News

POST TYPE

ARTICLE

အုပ်ကြီးနှင့်ထိုင်ခုံ
10-Dec-2017

ဟိမဝန္တာမှ ကျောက်သားအတိပြီးသည့် ဂူလိုဏ်သည် တောသုံးတော၊ တောင်သုံးတောင်ကို အစိုးရသော ကေသရာဇာခြင်္သေ့မင်း တစ်ပါးတည်းအတွက်သာဖြစ်၏။

တာဝတိံသာနတ်ပြည်မှ မြသားအတိပြီးသည့် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာသည် နတ်တို့သနင်း သိကြားမင်းတစ်ပါးတည်းအတွက်သာ တည်၏။ ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းမှ ရွှေငွေကျောက်သံ အတိပြီးသည့် ဘမရာသနပလ္လင်သည် စကြဝတေးမင်း တစ်ပါးတည်းအတွက်သာ ရှိ၏။

ထိုနည်းလည်းကောင်းပင်။

တစ်ရာ့ငါးဆယ်သောအိမ်ခြေနှင့် တစ်ထောင်သော ပြည်သူတို့အပေါ် ဘုန်းတန်ခိုးအာနုဘော်အာဏာတော်ဆင်းသက်ရာ ဤရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတော်ထဲတွင်ရှိသော ပေါ်လစ်ဆေးပြယ်စ မဟာထိုင်ခုံ ယိုင်နဲ့နဲ့ကလေးသည်လည်း မိမိတစ်ဦးတည်းအတွက်သာ တစ်သက်စာဟု မှတ်ယူလျက် ဦးမြတ်လှကား တစိမ့်စိမ့် ကြည့်မဝ ရှုမဝ ဖြစ်နေပေ၏။

“အုပ်ချုပ်ရေးမှူးကြီးသည်သာ မွေးဇာတာအရ ဥက္ကဋ္ဌပလ္လင် ဖင်မှာကပ်ပါလာသည့် ရပ်ကွက်အကြီးအကဲ အစစ်အမှန် ဧကန် ထပ်ဖြစ်လိမ့်မည်တည်း”

ယမန်နေ့က ဗေဒင်ဆရာကိုညို၏ လက်ဖက်ရည်တစ်ခွက်တန် ဟောကိန်းအား ပြန်လည်တွေးမိသည့်အခါလည်း ဦးမြတ်လှကား ဖရဏာပီတိဂွမ်းဆီထိဘိ ဖြစ်ရပြန်၏။

သို့သော်ငြား ထိုအတွေး၊ ထိုအပျော်တို့သည် တာရှည်ကားမခံ။

ညနေက တင်ငွေ့ပြောစကားများ ကြားယောင်ကာ စိတ်အတွင်း ဗျာများသွားရပြန်သည်။ တင်ငွေသည် မိမိ၏ အုပ်ချုပ်ရေးမှူးပလ္လင်အား ယခုနှစ်တွင် လုယူမည့် မဟာပြိုင်ဘက်။ တင်ငွေသည် သီတာဒေဝီနှင့် သဏ္ဌာန်တူသော မိမိပိုင် ဥက္ကဋ္ဌဖင်ထိုင်ခုံလေးကို ရွေးကောက်ပွဲတည်းဟူသော လေးညှို့တင်ကာ ဝင်လုမည့် ဒဿဂီရိ။

ညနေက တင်ငွေ ဆင်သော တိုက်စစ်သည် မိမိအရှိုက်ကို အင့်ခနဲနေအောင် ထိမှန်၏။ တင်ငွေသည် စစ်မြေပြင်ရွေးချယ်ရာတွင် ရပ်ကွက်တွင်း တစ်ခုတည်းသော “နှင်းဆီ” တီးဟောက်စ်ကိုမှ ရွေးသည်။ အချိန်အခါကလည်း စနေနေ့ ညနေ ပရီးမီးယားလိဂ်ပွဲလာခါနီး လူအစည်ကားဆုံးအချိန်ကို စောင့်သည်။ လက်နက်ကား သူ့လက်ထဲက သတင်းစာတစ်စောင်။

တစ်ဝိုင်းကျော်တွင် ထိုင်နေသော မိမိကို မြင်သည်နှင့် တင်ငွေသည် လူတိုင်းသိသောသတင်းကို အသံကျယ်ကျယ် အော်ဖတ်လိုက်သည်။ ထို့နောက် အောက်ပါစကားတို့ဖြင့် မိမိ၏ ဥက္ကဋ္ဌထိုင်ခုံလေးကို ချည့်နဲ့အောင် စလှုပ်လေ၏။

