News

POST TYPE

ARTICLE

ပါကစ္စတန်၏ ဘင်္ဂါလီအရေး ကြောင်သူတော် မူဝါဒ
အူစမန်အာမက် ရေးသားပြီး ဇေဝင်းနောင် ဘာသာပြန်ဆိုသည်။

ပါကစ္စတန်ကိုယ်တိုင်က ကျင့်သုံးရန် ဆန္ဒမရှိသော သဘောထားကြီးမှုမျိုး ဘင်္ဂါလီ မွတ်ဆလင်များအပေါ် မြန်မာနိုင်ငံက ထားရှိပေးရန် မည်သို့များ မျှော်လင့်နေပါသနည်း။ 

ပါကစ္စတန်တွင် ဘင်္ဂါလီ အမြောက်အမြား ရှိနေ ခြင်းမှာ ၎င်းတို့တည်ရှိမှုကို တရားဝင် အသိအမှတ်ပြုခြင်း မဟုတ်ပေ။ ပါကစ္စတန်မှ ဘင်္ဂါလီ အများစုမှာ နိုင်ငံသားဖြစ်ခွင့် မရကြဘဲ အများစုမှာ စိစစ်ရေးကတ်ပြားပင် မရှိကြပေ။ အစိုးရကျောင်းများ တက်ရောက်ခွင့် မရကြသလို၊ အစိုးရက ပံ့ပိုးသော ကျန်းမာရေး စောင့်ရှောက်မှုလည်း မရပေ။ ဘဏ်စာရင်းဖွင့်သည့် ကိစ္စကဲ့သို့ နေ့စဉ် လူမှုကိစ္စများလည်း ဆောင်ရွက်ခွင့် မရပေ။

ယင်းမှာ အဆီအငေါ်မတည့် ရှေ့နောက်မညီညွတ်မှု တစ်ရပ်သာ ဖြစ်ပေသည်။

တစ်ဖက်တွင် ပါကစ္စတန်နိုင်ငံ၊ ဗီဟာရီပြည်နယ်မှ ဆယ်ကျော်သက်တစ်ဦး အသတ်ခံရခြင်းမှ  ထွက်ပေါ်လာသော ကြေကွဲဖွယ် အဖြစ်ဆိုး အသေးစိတ် အချက်အလက်များကို ဘီဘီစီ ဂျာနယ်လစ်တစ်ဦးက  တင်ဆက်လျက်ရှိသည်။ အတန်းထဲတွင် တစ်ဦးတည်းသာ ရှိသော ခရစ်ယာန် ဘာသာဝင် ကျောင်းသားလေး ရှရွန်မာဆိရ်ကို အတန်းဖော်များက ရိုက်သတ်ခဲ့ကြသည်။ ယင်းမှာ ပါကစ္စတန်နိုင်ငံတွင်း ခရစ်ယာန် ဘာသာဝင်များ ရုန်းကန်နေရသည့် အခြေအနေကို ဖော်ပြသည့် ရက်စက်သော အမှတ်ရစရာတစ်ခု ဖြစ်သည်။ သတ်ဖြတ်မှုမှာ ဆိုးရွားချောက်ချားဖွယ် ဖြစ်သလို ပရိသတ်ကို ဖမ်းစားနိုင်သော သတင်းခေါင်းစီးများ အကြားမှာ တိမ်မြုပ်သွားလေ့ ရှိသော ဖြစ်စဉ်မျိုးဟု  ဆိုနိုင်သည့် ရှရွန်၏ ဘဝဖြတ်သန်းမှုဖြစ်စဉ် ကိုယ်၌ကလည်း ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေသည်။ ရှရွန်၏ မိဘနှစ်ပါးသည်  သားဖြစ်သူကို ကျောင်းထားနိုင်ဖို့ နှစ်နှင့်ချီပြီး ငွေစုခဲ့ရသည်။ ကျောင်းထားနိုင်ချိန်မှာလည်း ကျောင်းဝတ်စုံတော့ ဝယ်မပေးနိုင်ခဲ့။ ပထမဆုံးနေ့မှာပင် ထိုကလေးကို ဆရာက ပါးရိုက်ဆုံးမပြီး ကျောင်းဝတ်စုံ မဝတ်ဘဲ  အိမ်နေဝတ်စုံ ဝတ်လာသောကြောင့်ဟု ဆိုကာ အတန်းအပြင် ထွက်ရပ်ခိုင်းထားသည်။ ရှရွန်တစ်ယောက် ပညာဆုံးခန်းတိုင်လျှင် အားကိုးရမည်ဟု မျှော်လင့်ထားသော မိဘနှစ်ပါးမှာလည်း အသက်မဲ့ ခန္ဓာကိုသာ  ပြန်ရ ခဲ့ကြပြီး ၎င်းတို့အိပ်မက်အားလုံး နိဋ္ဌိတံသွားခဲ့သည်။

