News

POST TYPE

ARTICLE

မြန်မာနိုင်ငံ သံတမန်ထိုးစစ် စတင်
13-Dec-2017

Bangkok Post သတင်းစာပါ Larry Jagan ၏ Myanmar launches diplomatic offesinve ဆောင်းပါးကို NLM ဘာသာပြန်သည်။

မြန်မာနိုင်ငံသည် မွတ်ဆလင် ရိုဟင်ဂျာများအပေါ် ပြုမူကိုင်တွယ်ပုံနှင့် ပတ်သက်၍ နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများ ကြီးထွားလာခြင်းကြောင့် သံတမန်ထိုးစစ်ကို စတင်လိုက်ပြီ ဖြစ်သည်။ မြားဦးသုံးဖက်ပါသော ထိုးစစ်သည် ကုလသမဂ္ဂကို ဖြေရှင်းရန်၊ အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရေး တောင်းဆိုမှုများကို ဖယ်ရှားရန်၊ ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်သင့်မြတ်ရေး အစီအစဉ်များတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအား ထိတွေ့ဖို့ ကြိုးစားရန် ရည်ရွယ်သည်။

အဆိုပါ ပြောင်မြောက်သော ထိုးစစ်သည် ကုလလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရေး ကြိုးပမ်းမှုများ၏ နောက်ကွယ်တွင် ကိုင်တွယ်နေသည်ဟု ယူဆရသော အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အာရှမွတ်ဆလင်နိုင်ငံများကို အဓိကရည်ရွယ်သည်။ ပြီးခဲ့သောအပတ်က မြန်မာအစိုးရ၏ အနေအထားကို ရှင်းပြရန်အတွက် အစ္စလာမ်နိုင်ငံများအဖွဲ့ OIC အဖွဲ့ဝင်များထံ သွားရောက်တွေ့ဆုံကြရန် သံတမန်များကို ညွှန်ကြားခဲ့သည်။

ဒုက္ခသည်အားလုံးကို တစ်ဆင့်ပြီးတစ်ဆင့် လက်ခံသွားရန် မြန်မာအစိုးရက စီစဉ်နေကြောင်းကို ရှင်းလင်းတင်ပြကြရန် ညွှန်ကြားခဲ့သည်ဟု ရန်ကုန်မှ သံတမန်များ၏ အဆိုအရ သိရှိရသည်။ တစ်ချိန်တည်းမှာပင် အစိုးရ၏ ရခိုင်ပြည်နယ်ဆိုင်ရာ အစီအစဉ်များ အကောင်အထည်ဖော်ရေးတွင် ကူညီရန် နိုင်ငံတကာ အကြံပေးအဖွဲ့ ဖွဲ့စည်းကြောင်းနှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆူရာကီယတ် ဆာသီရာထိုင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြေညာခဲ့သည်။

မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုများသည် ဩဂုတ်လကုန်ပိုင်းတွင် ထိန်းမနိုင် သိမ်းမရ ကြီးထွားလာခဲ့ပြီး  သောင်းကျန်းမှု နှိမ်နင်းရေး မြန်မာစစ်တပ်၏ စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ မွတ်ဆလင် လေးပုံသုံးပုံခန့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကူးထွက်ပြေးမှု ဖြစ်ပေါ်စေခဲ့သည်။

ယင်းဖြစ်ရပ်များကို ကုလသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စု နှစ်ဦးစလုံးက လူမျိုးစု ဖယ်ရှားသန့်စင်မှုဟု သတ်မှတ်ခဲ့ကြပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိတ်ရာအက်အယ်လ်ဟူစိန်က ပိုမိုပွင့်လင်းစွာ ပြောဆိုကာ လူမျိုးတုံးသတ်ဖြတ်မှု အထောက်အထားများရှိသည်ဟု ယုံကြည်ကြောင်းနှင့် တာဝန်ရှိသော ထိပ်တန်းစစ်ဘက် တပ်မှူးများကို ဟိဂ်နိုင်ငံတကာခုံရုံးသို့ ပို့ဆောင်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သောအပတ်တွင် နိုင်ငံတကာ စိုးရိမ်ပူပန်မှုသည် နောက်တစ်ကြိမ် မြင့်တက်လာခဲ့ပြီး ဂျီနီဗာ အထူးအစည်းအဝေးတွင် မြန်မာနိုင်ငံမှ မွတ်ဆလင် ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်းသား လူမျိုးစုများ၏ အခြေအနေကို စဉ်းစားသုံးသပ်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည့်အပြင် မြန်မာနိုင်ငံတွင် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး စနစ်တကျ ချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများ ဖြစ်ပေါ်နေမှုကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြသည်။

