News

POST TYPE

ARTICLE

ကြောင်ကလေး ကယ်ပေလို့
21-Jul-2017
ဒိုင်ယန်နီဘက်စ်ချာသည် နံနက်ခင်း ၄ နာရီခွဲလောက်တွင် အိမ်တွင်မွေးထားသော ကြောင်အော်ရီယို၏ စူးစူးဝါးဝါး အော်နှိုးသံကြောင့် နိုးလာခဲ့ပါသည်။ ဘက်စ်ချာသည် အောက်ထပ်သို့ ဆင်းကြည့်လိုက်သည်။ အော်ရီယိုကတော့ အော်ဟစ်သတိပေးနေဆဲ။ မီးတောက်များနှင့် မီးခိုးများကို သူမြင်လိုက်သည်။ ကြောင်ကလေးကို အသာပွေ့ပြီး အိပ်နေသည့် ခင်ပွန်းသည်နှင့် ကလေးငါးဦးကို အပြေးနှိုးရသည်။ မီးသည် ကားဂိုဒေါင်နှင့် အိပ်ခန်းတစ်ခန်းကို လောင်ကျွမ်းသွားခဲ့သည်။ မိသားစုဝင်တစ်ဦးမှ ထိခိုက်ခဲ့ခြင်း မရှိပါ။ ကြောင်ကလေး၏ လာရောက်အော်ဟစ်နှိုးမှုကြောင့်သာ သူတို့ မီးကို အမြန်သိခဲ့ခြင်း ဖြစ်သည်။ ယခင်က ကြောင်ကလေးကို တစ်အိမ်သားလုံးက ချစ်ခင်ကြခြင်းတော့ မဟုတ်ပေ။ ယခုတော့ သူတို့ အိမ်၏ အချစ်တော် ဖြစ်နေလေပြီ။ တစ်အိမ်သားလုံး၏ အသက်အန္တရာယ်ကို ကယ်သွားခြင်းကြောင့် ဖြစ်ပါလေသတည်း။