News

POST TYPE

ARTICLE

ကမ္ဘာတစ်လွှားက ဂျီဟတ်ဝါဒီတွေ မြန်မာနိုင်ငံကို ပစ်မှတ်ထားလာနိုင်သလား
26-Sep-2017 tagged as ရခိုင် ဘင်္ဂါလီ

မြန်မာနိုင်ငံတွင် ဘင်္ဂါလီများ ဖိနှိပ်ခံနေရသည်ဟူသော အကြောင်းပြချက်ဖြင့် ကမ္ဘာတစ်လွှားမှ အစ္စလာမ္မစ် အစွန်းရောက်များ မြန်မာနိုင်ငံကို ပစ်မှတ်ထားလာနိုင်သလားဆိုသော ကိစ္စကို သြစတြေးလျ ABC သတင်းဌာန၏ အရှေ့တောင်အာရှရေးရာ သတင်းထောက် Liam Coachrane  က ကျွမ်းကျင်သူများ၊ လေ့လာသုံးသပ်သူများ၏ အမြင်များ၊ သတင်းအချက်အလက်များဖြင့် ရေးသားထားသည့် သတင်းဆောင်းပါးကို ပြန်ဆိုဖော်ပြခြင်း ဖြစ်ပါသည်။ မူရင်းဆောင်းပါးတွင် ရိုဟင်ဂျာဟု သုံးနှုန်းထားသော်လည်း ဘင်္ဂါလီဟု စကားလုံးဖလှယ်၍ ပြန်လည်ဖော်ပြပါသည်။ (အယ်ဒီတာ)

ဇေဝင်းနောင် ဘာသာပြန်ဆိုသည်

ARSA  အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်က  ဘင်္ဂါလီများကို ကာကွယ်ရန် တိုက်ခိုက်ရပါသည် ပြောနေသော်လည်း ပြောင်းပြန်ရလဒ် ထွက်ပေါ်လာရာ ARSA အဖွဲ့၏ အဓိက ရည်ရွယ်ချက်မှာ အဘယ်နည်းဟု မေးခွန်းထုတ်စရာ ရှိလာခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၏ အစီရင်ခံစာ ထွက်ပေါ်လာပြီး ရခိုင်အရေးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်မည့် လမ်းစပေါ်လာချိန်တွင် ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပေါ်စေရန် သိလျက်နှင့် မီးမွှေးခဲ့သည့် လုပ်ရပ်နောက်ကွယ်တွင် အဘယ်မျှကြီးမားသော ရည်မှန်းချက်များ ရှိနေပါသနည်း။ မည်သည့်အဖွဲ့အစည်းတို့၏ ကျောထောက်နောက်ခံနှင့် ပံ့ပိုးမှုများ ရှိနေပါသနည်း။

ARSA သည် အကြမ်းဖက် အဖွဲ့အစည်းများနှင့် မပတ်သက်ဟု ဆိုထားသော်လည်း ဆက်နွှယ်မှု  နောက်ခံသမိုင်းကြောင်းများ တစ်စတစ်စ ပေါ်ထွက်လာလျက်ရှိသည်။ ARSA ခေါင်းဆောင် အတူအူလာရ် ခေါ် ဟာဖစ်ဇ်တိုအာသည် ဆော်ဒီအာရေဗျမှ ပါကစ္စတန်သို့ ပြန်လာချိန်တွင် ဒေါ်လာသန်းချီ ပါလာခဲ့ပြီး ဂျီဟတ်ဝါဒီအဖွဲ့များထံမှ လက်နက်များဝယ်ရန်၊  တိုက်ခိုက်ရေးသမားများ စုဆောင်းရန်၊ သင်တန်းများ ဖွင့်လှစ်ရေး ပံ့ပိုးရန် အကူအညီတောင်းခဲ့သည်ဟု ဆိုသည်။ 

ပြီးခဲ့သည့်လက ရဲစခန်း ၃၀ ကို ARSA အကြမ်းဖက်အဖွဲ့က တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဘင်္ဂါလီ ၄၀၀,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။ (ယင်းကိန်းဂဏန်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ အပြောကို အခြေခံပြီး နိုင်ငံတကာမီဒီယာများက ဖော်ပြနေသော ကိန်းဂဏန်းသာဖြစ်ပြီး အမှန်ဖြစ်သည်ဟု အတည်မပြုနိုင်ပါ)