အခြားတစ်ဖက်တွင်တော့ ရုပ်သံလိုင်းများတွင်  နာမည်ကြီးသည့် မွတ်ဆလင် တရားဟောဆရာ အမီရ်  လျာကွတ် ဟူစိန်၏ ဗီဒီယိုတစ်ခု ထုတ်လွှင့်နေသည်။ ထိုဗီဒီယိုထဲတွင် ဘင်္ဂါလီ မွတ်ဆလင်တို့ လူမျိုးသုဉ်း ရှင်းလင်းခံနေရသည်ဟု ဆိုကြသည့် ဖြစ်စဉ်ကြီးမှ အတိဒုက္ခရောက်ရသူများကို ကူညီရန် မြန်မာနိုင်ငံရှိ လေဆိပ်တစ်ခုသို့ ရောက်ရှိလာပြီဟု ဟူစိန်နှင့် နာမည်ကြီး ဆယ်လီဘရီတီတစ်ဦးဖြစ်သူ ဝါကာဇာကာတို့က ပြောကြားနေကြသည်။ ၎င်းတို့၏ ရည်မှန်းချက်များထဲမှ တစ်ခုမှာ တတ်အားသမျှ ဆောင်ရွက်မှုအဖြစ် ဘင်္ဂါလီ မိသားစု တစ်စုလောက် ပါကစ္စတန်ကို ခေါ်သွားရန်လည်း ပါဝင်သည်။ သို့သော်လည်း မြန်မာအာဏာပိုင်တို့က လက်မခံခဲ့ကြဘဲ ဗီဒီယိုဖိုင်တင်ပြီး မကြာမီပင် ထိုနှစ်ဦး အဖမ်းခံရပြီး နိုင်ငံမှ နှင်ထုတ်ခံခဲ့ရသည်ဟု ဆိုသည်။ နောက်ပိုင်းထွက်လာသော သတင်းများအရမှု ဟူစိန်နှင့် ဇာကာတို့သည် ထိုင်းနိုင်ငံအထိ သာ ရောက်ရှိခဲ့ကြခြင်း ဖြစ်ပြီး ထိုနေရာမှပင် နှင်ထုတ်ခံခဲ့ရသည်ဟု ဆိုသည်။ မည်သည့်သတင်းက အမှန်ပင်ဖြစ်စေ၊ ပေါကြောင်ကြောင် တလွဲစွန့်စားမှုကြီးသည်  ခေတ်သစ်ကာလ၏ လူမှုပဋိပက္ခကြီးတစ်ခုတွင် စူးစမ်းဖွယ်ရာ အောက်ခြေမှတ်စုတစ်ခု အဖြစ်တော့ မှတ်တမ်းဝင်သွားပြီဟု ဆိုနိုင်သည်။

