News

POST TYPE

ARTICLE

ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်များ
20-Jul-2017
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးခေါင်းဆောင်များ လုပ်ကြံခံရမှုအပြီး နှစ်ပေါင်း ၇၀ အကြာ၊ ၂၀၁၇ ဇူလိုင် ၁၉ ရက်နေ့တွင် အာဇာနည်နေ့ အခမ်းအနားများ နိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည်။ သို့သော် အာဇာနည် ခေါင်းဆောင်ကြီးများ မျှော်လင့်ခဲ့သော ညီညွတ်ခြင်း၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ခြင်းနှင့် တရားမျှတမှုတို့သည် ယနေ့အထိ နိုင်ငံတွင် ပျောက်ဆုံးနေဆဲ ဖြစ်သည်။ (အယ်ဒီတာ)

လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်လာပြီး နောက်ပိုင်းတွင် ဒုတိယအကြိမ် ကျင်းပသော အာဇာနည်နေ့သည် နိုင်ငံခေါင်းဆောင်များ လုပ်ကြံခံရအပြီး နှစ်ပေါင်း ၇၀ ပြည့်သည့်နေ့လည်း ဖြစ်သည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ကျင်းပပြုလုပ်သည့် အာဇာနည် ခေါင်းဆောင်များ အားရည်စူး၍ ဆွမ်းကပ်သည့် အခမ်းအနား၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခြင်း မရှိကြောင်း NLD ထိပ်ပိုင်းခေါင်းဆောင်များထံမှ သိရသည်။

ယင်းဖြစ်စဉ်အပေါ် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းထံ The Voice က မေးမြန်းရာတွင် ပြန်ကြားရေး တာဝန်ရှိသူများကို မေးမြန်းရန် ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ၆၉ နှစ်မြောက် အာဇာနည်နေ့၌ နိုင်ငံတော်အတိုင်ပင်ခံ၏ နေအိမ်၌ ကျင်းပပြုလုပ်ခဲ့သည့် အာဇာနည် ခေါင်းဆောင်များကို ရည်စူး၍ ဆွမ်းကပ်သည့် အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ သူရဦးရွှေမန်း အပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့သည်။

ထို့အပြင် အာဇာနည်ဗိမာန်တွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနား၌ တက်ရောက်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်နှင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ို့၏ ဓာတ်ပုံမှာလည်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့ခဲ့ပြီး လူထုစိတ်ဝင်စားမှု အများဆုံး ဖြစ်ပေါ်ခဲ့သည်။

ယင်းဓာတ်ပုံများအပေါ် နိုင်ငံရေး လေ့လာသူများက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး မြန်မာ့ နိုင်ငံရေး မိုးလေဝသကို ခန့်မှန်းပြောဆိုကြသည်များလည်း ရှိသည်။

ကာကွယ်ရေးဦးစီးချုပ်နှင့် ပတ်သက်၍ ပြီးခဲ့သည့်ရက်ပိုင်းက စကားကျွံခဲ့သော ရန်ကုန်တိုင်း ဝန်ကြီးချုပ်တို့အကြား ဆက်ဆံရေးသည် ဝန်ကြီးချုပ် တောင်းပန်စာပို့ပြီး နောက်ပိုင်းအထိ ပြေလည်မှုရပြီလား ဆိုသည်မှာလည်း ဝေခွဲရ ခက်နေဆဲ ဖြစ်သည်။

မန္တလေးတွင်မူ အာဇာနည်နေ့ ကျင်းပရာ၌ မပြေလည်မှုအချို့ ဖြစ်ခဲ့ပြီး ယင်းအပေါ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဖြေရှင်းခဲ့ရသည်။

နေရာအချို့တွင် အာဇာနည်နေ့ မကျင်းပရန် တားမြစ်ခဲ့သည့်အပေါ် မပြေလည်မှုအချို့ ဖြစ်ပေါ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အာဇာနည်နေ့ အခမ်းအနားကို တစည်းတလုံး ကျင်းပရန် မေတ္တာရပ်ခံခြင်းဟု ပြန်လည်ရှင်းလင်းခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုနှင့် ရင်ပြင်ဖြစ်မြောက်ရေးကော်မတီက ပြည်ကြီးတံခွန်မြို့နယ် မန္တလာတံခွန်ပန်းခြံတွင် ယင်းအခမ်းအနား ကျင်းပရန် ခွင့်ပြုမိန့်တောင်းခံခြင်းကို အစိုးရအဖွဲ့က တားမြစ်ခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းမှုကို ဒေါက်တာဇော်မြင့်မောင်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ဘယ်သူ့ကိုမှ မပိတ်ပင်ပါဘူး၊ လူတိုင်းရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အာဇာနည်နေ့ အခမ်းအနားကို စည်းစည်းလုံးလုံး ကျင်းပစေလိုတဲ့အတွက် ကျွန်တော်တို့နဲ့အတူ ကျင်းပဖို့ မေတ္တာရပ်ခံတာပါ။ စည်းလုံးမှုက အရေးကြီးပါတယ်။ စည်းလုံးမှုကြောင့်လည်း လွတ်လပ်ရေး ရခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး အာဇာနည်တွေကို ချစ်ကြပါတယ်။ ဒါကြောင့် တစည်းတလုံးတည်း ကျင်းပနိုင်ဖို့ မေတ္တာရပ်ခံတာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။