ထိုကိစ္စနှင့် ပတ်သက်ပြီး International Crisis Group ၏ ရန်ကုန်အခြေစိုက် အကြံပေးပုဂ္ဂိုလ် ရစ်ချတ်ဟော်ဆေးက “ကျွန်တော် အကြောက်ဆုံးကိစ္စဟာ မြန်မာနိုင်ငံဟာ မွတ်ဆလင် လူနည်းစု တစ်ခုကို အလွဲလုပ်တဲ့ လက်ရှိအထင်ရှားဆုံးကိစ္စအဖြစ် မွတ်ဆလင်ကမ္ဘာက အာရုံထားလာနိုင်တဲ့ အချက်ပဲ” ဟု သုံးသပ်ထားသည်။

“ဘင်္ဂါလီအရေးဟာ ကမ္ဘာတစ်ဝန်းက မွတ်ဆလင် မျိုးဆက်တစ်ခု အာရုံစိုက်တာခံရတဲ့  အငြင်းပွားဖွယ် အကြောင်းရင်းတစ်ခု ဖြစ်လာပါပြီ။ အီရတ်နဲ့ ဆီးရီးယား (ပြီးတော့) ဖိလစ်ပိုင်တောင်ပိုင်းက ပြည်ပအကြမ်းဖက် တိုက်ခိုက်ရေးသမားတွေ ပြန်ဆုတ်ခွာလာတဲ့အချိန်မှာ ဒါဟာ မြန်မာနိုင်ငံအတွက် အရမ်းကို အန္တရာယ်ကြီးတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်” ဟု ဟော်ဆေးက ဆိုသည်။

အယ်လ်ကေးဒါးအဖွဲ့က ဘင်္ဂါလီ အကြမ်းဖက်သမားများကို ထောက်ခံကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ချိန်တွင် Arakan Rohingya Salavation Army (ARSA) က ၎င်းတို့နှင့် နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းများ ပတ်သက်မှုမရှိဟု ထုတ်ပြန်ခဲ့သည်။

“ARSA အနေနှင့် အယ်လ်ကေးဒါး၊ ISIS၊ လက်ရှ်ကာအီတိုင်ဘာ သို့မဟုတ် မည်သည့်နိုင်ငံဖြတ်ကျော် အကြမ်းဖက်အဖွဲ့အစည်းနှင့်မျှ အဆက်အသွယ် မရှိကြောင်း ရှင်းရှင်းလင်းလင်းပြောရန် လိုအပ်သည်ဟု ခံစားမိပါသည်” ဟု ARSA ၏ တွစ်တာအကောင့်တွင် စက်တင်ဘာလ ၁၄ ရက်နေ့က ဖော်ပြခဲ့သည်။

“အာရကန် (ရခိုင်) ပဋိပက္ခမှာ ဒီအုပ်စုတွေ ပါဝင်ပတ်သက်တာကို မကြိုဆိုပါဘူး” ဟုလည်း ARSA  ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ARSA ခေါင်းဆောင်နှင့် ဂျီဟတ်ဝါဒီများ ပတ်သက်မှု

သတင်းအချက်အလက်သစ်များအရ အကြမ်းဖက်အဖွဲ့များက ရောင်းဝယ်ရေး သဘောတူညီချက် ကိစ္စတွင် ပါကစ္စတန်ရှိ အကြမ်းဖက်အဖွဲ့များက ARSA ခေါင်းဆောင်ကို လှည့်ဖြားခဲ့ခြင်းကြောင့် နှစ်ဖက်မပြေမလည် ဖြစ်ခဲ့သည်ဟု ဆိုသည်။

ARSA  ခေါင်းဆောင်သည် အတူအူလာရ် (Atu Ullah) ဖြစ်ပြီး ဝါဒဖြန့်ဗီဒီယိုများတွင် အဘူ အမ်မာ ဂျူနူနီ (Abu Amar Jununi) ဆိုသော အမည်ဝှက်သုံးလေ့ရှိပြီး မြန်မာအစိုးရက ရရှိသော  ထုတ်ပြန်သော သတင်းအချက်အလက်များတွင်မူ ဟာဖစ်ဇ်တိုဟာ (Hafiz Tohar) ဟု သုံးနှုန်းထားသည်။