ဟူစိန်၏ မအောင်မြင်သော ကယ်တင်ရေး လှုပ်ရှားမှုသည် တစ်မူထူးကဲသည့် ‘ပါကစ္စတန် ဝိသေသ’ ဟု ဆိုကြသော မတူကွဲပြားသည့် သမိုင်းကြောင်းကို လျှောက်လမ်းပြီး အစ္စလာမ်ဘာသာအပေါ် တိုင်းပြည်က အလေးအမြတ်ထားမှု တင်စားခိုင်းနှိုင်းစရာ တစ်ခုဖြစ်သည်။ နုပျိုသော နိုင်ငံသစ်ဘဝက ကြွေးကြော်သံတစ်ခုမှာ ‘ပါကစ္စတန်ရဲ့ အဓိပ္ပာယ်ကဘာလဲ၊ ဘုရားတစ်ဆူသာရှိ၊ မိုဟာမက်သာ ဘုရား၏ တမန်တော်’ ဟူ၍ဖြစ်သည်။ ဘင်္ဂါလီ အရေးကဲ့သို့ပင် ကမ္ဘာတစ်လွှားမှ မွတ်ဆလင် အသိုင်းအဝိုင်း၏ ရုန်းကန်မှုမှန်သမျှသည် ပါကစ္စတန်၏ ရုန်းကန်မှု ဖြစ်သည်ဟု မှတ်ယူမှု ဖြစ်သည်။

အကြောင်းမလှသည်ကတော့ ယင်းသို့ မိမိဘာသာ အဟုတ်ထင်နေသည့် ပုံစံသည် ပါကစ္စတန်၏  ၎င်းတို့နိုင်ငံတွင်းမှ လူနည်းစု လူမျိုးစုများ ကြုံတွေ့နေရသော လူသိရှင်ကြား မဖြစ်သည့် ဝိုင်းဝန်းဖိနှိပ်ခံရမှုနှင့် ဖီလာဆန့်ကျင် ဖြစ်လျက်နေပေသည်။

မွတ်ဆလင်တို့မြေအဖြစ် ဖန်တီးခဲ့စဉ်က ပါကစ္စတန်နိုင်ငံ တည်ထောင်သူ ဖခင်ကြီးများသည်  လူများစု ဟိန္ဒူများ၏ ရန်လိုမှုမှ လွတ်ကင်းရာ သုခဘုံတစ်ခုကို မျှော်မှန်းခဲ့ကြခြင်း ဖြစ်သည်။ (အိန္ဒိယ-ပါကစ္စတန်) နှစ်နိုင်ငံ ပေါ်ပေါက်လာရေး သီအိုရီသာ အမှန်ဖြစ်သည်ဟု တွက်စစ်ကြသည့် မွတ်ဆလင်အဖွဲ့ချုပ် ခေါင်းဆောင်များသည် အိန္ဒိယမှ မွတ်ဆလင်- ဟိန္ဒူ သမိုင်းသစ်ရေးရန် မျှော်လင့်ခဲ့ကြသည်။ ခေတ်သစ်တစ်ခုနှင့် ဒေသတွင်းမှ နက်ရှိုင်းရှုပ်ထွေးသော မျိုးစုံကွဲပြားမှု အဆုံးသတ်ခြင်း စတင်လိုက်သည်နှင့် အခြေတည်စ ပါကစ္စတန်နိုင်ငံသည် တိုင်းပြည်၏ အမျိုးသားရေးကို မည်သို့ ပုံဖော်မည်ဆိုသော အယူဝါဒရေးရာ စစ်မြေပြင်တစ်ရပ် ဖြစ်လာရန် အသင့်ဖြစ်နေခဲ့သည်။ မခွဲထွက်မီကတော့ ဘာသာရေးကို အခြေပြုပြီး လှုံ့ဆော်စည်းရုံးမှုသည် မတူကွဲပြားသော လူမျိုးစု၊ ဘာသာစကား၊ ယဉ်ကျေးမှုမျိုးစုံ ရှိသည့် မွတ်ဆလင် အသိုင်းအဝိုင်းအားလုံး စုစည်းညီညွတ်ရေးအတွက် အသုံးတည့်ခဲ့သော်လည်း ပါကစ္စတန်နိုင်ငံ ပေါ်ပေါက်လာသည်နှင့် ယင်းကိစ္စမှာ ပါကစ္စတန်သည် မွတ်ဆလင်တို့မြေ ဆိုလျှင် တိုင်းပြည်အနာဂတ်တွင် အစ္စလာမ် သာသနာသည် မည်သည့်အခန်းကဏ္ဍမျှ ပါဝင်မည်နည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီး အဓိကအကျဆုံး ဖြစ်တည်မှုဆိုင်ရာ အကျပ်အတည်း  ပေါ်ပေါက်စေခဲ့သည်။

