို့ပြောတော့ စာရေးသူက“ဆရာကြီး လွန်ကုန်မယ်၊ လူသတ်မှုဖြစ်ရင် ဥပဒေကမနေဘူးနော်”လို့ပြောပြီး ဆေးကုစခန်းရပ်ဖို့ ပြောပါတယ်။ အိမ်ပေါ်မှာတော့ လူနာမိန်းကလေးက နောက်တစ်ချီ အော်ဟစ်နေပါလေရော။ အဲဒီအချိန်မှာ သူအမိန့်ပေးလိုက်တဲ့ ပြူစောထီးတွေလည်း စာရေးသူတို့ရှိတဲ့ အိမ်ကို ပြန်ရောက်ပြီး ရွာထဲမှာထူးထူးခြားခြား မတွေ့မိကြောင်း သတင်းပို့ပါတယ်။ ဒါနဲ့စာရေးသူကလည်း ဆေးကုစခန်းရပ်ပြီး ပြန်ကြဖို့ တိုက်တွန်းတော့ ဆရာစံအေးက ကလေးမရဲ့မိဘကိုခေါ်ပြီး လူနာကို သူ့ကားနဲ့ မြို့ကိုခေါ်ပြီး ကုသပေးလိုကြောင်းပြောတော့ မိဘတွေက ကျေးဇူးတင်ကြောင်း၊ ဘုန်းကြီးကျောင်းကိုပဲ ပြန်ပို့မယ်လို့ ပြောပါတယ်။ စာရေးသူက ဆရာစံအေးကို ဒီလိုမခေါ်သင့်ကြောင်း လူမှုရေးကိစ္စပေါ်ပြီး တရားခံဖြစ်နိုင်ကြောင်း ပြောရပါတယ်။ ဗိုလ်ကြီးစံအေးက စာရေးသူနဲ့ ရပ်ရွာအေးချမ်းရေး၊ လုံခြုံရေး၊ ပြည်တော်သာစီမံကိန်းနဲ့ မကြာခဏ ခရီးအတူထွက်လို့ ညီအစ်ကိုလို ရင်းနှီးနေတော့ ပြောမနာဆိုမနာ နေကြသူတွေပါ။

ဒါနဲ့ နောက်ဆုံး ဆားလင်းကြီးက လိုက်လာတဲ့ စာရေးသူတို့အဖွဲ့နဲ့ တပ်သားများ ကားပေါ်တင်ပြီး ပြန်ကြပါတယ်။ ကားစထွက်ချိန်  လူနာကလေးမဟာ ဟားတိုက်ရယ်ပြီး ပယောဂဆရာအတုကြီး ပြန်ပြေးပြီလားလို့ အော်သံကြားလိုက်ရတော့ ဆရာစံအေး မျက်နှာပျက်ပေမယ့် သူ့ဒေါသကို ထိန်းလိုက်တာ တွေ့ရပါတယ်။ လေ့လာသူ ကိုအောင်နိုင်ကတော့ ထူးဆန်းအံ့ဩတဲ့ အဖြစ်အပျက်ကိုတွေးရင်း ကားပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ် ပါလာပါတယ်။

ဆားလင်းကြီး တည်းခိုရိပ်သာရောက်တော့ ဗိုလ်မှူးဘရှင်ကမေးလို့ ကိုအောင်နိုင်က ပြန်ပြောပြတဲ့အခါ ဗိုလ်မှူးလည်း အံ့ဩတဲ့အမူအရာနဲ့ နားထောင်တာ တွေ့ရပါတယ်။

(ဒီအဖြစ်အပျက်ကတော့ အုပ်ချုပ်ရေးအရာရှိဘဝမှာ တွေ့ကြုံရတဲ့ဖြစ်ရပ်ထဲက မှတ်မိသရွေ့ ပြန်ရေးပြခြင်းပါ။ ဆေးကုတဲ့ရွာကလည်း ခေါင်းထဲမှာ (ပေါင်းဝရွာလို့) ထင်မိလို့ အမှတ်မှားသွားရင် ဟိုတုန်းက ဆေးကုရာမှာ ပါဝင်ကြည့်သူတွေက ရွာအမှန်ကို ထောက်ပြပေးကြပါ။)

ဒီလိုရေးဖြစ်တာကလည်း စာရေးသူ တာဝန်ယူစဉ်က အေးချမ်းသာယာတဲ့ လက်ပံတောင်းတောင်ခြေ တစ်ဝိုက်မှာ နှစ်ပေါင်း ၆၀ ကြာပြီး အခုနောက်ပိုင်း ဆူပူဆန္ဒပြမှုတွေ၊ ပစ်ခတ်တိုက်ခိုက်ဖမ်းဆီးမှုတွေ ကြားရလို့ စိတ်မကောင်းဖြစ်မိရင်း ဒီဖြစ်စဉ်ကို သတိရပြန်ပြီး ရေးလိုက်ရတာပါ။

