News

POST TYPE

ARTICLE

အတိုက်အခိုက်ခံ မြို့တော်ဝန်
12-Jul-2016

သူနှင့်ပတ်သက်လျှင် ပုဂ္ဂိုလ်ရေးဆိုင်ရာ မနှစ်သက်ကြသူများသည်။ မန္တလေးဒေသခံများအကြား ဝေဖန်သံများလည်း ညံခဲ့သည်။
ထိုသူကား မန္တလေးမြို့တော်ဝန်သစ်  မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာရဲလွင်ဖြစ်သည်။

မန္တလေးမြို့တော်ဝန်သစ် မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာရဲလွင်ကို ဧပြီလ ၅ ရက်နေ့က ကျင်းပသည့်  တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင်  ပြင်ပပညာရှင်အဖြစ် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဝေဖန်ရသည့် အကြောင်းရင်းများမှာ  ပါတီဝင်မဟုတ်ခြင်း၊ ပါတီနှင့် နိုင်ငံရေး သမိုင်းတွင် စွန့်လွှတ်အနစ်နာခံခဲ့မှုများ မရှိခြင်းတို့အပြင် ပုဂ္ဂိုလ်ရေးဆိုင်ရာ နှစ်သက်မှုမရှိခြင်း တို့ကြောင့် ဖြစ်သည်။ 

ပုဂ္ဂိုလ်ရေးဆိုင်ရာ မနှစ်သက်ကြခြင်းမှာ ၎င်း၏ ဆေးခန်းတွင် စမ်းသပ်ခ၊ ဆေးဖိုး  စသည်တို့ ဈေးနှုန်းကြီးသည့်အပြင် ဆက်ဆံရေး တင်းမာမှုတို့ကြောင့်ဖြစ်ပြီး မြို့တော်ဝန်အဖြစ် လုပ်ဆောင်လျှင် ယင်းအချက်များ  ရှိနေသေးပါက ဒေသခံများအတွက် အဆိုး ရလဒ်များသာ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက ပြောဆိုကြလေသည်။ 

သို့သော်လည်း ပညာရပ်ကို တန်ဖိုးထားသဖြင့် စမ်းသပ်ခကို ထိုက်တန်အောင် ယူခြင်းဖြစ်ပြီး ဆေးခန်းမှပေးသည့် ဆေးများမှာလည်း ဈေးနှုန်းမြင့်သည့် အကောင်းစား ဆေးများကိုသာ အသုံးပြုခြင်းကြောင့်  ဆေးဈေးကြီးသည်ဟု ထင်ကာ နောက်ကွယ်မှ စေတနာများကို မမြင်ကြခြင်းဖြစ်ကြောင်း  ဒေါက်တာရဲလွင်က The Voice နှင့် သီးသန့်တွေ့ဆုံစဉ်က တုံ့ပြန်ပြောဆိုထားသည်။

မြို့တော်ဝန်ဖြစ်ခါစက သူ့ကို အမြင် မကြည်သူများစွာ ရှိနေခဲ့ခြင်းနှင့် ပတ်သက်၍  လူမှုကွန်ရက် စာမျက်နှာတွင် ဟာသစာတို အချို့ ထွက်ပေါ်ခဲ့သည်။ 

မည်သို့ဆိုစေ အစိုးရသစ်လက်ထက် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်မှာ သက်တမ်းသုံးလအတွင်း ဖြုတ်ချရန် နှစ်ကြိမ်မြောက်အထိပင် အတောင်းဆိုခံရပြီ ဖြစ်သည်။ 
အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့ထဲတွင် ရေပန်းအစားဆုံး ဝန်ကြီး၊ သို့မဟုတ် အတိုက်ခိုက် ခံရဆုံး ဝန်ကြီးအဖြစ်ပင် တင်စားရမည်ဖြစ်သည်။ 

ပထမတစ်ကြိမ်မှာ မြို့တော်ဝန်အဖြစ်  ရွေးချယ်ခံပြီး ရက်ပိုင်းအတွင်း (သင်္ကြန်မတိုင်မီ) ၎င်းကိုဆန္ဒပြရန် စီစဉ်ခဲ့ကြသည်။ 
ပြည်သူများ လက်မခံသည့်သူကို  မြို့တော်ဝန်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ခြင်းမှာ ပြည်သူကို စော်ကားရာရောက်သဖြင့် ပြည်သူ့ဆန္ဒကို သိရှိနိုင်ရန်အတွက် ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ယင်းအစီအစဉ်ကို ဦးဆောင်မည့် မန္တလေးမြို့ခံ တက်ကြွလှုပ်ရှားသူ  ဦးအေးသိန်းက ထိုစဉ်က ပြောကြားခဲ့သည်။ 

