News

POST TYPE

ARTICLE

နယ်စပ်က တရုတ်မယား
12-Dec-2017

ဟောင်သည် အသက် ၁၅ နှစ်သာရှိသေးသည့် မိန်းကလေးဖြစ်သည်။ တရုတ်နယ်စပ်၊ ဗီယက်နမ် မြောက်ပိုင်းရှိ မြို့တစ်မြို့ဖြစ်သော လောင်ကိုင်းမှ သူငယ်ချင်းတစ်ယောက်နှင့် တွေ့ဆုံရန် အိမ်ကထွက်လာသည်။ သူက ထိုခရီးကို နာရီအနည်းငယ်သာ ကြာမည့်ခရီးဟု မှတ်ထင်ကာ ထွက်လာခြင်းဖြစ်သော်လည်း သူအိမ်ပြန်ရန် စီစဉ်နေသည့်အချိန်အထိ သုံးနှစ်ကြာသောခရီး ဖြစ်သွားခဲ့ရသည်။

နယ်စပ်တွင် သူ့သူငယ်ချင်းက မော်တော်ဆိုင်ကယ်နှင့် ကောင်လေးနှစ်ယောက်ဆီကို ခေါ်သွားသည်။ ကောင်လေးတွေက မြို့ထဲကို ခေါ်သွားပြီး ကာရာအိုကေဆိုင် ထိုင်ကြသည်။ ထိုဆိုင်တွင် သူတို့ ဖျော်ရည်သောက်ကြသည်။ 

ဟောင်ပြန်နိုးလာသည့်အချိန်တွင် ဆိုင်ကယ်ဘေး ရောက်နေမှန်း သိလိုက်ရသည်။ သူ့ကို ကောင်လေးနှစ်ယောက်က ရှေ့နောက်ညှပ်ကာ မောင်းနှင်နေခြင်း ဖြစ်သည်။ သူတို့သည် တောင်ပေါ်လမ်းအတိုင်း မောင်းနေကြသည်။ တရုတ်နယ်စပ်ကို ဖြတ်ကျော်လာပြီး တောရွာလေးတစ်ရွာ အစွန်ရှိ အိမ်တစ်အိမ်ကို ရောက်လာကြသည်။

ထိုအိမ်သို့ရောက်မှ ကောင်လေးတွေက ဟောင်ကို ရောင်းစားလိုက်ကြောင်း ပြောသည်။ ကောင်မလေးက အော်ဟစ်ရုန်းကန်ပြီး ကောင်လေးတွေကို တွန်းထိုးသည်။ ကောင်လေးတစ်ယောက်က သူ့ကို တုတ်တစ်ချောင်းကိုင်ပြီး ခြိမ်းခြောက်နေသည်။

လူမှောင်ခိုနှစ်ယောက်က သူ့ကို နယ်စပ်မှာကတည်းက အပျိုရည်ဖျက်ခဲ့ပြီးဖြစ်ကြောင်း၊ သူတို့ ပြောသလိုလုပ်လျှင် တရုတ်တွင် လင်ရှာပေးမည်ဖြစ်ကြောင်း၊ လက်ထပ်ပြီးလျှင် အိမ်ပြန်ချင် ပြန်နိုင်ကြောင်း ပြောသည်။ အကယ်၍ သူတို့ပြောသည့်အတိုင်း မလိုက်နာလျှင် သူ့ကို တောင်ပေါ်တွင် ပစ်ထားခဲ့မည်ဟုလည်း ပြောကြသည်။

ယခုတော့ ဟောင်တစ်ယောက် အသက် ၂၀ ရှိနေပြီ။ လောင်ကိုင်းမြို့ပေါ်ရှိ ကြီးမားသည့် ဘန်ဂလိုကြီးတစ်လုံးပေါ် ရောက်နေပြီး သူနှင့်အတူ အသက် ၁၅ နှစ်မှ ၂၄ နှစ်အရွယ် မိန်းကလေး တစ်ဒါဇင်ခန့်လည်း ရှိနေကြသည်။ သူတို့အားလုံးကို ဗီယက်နမ်-တရုတ်နယ်စပ် လူကုန်ကူးမှုတိုက်ဖျက်ရေး ကွန်ရက်အဖွဲ့တစ်ခုက ကယ်တင်ထားခြင်းဖြစ်သည်။ ထိုမိန်းကလေးအများစုမှာ ပြည့်တန်ဆာလုပ်ရန် ရောင်းစားခြင်းခံထားရသူများဖြစ်ပြီး အများစုမှာ တရုတ်များနှင့် လက်ထပ်ရန် ပို့ပေးခြင်းခံနေရသူများ ဖြစ်သည်။ 