မန္တလေးတိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူများက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ရင်ပြင်ဖြစ်မြောက်ရေး ကော်မတီဝင်များကို  ဇူလိုင်လ ၁၇ ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပြီး တားမြစ်ခဲ့သော်လည်း တိုင်းအစိုးရအဖွဲ့က နှုတ်ဖြင့်ခွင့်ပြုခဲ့သောကြောင့် ကျင်းပခွင့်ရခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

မန္တလေးတိုင်း အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မန္တလာသီရိ အားကစားကွင်းအတွင်း ကျင်းပခဲ့သည့် အခမ်းအနားတွင် ပရိသတ် ၉၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အခမ်းအနား အစီအစဉ်များအရ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုနှင့် ရင်ပြင်ဖြစ်မြောက်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မန္တလာတံခွန်ပန်းခြံတွင် ကျင်းပခဲ့သည့် ၇၀ နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားသို့ မန္တလေးမြို့ပေါ်ရှိ အရပ်ဘက် အဖွဲ့အစည်း ၅၀ ခန့်နှင့် ပြည်သူ ၂၀၀၀ ကျော် တက်ရောက်ခဲ့သည်။

သို့သော် ရန်ကုန်တိုင်း၌လည်း တောင်ဥက္ကလာတွင် ဗိုလ်ချုပ်ကြေးရုပ် တစ်မြို့နယ်တည်း  နှစ်ရုပ်ဖြစ်နေပြီး နောင်နှစ်များတွင် အခမ်းအနားခွဲ ကျင်းပရမည့် အလားအလာများ ရှိနေသည်။

ရန်ကုန်မြို့တော် အနေနှင့်မူ အာဇာနည်ဗိမာန်နှင့် ဝန်ကြီးများရုံးတို့တွင် လာရောက်ဂါရဝပြုသူများ ယခင်နှစ်ထက် ပိုမိုများပြားခဲ့သည်။

အာဇာနည်ဗိမာန်ကတော့ ယခင်နှစ်များကကဲ့သို့ပင် လာရောက်ဂါရဝပြုသူများနှင့် စည်ကားနေဆဲ ဖြစ်သည်။

နိုင်ငံခေါင်းဆောင်များ၊ အဖွဲ့အစည်းများ အလေးပြုပြီးချိန်တွင် အများပြည်သူများက အာဇာနည်ဗိမာန် အတွင်းသို့ ဝင်ရောက်အလေးပြုကြရသည်။ အချို့တန်းစီရလွန်း၍ပင် မူးမေ့လဲကျသူများပင် ရှိသည်။

ယခုနှစ်တွင် ထူးခြားသည်က ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရသည့် ဝန်ကြီးများရုံးကို လာရောက်လည်ပတ်သူ အထူးများပြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးများရုံးကို ယခုနှစ်တွင် ပြင်ဆင်မှုများ ပြုလုပ်ကာ ပြသခဲ့ခြင်း ဖြစ်သောကြောင့် လူစိတ်ဝင်စားမှု အထူးများပြားခဲ့ခြင်းလည်း ဖြစ်သည်။

နှစ် (၇၀) ပြည့် အာဇာနည်နေ့ အခမ်းအနားတွင် အတွင်းဝန်ရုံးအတွင်းသို့ ဝင်ရောက်ရန် ရောက်ရှိနေသည့် လူအုပ်ကြီးသည် နံနက်ပိုင်းတစ်ခုလုံးတွင် ဗိုလ်အောင်ကျော်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းတစ်လျှောက် အတွင်းဝန်ရုံး ပတ်ချာလည်တွင်   တစ်ပတ်ပြည့်အောင် တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။

လာရောက်လည်ပတ်သူများသည် ရန်ကုန်မြို့တွင်း နေထိုင်သူများသာမက အခြားအနယ်နယ်အရပ်ရပ်မှ လာရောက်ခဲ့သူများလည်း ပါဝင်ခဲ့ပြီး ဝန်ကြီးများရုံးသို့ ဝင်ရောက်ခွင့်ရရန် ဇူလိုင်လ ၁၈ ရက်နေ့ ညသန်းခေါင်ကျော်အချိန်မှ စကာ စတင်စောင့်ဆိုင်းခဲ့ကြသူများလည်း ပါဝင်ခဲ့ကြောင်း တက်ရောက်လာသူများကို စုံစမ်းမေးမြန်းချက်အရ သိရသည်။