သို့သော်လည်း ဝေဖန်ရန်၊ ဆန္ဒပြရန် စောလွန်နေသေးသဖြင့် မြို့တော်ဝန်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန် မေတ္တာ ရပ်ခံထားသောကြောင့် ဆန္ဒမပြဖြစ်။ 

သို့သော် နောက်ထပ် နှစ်လခန့်အကြာတွင် မြို့တော်ဝန်ကို နှုတ်ထွက်ပေးရန်  ဆန္ဒပြမှု ထပ်မံဖြစ်ပေါ်လာခဲ့သည်။ 

ယင်းက မင်္ဂလာဈေးသူဈေးသားများ ၏ ဆန္ဒထုတ်ဖော်မှု ဖြစ်သည်။ 
ဈေးအသစ်တည်ဆောက်ရန် မြို့တော်ဝန်၏ အာဏာရှင်ဆန်ဆန် ပြောဆိုမှုကို  မကျေနပ်ခြင်း၊ မြို့တော်ဝန်ဆုံးဖြတ်ချက်ကို  မကျေနပ်ခြင်း စသည့်အကြောင်းများကြောင့် မြို့တော်ဝန်ဖြုတ်ချပေးရေး အပါအဝင် အချက်ခြောက်ချက်ဖြင့် ဇွန်လ ၃၀  ရက်နေ့က ဆန္ဒပြရန် စီစဉ်ခဲ့ကြသော်လည်း ဆန္ဒပြရန် ခွင့်ပြုမိန့်တင်စဉ်က မြို့တော်ဝန် ဖြုတ်ချပေးရေးဟူသည့် ကြွေးကြော်သံကို ဖြုတ်ချခံခဲ့ရသည်။ သို့သော်လည်း ဆန္ဒပြစဉ်တွင် မြို့တော်ဝန်ကို ဖြုတ်ချပေးရန် တောင်းဆိုခဲ့ကြလေသည်။

“မိမိရဲ့ သဘောဆန္ဒအတိုင်း လုပ်ဆောင်မယ်ဆိုရင် မြို့တော်ဝန်ကြီးကို ဒီနေရာ ကနေ ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမယ် ဆိုတာ ပြောချင်ပါတယ်။ မိမိရဲ့ သဘောဆန္ဒအတိုင်း ဆောင်ရွက်နေတဲ့ မန္တလေးမြို့တော်ဝန် ဒေါက်တာဦးရဲလွင်ကို  လုံးဝ အလိုမရှိပါဘူး။ ကျွန်တော်ပြောတဲ့စကားကို ကျွန်တော် တာဝန်ယူပါတယ်။ မြို့တော်ဝန်ပြောတဲ့ စကား မြို့တော်ဝန် တာဝန်ယူရပါမယ်။ ဈေးသူ၊ ဈေးသားတွေ ဖြစ်ချင်တဲ့ သဘောဆန္ဒကို ဆန့်ကျင်ပြီး လက်လွတ်စပယ်ပြောတဲ့ မြို့တော်ဝန်ကို မန္တလေးမြို့က အမြန်ဆုံး  ဖြုတ်ချပေးဖို့ ပြောချင်ပါတယ်” ဟု ဆန္ဒထုတ်ဖော်မှု ဦးဆောင်သည့် ဦးကျော်ကျော်စိုးက ပြောဆိုသည်။ 

ယင်းအပြင် ဈေးသစ်တည်ဆောက်ရန် ဆန္ဒမဲကောက်ခံမှု တွင်လည်း စည်ပင်ဘက်မှ မဲလိမ်၊ မဲခိုးခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စကို မသိကျိုးကျွံပြုနေသည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့တော်ဝန်အပေါ်  ကျေနပ်မှုမရှိကြောင်း၊ မြို့သူမြို့သားများ မကြိုက်လျှင် မြို့တော်ဝန်ရာထူးမှ ချက်ချင်း ဆင်းပေးမည်ဟု ပြောဆိုခဲ့သည့် ဒေါက်တာရဲလွင်ကို မြို့သူမြို့သားများဖြစ်သည့် မင်္ဂလာ ဈေးသူဈေးသားများက မကြိုက်ကြောင်း  ဈေးသူဈေးသားတစ်ဦးဖြစ်သည့် ဦးစိုးလှိုင်ထွန်းက ပြောသည်။ 

ယင်းတို့သည်ကား မန္တလေးမြို့တော်ဝန် ရင်ဆိုင်ရသည့် ကြီးမားသည့် စိန်ခေါ်မှုများ ဖြစ်သည်။