ထိုအိမ်ကြီးသည် အမေရိကန်အထောက်အပံ့နှင့် ထူထောင်ထားသော Pacific Links Foundation နေရာဖြစ်ပြီး အမျိုးသမီးလေးများ၏ စိတ်မချမ်းမြေ့ဖွယ်ရာ ခံစားခဲ့ရသော ဒုက္ခများကို ဖြေသိမ့်ပေးရာ၊ ပညာပေးရာ၊ စောင့်ရှောက်ကူညီပေးရာ နေရာလည်းဖြစ်သည်။ 

ကမ္ဘာအနှံ့ လူ ၁၅ သန်းခန့်သည် အတင်းအဓမ္မ လက်ထပ်ပေးခြင်းကို ခံနေကြရသည်။ ထိုအထဲတွင် အဓမ္မခေါ်ဆောင်ပြီး အတင်းလက်ထပ်ပေးခြင်း ခံနေရသည့် ဟောင်တို့လို မိန်းကလေးတွေလည်း များစွာပါဝင်နေကြောင်း ILO (International Labour Organisation)နှင့် လူ့အခွင့်အရေးအဖွဲ့များက ထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံတွင် လူကုန်ကူးခြင်းသည် အများဆုံးဖြစ်နေသည်။ တရုတ်တွင် ယောကျာ်းလေးမွေးမှ မြတ်သည်ဆိုသည့် အစွဲများကြောင့် မိန်းမ၊ ယောကျာ်းအချိုး ကွာခြားချက်က အရမ်းကြီးမားလျက်ရှိသည်။ 

၁၉၇၉ နှင့် ၂၀၁၅ ခုနှစ်များအတွင်းက တရုတ်တွင် မိသားစုတစ်စုလျှင် ကလေးတစ်ယောက်နှုန်းသာ ယူရမည်ဆိုသည့် ပေါ်လစီချမှတ်ခြင်း၊ မိန်းကလေးရလာလျှင် ကိုယ်ဝန်ဆောင်စဉ်ကတည်းက ဖျက်ချတတ်ခြင်းများကြောင့်လည်း မိန်းကလေးအရေအတွက် နည်းသည်ထက် နည်းနေခဲ့ရသည်။ တရုတ် (Academy of Social Sciences)၏ အဆိုအရ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်အမျိုးသား သန်း ၃၀ မှ ၄၀ ခန့်သည် တရုတ်နိုင်ငံအတွင်း ဇနီးမယားရှာရန် အခက်အခဲကြီးတစ်ခု ဖြစ်လာနိုင်သည်။

ထိုအချက်များသည် တရုတ်နိုင်ငံအတွင်းသို့ အိမ်နီးချင်း ဆင်းရဲသည့် နိုင်ငံများဖြစ်သော လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မွန်ဂိုးလီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့မှ အမျိုးသမီးများအား သွင်းကုန်တစ်ခုအနေနှင့် ပို့ဆောင်လာစေသည့် စီးပွားရေးလုပ်ငန်းကြီးတစ်ခုကို ဖြစ်ထွန်းစေခဲ့သည်။ အမျိုးသမီးများကို ရှာရာတွင်လည်း ဆင်းရဲသည့်အိမ်များတွင် သွားရောက်ရှာဖွေလိုက်ရန်သာဖြစ်ပြီး၊ တရုတ်နှင့် လက်ထပ်မလားဟု မေးလိုက်လျှင်ပင် အလွယ်တကူ ရနိုင်သည့် အနေအထားကို ရောက်လာသည်။ သို့သော် တရုတ်နယ်စပ်တွင် ပြန်ပေးဆွဲသလိုဖြင့် အတင်းအဓမ္မခေါ်လာခြင်းခံရသော ဟောင်တို့လို မိန်းကလေးမျိုးတွေက များစွာရှိနေဆဲဖြစ်သည်။ 

နှစ်စဉ် လူကုန်ကူးခံကြရသော ဗီယက်နမ်အမျိုးသမီး ၁၀၀ မှ ၁၅၀ ကြား သူတို့ဇာတိမြေကိုပြန်ရန် နယ်စပ်ဂိတ်ကိုရောက်လာကြသည်။ သူတို့သည် နည်းမျိုးစုံဖြင့် တရုတ်မယား ဖြစ်သွားခဲ့ရသူများ ဖြစ်သည်။ ယုံကြည်၍ ရည်းစားနှင့်လိုက်ပြေးပြီး ရောင်းစားခြင်း ခံရသူရှိသလို၊ အချို့မှာ မိဘများကိုယ်တိုင်က လိုလားစွာ ရောင်းစားလိုက်ခြင်းကို ခံခဲ့ကြရသူများ ဖြစ်သည်။