ယင်းသို့ အမည်အမျိုးမျိုး ဖြစ်နေသော်လည်း ၎င်း၏ ဖခင်သည် ရခိုင်ပြည်နယ်မှ ဖြစ်ပြီး သူကိုယ်တိုင်ကမူ ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့တွင် ကြီးပြင်းခဲ့သူ ဖြစ်ကာ နောက်ပိုင်းတွင် ဆော်ဒီအာရေဗျသို့ သွားရောက်ခဲ့သည် ဆိုသော အချက်ကိုမူ ရခိုင်အရေး အစီရင်ခံစာများ၊ လေ့လာသုံးသပ်မှုများတွင် တစ်ပုံစံတည်း လက်ခံထားသည်။

ရစ်ချတ်ဟော်ဆေးကမူ အတူအူလာ (ဟာဖစ်ဇ်တိုလာ) သည် အာဖဂန်နှင့် ပါကစ္စတန်တွင်ပါ တိုက်ပွဲဝင်ဖူးသူ ဖြစ်နိုင်သည်ဟု သုံးသပ်ထားသည်။

ယခုတစ်ပတ် ပါကစ္စတန်ရှိ AFP သတင်းထောက် ဂိုဟာအဘားစ်က ဖော်ပြခဲ့သော သတင်းတစ်ပုဒ်တွင် အတူအူလာ၏ ဘဝနောက်ခံ အကြောင်းအချက်အလက်သစ်များ ထပ်မံပါရှိလာခဲ့သည်။ ၎င်း၏ အမည်မဖော်လိုသော ဆွေနီးမျိုးစပ်များ၊ အခြားစစ်သွေးကြွများကို မေးမြန်းပြီး AFP က ယင်းသတင်းကို ရေးသားခဲ့ခြင်းဖြစ်သည်။

အတူအူလာသည် ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် မငြိမ်သက်မှုအပြီးတွင် မြန်မာနိုင်ငံသို့ ပြန်လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု AFP က ဖော်ပြသည်။

ဆော်ဒီအာရေဗျမှ ပါကစ္စတန်သို့ ပြန်လာချိန်တွင် ဒေါ်လာသန်းချီ ပါလာခဲ့ပြီး ဂျီဟတ်ဝါဒီအဖွဲ့ များထံမှ လက်နက်များဝယ်ရန်၊ တိုက်ခိုက်ရေးသမားများ စုဆောင်းရန်၊ သင်တန်းများ ဖွင့်လှစ်ရေး ပံ့ပိုးရန်  အကူအညီတောင်းခဲ့သည်ဟု ကရာချိတွင်အတူ အူလာနှင့် တွေ့ဆုံခဲ့သော စစ်သွေးကြွများ၏ ပြောကြားချက်ကို ကိုးကားပြီး AFP က ဖော်ပြသည်။

ARSA ခေါင်းဆောင်သည် အာဖဂန်နှင့် ပါကစ္စတန် တာလီဘန်အဖွဲ့၊ ကက်ရှ်မီးယား ခွဲထွက်ရေးအဖွဲ့ လက်ရှ်ကာအီတိုင်ဘာတို့နှင့် အချိတ်အဆက် ရှိသူများကို ဆက်သွယ်ခဲ့ပြီး အကူအညီရရန် ငွေအမြောက်အမြား ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ဟု AFP သတင်းထောက်က ရေးသားထားသည်။
 
ပါကစ္စတန် စစ်သွေးကြွ အများစုက လက်မခံခဲ့၊ ချက်ချင်းပယ်ချခဲ့သလို အချို့ကလည်း လက်နက်ပေးမည်ဆိုသော အကြောင်းပြချက်ဖြင့် အတူအူလာထံမှ ငွေယူခဲ့သော်လည်း တကယ်တမ်း ပံ့ပိုးခဲ့ခြင်း မရှိဟု ဆိုသည်။

