News

POST TYPE

ARTICLE

ပန်းသည် အမေကြီး
20-Jul-2017
မန္တလေးမြို့၏ လမ်းမများပေါ်တွင် စက်ဘီးဖြင့် ပန်းရောင်းသူများကို တွေ့ရခြင်းမှာ အဆန်းတကြယ် ကိစ္စတော့ မဟုတ်လှပါ။ သို့သော် လွန်ခဲ့သောနှစ် ၃၀ ခန့်ထုတ် ဖီးဆင့်စက်ဘီး အဟောင်းတစ်စီးဖြင့် အသက် ၇၀ အရွယ် အဘွားအိုတစ်ဦး ပန်းရောင်းနေသည်ကို တွေ့ရသည်ဆိုရင်တော့ သင် အနည်းငယ် စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်ပါသည်။ ယခုဆောင်းပါးသည် အသက် ၇၀ အရွယ် ပန်းရောင်းနေသော အဘွားအိုတစ်ဦးအကြောင်း ရေးသားတင်ပြမှု ဖြစ်ပါသည်။
အယ်ဒီတာ

အစိမ်းရင့်ရောင် ဖီးဆင့်စက်ဘီးတစ်စီး၊ ရာသီပေါ်ပန်းများ၊ အမေအိုတစ်ဦးတို့ဖြင့် မန္တလေး၏ ညနေခင်းများသည် တစ်ခါတစ်ရံ လွမ်းမောဖွယ် ကောင်းလှပါသည်။

မန္တလေးမြို့၏ လမ်းမများထက်တွင် အသက် ၇၀ ဝန်းကျင်အရွယ်ရှိ ထိုအမေအိုကို ည ၁၀ နာရီ ဝန်းကျင်အထိ တစ်ခါတစ်ရံ တွေ့ရလေ့ရှိပါသည်။ အချိန်ကို မျက်ကွယ်ပြုကာ စက်ဘီးတစ်စီး တွန်း၍ ဈေးရောင်းနေဆဲ။ “ပန်းသည် ...”ဟု ဈေးခေါ်သည့် အသံက ပေါ်လိုက် ပျောက်လိုက်။

ထိုမြင်ကွင်းသည် မန္တလေးမြို့သစ်ရှိ ရပ်ကွက်အချို့နှင့် နေသားတကျ ဖြစ်နေပြီ။ ပန်းသည်အမည်က ဒေါ်ခင်စန်းဝင်း။ မန္တလေးမြို့သစ် တစ်ကြောတွင် ပန်းရောင်းနေသည်မှာ နှစ်ပေါင်း ၂၀ နီးပါး ရှိလေပြီ။ သို့သော် သူ၏အမည်ရင်းကို အိမ်နီးချင်းများပင် ကောင်းစွာမသိကြ။ အများက ပန်းသည်အမေကြီးဟုသာ ခေါ်ကြသည်။

ပန်းသည် အမေကြီးသည် ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ မန္တလေးမြို့သစ် ရပ်ကွက်လမ်းကြားများတွင် လွန်းထိုးနေတတ်သည်။ နံနက်ပိုင်းတွင် ရောင်းသည့်ပန်းသည် ပိုများလာ၍ ညနေပိုင်းအချိန်များကို ရွေးချယ်ကာ ဈေးကွက် ရှာခဲ့ခြင်းဖြစ်ပြီး ရာသီအလိုက် ပွင့်သော စံပယ်ပန်း၊ ဇွန်ပန်း၊ မြတ်လေးပန်း၊ ရွှေပန်း၊ ငွေပန်း၊ ကံ့ကော်ပန်းများကို ရောင်းချနေသူ ဖြစ်သည်။

အများသူငှာလို ဗန်းရွက်၍ ရောင်းခြင်းမဟုတ်။ ပန်းထည့်ထားသည့် ပလတ်စတစ်ခြင်းကို သံချေး တက်နေသည့် စက်ဘီးနောက်တွင် တင်ကာရောင်းခြင်းဖြစ်သည်။