ထိုမေးခွန်းအတွက်  အဖြေထုတ်ရန် အချိန်အများကြီး မယူခဲ့ရ။ ၁၉၄၉ တွင် ပါကစ္စတန်၏ တိုင်းပြည်ပြုလွှတ်တော်က အနာဂတ် အခြေခံဥပဒေအတွက် ပါကစ္စတန်၏ ရည်မှန်းချက်များ ထုတ်ပြန်ကြေညာခဲ့ရာ အစ္စလာမ် သာသနာကို ပါကစ္စတန် ဝိသေသ လက္ခဏာအဖြစ် သတ်မှတ်ခဲ့သည်။ ‘အလ္လာအရှင်မြတ်သာ အချုပ်အခြာအာဏာ ပိုင်စိုးတော်မူသည်’ ဟု ကြေညာချက်တွင် ပါရှိပြီး တိုင်းပြည်၏ တာဝန်ဝတ္တရားမှာ မွတ်ဆလင်များ အစ္စလာမ်အဆုံးအမနှင့်အညီ တစ်ဦးချင်းဖြစ်စေ၊ အစုလိုက်ဖြစ်စေ နေထိုင်နိုင်ကြစေရေး ပံ့ပိုးရန်ဟူ၍ ဖြစ်ခဲ့သည်။ ထိုမှစ၍ ၆၈ နှစ်ကြာ ကာလသည် ဤထူးဆန်း၍ သီးသန့်ဆန်သော အမျိုးသားရေး ပုံဖော်မှု၏ သမိုင်းမှတ်တမ်းကာလ ဖြစ်ခဲ့သည်။

အမီရ်လျာကွတ်ဟူစိန်သည် ယင်းအပေါ်တွင် အမြတ်ထုတ် အကျိုးစီးပွား ရှာခဲ့ခြင်းသာ ဖြစ်သည်။  သူ၏ နှစ်ပတ်လည် ရာမာဒန်ဥပုသ်လ ရုပ်သံအစီအစဉ် ကြည့်ရှုသူ မြင့်တက်စေရန်အတွက် ကလေးများကို ဆုလာဘ်အဖြစ် ချီးမြှင့်ခဲ့ဖူးသူ ဟူစိန်သည် ယခုအခါတွင်လည်း မြန်မာပြည်မစ်ရှင်ဖြင့် သူ့ပုံရိပ်နှင့် ကျော်ကြားမှုကို မြှင့်တင်ရန် ကြိုးပမ်းခြင်းလည်း ဖြစ်နိုင်သည်။ သူ့အားထုတ်မှုမှာ ဟန့်တားခံရသော်လည်း သူ့ရည်ရွယ်ချက်စစ်စစ်မှာ သူရဲကောင်းကြီးဆိုသော ပုံရိပ်ဖြင့် ငွေရှာရေးသာ ဖြစ်သည်။ ဟူစိန်သည် သူ၏ ဘာသာရေး ဟောပြောပွဲ ဆိုသော်လည်း ဆယ်လီဘရီတီ ရှိုးပွဲဆန်သော အစီအစဉ်ကို ရှရွန်မာဆိရ်၏ မိဘများနှင့် တစ်သားတည်း ရှိကြောင်း ပြသရန်၊ ဆစ် (ပန်ချာပီ) လူမျိုးကလေးငယ်များ အဓိက တက်ရောက်သည့် ပုဂ္ဂလိက စာသင်ကျောင်း ရုတ်တရက် ပိတ်လိုက်ရမှုအပေါ် ပူပန်မိကြောင်း ပြောကြားရန်၊ လူနည်းစု လူမျိုးစုဝင် ဟာဇာရာ ရှီးယားမွတ်ဆလင် မိသားစုဝင်လေးဦး ပစ်မှတ်ထား သတ်ဖြတ်ခံရခြင်းတို့ကို ရှုတ်ချဝေဖန်ရန်တော့ အသုံးချဖွယ် မရှိပေ။ မဖြစ်စလောက် လူတချို့သာ အာရုံစိုက်သည့် ၎င်းတို့၏ အတိဒုက္ခကို ယခုမျှ အာရုံစိုက်ပြနေ၍ ဘာများထူးပါဦးမည်နည်း။