“အတွင်းဝန်ရုံးကို ဒီလိုနေ့မျိုးမှာ ဝင်ရဖို့ကို မကွေးကနေ ည ၁ နာရီက ထွက်လာခဲ့ရတာ၊ ကျွန်တော် ကျေနပ်တယ်၊ ဗိုလ်ချုပ် နောက်ဆုံးအစည်းအဝေးလုပ်တဲ့ နေရာတွေ၊ သူတို့သုံးတဲ့ ပစ္စည်းတွေ မြင်ရတော့ စိတ်ထဲမကောင်းဘူး ငိုချင်တယ်၊ ဒီနေ့ကို ကျေနပ်တယ်” ဟု မကွေးမြို့မှ လာရောက်သည့် ဦးလှသောင်းက ပြောသည်။ 

ထို့အပြင် သူနာပြုယာဉ်နှင့် အစားအသောက် ဝေငှသူများအပြင် NLD ပါတီဝင်အချို့က နှင်းဆီပန်း အနီရောင်များ ကိုင်ဆောင်ကာ ကျဆုံးပြီးသော အာဇာနည် ခေါင်းဆောင်များကို အလေးပြုရန်အတွက်  လာရောက်တန်းစီနေသည့် ပြည်သူများကို နှင်းဆီပန်းများ ကမ်းပေးခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံရသည့် အစည်းအဝေးခန်းတွင် ဗိုလ်ချုပ်အောင်ဆန်း ထိုင်ခဲ့သည့်ထိုင်ခုံ အပါအဝင် အစည်းအဝေး ပြုလုပ်နေသည့် မြင်ကွင်းကို  ပြင်ဆင်ပြထားသည်။

ယင်းအခန်းဘေးကပ်လျက်ရှိ အခန်းထဲတွင် ခေါင်းဆောင် ၉ ဦး အစည်းအဝေး လုပ်နေစဉ် လုပ်ကြံခဲ့သည့်နေ့က ကျန်ရစ်ခဲ့သည့်ပစ္စည်း ၂၈ မျိုးတွင် သွေးစွန်းနေသည့် လက်ကိုင်ပဝါ၊ မျက်မှန်၊ မီးခြစ်၊ လက်စွပ်၊ ဘောပင် စသည့် အသုံးအဆောင်ပစ္စည်းများကို  ပြသထားခဲ့သည်။

ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေး ရပြီးပါက လုပ်ဆောင်ရမည့် ထူထောင်ရေး လုပ်ငန်းစဉ်များ အတွက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် ယခုကဲ့သို့ လုပ်ကြံခံရခြင်း ဖြစ်ပြီး ယနေ့အချိန်အထိ သူမျှော်မှန်းခဲ့သည့် မျှော်လင့်ချက်များမှာ ဝေဝါးနေဆဲ ဖြစ်သည်။

သို့သော် ဗိုလ်ချုပ်အောင်ဆန်း မျှော်လင့်ခဲ့သော ညီညွတ်မှုသည် သူ့ကိုအောက်မေ့တသသော နိုင်ငံအဆင့် အခမ်းအနားများ၌ပင် မတွေ့ရသေးခြင်းက မြန်မာနိုင်ငံရေးအတွက် အထူးပင် စိုးရိမ်စရာလည်း ဖြစ်ပါသည်။

လွန်ခဲ့သော နှစ် ၇၀  ဦးအောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် စစ်သား၊ ကျောင်းဆရာ၊ ရှေ့နေ၊ သတင်းစာ ထုတ်ဝေသူ၊ နိုင်ငံရေးသမား၊ စော်ဘွားမျိုးနွယ် စသဖြင့် မတူညီသည့် နယ်ပယ်အစုံက ပါဝင်ခဲ့သလို မတူညီသည့် ဘာသာတရားကို ယုံကြည်သူများလည်း ပါဝင်ခဲ့သည်။

ယနေ့တွင်မူ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ လွှတ်တော်၊ အစိုးရတို့ ကြားတွင်သော် လည်းကောင်း၊ ဘာသာရေး၊ လူမျိုးရေး ပြဿနာများနှင့်သော် လည်းကောင်း ရှုပ်ထွေးကာ ညီညွတ်မှု၊ တရားမျှတမှုများ မတွေ့ရသေးသလို ပဋိပက္ခ များကြောင့် တိုင်းပြည်သည် အမှောင်ထဲမှ ရုန်းထွက်ရနေဆဲ ဖြစ်သည်။

ယနေ့ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည်မှာ နှစ်ပေါင်း ၇၀ ပြည့်ပြီ၊ မြန်မာနိုင်ငံကတော့ အမှောင်ထဲက ရုန်းထွက်နေရဆဲသာ။ 

The Voice Daily သတင်းအဖွဲ့