ချစ်စရာကောင်းတဲ့ ရွာဓလေ့

သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်နဲ့အဖွဲ့က ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ရိုး တစ်လျှောက်ဖြစ်တဲ့ ဆားထုံး၊ ပေါင်းဝ၊ တုံ၊ မိုးကြိုးပြင်၊ သင်ပေါင်း စတဲ့ ရွာတွေမှာ ရှေးဟောင်းစေတီ၊ ပုထိုး၊ ဘုန်းတော်ကြီးကျောင်းတွေက သမိုင်းဝင်အထောက်အထားတွေကို မှတ်တမ်းတင်ဖို့ လာခဲ့တာပါ။ သူ့အဖွဲ့နဲ့အတူ ဆားလင်းကြီးမြို့ပိုင်ကြီး (ဦးဘမောင်) အနီးကပ်လိုက်ပါစေပြီး စာရေးသူက ပြူစောထီးခေါင်းဆောင်အချို့နဲ့ ရွာစဉ်တစ်လျှောက် လုံခြုံရေး၊ ကျန်းမာရေး၊ ပြည်တော်သာ စီမံကိန်းနှင့် စိုက်ပျိုးရေးတွေကို ရွာလူကြီးတွေနဲ့ တွေ့ဆုံနှီးနှောပြီး နောက်ကလိုက်ပါတယ်။ အဖွဲ့အားလုံးကို နေ့လယ်စာစားဖို့ ရွာတစ်ရွာသတ်မှတ်ပြီး ဆုံကြဖို့ စီစဉ်ထားပါတယ်။

အဲဒီဘက်က ရွာတွေမှာ ချစ်စရာကောင်းတဲ့ ရွာဓလေ့တစ်ခုက မိမိတို့ရွာကို ပြင်ပဧည့်ကောင်း တစ်ဦးတစ်ယောက်လာရင် မနက်ပိုင်း ထမင်းစားချိန်တန်ရင် နီးစပ်ရာအိမ်တွေက သူတို့ချက်ထားတဲ့ဟင်းလျာများပို့ပြီး ဧည့်ခံကြပါတယ်။ ညပိုင်းမှာ ရွာထဲဝင်ရင်တော့ ရွာဝင်လမ်းမ တစ်ဖက်တစ်ချက်ရှိ အိမ်တွေကလည်း ရေနံဆီမီးခွက်၊ ဖန်မီးအိမ် (မှန်အိမ်)၊ (တုတ်မီး) လက်နှိပ်ဓာတ်မီးနဲ့ ကိုယ်စီလမ်းပြပေးကြပါတယ်။

ဧည့်သည်တည်းခိုမယ့် အိမ်ကို ညစာအချိန်မီသေးရင် ဟင်းကောင်း တစ်ခွက်စီလောက်ပို့ပြီး ဧည့်ခံတတ်ပါတယ်။ 

ဗိုလ်မှူးဘရှင်အဖွဲ့ဟာ မနက် ၁၁ နာရီလောက်မှာ ထမင်းစားဖို့ ရွာကိုရောက်တော့ ကြိုတင်စီစဉ်ထားတဲ့လူကြီးနဲ့ ဧည့်သည်တွေအတွက် ငါးဟင်းဆီပြန်၊ ငါးခူကျော်၊ ပဲဟင်း၊ ပဲငါးပိကြော်၊ အတို့အမြုပ်တွေ ချက်ထားတာပါ။ ထမင်းဝိုင်းစမယ့်အချိန်မှာပဲ ရွာထဲက ဆွမ်းကျွေးပွဲရှိတဲ့ ရွာသားတစ်ဦးက ဝက်သား(ဝက်သားနီချက်) အတုံးကြီးများပါတဲ့ ဟင်းတစ်ခွက်လာပို့ပြီး ဆရာကြီးရှေ့မှာ “သုံးဆောင်ပါဆရာကြီး ဆွမ်းကပ်ပွဲရှိလို့ ဘုန်းကြီးပွဲအတွက် ချက်ထားတာပါ”ဆိုပြီး အတင်းထိုးပေးပါတယ်။ စာရေးသူလည်း ထမင်းဝိုင်းမှာ ဒီအဖြစ်အပျက်ကိုမြင်တော့ ချက်ချင်းပဲ သူကြီးကို ဝက်သားဟင်းခွက် ဖယ်ခိုင်းဖို့ လက်တို့လိုက်ပါတယ်။ ဗိုလ်မှူးဘရှင်နဲ့ ခရီးမှာပါလာတဲ့ အဖွဲ့သားတစ်ဦးက ဆရာကြီး ဝက်သားမစားကြောင်း ကြိုတင်ပြောထားလို့ စာရေးသူ သတိရလိုက်ပါတယ်။ ဆရာကြီး ဘယ် ဘာသာကိုးကွယ်တယ်ဆိုတာ မမေးခဲ့ပါဘူး။ အဲဒီ ဝက်သားဟင်းခွက်ကို ဆရာကြီးဆီ ထိုးပို့နေချိန်မှာ ဆရာကြီးမျက်နှာဟာ တစ်ချက်မှအပြုံးမပျက်ဘဲ“ကိစ္စမရှိပါဘူး။ ကျွန်တော် ငါးဟင်းနဲ့ ကျန်ဟင်းတွေကို နှစ်သက်ပါတယ်။ ကျေးဇူးတင်ပါတယ်လို့” ချိုချိုသာသာ ငြင်းတာတွေ့ရတော့ ဆရာကြီးရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူကို အတုယူသင့်တယ်လို့ စိတ်ထဲက မှတ်သားလိုက်မိပါတယ်။