ယင်း အစည်းအဝေးတွင် စွပ်စွဲချက်များကို ဂျီနီဗာရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထင်လင်းက ပယ်ချခဲ့ပြီး ရခိုင်ပြည်နယ်၏ ရှုပ်ထွေးသော အခြေအနေကို အသိအမှတ်ပြုရန် နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် အလွန်အကျွံ အင်အားသုံးမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ (စစ်တပ်က ကျူးလွန်သော အတင်းအကျပ် နေရာရွှေ့ပြောင်းမှုများ၊ နေအိမ်ဖျက်ဆီးမှုများ၊ မွတ်ဆလင်များကို မုဒိမ်းကျင့်သတ်ဖြတ်မှုများ) ရှိသည်ဟု စွပ်စွဲမှုများကို မြန်မာအစိုးရက ဆက်တိုက် ငြင်းဆန်ခဲ့သည်။ သို့ရာတွင် ထိုသို့ ကျူးလွန်သူများကို အမြန်ဆုံး အရေးယူဆောင်ရွက်ရန် မွတ်ဆလင်နိုင်ငံများ၊ ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့က တောင်းဆိုလာခြင်းကို ဟန့်တားနိုင်ခြင်းမရှိပေ။ သို့သော်လည်း နိုင်ငံံံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ် (တပ်မတော်) ကို ပြစ်တင်ရှုတ်ချရန် အမြဲလိုလို ငြင်းဆန်ခဲ့သည်။

ယခု မဟာဗျူဟာ၏ ဦးတည်ချက်မှာ အစိုးရအား ပိုမိုပွင့်လင်းမြင်သာရန်နှင့် ရခိုင်ပြည်နယ်သို့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများ သွားရောက်ခွင့်ပေးရန် နိုင်ငံတကာ ဖိအားပေးမှုများ ကြီးထွားလာခြင်းကို ရှင်းလင်းပြတ်သားစွာ တုံ့ပြန်ရန်ဖြစ်သည်။ ဤအချက်သည် (ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှု ပြဿနာသည် ယခုအခါ လျော့ပါးသွားပြီဖြစ်ရာ ဒုက္ခသည်များ နေရပ်ပြန်ရေး၊ ရခိုင်ပြည်နယ်တွင် ပြန်လည် နေရာချထားရေး၊ ၎င်းတို့၏ နေအိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများကို ပြန်လည်ဆောက်လုပ်ပေးရေး အစရှိသော ကြီးမားသော လုပ်ငန်းတာဝန်များကို အရေးပေါ် လုပ်ဆောင်ပေးရန် လိုအပ်နေသောအချက်) ယခုအခါ ပြဿနာများ ဖြေရှင်းရေး၏ အခေါင်အချုပ် ဖြစ်သည်ဟု အစိုးရက ယုံကြည်သည်။ ဤကိစ္စသည် လွန်ခဲ့သောနှစ်လက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ကာ ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ် လူသားချင်း စာနာကူညီရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၏ အဓိကတာဝန် ဖြစ်သည်။

၎င်းအဖွဲ့အစည်းသည် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ကိုဖီအာနန် အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည် ဖော်ရန်အတွက် ဖြစ်သည်။ ၎င်း အကြံပြုချက်များကို မြန်မာအစိုးရက လိုလိုလားလား လက်ခံထားပြီးဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း စိတ်ဝင်တစား ထောက်ခံထားသည်။

ကော်မရှင်၏ အစီရင်ခံစာနှင့် အကြံပြုချက်များကို တရားဝင်ထုတ်ပြန်ခြင်းမပြုမီ တင်ပြရန် ဩဂုတ်လအတွင်းက တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲများတွင် ကိုဖီအာနန်က အကောင်အထည် ဖော်မှုများကို ကြီးကြပ်ရန် ဌာနတစ်ခုဖွဲ့စည်းရေး၊ လုပ်ငန်းစဉ် တစ်ခုလုံးကို စောင့်ကြည့်ရန်နှင့် နိုင်ငံတကာပါဝင်မှုကို ညှိနှိုင်းရန် နိုင်ငံတကာ အကြံပေးအဖွဲ့ ဖွဲ့စည်းရေးတို့ကို အကြံပြုခဲ့သည်။