မြန်မာနိုင်ငံမှ ဖြစ်စဉ်အပေါ် ပါကစ္စတန်အစိုးရနှင့် နိုင်ငံသားများက နေ့စဉ်နှင့်အမျှ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆန္ဒပြနေချိန်တွင်ပင် ပါကစ္စတန်နိုင်ငံ၌ အထက်ပါ လူနည်းစုများကို ရက်စက်စွာ ပြုမူသော အဖြစ်ဆိုးများ ဖြစ်ပွားလျက်ရှိသည်။ တစ်ဖက်တွင်တော့ အမျက်မာန်ဟုန် ပြင်းပြနေသော်လည်း တစ်ဖက်တွင်တော့ မသိသလို လုပ်နေကြသည်။ အဝေးမှ ဖြစ်နေသည်များကို အမျက်ခြောင်းခြောင်း ထွက်ပြနေသော်လည်း ပြည်တွင်းမှ လူနည်းစုများ၏ အတိဒုက္ခကိုတော့ မျက်ကွယ်ပြုထားကြသည်။

နောက်ထပ် သူတော်ကောင်းယောင်ဆောင်သည့် ကိစ္စတစ်ရပ်လည်း ရှိနေသေးသည်။

မြန်မာနိုင်ငံမှ အကျပ်အတည်းသည် ပါကစ္စတန်တွင် ရှိနေသည့် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟုဆိုသော ဘင်္ဂါလီလူဦးရေ၏ ဆိုးရွားလှသော အတိဒုက္ခအပေါ် အာရုံစိုက်စရာလည်း ဖြစ်လာခဲ့သည်။ ပါကစ္စတန်နိုင်ငံတွင် အာဏာရှင်အုပ်စိုးမှု ကာလ၏ အစဟု ဆိုနိုင်သော (၁၉၅၈ ပထမအကြိမ်) အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် နှစ်အနည်းငယ်အကြာ ၁၉၆၂ တွင် ခန့်မှန်းခြေ ၅ သိန်းခန့်ရှိသော ဘင်္ဂါလီ မိသားစုများ ဆိပ်ကမ်းမြို့ ကရာချိတွင် စတင်ခြေချခဲ့ကြသည်။ ၁၉၈၀ ပြည့်နှစ်များတွင် ဗိုလ်ချုပ်ကြီး ဇိုင်ယာအာလ်ဟက်၏ စစ်အစိုးရက အာဖဂန်ဂျီဟတ်စစ်ပွဲတွင်  ပါဝင်ရန်နှင့် ဘာသာရေး သင်တန်းများပေးရန် ထပ်မံလက်ခံပေးခဲ့မှုနှင့်အတူ ဘင်္ဂါလီဦးရေ ပိုမိုတိုးပွားလာခဲ့သည်။ ပါကစ္စတန်တွင် ဘင်္ဂါလီ အမြောက်အမြား ရှိနေခြင်းမှာ ၎င်းတို့ တည်ရှိမှုကို တရားဝင် အသိအမှတ်ပြုခြင်း မဟုတ်ပေ။ ပါကစ္စတန်မှ ဘင်္ဂါလီ အများစုမှာ နိုင်ငံသားဖြစ်ခွင့် မရကြဘဲ အများစုမှာ စိစစ်ရေးကတ်ပြားပင် မရှိကြပေ။ အစိုးရကျောင်းများ တက်ရောက်ခွင့် မရကြသလို၊ အစိုးရက ပံ့ပိုးသော ကျန်းမာရေး စောင့်ရှောက်မှုလည်း မရပေ။ ဘဏ်စာရင်းဖွင့်သည့် ကိစ္စကဲ့သို့ နေ့စဉ် လူမှုကိစ္စများလည်း ဆောင်ရွက်ခွင့် မရပေ။ ယင်း၏ အကျိုးသက်ရောက်မှုကို ပါကစ္စတန် ကာရာချိမှ ဘင်္ဂါလီအများစု နေထိုင်ရာ ကျူးကျော်ရပ်ကွက်များတွင် မြင်တွေ့နိုင်ပြီး အခြေခံအဆောက်အဦ ကင်းမဲ့ချို့တဲ့မှု၏ ရလဒ်အဖြစ် ဘင်္ဂါလီများမှာ နုံချာစုတ်ပြတ်စွာ နေထိုင်ရလျက်ရှိသည်။ မကြာခဏ ရန်လိုမှုများနှင့်လည်း ရင်ဆိုင်နေရပြီး ကရာချိမှ ဘင်္ဂါလီများ စောဒက အတက်ဆုံးကိစ္စမှာ တရားဝင်အထောက်အထား မရှိမှုနှင့် နယ်မြေတွင် ဖြစ်ပွားသည့် ရာဇဝတ်မှုများအတွက် ပုံမှန်လိုလို ညှဉ်းပန်းနှိပ်စက် တရားခံ ရှာခံရခြင်း ဖြစ်သည်။