အရွယ်ရှိစဉ်အချိန်က မန္တလေးသူပီပီ စက်ဘီးတစ်စီးဖြင့် လှည့်ပတ် ရောင်းခဲ့သော်လည်း အသက် အရွယ်ရလာချိန်တွင် စက်ဘီး မစီးနိုင်တော့။ သို့သော် စက်ဘီးနှင့်မခွဲအတူ၊ စက်ဘီးကိုတွန်း၍ ဈေးရောင်းသည်။ စက်ဘီးတွန်းရလွန်း၍ ထင်သည်။ ပန်းသည် အမေကြီး၏ လက်များ၌ အသားမာများပင် တက်နေသည်။

“စက်ဘီးကို ကိုင်လိုက်တာနဲ့ အားအင်တွေရလာသလိုကို ဖြစ်လာတာ”ဟု ဒေါ်ခင်စန်းဝင်းက သူ၏ လက်များဖြန့်ကာ ရှင်းပြသည်။

ဒေါ်ခင်စန်းဝင်း ဈေးရောင်းရသည့် လမ်းကြောက ခရီး အတော် ပေါက်သည်ဟု ဆိုရမည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ထွန်တုံးရပ်ကွက် ၄၉ လမ်းမှ ချမ်းမြသာစည်မြို့နယ်ရှိ သိပ္ပံလမ်းအနီး ရပ်ကွက်များထိ ရောက်သည်။ ရန်ကုန်မြို့ အနေအထားနှင့် နှိုင်းယှဉ်မည်ဆိုပါက လှိုင်မြို့နယ် (၅) ရပ်ကွက် ပါရမီလမ်း တစ်ဖက်ခြမ်းမှ (၁၄) ရပ်ကွက် ဘူတာရုံလမ်းအထိ အသွားအပြန် အကွာအဝေး။ 
လူငယ်လူရွယ်များပင် အကြောင်းတစ်စုံ တစ်ရာကြောင့် အလုပ်မှ အနားယူတတ်ကြသေးသည်။ ပန်းသည် အမေကြီးကဖြင့် ပျက်ရက်မရှိ။ ဖျားနေလျှင် ဈေးရောင်းသည်။ ဈေးမရောင်းဘဲ အိမ်မှာ ထိုင်နေရလျှင် နေမကောင်း ဖြစ်တော့သည်ဟု ဆိုသည်။ အခါကြီး ရက်ကြီးများတွင် ပန်းဒိုင်မှ ပန်းမရသည့်နေ့သည် ဒေါ်ခင်စန်းဝင်း၏ အလုပ်နားရက်။

“ကိုယ်တတ်နိုင်သရွေ့ လုပ်မယ်။ ကံပေါ့။ အဘွားကတော့ မာန မလျှော့ဘူး”ဟု သူ၏ ခံယူချက်ကို ရင်ဖွင့်သည်။

ပန်းသည်အမေကြီးသည် မုဆိုးမ တစ်ဦးဖြစ်ကာ သက်ရှိထင်ရှား သားသမီးလေးဦး ရှိသေးသည်။ သားသမီးများ အနေနှင့် သာမန် လက်လုပ် လက်စားဖြစ်ကာ မိသားစု အသီးသီးဖြင့် နေထိုင်ကြသူများဖြစ်၍ မိခင်ဖြစ်သူ ပန်းသည် အမေကြီးကို မထောက်ပံ့နိုင်။ သားသမီးများ အသက်ပင် ၅၀ နီးပါး ရောက်နေကြပြီ။ တရားရိပ်သာ ဝင်လိုပါက လိုက်ပို့ပေးမည်ဟု သားသမီးများက ပြောဆိုသော်လည်း ပန်းသည် အမေကြီးက လက်မခံ။ သူမတွင် ငယ်စဉ်ကတည်းက အတူနေခဲ့သည့် အပျိုအရွယ် မြေးမလေးတစ်ဦး ရှိနေသေးသည်။

“အဘွားမရှိရင် ဘုံပျောက်သွားနိုင်တယ်။ မြေးကိုလည်း စိတ်မချဘူး”ဟု မျက်နှာတစ်ဖက်လွှဲကာ ပန်းသည်အမေကြီးက တီးတိုး ညည်းတွားလိုက်သည်။

မြေးမလေးနှင့် အတူနေသည့် ပန်းသည်အမေကြီးက မန္တလေးမြို့သစ်၊ ထွန်တုံးရပ်ကွက် အတွင်းရှိ ပိုင်ရှင် လာမကြည့်သေးသည့် မြေကွက်အလွတ်တွင် တဲထိုး၍ နေထိုင်ကြသည်။ ထိုဝင်းအတွင်း အငယ်ဆုံး သားဖြစ်သူ၏ မိသားစု ရှိနေသေးသည်။ သူ့တဲ၊ ကိုယ့်တဲဖြင့် စားအိုးခွဲနေထိုင်ကြသူများ ဖြစ်သည်။