မစ္စတာဆူရာကီယတ်သည် လွန်ခဲ့သော နှစ်ပတ်က နေပြည်တော်သို့ ခေတ္တလာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် နိုင်ငံတကာ အကြံပေးမစ်ရှင်၏ နယ်ပယ်အတိုင်းအတာနှင့် အသေးစိတ်အချက်များကို ဆွေးနွေးခဲ့ကြသည်ဟု သံတမန် သတင်းရပ်ကွက်က ဆိုသည်။ 

နယ်ပယ်အတိုင်းအတာ ဖွင့်ဆိုချက်များသည် သုတေသနနှင့် လေ့လာဆန်းစစ်မှုမှသည် ကယ်ဆယ်ရေး အထောက်အပံ့ ဖြန့်ဖြူးမှုအထိ လွန်စွာကျယ်ပြန့်သည်ဟု ကုလသမဂ္ဂ အကြံပေးဟောင်း လက်ရှိ အာရှငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး ထိုင်းသံအမတ်ကြီး ကိုဆတ်ချူတီကူးလ်က Bangkok Post သို့ ပြောကြားသည်။ ကိုဖီအာနန်ကော်မရှင် အကြံပြုချက်များ အကောင်အထည် ဖော်မှုဆိုင်ရာ နိုင်ငံတကာ အကြံပေးဘုတ်အဖွဲ့တွင် နိုင်ငံတကာ ကိုယ်စားလှယ်ငါးဦးနှင့် မြန်မာအစိုးရ ကိုယ်စားလှယ်ငါးဦး ပါဝင်ဖွဲ့စည်းမည် ဖြစ်သည်။

ဘုတ်အဖွဲ့ဝင် နိုင်ငံတကာကိုယ်စားလှယ် ငါးဦးအနက်မှ ဘီလ်ရစ်ချတ်ဆန်သည် အမေရိကန် ဆီနိတ်တာ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူး၊ စွမ်းအင်ဝန်ကြီး၊ ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး စသည်ဖြင့် တာဝန်ယူခဲ့ဖူးပြီး သံတမန်ရေး ကိစ္စများစွာတွင် ပါဝင်ပတ်သက်ခဲ့သူ ဒီမိုကရက် ပါတီဝင်တစ်ဦး ဖြစ်သည်။

ဘီလ်ရစ်ချတ်ဆန်သည် ၁၉၉၄ ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံနေရစဉ်အတွင်း တွေ့ဆုံခွင့်ရခဲ့သူ အနည်းငယ်အနက်မှ တစ်ဦးဖြစ်သည်။ ၎င်းသည် မြောက်ကိုရီးယား၊ အီရတ်နှင့်ကျူးဘားတွင် ဓားစာခံများ၊ အမေရိကန် တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် စေ့စပ်ညှိနှိုင်းရာတွင်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။

ကျန်နိုင်ငံတကာ ကိုယ်စားလှယ်များထဲမှ အာဘန်အာလင်သည် လက်ရှိ ဆွီဒင်ပါလီမန် ရစ်စဒက်၏ ဥက္ကဋ္ဌဖြစ်ပြီး နိုင်ငံခြားရေးရာများတွင် တက်ကြွမှုရှိသော ဆိုရှယ်ဒီမိုကရက်ပါတီဝင် နိုင်ငံရေးသမားဖြစ်သည်။ ယခင်က ပါတီ၏ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့သည်။

ယခင်ကလည်း အာဘန်အာလင်သည် အီရန်မှ ဆွီဒင် ဆောက်လုပ်ရေးလုပ်သားများနှင့် အကျဉ်းကျ  ဘယ်လာရုစ် သမ္မတလောင်း အလက်ဇန်းဒါး ကိုဇူလင်တို့ လွတ်မြောက်ရေးအပါအဝင် နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေးနှင့်ဖျန်ဖြေရေး ကြိုးပမ်းမှုများစွာတွင် ပါဝင်ပတ်သက်ခဲ့သူ ဖြစ်သည်။

အခြားကိုယ်စားလှယ်တစ်ဦးမှာ တောင်အာဖရိက အသားရောင်ခွဲခြားမှုများ အဆုံးသတ်ရန် စေ့စပ်ညှိနှိုင်းမှုများတွင် ထင်ရှားသောကဏ္ဍမှ ပါဝင်ခဲ့သူ တောင်အာဖရိက နိုင်ငံရေးသမားနှင့် လုပ်ငန်းရှင် ရုလ်ဖ်မီယာ ဖြစ်သည်။

နောက်ထပ် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ လော့ဒ်အေရာဒါဇီမှာ ဗြိတိန်မှ လေဘာပါတီဝင် နိုင်ငံရေးသမား ဆရာဝန်တစ်ဦးဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲမှုများ ကျင့်သုံးရန် စည်းရုံးလှုံ့ဆော်သူအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားသော ဦးဆောင်ဆရာဝန်များထဲမှ တစ်ဦးဖြစ်သည်။

