News

POST TYPE

ARTICLE

လျှပ်တစ်ပြက်ကောင်းမှုလေးများနှင့် လူသားများ (၉)
10-Dec-2017
လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများချည်း ဖြစ်ပါသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည်ခိုင်မာစေရန် အမြဲပြင်ဆင်လှုပ်ရှားနေကြရသည်။ ထို့ကြောင့် လူတိုင်းသည် အချိန်ပြည့် အများအကျိုးလုပ်ဆောင်နေနိုင်သူ မဖြစ်နိုင်ပေ။ သို့သော် နေ့စဉ်ဘဝတွင် ရုန်းကန်နေထိုင်ရင်းလျက်ပင် ကြုံရာကျပန်းကောင်းမှုလေးများကို လုပ်ဆောင်နိုင်ပေသည်။ သန်းယ်သူဌေး၊ အားကစား စတားမှသည် သာမန်ရထားစီး ခရီးသည်တစ်ယောက်အထိ လုပ်ဆောင်ပေးသမျှသည် သူ့နည်းသူ့ဟန်ဖြင့် လိုအပ်နေသူအတွက် ထိရောက်မှု ရှိပါပေသည်။ ကြုံရာကျပန်းလုပ်ဆောင်ပေးသည့် လျှပ်တစ်ပြက်ကောင်းမှုလေးများ သတင်းတိုများကို ဖတ်ရှုရတိုင်း မဖော်ပြတတ်သော ကြည်နူးမှုများ ခံစားရတတ်သည်။ ထို့ကြောင့် The Voice Sunday စာဖတ်ပရိသတ်အတွက် အဆိုပါ ဖြစ်ရပ်လေးများကို မျှဝေဖော်ပြလိုက်ပါသည်။ 

အသက်ရှူရပ်လဲကျသွားသော လုံခြုံရေးအရာရှိနှင့် ထောင်သား ၆ ဦးဇာတ်လမ်း

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် ပေါ့ခ်ခရိုင်နားက ရဲဘက်အလုပ်စခန်းတွင် အကျဉ်းသား ၆ ဦး အလုပ်လုပ်နေသည်ကို ထောင်ဝန်ထမ်းလုံခြုံရေးတစ်ဦးက လက်နက်ကိုင်ပြီး စောင့်ကြပ်နေရသည်။ ပတ်ဝန်းကျင်တွင် သူတို့ ၇ ဦးသာရှိသည်။ ထိုစဉ် ထောင်ဝန်ထမ်းသည် ရုတ်တရက် အသက်ရှူဖောက်လာပြီး လဲကျသတိလစ်သွားခဲ့သည်။ သေနတ်ကလည်း အသင့်၊ သော့များကလည်းအသင့်၊ ကားကလည်း အသင့်။ ထောင်သား ၆ ဦးလုံးမှာ ရွေးစရာများရှိလာသည်။ သို့သော် အကျဉ်းသားတို့သည် ထွက်ပြေးတိမ်းရှောင်ခြင်းဖြင့် လူ့အသက်တစ်ချောင်းအား သူရဲဘောနည်းစွာ စွန့်ပစ်ခဲ့မည့် အစီအစဉ်ကို မရွေးချယ်ခဲ့ကြပေ။ ထောင်စောင့် လက်နက်ကိုင်၏  ကျည်ကတ်များကို ဖြုတ်ပေးသည်။ ကျည်ကာအင်္ကျီကို ချွတ်ပစ်သည်။ သို့မှသာ သူအသက်ရှူနိုင်မည် ဖြစ်ပေသည်။ အရေးပေါ်အသက်ကယ် အစီအစဉ်များ တတ်သလောက် မှတ်သလောက် လုပ်ပေးကြသည်။ လုံခြုံရေး၏ ဖုန်းကိုယူကာ အရေးပေါ်ဖုန်းနံပါတ် ၉၁၁ ကိုခေါ်စေပြီး ဆေးဝါးဘက်ဆိုင်ရာ ကျွမ်းကျင်လုပ်သားများကို အကူအညီတောင်းခဲ့သည်။ မကြာမီမှာပင် လူနာတင်ယာဉ်ရောက်လာပြီး အဆိုပါ လူနာကို အရေးပေါ်ကယ်တင်ခဲ့ရသည်။ အမည်ဖော်ပြရန် ငြင်းဆန်သော ထောင်ဝန်ထမ်းအမျိုးသား အသက်ချမ်းသာရာ ရခဲ့ပါသည်။ သူ့မိသားစုဆိုလျှင် ထောင်သား ၆ ဦးကို ကျေးဇူးတင်လို့ မဆုံးတော့ပေ။ ထောင်ဝန်ထမ်း၏ မိသားစုများက ထောင်သား ၆ ဦးအတွက် ကျေးဇူးတင်ဂုဏ်ပြုမှုလေးလုပ်ပေးပြီး မုန့်များလည်း ကျွေးသည်။ ထောင်သားများ၏ စေတနာအကျိုးပေးပါသည်။ လျှော့ရက်များစွာလည်း ထောင်ကပေးလိုက်သည်။ 