“ထောက်ကြန့်ဘီယာဆိုင်က ကိစ္စမျိုး ကျုပ်တို့ရပ်ကွက်မှာ ဖြစ်မလာနိုင်ဘူးလို့ ခင်ဗျားတို့ အာမခံလား... စဉ်းစားကြည့်... ရပ်ကွက်ထဲမှာ အရင်လို ရေချမ်းစင်လေးတွေ မရှိတော့ဘူး... အင်းလေ... ရေချမ်းစင်သာမရှိတာ မိနီအရက်ပုန်းဆိုင်ကတော့ လမ်းထိပ်မှာ ဟီးလို့... ဘယ်က အမိန့်တော်တွေများရထားသလဲ မသိ”

တင်ငွေ့ စကားအဆုံးတွင် အချို့မျက်လုံးများက မိမိရှိရာဘက် ဝေ့ဝဲလာမည်ကို ကြိုတင်ရှောင်ရှားသည့်အနေနှင့် မိမိမှာ ရေနွေးသာ ကုန်းငှဲ့နေလိုက်ရ၏။

“ကဲ...ရပ်ကွက်ထဲဖြတ်လာတဲ့ ခရီးသွားရဟန်းတွေ... ဒီသတင်းထဲကလို ဆေးသောက်မယ် ဆိုပါစို့။ လွယ်လွယ်ကူကူ ရေချမ်းစင်ကမရှိ၊ အဲ့ဒီအခါရှိတဲ့ အရက်ဆိုင်ထဲ ရေဝင်တောင်း၊ ပြဿနာတွေ ဒီနှယ့် ဖြစ်ကုန်ရင် ... ရပ်ကွက်ပဲ သိက္ခာကျမှာဗျ ... ဒီလိုတွေ ဖြစ်မလာအောင် ကြိုတွေးတတ်ဖို့ဆိုတာ ဒီရပ်ကွက်မှာ ခေါင်းဆောင်ကောင်းလိုတယ်ဗျ ... ခေါင်းဆောင်ကောင်း ... လိုနေတယ် ... ဟင်း ... ဟင်း”

“ခေါင်းဆောင်ကောင်း လိုတယ်ဗျ” ဟူသော တင်ငွေ့ စကားသံသည် ကာရာအိုကေမိုက်ခ်မှလာသော အက်ကိုးသံကဲ့သို့ မိမိရင်ကို တဒိတ်ဒိတ် ပဲ့တင်စေ၏။ ဒါမျိုး မိမိလက်မခံ။

ထို့နောက်

မိနီ အရက်ပုန်းဆိုင်သည် မိမိယောက္ခမ၏ အမည်မခံထားသော စီးပွားရေးဖြစ်သည့်အတွက် မိမိ၏ ရပ်ကွက်အုပ်မှူးတို့ လုပ်ပိုင်ခွင့်နှင့်အညီ မသိချင်ယောင်ဆောင်ပေးထားသည်ကို သင်းက သိသိနှင့် နှက်လိုက်ခြင်းပင်။ ဒီကြားထဲ ရေချမ်းစင်၊ အရက်ဆိုင်တို့ကို ဟိုထောက်ကြန့်ကိစ္စနှင့် မဆီမဆိုင် ဆွဲစပ်သွားသေးသည်။

“ကလိမ်ဉာဏ်ဆင်နိုင်လွန်းသည့် အကောင်ပေပဲ”

ဒါမျိုး မိမိ လက်မခံ။

ဦးမြတ်လှကား ညနေက အကြောင်းကို ပြန်တွေးရင်း ဒေါသစိတ်က ငယ်ထိပ်ဆောင့်၏။ စိုးရိမ်စိတ်က အောက်က ညှောင့်၏။ ဆောင့်လေသည့်ဒဏ်၊ ညှောင့်လေသည်ဒဏ်ကြားမှ မိမိ၏ အာဏာကုလားထိုင်လေးဆီ အကြည့်ရောက်သွားပြန်သည်။