“အခု မြို့တော်ဝန်က ပိုက်ဆံရှိပြီးသား သူတစ်ယောက်ပါ။ ပိုက်ဆံရှိတဲ့အတွက်  လာဘ်ပေးလာဘ်ယူကိစ္စမှာ စိတ်ချလို့ ရပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ကြုံဖူးတယ်။ သူ့ဆီကို လာတဲ့သူတွေက  လက်ဆောင်တွေ ဘာတွေ ပေးရင်တောင်  ဈေးမကြီးတဲ့ စာအုပ်လိုမျိုးကိုပဲ ကြိုက်တယ် ဆိုပြီး ယူထားတယ်။ ကျန်တာတွေ ငြင်းလွှတ်ပါတယ်။ နောက်တစ်ခုက ဒီလုပ်ငန်း အပေါ်မှာလည်း သူစိတ်ဝင်တစားနဲ့ လုပ်ပါတယ်။ သုံးလလောက် အတွင်းမှာတော့  ဘာမှ ထူးထူးခြားခြားပြောင်းလဲမှု မဖြစ်နိုင်သေးပါဘူး” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်းတာဝန် ရှိသူတစ်ဦးက ဆိုသည်။ 

မြို့တော်ဝန်ဖြစ်ပြီး သုံးလခန့်အကြာ ဇွန်လ ၂၉ ရက်နေ့က မြို့တော်ဝန်နှင့် သတင်းမီဒီယာများ ပထမအကြိမ်တွေ့ဆုံမှု ပြုခဲ့ကြသည်။ ယင်းတွေ့ဆုံမှုမှာ ဇွန် ၃၀ တွင် မင်္ဂလာဈေးသူဈေးသားများက မြို့တော်ဝန်ကို ဆန္ဒပြမည့်အတွက် သတင်းမီဒီယာများနှင့် တွေ့ဆုံခြင်း ဖြစ်သည်။ 

ယင်းပွဲတွင် မြို့တော်ဝန်၏ ပြောဆိုချက်များမှာ ပြောစမှတ်တွင်ခဲ့ရသည်။ 

မင်္ဂလာဈေးသူဈေးသားများမှာ မြို့တော်ဝန်ကို နှုတ်ထွက်ပေးရန် တောင်းဆိုမှုများ ရှိနေပြီး ယင်းအချက်နှင့် ပတ်သက်၍  နှုတ်ထွက်ပေးရန် အစီအစဉ် ရှိသလားဟု  မီဒီယာများ၏ မေးမြန်းမှုကို ဖြေဆိုခဲ့ရာတွင်  နှုတ်ထွက်သင့်သည်ထင်လျှင် နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့ သည်။

“ကျွန်တော့်ကို နှုတ်ထွက်စေချင်ရင် မတ်တပ်ရပ်ပေးကြပါ။ သတ္တိရှိရင် စိန်ခေါ်ပါ တယ်။ နှုတ်ထွက်ဖို့ ဝန်ကြီးချုပ်ဆီ စာတင်ပါတယ်။ လက်မခံပါဘူး။ ကျွန်တော့်ကို  ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ချင်သလောက် တိုက်ခိုက်ပါ။ ကျွန်တော် လုံးဝ ဂရုမစိုက်ပါဘူး” ဟု ဒေါက်တာရဲလွင်က မီဒီယာများ မေးမြန်းမှုကို ဖြေကြားခဲ့လေသည်။ ယင်းအပြင် ဝန်ကြီးလစာ ကျပ်သိန်းနှစ်ဆယ်ကို မက်မောမနေဘဲ အချိန်မရွေး နှုတ်ထွက်သွားမည်ဖြစ်ကာ လစာမှာ ယခု ခန်းမအတွင်းရှိ မီဒီယာသမားများလောက်ပင် လစာရမည်မဟုတ်ကြောင်း ပြောဆိုခဲ့လေသည်။

ဒေါက်တာရဲလွင်၏ အားနည်းချက် တစ်ခုမှာ နိုင်ငံရေးပါး မဝနိုင်သေးခြင်း ဖြစ်သည်။ အရပ်သားဝန်ကြီး ဖြစ်သည့်အတွက် နိုင်ငံရေးအတွေ့အကြုံလည်း မရှိခဲ့။ သူ့ဘဝ တစ်လျှောက်လုံး ဆေးရုံ၊ ဆေးခန်းများ တွင်သာ အချိန်ကုန်ခဲ့ရပြီး သူဆက်ဆံခဲ့ရသည့် နယ်ပယ်မှာ လူဦးရေအနည်းငယ်သာ  ဖြစ်သည်။ 