ဆန္ဒပြသမားနှင့် အဓိကရုဏ်းရဲ

ဘရာဇီးမှာ အစိုးရအသုံးစရိတ်များ လျှော့ချခြင်းကြောင့် အများပြည်သူဝန်ဆောင်မှုတွေ ဖြတ်တောက်တာကို မကျေနပ်တဲ့ ပြည်သူတွေက ဆန္ဒပြကြတာ ဖြစ်ခဲ့သည်။ လူပေါင်းများစွာ လမ်းပေါ်ကို တက်လာခဲ့ပြီး ထုံးစံအတိုင်း အဓိကရုဏ်း ရဲတွေက လူစုခွဲကြပါသည်။ ဆန္ဒပြလူငယ်တွေနဲ့ ရဲတွေ ထိပ်တိုက်တိုးခဲ့ပြီးတော့ ရဲတွေဘက်က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေသုံးပြီး လူစုခွဲခဲ့ပေသည်။ ထိပ်တိုက်တွေ့ရင်း ဒဏ်ရာရကာ ရဲတစ်ဦး လူအုပ်ထဲမှာ ပိတ်မိခဲ့၏။ ထိုအခါ ဆန္ဒပြလူငယ်တစ်ဦးက ထိုရဲကို ဘေးလွတ်ရာနေရာသို့ ပွေ့ပိုက်ကာ ပို့ပေးနေသည့် ဓာတ်ပုံတစ်ပုံ မီဒီယာများပေါ် လူမှုကွန်ရက်ပေါ် တက်လာခဲ့သည်။ သူ့တာဝန် ကိုယ့်တာဝန် အလုပ်လုပ်ကြရင်း ထိပ်တိုက်တွေ့ကြသော်လည်း ရန်သူဟု မယူဆကာ ဆန့်ကျင်ဘက်အင်အားစုဝင်၏ အသက်အန္တရာယ်ကိုပင် အကာအကွယ်ပေးခဲ့သည့် မွန်မြတ်သော မေတ္တာတရား၏ ပြယုဂ်ဖြစ်ပါသည်။ အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားခေတ်တွင် လူသားဆန်သော နွေးထွေးသည့်မေတ္တာတရားကို ပြန်လည်ယုံကြည်လာစေမည့် အထောက်အပံ့ ပုံရိပ်တစ်ခုဖြစ်ခဲ့သည်။

မွန်မြတ်တဲ့ သတို့သား

ထိုနေ့က ကလေတန်ကွက်ခ်နှင့် သတို့သမီးအသစ်စက်စက်လေး ဘရစ်တနီတို့ ကိန်းဘရစ်တွင် ပြုလုပ်မည့် မင်္ဂလာပွဲအတွက်ဓာတ်ပုံ ရိုက်နေခဲ့ကြသည်။ ပန်းခြံထဲက ရှုခင်းကောင်းကောင်း နေရာလေးများတွင် မင်္ဂလာဦးအမှတ်တရ ဓာတ်ပုံများအတွက် ရိုက်ကူးနေကြခြင်းဖြစ်ပါသည်။ ဓာတ်ပုံ ရိုက်နေချိန်တွင် မြစ်ထဲသို့ ကောင်လေးတစ်ဦးပြုတ်ကျသွားသည်ကို သတို့သားက လှမ်းမြင်လိုက်သည်။ ကောင်လေးရေထဲတွင် ရေမွန်းနေလေပြီ။ သတို့သားသည် တွန့်ဆုတ်ခြင်းမရှိဘဲ သူ့ရဲ့ တန်ဖိုးကြီး သတို့သားဝတ်စုံကိုပင်မချွတ်နိုင်ဘဲ ရေထဲသို့ ခုန်ဆင်းသွားကာ ကောင်လေးကို ကမ်းဘက်သို့ ပြန်ဆွဲလာခဲ့သည်။ ဓာတ်ပုံဆရာက ထိုပုံများကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ဘဝတစ်ခုစမည့် အချိန်အခါတွင်ပင် ဘဝတစ်ခုကို ကယ်တင်နိုင်ခဲ့ပါသည်။ ခင်ပွန်းလောင်းသည် ထိုသို့သော လူစားမျိုးဖြစ်ကြောင်းကို သိလိုက်ရသည့် သတို့သမီးမှာလည်း ရင်တွေခုန်အောင်ကို ပျော်ရွှင်နေမိသည်။ မင်္ဂလာအဝတ်အစားတွေတော့ စိုကုန်သည်။ နှလုံးသားများတော့ နွေးထွေးခဲ့ကြ၏။ 