အထက်တန်းကျောင်းဖွင့်ခွင့်လုပွဲ

အဲဒီကာလမှာ ယင်းမာပင်မြို့က နယ်ပိုင်ဝန်ထောက်ရုံးစိုက်ပေမယ့် အထက်တန်းကျောင်း မရှိသေးပါ။ မုံရွာခရိုင် ပြည်တော်သာအစည်းအဝေး (ရက်မမှတ်မိ ၁၉၅၇ ခုနှစ်) မှာ အစိုးရက အနောက်ဘက်ကမ်း ခရိုင်ခွဲအတွက် အထက်တန်းကျောင်းတက်တော့ ဆားလင်းကြီး ပါလီမန်အမတ် (ဦးအောင်ဖေ ထင်ပါတယ်) က ဆားလင်းမြို့မှာ ဖွင့်သင့်ကြောင်း တင်ပြပါတယ်။ စာရေးသူက ယင်းမာပင်မြို့ဟာ ခရိုင်ခွဲရုံးစိုက်ပေမယ့် တာဝန်ကျအစိုးရဌာနတွေက မုံရွာမှာသာ အခန့်သား ထိုင်နေကြောင်း၊ မြို့ရဲ့သာယာရေးကို အလေးမထားကြောင်း ပတ်ဝန်းကျင်ရွာတွေက ကျောင်းသား သူငယ်တွေ အလယ်တန်းအောင်ပြီးရင် အထက်တန်းပညာသင်ဖို့ မုံရွာကိုပို့ရလို့ စားစရိတ်မတတ်နိုင်တာကြောင့် ပညာရေး အဟောသိကံဖြစ်ရကြောင်း စိတ်ဆိုးမာန်ဆိုး အမူအရာနဲ့ ဆွေးနွေးတော့ ဘေးက ကပ်ထိုင်နေတဲ့ မြို့မဝန်ထောက်ကြီးဦးရှိန်က စာရေးသူကို ဒေါသမထွက်နဲ့ ဖြည်းဖြည်းပြောလို့ ဆုံးမပါတယ်။ နောက်ဆုံး ပညာရေးဌာနနဲ့ အစည်းအဝေးတက်တဲ့ ဌာနဆိုင်ရာအရာရှိတွေရဲ့ ထောက်ခံချက်အရ ယင်းမာပင်မြို့မှာ အထက်တန်းကျောင်းဖွင့်ဖို့ သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။ စာရေးသူ ယင်းမာပင်မှာရှိနေတုန်းကတော့ ကျောင်းမဖွင့်ရသေးပါ။ စာရေးသူ ရွှေဘိုခရိုင်ကို ပြောင်းသွားပြီး ၁၉၅၈ လောက်မှာ ယင်းမာပင် အထက်တန်းကျောင်း ဖွင့်ပွဲတက်ဖို့ ဖိတ်စာရောက်လာပါတယ်။ အလုပ်မအားတာနဲ့ ဖွင့်ပွဲကိုမတက်ဖြစ်ဘဲ မိတ်ဆွေအချို့ကတစ်ဆင့် ဝမ်းမြောက်ကြောင်း သတင်းစကား ပါးလိုက်ပါတယ်။