ပါကစ္စတန်ကိုယ်တိုင်က ကျင့်သုံးရန် ဆန္ဒမရှိသော သဘောထားကြီးမှုမျိုး ဘင်္ဂါလီ မွတ်ဆလင်များအပေါ် မြန်မာနိုင်ငံက ထားရှိပေးရန် မည်သို့များ မျှော်လင့်နေပါသနည်း ဆိုသော ရှေ့ဆုံးမှ မေးခွန်းကိုသာ ပြန်မေးရပေတော့မည်။ တကယ်တမ်းတွင်လည်း ပါကစ္စတန်သည် ၎င်းတို့၏ တရားဝင်ရှိမှုကိုလည်း ပါကစ္စတန်မှ မည်သူမျှ အသိအမှတ်ပြုကြမည် မဟုတ်ရာ ဤမေးခွန်းသည် တန်ဖိုးရှိချင်မှ ရှိပေလိမ့်မည်။ ပါကစ္စတန်သား အများစု၏ သဘောထားမှာ မြန်မာနိုင်ငံသား အများစု ဘင်္ဂါလီများအပေါ် ထားရှိသည့် သဘောထားနည်းတူသာ ဖြစ်သည်။ သို့သော်လည်း အစ္စလာမ် မီးရှူးတန်ဆောင်ဆိုသော အယူအဆဖြင့် ပေါ်ပေါက်လာသော ပါကစ္စတန်တွင် မွတ်ဆလင်တို့၏  အခွင့်အရေးနှင့် လိုအပ်ချက်များသည် အခြားအရာတို့ထက် အရေးကြီးသော ရပ်တည်ချက်တွင် လူနည်းစုအတွက် စာနာမှုမပါဟု ဖယ်ထုတ်လိုက်လျှင် ပိုမိုကျယ်ပြန့်သော မွတ်ဆလင်အားလုံး အတွက် ပါကစ္စတန်ဆိုသော ရပ်တည်ချက်မှာ စိုးရိမ်စရာ ဖြစ်လာပေသည်။ အဓိက အန္တရာယ်မှာ ယင်းသို့သော တွေးခေါ်စဉ်းစားပုံသာ ဖြစ်ပြီး ပါကစ္စတန်အနေနှင့် နေရာအနှံ့မှ ဖိနှိပ်ခံ ပြည်သူများ၏ အခွင့်အရေးအတွက် ရှေ့ဆောင်ရှေ့ရွက် ပြုနေသည်ဟု ဆိုချိန်တွင် ၎င်း၏ ယဉ်ကျေးမှု ဓလေ့တွင်းမှ အစွန်းရောက်ဝါဒ ပေါက်ဖွားလာခြင်းကို  ကောင်းစွာ အမှတ်ရ သတိပြုရန် လိုအပ်မည် ဖြစ်ပေသည်။

မူရင်းစာရေးသူ အူစမန်အာမက်သည် ဗြိတိန်နိုင်ငံသား ဆောင်းပါးရှင်တစ်ဦးဖြစ်ပြီး လက်ရှိ ပါကစ္စတန်တွင် အခြေစိုက်၍ သတင်းဆောင်းပါးများ၊ ဓာတ်ပုံများ အလွတ်တန်း ရေးသား၊ ရိုက်ကူးနေသူ ဖြစ်သည်။
Ref:The Diplomat, Pakistan’s