တရုတ်ဈေးကွက်တွင် မိန်းကလေးငယ်ငယ်လေးတွေက ဈေးကွက်တစ်ခုလို ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နိုင်ငံတွင် အမျိုးသမီးများ လက်ထပ်ရန် သတ်မှတ်ထားသည့် အသက်မှာ ၂၀ နှစ် ဖြစ်နေသောကြောင့်ပင်။ အသက်မပြည့်သေးသူ မိန်းကလေးများကို လက်ထပ်ခြင်းက မှတ်ပုံတင်ရန်လည်းမလို၊ လွတ်လပ်သည်။

စမတ်ဖုန်းတွေ ခေတ်စားလာခြင်းနှင့် ဆိုရှယ်မီဒီယာတွေ ထွန်းကားလာခြင်းကလည်း ဗီယက်နမ်တောင်တန်းပေါ်က ကျောင်းသူလေးတွေကို နည်းမျိုးစုံနှင့် ဖြားယောင်းသွေးဆောင်ရန် အခြေအနေတွေ ပေးနေသည်။ ကောင်မလေးတွေကို ဆိုရှယ်မီဒီယာများကတစ်ဆင့် လူကုန်ကူးသူများက ချိတ်ဆက်ပြီး ချိန်းတွေ့ကြသည်။ ထိုကဲ့သို့ ဇာတ်လမ်းဆင်ခြင်းက ဈေးပေါသည်။ တစ်ယောက်လျှင် ဒေါ်လာ ၅၀ လောက်ပေးပြီး တရုတ်ကို ခေါ်သွားနိုင်သည်။ ကောင်မလေးတွေကို တရုတ်ထဲခေါ်ပြီး တစ်ဆင့်ပြန်ရောင်းစားလိုက်လျှင် ယွမ် ၆၀၀၀၀ မှ တစ်သိန်းကြားရသည်။ အမေရိကန်ဒေါ်လာ ၉၀၀၀ နှင့် ၁၅၀၀၀ ကြားညီမျှသော ငွေဖြစ်သည်။ 

ရောင်းစားခံလိုက်ရသည့် မိန်းကလေးတွေလည်း ပြန်ပြီး ထွက်ပြေး လွတ်မြောက်လာကြသည်များ ရှိသည်။ ဟောင်နှင့်အတူ ဘန်ဂလိုသို့ရောက်လာသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် သူ့ကို ရောင်းစားခြင်းခံရပြီး နှစ်ရက်အကြာတွင် တရုတ်အမျိုးသမီးတစ်ဦး ကူညီသဖြင့် နယ်စပ်ကို ပြန်လည်ထွက်ပြေးလာနိုင်ခဲ့သည်။ နောက်တစ်ယောက်ကလည်း ပြန်ရောက်နေသည်မှာ တစ်လခန့်ရှိပြီ။ သူ့ကို လူကုန်ကူးသူတွေက ခြေထောက်ကို ရိုက်ချိုးထားခြင်းဖြစ်ပြီး တရုတ်ရဲတွေက သူ့ကို လမ်းမပေါ်တွင် လဲနေသည်ကို တွေ့ခြင်းဖြစ်သည်။ 

ဟောင်ကို လူကုန်ကူးသူတွေက အိမ်တစ်အိမ်တွင် နှစ်လခန့် ခြိမ်းခြောက်ပြီး ပိတ်ထားသည်။ သူက လက်ထပ်ပါမည်ဟု ကတိပေးလိုက်မှ တရုတ်နိုင်ငံထဲသို့ နောက်ထပ်နှစ်ရက် ခရီးဆက်ခဲ့ရပြီး ရှန်ဟိုင်းမြို့ အနောက်မြောက်ဘက် အန်ဟွေးမြို့ကို ရောက်ခဲ့သည်။ သူ့ကို ဗီယက်နမ်မှန်းမသိအောင် နေထိုင်ဖို့ သတိပေးထားသည်။ တရုတ်နယ်စပ်ရှိ မထင်မရှား တရုတ်မျိုးနွယ်တစ်ဦးအဖြစ် ဤဒေသတွင် နေထိုင်ရမည်ဖြစ်သည်။