ချဲထီခေတ်ကောင်းစဉ်က ချဲဒိုင် မော်မော်ထံမှ မိမိကိုယ်တိုင် အလှူခံထားသည့် သုံးသောင်းတန် ခုံကလေး။ အခုတော့ ထိုင်ပါများလွန်းသဖြင့် ဖင်ပူမိကာ ပေါ်လစ်ဆေးတို့က မည်းတစ်ကွက်၊ ဝါတစ်ကွက် အကွက်ဆန်းများဖြင့် ခုံကလေးကား နွမ်းလှပေပြီ။ နွမ်းဆို ဒီခုံကလေးကား ဟိုးအရင် အဘတွေခေတ်ကတည်းက မိမိထိုင်ခဲ့သည့်ခုံလေးပေပဲ။ မိမိဖင်နှင့်ဒီခုံ၊ ဒီခုံနှင့် မိမိဖင်ကလေးကား နှစ်ပါးဂဟေဆက်ခဲ့ကြသည်မှာ ကြာကြာလှပြီ။

သို့သော်ငြား မိမိအနေနှင့် ဒီခုံကလေးတွင် ဘယ်လောက်ထိုင်ထိုင် မဝနိုင်သည်ကား အကြောင်းရှိ၏။ ထိုင်ခုံလေး၏ရှေ့ စားပွဲပေါ်တွင် စာရွက်တစ်ထပ်ရှိသည်။ ဘောပင်သုံးချောင်းရှိသည်။ ရပ်ကွက်ထဲက အိမ်တစ်အိမ်သို့ ဧည့်သည် စောင်သည်လာလျှင် ထိုစာရွက်ကလေးများက ငွေငါးရာလည်း ဖြစ်ချင်ဖြစ်သွားမည်။ ငွေတစ်ထောင်လည်း ဖြစ်ချင်ဖြစ်သွားမည်။ တချို့ တစ်လတစ်ခါ ဧည့်စာရင်းတိုင်နေရသည့် အိမ်ငှားများဆိုလျှင်တော့ ထိုစာရွက်ကလေးက တန်ဖိုးပိုမြင့်သွားနိုင်သည်။

ှGSM ဖုန်းများကို ရပ်ကွက်ရုံးက မဲဖောက်ပေးသည့်ခေတ်ကတော့ ဦးမြတ်လှတို့ လက်ရုံးမီးတောက်သော ခေတ်။ ပွဲစားအပေါင်း သူတော်ကောင်းတို့ကား ဥက္ကဋ္ဌဦးမြတ်လှကြီးဘေးတွင် ခြံရံခစားလျက် ဂုဏ်တက်ခဲ့ရသည်။

ယင်းသို့ သီလ သမာဓိ တည်သောအခါဝယ် ညစဉ်ညတိုင်း ထို့နှယ် ပေါများသော လာဘ်လာဘတို့ကိုပင် မိမိလက်ဖြင့် တစ်စက်မထိခဲ့။ မတို့ခဲ့။ မိမိတပည့် ဆယ်အိမ်ခေါင်းမောင်သိန်းတို့က ကိုယ့်လစ်မစ်ကိုယ် မေတ္တာကြေးယူပြီးသည်နှင့် မိမိ၏ဇနီးသည် ကျောင်းအမကြီး လှူဖို့တန်းဖို့ရာ  သွားအပ်လိုက်ကြ သည်ချည်း။

မိမိသည်ကား မဗြားကြီး ဇိမ်ခန်းဆီမှ သံတမန်လက်ဆောင် ဂရန်းအမဲတစ်ထောင့်ကိုထောင်လျက် နယ်ထိန်းကိုယ်တော်တို့နှင့်အတူ ရပ်ကွက်လုံခြုံရေး အလို့ငှာ သန်းခေါင်အထိ ကင်းလိုက်ပါ၏။

ကြင်စိန်ဂျင်ဝိုင်းအသိမ်း မျိုးသန့်ဖဲဝိုင်းအပြီး ဘော်ဒါကြေးကလေးများအား အားနာစွာ လက်ခံပြီးလျှင် သန်းခေါင်ယံကျော်ခဲ့ပြီမို့ တစ်နေ့တာ အုပ်ကြီး ဝတ္တရားကျေပွန်ခဲ့လေပြီ။