မြေပိုင်ရှင်က မည်သူဖြစ်ကြောင်း အဆိုပါနေရာတွင် နေထိုင်ခဲ့သည့် ခုနစ်နှစ်အတွင်း မသိသေးသော်လည်း ပိုင်ရှင်က ဖယ်ပေးရမည်ဟုဆိုပါက လမ်းဘေးတွင် တဲထိုးနေရုံသာဟု ကြိုတွေးထားသူများလည်း ဖြစ်သည်။

ခင်ပွန်းဖြစ်သူသည် ယမကာ လုပ်ငန်းတွင် အရောင်းစာရေးတာဝန် ထမ်းဆောင်နေစဉ်က အိုးပိုင် အိမ်ပိုင် နေခဲ့ရသော်လည်း မန္တလေးမြို့၏ ဒုတိယမြောက် မီးလောင် ဆုံးရှုံးမှု အများဆုံးဖြစ်သော ဦးကျားကြီးမီးကြောင့် မန္တလေးမြို့တွင်းမှ မြို့သစ်ဘက်သို့ ပြောင်းရွှေ့ခဲ့ရသည်။ ထိုအချိန်က အိမ်ငှားဘဝဖြင့် နေနိုင်ခဲ့သေးသည်။

အဆိုပါမီးနှင့် မရှေးမနှောင်းတွင် ခင်ပွန်းဖြစ်သူ ဆုံးပါးသွားခဲ့သည်။ ထိုအချိန်က ပန်းသည်အမေကြီး၏ အသက်မှာ ၃၀ ခန့်သာ ရှိသေးပြီး တစ်ပတ်ရစ် ဘီးဆံပတ်ကြီးနှင့် မည်သည့်အလုပ်ကို လုပ်ရမည်ကို မသိ။ သားသမီး ခုနစ်ယောက်နှင့် မုဆိုးမဘဝ ယောင်ချာချာ ဖြစ်ခဲ့ရသည်ဟု အတိတ်က ဇာတ်ကြောင်းကို ရှင်းပြသည်။

“အဲဒီတုန်းက ဈေးရောင်းရမှာကို ရှက်တာ။ လက်ဖက်ရည်ဆိုင်ရှေ့ ရောက်ရင်ကို မအော်ရဲဘူး”ဟု ဆိုသည်။

အကြော်သည်၊ မုန့်ပျားသလက်သည်၊ ခဝါသည်၊ ညစောင့်၊ ဖရဲသီးစိတ်သည် စသည်ဖြင့် ဘဝစုံခဲ့သည်။ ထိုခေတ်အချိန်က မြန်မာကျပ်ငွေ တန်ဖိုးရှိသောကြောင့် ငွေငါးကျပ်ကို အရင်းပြုကာ မိသားစု စားဝတ်နေရေးကို ဖြေရှင်းခဲ့ရကြောင်း ရှင်းပြသည်။ ယခုခေတ်အခါ ပန်းသည်အမေကြီး၏ တစ်ရက် အမြတ်ငွေမှာ ကျပ် ၅၀ဝ၀ ခန့် ရှိသော်လည်း မြေးအဘွားနှစ်ဦး ဝမ်းဝရုံသာရှိသည့် အနေအထား။

မျက်နှာမြင်ချစ်ခင်၊ အသံကြား သနားပါစေ ဟူသော ဆုတောင်းပြည့်သည်ဟုလည်း ပန်းသည်အမေကြီးက ဆိုသည်။ ပန်းရောင်း မကောင်းသည့်နေ့များတွင် အသိအကျွမ်း ဖြစ်ဖူးသည့် ဖောက်သည်များက ထောင်ဂဏန်းမျှသောငွေကို ကန်တော့ငွေအဖြစ် ပေးလှူတတ်ကြသည်။

“ပန်းဒိုင်မှာက လက်ငင်း မရှင်းရဘူး။ အပတ်စဉ် ပေးရတဲ့စနစ်နဲ့ ယူရောင်းတာမို့ အသက်ရှူချောင်တယ်”ဟု ဒေါ်ခင်စန်းဝင်းက ဆိုသည်။