၂၀၁၂ ခုနှစ်အတွင်း အတူအူလာနှင့် တွေ့ခဲ့သော စစ်သွေးကြွ အသိုင်းအဝိုင်းမှ သတင်းရင်းမြစ်များ၏ အဆိုအရ ၎င်းသည် ဘင်္ဂါလီတို့၏ အတိဒုက္ခနှင့် ပတ်သက်ပြီး လေနှင့်သာ ကူညီနေသော်လည်း တကယ်ထိထိရောက်ရောက် မပံ့ပိုးသည့် ဂျီဟတ်အုပ်စုများအပေါ် စိတ်ပျက်ပြီး ထွက်သွားခဲ့သည်ဟု ဆိုသည်။ 
ယင်းမှာ ARSA က အယ်လ်ကေးဒါး ထောက်ခံမှုကို ချက်ချင်းပယ်ချလိုက်ခြင်းအတွက် ရှုထောင့်သစ် တစ်ရပ်ကို ပုံဖော်ပေးနေသည်။

“မြန်မာပြည်မှာ ဂျီဟတ်စစ်ပွဲဆင်နွှဲဖို့ စစ်သွေးကြွ အုပ်စုတွေက ဆော်သြနေတာက လူအထင်ကြီးအောင် စတန့်ထွင်နေတာ သက်သက်ပဲ၊ မွတ်ဆလင်တွေဆီက စာနာမှုရအောင် လုပ်တဲ့နည်းသက်သက်ပဲ” ဟု ပါကစ္စတန် အငြိမ်းစားဗိုလ်ချုပ်ကြီး တာလတ် မာဆွတ်က AFP သို့ ပြောကြားခဲ့သည်။

ARSA အနေနှင့် နိုင်ငံတကာ အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့များနှင့် ဝေးဝေးနေလိုခြင်းမှာ အခြားအကြောင်းရင်းများစွာနှင့်လည်း ပတ်သက်နေသည်။

ယင်းအဖွဲ့စတင်ထူထောင်စဉ်က ၎င်းတို့ကိုယ်ကိုယ် ဟာရကာ အယ်လ်ယာကင် (Harakah al-Yaqin) အဖွဲ့ဟု အမည်ပေးခဲ့ပြီး အာရဗီစကားအရ ယုံကြည်မှုအတွက် လှုပ်ရှားမှုဟု အဓိပ္ပာယ်ရသည်။ သို့သော်လည်း နောက်ပိုင်းတွင် Arakan Rohingya Salvation Army ဟု အမည်ပြောင်းခဲ့သည်။

ယင်းမှာ အနောက်ဒီမိုကရေစီနိုင်ငံကြီးများ အမြင်တွင် ၎င်းတို့အဖွဲ့သည် ဘာသာရေး ပဋိပက္ခအတွက် တိုက်ပွဲဝင်နေခြင်း မဟုတ်ဘဲ အခြေခံလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေခြင်းသာ ဖြစ်သည်ဟု  ထင်မြင်ပြီး လက်ခံလာနိုင်အောင် ဆွဲဆောင်မှု တစ်ရပ်သာ ဖြစ်သည်ဟု လေ့လာသုံးသပ်သူ အများအပြားက ကောက်ချက်ဆွဲထားကြသည်။

ယင်းအဖွဲ့၏ ဝါဒဖြန့်ဗီဒီယိုများနှင့် တွစ်တာမှ ထုတ်ပြန်သော ကြေညာချက်များတွင်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂက ကြားဝင်ရန် အဓိက တောင်းဆိုထားရာ တစ်ကမ္ဘာလုံးမှ ဂျီဟတ်ဝါဒီတို့နှင့် ကွဲလွဲမှု ရှိနေသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလနှင့် ယခုနှစ် သြဂုတ်လအတွင်း ARSA ၏ တိုက်ခိုက်မှုများသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ကင်းစခန်းများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မြန်မာ့တပ်မတော် သို့မဟုတ် အစိုးရအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သည်ဟု သံသယ ရှိသူများကို ARSA အဖွဲ့ လက်ချက်ဟု ယူဆရသော ညအချိန် လုပ်ကြံသတ်ဖြတ်မှု ဒါဇင်ချီ ရှိခဲ့သည်။ 