ဤ ထိုထိုတို့ကား ထိုင်ခုံကလေး၏ တစ်ချိန်က အစွမ်းပင် မဟုတ်တုံလော။

ယခုရော။

ခေတ်ပြောင်းစနစ်ပြောင်းတွင် ထိုင်ခုံလေးသည် အစိုးရမှချီးမြှင့်ငွေ တစ်လ ခုနစ်သောင်းပင် အစစ်ပါလာသေး၏။

“ဦးမြတ်လှ... ဦးမြတ်လှ”

“အဘ ခင်ဗျ...အဘ...အဘ...” သည်အသံများကို မိမိ ကောင်းကောင်းသိပါသည်။

“အဘ...အဘ...” အော်လာသည်က မိမိ တပည့်ကျော် မောင်သိန်း။

မိမိနာမည်ကို တကြော်ကြော်ခေါ်လာသူက ဟိုအကောင် တင်ငွေ့ အသံ။ တင်ငွေ့ အသံကြားသည်နှင့်  မိမိသည် ထိုင်ခုံရှိရာသို့ လှစ်ခနဲ ပြေးထိုင်မိသည်ကား ဘာကြောင့်ရယ်မသိ။

“ဟေ့ကောင်တွေ ... ဒါ ရပ်ကွက်ရုံးကွ ... လမ်းဘေး ဇရပ်မဟုတ်ဘူး ... အော်မနေနဲ့”

ထုံးစံအတိုင်း မိမိခုံပေါ် မိမိထိုင်မိသည်နှင့် မိမိအသံသည် ခွန်အားတို့နှင့် မာထန်လာစမြဲ။

“ဟဲ့ ... ဝေဝေတို့၊ သီတာတို့ပါ ပါလာသလား ... ညည်းတို့ ဘာဖြစ်လာတာလဲ ... ဆို”

“ဆို” သည် အသံပြတ်ဖြင့်။

“အုပ်ကြီးရုံးကလူတွေက ဓမ္မာရုံဘေးက ကျွန်မတို့ဆိုင်တွေကို ဖယ်ခိုင်းနေတယ်”

“အေးလေ...ငါဖယ်ခိုင်းတာလေ ... ဓမ္မာရုံပတ်ဝန်းကျင်မှာ နင်တို့တွေ ဆူညံဆူညံနဲ့ အမှိုက်ကလည်း ရှုပ်လို့”

“........”

“ဟုတ်ပြီလေ ... ဦးမြတ်လှ ... ဒီလိုဆို ... မိနီအရက် ဆိုင်ကရော ... ဘယ့်နှယ်လုပ်မတုံး ... ဓမ္မာရုံ မျက်စောင်းထိုးလေးတင် ... သူလည်း ဆူညံနေတာပဲ ... ဓမ္မာရုံနား အရက်သမားတွေက သေးပန်းသွားသေး”

ဒီအကောင် တင်ငွေ ပါလာကတည်းက ဒီလို လေသံပစ်မည်ကို မိမိ သိနှင့်ပြီးသား။

မိမိ ဒါမျိုး လက်မခံ။

ဦးမြတ်လှသည် တစ်လောကလုံးကို ဂရုမစိုက်သည့် ထီးဆောင်းမင်းတို့၏ မာနဖြင့် ထိုင်ခုံပေါ် ခြေချိတ်ထိုင်လိုက်သည်။

“ဒီမယ် ... တင်ငွေ ... ငါက ဒီရပ်ကွက်ကြီးတစ်ခုလုံးရဲ့ အုပ်ချုပ်ရေးကို တာဝန်ယူထားရတာ ... မ တစ်ရာသားတွေကို အများနဲ့ အုပ်ချုပ်နေရတာ ... ငါကောင်းမယ်ထင်လို့ လုပ်တဲ့အမိန့်က အတည်ပဲ ... ဟဲ့ ... ဝေဝေတို့၊ သီတာတို့ ညည်းတို့လည်း မှတ်ထား ... နောင် ဒီလိုဆူပူမယ်ဆိုရင် ငါ့ရပ်ကွက်မှာ ... ဈေးရောင်းခွင့် ပါမစ်ပါပိတ်မယ် ...ငါ့ ဘာမှတ်တုံး”

ဒါမျိုးပြောလိုက်ရမှ မိမိ အားရသည်။

“အဘရေ ... အဘ ... လမ်းထိပ်မှာ လွှတ်တော်အမတ် ရောက်နေတယ် ... ရုံးကိုလာနေပြီ ... လာနေပြီ”