သူ့ကို လက်ထပ်ရန် ရောင်းချခြင်းခံရသည့် တရုတ်မှာ အသက် ၂၀ ကျော်ကျော်လောက်သာရှိဦးမည်။ သူက ချမ်းသာသည့် မိသားစုမျိုးနွယ်ဝင်ဖြစ်ပြီး ဟောင်ကို ယွမ် ၉၀ဝဝဝ နှင့် ပေးဝယ်ခဲ့ခြင်းဖြစ်သည်။ သူ့ခင်ပွန်းဖြစ်သူက နောက်မှရှင်းပြသည်မှာ သူသည် အမှန်တကယ်တော့ လက်ထပ်ချင်သူ တစ်ဦးမဟုတ်ကြောင်း၊ သူ့မိဘတွေ၏ ဆန္ဒအရသာဖြစ်ကြောင်း သိရသည်။ 

ဟောင်သည် မထင်မရှားမျိုးနွယ်ဖြစ်သည့်အတွက် သူတို့လို ဆွေကြီးမျိုးကြီး ဟန်မျိုးနွယ်လူများစုကို ရိုသေလေးစားရမည်ဟု သင်ပေးထားသည်။တရုတ် အွန်လိုင်း လက်ထပ်အောင်သွယ် Site များတွင်လည်း ဗီယက်နမ်အမျိုးသမီးများသည် ဈေးသက်သာသည်။ အမိန့်နာခံတတ်သည်။ ထွက်မပြေးဟု ဆိုထားသည်။ သူတို့ကို နူးညံ့သိမ်မွေ့ပြီး အရည်ပျော်ကျလောက်အောင် ချစ်တတ်သူများဟု ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် နိုင်ငံခြားမှ ဇနီးမယားများ လိုအပ်နှုန်းမှာ အလွန်များနေသည်။ အထူးသဖြင့် ကျေးလက်ဘက်တွင် နေထိုင်ကြသည့် ဆင်းရဲသားများနှင့် မသန်စွမ်းသူများအတွက် ဇနီးမယားလုပ်မည့်သူများ အလွန်လိုအပ်နေသည်။ ကျေးလက်များတွင် ကျားမဦးရေ မမျှမတဖြစ်နေမှုများကြောင့် မိန်းမရှာရန် အလွန်မလွယ်ကူသည့် အလုပ်တစ်ခုဖြစ်လာသည်။ တရုတ်နိုင်ငံအတွင်း ရောက်လာသည့် ပြည်ပမှ အလုပ်လုပ်ကိုင်သူများထဲတွင် ပါလာသော အမျိုးသမီးများအတွက်လည်း  တရုတ်တွေက မျက်စိကျစရာ ဖြစ်လာသည်။ ဆင်းရဲသည့် ကျေးရွာများသို့ ရောက်လာကြသည့် နိုင်ငံရပ်ခြားမှ အမျိုးသမီးများကိုလည်း ချက်ချင်း လူသတင်းလူချင်းဆောင်ကာ သတို့သမီးအဖြစ် ရွေးချယ်ရန် လူကြည့်ရောက်လာကြသည်က များသည်။ 

ကျေးရွာတွင် နေထိုင်သူများက သူတို့ထံ ရောက်လာသည့် မိန်းကလေးများကို သနားကြင်နာသဖြင့် လူကုန်ကူးသူတို့လက်ထဲမှ လွတ်မြောက်ရန် အကူအညီပေးကြသည်။ တရုတ်ပြည်ရောက်ပြီးမှ လွတ်မြောက်ရန်ဆိုသည်မှာ သိပ်မလွယ်လှပေ။ တရုတ်ဘာသာစကား နည်းနည်းမတတ်လျှင် သို့မဟုတ် ပိုက်ဆံမရှိလျှင် ထွက်ပြေးရန် မလွယ်လှပေ။ 

တရုတ်တွင် အိမ်ထောင်ရှင်မဘဝကို ရောက်လိုက်သည်နှင့် ပြန်လည်ထွက်ခွာခွင့်အရေးမှာ အလွန်အလှမ်းဝေးသွားပြီဖြစ်သည်။ ဟောင်ကို တရုတ်နိုင်ငံ အန်ဟွေးနယ်သို့ လူကုန်ကူးသူများက အခြားမိန်းကလေးများနှင့် အတူခေါ်လာပြီး ရောင်းစားခဲ့သည်။ သူနှင့်အတူရောက်လာသည့် ဗီယက်နမ်မလေးကို သူက မကြာမီ ပြန်ထွက်ပြေးကြမည်ဟု ကတိပြုထားကြသည်။ သို့သော် အတူပါလာသည့် ကောင်မလေးက ရောက်ပြီးမကြာမီ ကိုယ်ဝန်ရှိသွားသည်။ သူမွေးပြီး မကြာမီ ဟောင်တွင် ကိုယ်ဝန်ရှိလာပြန်သည်။ 