ဒေါ်ခင်စန်းဝင်းတို့ အိမ်ဘေးကပ်လျက်တွင် တဲ အိမ်ဆောက်၍ နေထိုင်သူများလည်း ရှိသည်။ အိမ်နီးချင်း မိသားစုအနေနှင့် မြေပိုင်ရှင်ထံ ခွင့်တောင်းနေထိုင်သူများဖြစ်သည်။ အိမ်နီးချင်း အမျိုးသမီး (ဒေါ်ဌေး) ၏ ခင်ပွန်းသည်လည်း အစိုးရဝန်ထမ်း ဖြစ်ခဲ့ဖူး၍ ပင်စင်ငွေ သွားထုတ်သည့်အချိန်တွင် ပန်းသည်အမေကြီးအတွက် အဖော်ရသည်။ ပန်းသည်အမေကြီး၏ ခင်ပွန်း ပင်စင်လစာငွေက ယခုအခါ ကျပ်နှစ်သောင်းခွဲခန့် ရနေပြီ။ အဆိုပါပင်စင်ငွေကို မန္တလေးမြို့ အစိုးရဘဏ် (၃) တွင် သွားထုတ်ရသည်။

“အမေကြီးက မနက်တိုင်း ဘုန်းကြီးတစ်ပါးကို ငွေ ၁၀ဝ၀ (ကျပ်) ကပ်တယ်။ ကျွန်မတို့တောင် မလှူနိုင်ဘူး။ ဈေးရောင်းရင်း စက်ဘီးလည်း တွန်းရ မနိုင်မနင်း ဖြစ်တဲ့ကြားက အိမ်နီးနားချင်းတွေ မွေးထားတဲ့ ဝက်တွေအတွက် ဝက်စာတွေ ယူလာပေးတယ်”ဟု အိမ်နီးချင်းဖြစ်သူ အသက် ၅၀ ခန့် ဒေါ်ဌေးက ပြောဆိုသည်။

ခင်ပွန်းဖြစ်သူ ဆုံးပါးသည့် အချိန်ကလွဲ၍ ကျန်သည့်အချိန် ဝမ်းနည်းငိုကြွေးသည့် အဖြစ်မျိုးမရှိခဲ့ဟု ပန်းသည်အမေကြီးက ရင်ဖွင့်သည်။

ပန်းသည် အမေကြီးသည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ ထုံးစံအတိုင်း ကံ ကံ၏အကျိုးကို ယုံကြည်ပုံရသည်။ လကုန်မှ ငွေရှင်းရသည့် လပေးစနစ်ဖြင့်လည်း  အောင်ဘာလေ ထီထိုးသေးသည်။ ခင်ပွန်းသည်၏ ပင်စင်ငွေကို သံဃာတော်များအား နေ့စဉ် လှူဒါန်းနေသူလည်းဖြစ်သည်။

“ကိုယ့်နောက်ပါမှာ ဒါနပဲရှိတယ်”ဟု သူ၏ ယုံကြည်ချက်ကို ဖွင့်ဟပြောဆိုသည်။

ပန်းသည်အမေကြီး လစဉ် ထီထိုးနေရသည့် ရည်ရွယ်ချက်က “ထီများပေါက်ခဲ့ရင် ... မြေလေး တစ်ကွက်ပဲဖြစ်ဖြစ်၊ တစ်စိတ်ပဲဖြစ်ဖြစ် ဝယ်မယ် ...”ဟု ဖြစ်သည်။ 

ဖီးဆင့်အစိမ်းပုပ်ရောင် စက်ဘီးတစ်စီးဖြင့် ရာသီပေါ် ပန်းများ ရောင်းချနေသော အမေအိုတစ်ဦးကို မန္တလေးမြို့၏ လမ်းမထက်၌ ယခုတိုင် တွေ့နေရဦးမည်ဖြစ်သည်။ 

အသက် ၇၀ ဝန်းကျင်အရွယ်ရှိ ထိုအမေအို၏ “ပန်းသည်...”ဟု ဈေးခေါ်သည့်အသံကိုလည်း ကြားနေရဦးမည်ဖြစ်သည်။

ဝင်းရွှေရည်ဦး


  • VIA