ARSA အကြမ်းဖက်သမားများသည် မွတ်ဆလင် ရွာသားများကို သတင်းပေးများအဖြစ် သုံးခြင်း၊ လူသားတံတိုင်းများ အသုံးချခြင်းများ ရှိခဲ့သည်ဟုလည်း စွပ်စွဲမှုများ ရှိခဲ့ပြီး ယင်းအချက်ကြောင့်  အရပ်သားနှင့် အကြမ်းဖက်သမား ခွဲခြားရ ခက်ခဲသွားစေကာ အသေအပျောက်များခြင်း ဆိုသော အကျိုးဆက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ARSA ကို ဆော်ဒီအာရေဗျရှိ ဘင်္ဂါလီ ၂၀ ခန့်ပါ ကော်မတီတစ်ရပ်က ကွပ်ကဲနေပြီး မြန်မာနိုင်ငံတွင်း လေ့ကျင့်ပေးထားသော တိုက်ခိုက်ရေးသမားအချို့ ရှိနေကာ ကမ္ဘာတစ်လွှားတွင် ရန်ပုံငွေ ထောက်ပံ့ပေးရေးနှင့် ဝါဒဖြန့်ချိရေး ကလာပ်စည်း အများအပြား ရှိနေသည်ဟု ရစ်ချတ်ဟော်ဆေးက ဆိုသည်။

ရသေ့တောင်မြို့နယ်ရှိ ရွာတစ်ရွာကို တပ်မတော်က ဝိုင်းပြီးနောက် ဘင်္ဂါလီများကို ကာကွယ်ရန် ရဲစခန်းများကို တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ARSA ခေါင်းဆောင်က ဆိုထားသည်။ သို့သော်လည်း ယင်းနည်းလမ်းမှာ မျှော်လင့်ထားသည့်အတိုင်း ပြောင်းပြန်သက်ရောက်မှုသာ ကြီးကြီးမားမား ရှိခဲ့သည်။

“ဒီအဖွဲ့က (ဘင်္ဂါလီ) လူဦးရေကို တစ်နည်းနည်းနဲ့ ကာကွယ်ပေးဖို့လို့ ပြောနေပေမယ့် သမိုင်းမှာ  အဆိုးရွားဆုံး အကျပ်အတည်း အတွက်လည်း တာဝန်ရှိနေတော့ကာ ဘယ်လိုမှ ရှေ့နောက်မညီပါဘူး” ဟု ဟော်ဆေးက သုံးသပ်သည်။

သြဂုတ်လ ၂၅ ရက်နေ့မှစပြီး မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များ  ဆောင်ရွက်ခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်းများက  ဘင်္ဂါလီတို့ဘက်မှ ပြောဆိုချက်များကိုသာ ကိုးကားပြီး တပ်မတော်၊ ရဲနှင့် ရခိုင်တိုင်းရင်းသားများက ဘင်္ဂါလီ အရပ်သားများကိုပါ သတ်ဖြတ်ခဲ့ပြီး ရွာများကိုပါ စနစ်တကျ မီးရှို့ဖျက်ဆီးမှုများ ပြုခဲ့သည်ဟု စွပ်စွဲဖော်ပြခဲ့ကြသည်။ နယ်မြေရှင်းလင်းမှုကို ကုလသမဂ္ဂက ‘လူမျိုးသုဉ်း သတ်ဖြတ်မှု’ ဟုပါ စွပ်စွဲသုံးနှုန်းခဲ့သည်။ 

“မေးရမယ့် မေးခွန်းက ဒီလိုအခြေအနေကနေ မြန်မာဘယ်လို ရုန်းထွက်မလဲ။ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဖြစ်နေတဲ့ အတိဒုက္ခတွေ၊ ကြီးမားကျယ်ပြန့်တဲ့ ဒီအဖြစ်ဆိုးကြီးက မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအမြင်ကို လာမယ့်နှစ်အတန်အကြာအထိ သက်ရောက်မှု ရှိလာလိမ့်မယ်” ဟု ရစ်ချတ်ဟော်ဆီက သုံးသပ်ခဲ့သည်။