တက္ကဆက်မုန်တိုင်းဒဏ်သင့်ချိန်မှာ ဒုက္ခသည်များခိုလှုံရာအဖြစ်ကူညီတဲ့ ပရိဘောဂပစ္စည်းဆိုင်

ပြီးခဲ့တဲ့နှစ်က အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်ကို ဟာဗေးမုန်တိုင်းကြီး ဝင်ရောက်တိုက်ခတ်ခဲ့ပြီးတော့ နေရာအနှံ့ ရေဘေးသင့်ခဲ့ရပါသည်။ ဟူစတန်မြို့က ပရိဘောဂဆိုင်လုပ်ငန်းတစ်ခုဟာ သူတို့ပိုင်တဲ့ ဆိုင်နှစ်ဆိုင်ကို ဖွင့်ထားပေးပြီး ရေဘေးကြောင့် နေစရာမရှိသူတွေ၊ တိရစ္ဆာန်တွေကို သူတို့ဆိုင်ကြီးထဲမှာ နေစေခဲ့၏။ ဆိုင်ကရောင်းနေတဲ့ ပရိဘောဂတွေကိုလည်း အသုံးပြုခွင့်ပေးခဲ့သည်။ ရေဘေးသင့်ပြည်သူ ၄၀၀ လောက်ဟာ ပရိဘောဂပစ္စည်းဆိုင်ထဲမှာ ခိုလှုံနေရင်း ပြင်းထန်လှတဲ့ မုန်တိုင်းဒဏ်ကို အန်တုခဲ့ကြရခြင်းဖြစ်သည်။ မုန်တိုင်းကြောင့် အားလုံး ဝရုန်းသုန်းကားဖြစ် ပြေးလွှားနေရချိန်မှာ ဆိုင်ရှင်ဂျင်မက်ဆင်ဗေးလ်က ဆိုင်ရဲ့ Facebook ကနေ ကြေညာလိုက်သည်။ “ကျွန်တော်တို့မှာ အိပ်ရာခုတင်တွေ အများကြီးရှိပါတယ်။ အစားအသောက်တွေလည်း ရှိပါတယ်။ ရေလည်းရှိပါတယ်။ အိမ်က တိရစ္ဆာန်တွေကိုလည်း ခေါ်လာနိုင်ပါတယ်” ဆိုပြီး ၎င်းရဲ့ ဖုန်းနံပါတ်နှင့်အတူ ကြေညာခဲ့သည်။ ရေလျှံနေ၍ သွားလာရန်မလွယ်သည့် ဒုက္ခသည်များကိုလည်း သွားခေါ်ပေးသည်။ ဆိုင်က ပရိဘောဂများ ရောင်းရပါက အိမ်တိုင်ရာရောက်ပို့ပေးသော ထရပ်ကားကြီးများရှိသည်။ ထိုထရပ်ကားကြီးများဖြင့် ရေကြီးရာဒေသတွင် ပိတ်မိနေသူများကို ခေါက်တုံ့ခေါက်ပြန် ခေါ်ယူပေးသည်။ “တော်တော်လုပ်ရတယ်ဗျ။ ကျွန်တော်တို့ တက္ကဆက်သားတွေဟာ တစ်ဦးကိုတစ်ဦး ကူညီခဲ့ကြတာ နှစ်ပေါင်း ၂၀၀ လောက်ရှိပါပြီ” ဟု ဆိုင်ရှင်က ဂုဏ်ယူစွာပြောဆိုသည်။ အများကို အမှန်တကယ်ကူညီလိုသူကို မည်သူကမှ တာဝန်ပေးရန်မလို။ အမိန့်ပေးရန် မလိုခဲ့ပေ။

သန့်ဇင်စိုး


  • VIA