ဟောင် ကလေးမွေးပြီး တစ်လအကြာတွင် သူ့ယောက္ခမတွေက ရွာမှ လေးနာရီခန့်ထပ်သွားရသည့် အရပ်မှ အထည်ချုပ်စက်ရုံကို ပို့လိုက်သည်။ ကလေးကို သူတို့နှင့်အတူ ထားခဲ့ခိုင်းသည်။ လစာထုတ်သည့်နေ့တိုင်း ယောကျာ်းကရောက်လာပြီး သူ့လစာတွေကို သိမ်းသွားတတ်သည်။ ဟောင်တစ်လရသည့် လစာမှာ ယွမ် ၆၀ဝ၀ ဖြစ်သည်။ သူ့ဘဝက သမီးကို အပေါင်ထားပြီး လင်နှင့် ယောက္ခမတွေကို ပြန်ရှာကျွေးနေရသလို ဖြစ်နေသည်။ သို့သော် ဗီယက်နမ်ကို မဖြစ်ဖြစ်အောင် ပြန်မည်ဟုသာ သူဆုံးဖြတ်လိုက်သည်။

ဟောင်က ငွေကို ခိုးစုသည်။ ဗီယက်နမ်ရှိ သူ့မိဘတွေထံ တိတ်တဆိတ် ပြန်ဆက်သွယ်သည်။ သူ့အတွက် အကောင်းဆုံးမှာ တရုတ်အာဏာပိုင်များထံတွင် သွားအဖမ်းခံလိုက်ခြင်းသာဖြစ်သည်။ ရဲများက သူ့ကိုဖမ်းပြီး သုံးလထိန်းသိမ်းထားကာ စစ်ဆေးသည်။ သူ့ကို လူကုန်ကူးခဲ့သူတွေကိုလည်း ဖမ်းဆီးလိုက်သည်။ ထို့နောက် ဟောင်ကို ဗီယက်နမ်နယ်စပ်ကို ပြန်ပို့ခဲ့သည်။ သို့သော် သူမွေးခဲ့သည့် ကလေးကိုတော့ ထားခဲ့ရသည်။

တရုတ်နိုင်ငံတွင် လူကုန်ကူးသူများလက်ထဲက မိန်းကလေးတစ်ယောက်ကို ဝယ်လိုက်သဖြင့် အရေးယူ အပြစ်ပေးနိုင်သည့် ဥပဒေမရှိပေ။ ၂၀၁၅ ခုနှစ်တွင် ထိုဥပဒေကို ထပ်မံပြင်ဆင်ပြီး အတည်ပြုသည်။ သို့သော် အရောင်းခံရသည့် မိန်းကလေးသည် မကြိုက်လျှင် ဥပဒေအရ ပြန်ရုံသာဖြစ်ပြီး၊ အရေးယူအပြစ်ပေးသည့် အပြစ်ဒဏ်ကလည်း မဆိုစလောက်သာဖြစ်သည်။

ဟောင်တစ်ယောက် ယခု ကျောင်းပြန်တက်နေသည်။ သူက ဆရာဝန်မကြီးဖြစ်ချင်သည်။ တရုတ်နိုင်ငံတွင် ထားခဲ့ရသည့် သူ့သမီးလေးကို ယခုအတိုင်း ပစ်ထားမည်မဟုတ်ကြောင်း ပြောပြသည်။ ဗီယက်နမ်တွင် သူ့မိသားစုအတွက် ကလေးတစ်ယောက်သည် ဝန်ထုပ်ဝန်ပိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ ဟောင်ကလည်း သမီးကို ဖခင်မဲ့ဘဝမျိုးနှင့် ဗီယက်နမ်တွင် ရှင်သန်ရမည်ကို စိုးရိမ်သည်။ သူ့ယောက္ခမတွေက ချမ်းသာကြသည်။ မည်သို့ဆိုစေ သူ့သမီးလေးဘဝ သာယာလှပမည်ဟု ဟောင်ကယူဆသည်။ ကလေးအပေါ်တွင်တော့ သူတို့ကောင်းနိုင်ပါသည်ဟုသာ ဖြေသိမ့်လိုက်ရသည်။

(Ref: The Economist)


  • VIA