ဖိုလ်ဝင်တောင်ပွဲတော်

မုံရွာ အနောက်ဘက်ကမ်းက သမိုင်းဝင်ထင်ရှားတဲ့ (ဖိုလ်ဝင်တောင်) ပွဲတော်ဟာ တန်ဆောင်မုန်းလဆန်းက လပြည့်နေ့အထိ ကျင်းပလေ့ရှိတဲ့ ဂေဇက်ဝင် ဘုရားပွဲပါ။ အဲဒီတုန်းက ယင်းမာရဲ့ အရှေ့တောင်ဘက်ခြမ်းမှာ ရဲဘော်အဖြူအဖွဲ့နဲ့ ပခုက္ကူခရိုင်နယ်စပ်များ ကွန်မြူနစ်သောင်းကျန်းသူတွေရှိပေမယ့် ယင်းမာပင်ဘက်ကို လာခဲပါတယ်။  ဒါကြောင့် ဒီဘုရားပွဲမှာ အနှောင့်အယှက်မရှိ၊ တောင်တော်ရဲ့အရှေ့၊ အနောက်၊ ဝဲယာမှာရှိတဲ့ ရွာတွေက တပျော်တပါး လာကြပါတယ်။ ရွာပေါင်းစုံ ဘုရားဖူးတွေ၊ ဝိုင်းကြီးတွေ၊ လှည်းပေါင်းမိုးတွေနဲ့ဝိုင်းဖွဲ့ အလယ်ကွက်လပ်ကွင်းထဲမှာ ဝါးကတ်ဖျားပြီး နေကြပါတယ်။ နေ့ခင်း ဘုရားတွေလည်ဖူး၊ ညဦးပိုင်း လှည်းဝိုင်းအလယ်မှာ အောက်လင်းဓာတ်မီး ရေနံ၊ မီးတုတ်၊ ထင်းပုံရှို့တဲ့မီးပုံ စတာတွေရဲ့ အလင်းရောင်နဲ့ တီးမှုတ်သီချင်းဆိုကြ၊ ကကြ၊ ဧည့်ခံကျွေးမွေးကြနဲ့ အလွန်ပျော်ဖို့ကောင်းတဲ့ပွဲပါ။

အဲဒီပွဲတော်ကို အုပ်ချုပ်ကွပ်ကဲသူတွေကတော့ ဘုန်းကြီးများပါဝင်တဲ့ ကြီးကြပ်ရေးအဖွဲ့ပါ။ စာရေးသူတို့ အစိုးရဌာနက နယ်ပိုင်၊ မြို့ပိုင်၊ ရဲစခန်းမှူးများ နေဖို့ ဇရပ်၊ အဆောင်များမှာ နေရာချပေးပါတယ်။ ဒီပွဲမှာ တောချက် အရက်ကတော့ အလျှံပယ်ရောင်းရပါတယ်။ ယစ်မျိုးကလည်း မဖမ်းပါ။ ရွှေပွဲလာတွေ ပျော်နိုင်အောင် ဘုန်းတော်ကြီးတွေက မေတ္တာရပ်ခံထားတာပါ။ လမ်းဘေးမှာ အမူးလွန်ပြီး လဲနေတာတွေ့ရင် ပွဲတော်ကြီးကြပ်ရေးအဖွဲ့က ငမူးကိုဝိုင်းမပြီး ဇရပ်ပေါ်ကို ရွှေ့ပေးပါတယ်။ အမူးပြေရင် ကိုယ့်ရွာလှည်းဝိုင်းကိုပြန်တော့ ပွဲတော်ရက်မှာ “ရခိုင်ငှက်ပျောသီး”က တစ်ဖီးမှ ၁၀-၁၅ ပြားပါ။ အချင်းချင်း ငှက်ပျောသီးနဲ့ ပစ်ပေါက်ပြီး အပျော်စတာ၊ နောက်တာတွေ ရှိပေမယ့် ခိုက်ရန်ဖြစ်တာ မတွေ့ရပါဘူး။ ပွဲတော်မှာ ခိုးမှု၊ ရိုက်မှု၊ အလစ်သုတ်မှု ကြီးကြီးမားမားဖြစ်မှ ရဲလက်ကိုအပ်ပါတယ်။

ပွဲဈေးမှာ ဈေးအပေါဆုံးသီးနှံက တောင်ခြေတစ်ဝိုက် သဘာဝပေါက်တဲ့ “မှိုဖြူ” ပါ။ မှိုအရွယ်စုံကို ပြည်တောင်းနဲ့ချိန်ရောင်းတာ တစ်ပြည်မှ တစ်မတ် ၂၅ ပြားထက် မပိုပါဘူး။ ဒီကာလမှာ တောင်ပေါ်ရှိ မျောက်စပ်တွေဟာ ငှက်ပျောသီးအဝစားရတာကို ပျော်ပြီး ဘုရားဖူးတွေကြားမှာ ပြေးလွှားဆော့နေကြပါတယ်။                       
 
အင်ခိုင်ဘွမ်
ဆက်လက်ဖော်ပြပါမည်။


  • VIA