အရန်မီးသတ် သန်းမြိုင်၏ အသံ။

ထိုအသံကြားသည်နှင့် ဦးမြတ်လှသည် ထိုင်ခုံမှ ဝုန်းခနဲထသည်။ သူ့ရှေ့တွင် ထိုင်နေသော လူသုံးဦးကို သွားကလေးဖြဲပြသည်။

“ဟဲ...ဟဲ...ဟဲ...ဟဲ...မောင်တင်ငွေ...ဟဲ...ဟဲ... ဟဲ...ဟဲ...မပြန်သေးရင်လည်း...တိုင်တိုင်ပင်ပင်ပေါ့ကွယ်...ဟဲ...ဟဲ...ဟဲ...ဟဲ...ဟဲ...သီတာ၊ ဝေဝေ...တူမကြီးတို့လည်း...ဟဲ...ဟဲ...ဟဲ... တစ်ရပ်ကွက်တည်းသားချင်းတွေပဲ...ဦးဘက်က မျှမျှတတ လုပ်ပေးရမှာပေါ့...ဟဲ...ဟဲ...ဟဲ...ဟဲ... ခုန စိတ်အခန့်မသင့်လို့ ပြောမိတာ...ဟဲ...ဟဲ...ဟဲ...ဟဲ...စိတ်ထဲ မထားကြပါနဲ့...ဟဲ...ဟဲ...ဟဲ...သူပြန်တာနဲ့ ဦး ဖြေရှင်းပေးပါ့မယ်... ဟဲ...ဟဲ...ဟဲ...ပြေပြေလည်လည် လုပ်ကြတာပေါ့...ဟဲ...ဟဲ...ဟဲ...ဟဲ”

ဦးမြတ်လှသည် မီးယပ်ချမ်းမိသလို တဟဲဟဲလုပ်နေရင်းက အတွင်းခန်းသို့ဝင်ကာ တိုက်ပုံတစ်ထည်ကို ဆွဲဝတ်လိုက်သည်။ ထို့နောက် ထိုင်ခုံအထက်နံရံမှ သမ္မတပုံကို ရုတ်တရက် ကြည့်လိုက်မိပြီးမှ...

“ဟယ် ... ဒီတိုက်ပုံကြီးက ဟိုလူ့တုန်းက ဟာကြီး ... မဖြစ်သေးပါဘူး”ဟု တွေးမိကာ အခန်းထဲ ပြန်ဝင်သွား၏။

နောက်တစ်ဖန် အခန်းထဲမှ ပြန်ထွက်လာသော အခါ ခုနဝတ်ထားသည့် အစိမ်းရောင်ရင်ထိုးတပ် တိုက်ပုံ မဟုတ်တော့။ ပင်နီရောင်တိုက်ပုံ ဖြစ်နေချေပြီ။

သူ့ရှေ့တွင် ထိုင်နေသော ကိုတင်ငွေဦးဆောင်သူ တစ်စုက သူ့ကို သေချာပြူးကြည့်ကြသည်။ ပင်နီတိုက်ပုံ လဲဝတ်ပြီးသော ဦးမြတ်လှသည်  ရှက်ကိုးရှက်ကန်းဖြင့် နံရံထက်က သမ္မတပုံကို ကြည့်သည်။ ထို့နောက် မိမိချစ်သော ထိုင်ခုံလေးကို ကြည့်သည်။

“အေးလေ ... သူတို့ဟာ သူတို့ ဘယ်သူပြောင်းပြောင်း ... ငါ့ထိုင်ခုံလေး မပြောင်းရ ပြီးတာပဲ”

ထို့နှယ် တွေးပြီးသည့်နောက် ဦးမြတ်လှသည် ဟိုတယ်ဧည့်ကြိုလုလင်၏ စတိုင်မျိုးဖြင့် ရုံးအပေါက်ဝတွင် ရို့ရို့လေး သွားရပ်သည်။

ထို့နောက် ရုံးအတွင်း ရောက်နေသော ဧည့်သည်သုံးယောက်ကို သမင်လည်ပြန်ကလေးဖြင့် ကြည့်ကာ မျက်နှာချိုသွေးလိုက်သည်။

“ဟဲ...ဟဲ...ဟဲ...ဟဲ...ဟဲ”

မိမိသည် ဒါမျိုးတော့ ပိုင်သည်။

ဗြိတိသျှ ကိုကိုမောင်


  • VIA