၎င်းတို့၏ အဓိကတာဝန်မှာ ကိုဖီအာနန်ကော်မရှင် အကြံပြုချက်များ အကောင်အထည်ဖော်မှုကို အစိုးရ၏ အစီအစဉ်မှတစ်ဆင့် ကြီးကြပ်ရန်နှင့် အဆိုပါ လုပ်ငန်းများကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်အကြံပေးတစ်ဦးက Bangkok Post သို့ ပြောကြားသည်။

“ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီမူဘောင်တစ်ခု တည်ဆောက်ဖို့နဲ့ နိုင်ငံတကာ Stakeholders တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ထိတွေ့နိုင်စေဖို့ ဖြစ်ပါတယ်။ အဓိကအချက်ကတော့ အသိုင်းအဝိုင်း အားလုံးအတွက် အခြေခံအဆောက်အဦ တည်ဆောက်တာပါပဲ”ဟု ၎င်းက ပြောကြားသည်။ 

ယခု လိုအပ်နေသောအရာမှာ ကျယ်ပြန့်သော အမြင်သဘောထားသစ်များ ဖြစ်သည်။ ဘုတ်အဖွဲ့ဝင်များသည် ၎င်းတို့၏ နိုင်ငံတကာ အတွေ့အကြုံများဖြင့် အမုန်းစကားတိုက်ဖျက်ရေး အပါအဝင် ပိုမိုအခြေခံကျသော အယူအဆများအတွက် ဘုတ်အဖွဲ့တစ်ခုအဖြစ် ဖြည့်ဆည်းပေးဦးမည် ဖြစ်သည်။ 

ဘုတ်အဖွဲ့၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည်ဟု မျှော်လင့်ရသော ကိုဆတ်ချာတီကူးလ်က “ရခိုင်ပြည်နယ်မှာ အသိုင်းအဝိုင်းတွေအတွက် ရပိုင်ခွင့်နဲ့ အကာအကွယ်ပေးမှုတွေ၊ အသိုင်းအဝိုင်းတွေရဲ့ ဆင်းရဲနွမ်းပါးမှု၊ မလုံခြုံမှု၊ ကြောက်ရွံ့မှုတွေ၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှုကို ရေရှည်ခံစေမယ့် လူမျိုးစု အသိုင်းအဝိုင်းတွေအကြား ဆက်ဆံမှုခိုင်မာဖို့ လိုအပ်တာတွေ အစရှိတဲ့ စိန်ခေါ်မှုတွေအပေါ် ထိထိရောက်ရောက် တုံ့ပြန်ရေးကို အာရုံစိုက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံက ဘုတ်အဖွဲ့ကို တောင်းဆိုထားပါတယ်”ဟု Bangkok Post သို့ ပြောကြားသည်။

မြန်မာခေါင်းဆောင်များနှင့် မကြာသေးမီက တွေ့ဆုံဆွေးနွေးမှုတွင် မစ္စတာဆူရာကီယတ်က လက်ရှိ သံတမန်ရေးထိုးစစ်ကို အကြံပြုခဲ့သည့်အလျောက် ဘုတ်အဖွဲ့၏တန်ဖိုးမှာ ရလဒ်ထွက်ပေါ်နေပြီးဖြစ်သည်ဟု နေပြည်တော်မှ သတင်းဇာစ်မြစ်များက ဆိုသည်။

အစ္စလာမ်နိုင်ငံများအဖွဲ့ OIC သည် ဆုံးဖြတ်ချက်မချမီ အများစု သဘောတူထောက်ခံရန် လိုအပ်သော စည်းကမ်းရှိသောကြောင့် အဖွဲ့ဝင် ၅၈ ဦးအနက်မှ ဘာရိန်း၊ ဂျော်ဒန်၊ ဘရူနိုင်းကဲ့သို့သော သဘောထားပျော့ပျောင်းသော အဖွဲ့ဝင်များကို ပစ်မှတ်ထား ရွေးချယ်ရန် မစ္စတာဆူရာကီယတ်က အကြံပြုထားသည်။

၎င်း အကြံဉာဏ်များသည် ထိုင်းနိုင်ငံတောင်ပိုင်းမှ အစ္စလာမ္မစ်ပြဿနာများနှင့် ပတ်သက်သည့် ထိုင်းနိုင်ငံ၏ မဟာဗျူဟာပင် ဖြစ်သည်။


  • VIA