နိုင်ငံရေးသမားတစ်ယောက်၏ ခံနိုင်ရည်မျိုး သူ့မှာမရှိသေးပေ။ သူ့ကို ဝေဖန်သူများကို ဥပေက္ခာပြုခြင်း မလုပ်နိုင်သေး။ ဆရာဝန်တစ်ယောက်၏ ဘဝနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ယောက်၏ ဘဝကို သူကူးဖြတ် နေရသည်မှာ ခက်ခဲမည်ပင်ဖြစ်သည်။  တစ်သက်လုံး နေသားကျလာခဲ့သည့် ဆရာဝန် တစ်ယောက်၏ လှုပ်ရှားနေထိုင်မှုများနှင့် ဝန်ကြီးတစ်ယောက်၏ လှုပ်ရှားနေထိုင်မှု များကြား ဆက်သွယ်ပေါင်းကူးတံတား  မထိုးနိုင်သေးပေ။ 

သုံးလတာ သူ့သက်တမ်းအတွင်း လမ်းခင်း၊ ရေမြောင်းဖော်၊ အမှိုက်သိမ်း စသည့် စည်ပင်၏ လုပ်ငန်းဆောင်တာ ကိစ္စရပ်များ မှလွဲ၍ အခြား ထူးခြားဖွယ်လုပ်ဆောင်မှုများ မရှိသေးကြောင်း ဒေသခံများက ဝေဖန်ကြသည်။ 

“သူ့အနေနဲ့ စကားပြောတာကို  ဆင်ခြင်စေချင်တယ်။ လိမ္မာပါးနပ်စေချင်တယ်။ ၂ နှစ်အတွင်း ဘာဖြစ်ရမယ်၊ ၂ နှစ်စောင့် ဆိုတာမျိုးတွေက ပြည်သူတွေကို  မပြောသင့်ဘူး။ ပြည်သူတွေက နှစ်ငါး ဆယ်လောက် စောင့်ခဲ့ကြရတာ” ဟု မန္တလေးအခြေစိုက် မေတ္တာကမ်ပိန်းအဖွဲ့မှ  ဦးညီညီကျော်က ဆိုသည်။ 

မကြာခင်ပြုလုပ်မည့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ရွေးကောက်ပွဲသည် အရေးကြီးပြီး ကော်မတီဝင်များကို ပြည်သူ့ဆန္ဒအမှန်ဖြင့် ရွေးချယ်ခွင့် ရရှိရန်လိုအပ်ကာ ယင်းကော်မတီဝင် များနှင့် မြို့တော်ဝန်တို့ ပူးပေါင်းဆောင်ရွက်လျှင် သူ့အပေါ် အထင်အမြင် မကြည်လင်မှုများကို သက်သာစေမည်ဟု ဦးညီညီကျော်က သူ့အမြင်ကို ပြောဆိုသည်။ 

နိုင်ငံရေးပါး မဝသူ ဆရာဝန်တစ်ဦး အနေနှင့် တိုင်းဒေသကြီးဝန်ကြီးဘဝတွင် အဆင်မပြေမှုများစွာ ကြုံတွေ့ရမည်ဖြစ်သည်။ ဒီကြားထဲ တစ်ချိန်လုံး တိုက်ခိုက် ခံနေရမှုများကြောင့် သူလုပ်ဆောင်မည့် လုပ်ငန်းများကိုလည်း နှောင့်နှေးစေနိုင်လေသည်။ သို့သော် သူက ပြည်သူ့အတွက်ဟူ သော ခေါင်းစဉ်အောက်တွင် နိုင်ငံရေးသမား တစ်ဦးကဲ့သို့ ခံယူနိုင်ရန် ကြိုးစားလာပြီ  ဖြစ်သည်။ 

“ကျွန်တော်သည်မှာ အလုပ်စလုပ် ကတည်းက အားလုံးလည်း သိမှာပါ။ တစ်ချိန်လုံး ကျွန်တော့်ကို တိုက်ခိုက်မှုတွေက အပြည့်အဝပါ။ ဒါပေမဲ့ ကျွန်တော် ပျော်တယ်ဗျ။ ဘာဖြစ်လို့လဲ။ ကိုယ့်ရဲ့ ရှိသမျှ အချိန်တွေအားလုံးဟာ နိုင်ငံတော်အတွက် ပေးဆပ်ထားရလို့” ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က မေလအတွင်း မင်္ဂလာ ဈေးသူဈေးသားများနှင့် တွေ့ဆုံစဉ် သူ့ပီတိကို ပွင့်လင်းစွာပင် ဆိုလေသည်။

မြတ်(ကလေး)


ABOUT AUTHOR

(မြတ်(ကလေး))