News

POST TYPE

ARTICLE

ဂျော်ရွှေဝေါင် သို့မဟုတ် တရုတ်ကို အန်တုသူ
18-Jul-2017
၂၀ အရွယ် ဂျော်ရွှေဝေါင်သည် စမတ်ဖုန်းကို စွဲလမ်းသူ ဖြစ်သည်။ လူက ပိန်ပိန်ပါးပါး မျက်မှန်ကတပ်ထားသေးသည်။ ဟောင်ကောင်လူငယ်များထဲတွင်တော့ အလွန်ရိုးသားသည့် အသွင်ပေါက်နေသော လူငယ်တစ်ဦး ဖြစ်သည်ဟု ဆိုရမည်။ သူက တရုတ်ဆန့်ကျင်ရေး ကာတွန်းရုပ်များ ပါသည့် တီရှပ်ကိုပင် ဝတ်ချင်ဝတ်ထားတတ်သည်။

၂၀၁၄ ခုနှစ်တွင် ထိုလူငယ်လေးသည် ‘ထီးတော်လှန်ရေး’ ဟုခေါ်သည့် ဒီမိုကရေစီ တော်လှန်ရေးကို ဦးဆောင်လှုပ်ရှားနေသည့် လူငယ်တစ်ဦး ဖြစ်လာသည်။ သူကိုယ်တိုင် ဟောင်ကောင်မြို့လယ်ကောင် ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးဆောင်ခဲ့ကာ  အတားအဆီးများကို ကျော်လွှားခဲ့သည်။ နိုင်ငံရေး လှုပ်ရှားနေသည့် လူငယ်များကို အကြမ်းဖက်ရိုက်နှက်ခြင်း၊ ဖိနှိပ်ခြင်းများ မည်မျှလုပ်သည်ဆိုစေ လူငယ်တွေက ဟောင်ကောင်ဒီမိုကရေစီ လမ်းပြမြေပုံကို ဆန့်ကျင်မှုများ လုပ်နေကြဆဲ ဖြစ်သည်။ 

ဂျော်ရွှေဝေါင်သည် အသက် ၁၄ နှစ်သား အရွယ်လောက်ကတည်းက နိုင်ငံရေးလှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ သူက ကျောင်းသားအဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းထူထောင်ခဲ့သူလည်း ဖြစ်သည်။ ဘေဂျင်းတွင် တိန်အန်မင် လူသတ်ပွဲအတွက် ပြည်သူပေါင်း ၁ ဒသမ ၅ သန်းကျော်က အစိုးရကို ဆန့်ကျင်ဆန္ဒပြသည့်ပွဲနှင့် အချိန်ကိုက် ဟောင်ကောင်တွင် သူတို့ကလည်း လွန်ခဲ့သည့် နှစ်ကတည်းက ဆန္ဒပြပွဲများကို ကျင်းပခဲ့ကြသည်။

လူငယ်တစ်ဦး ဖြစ်သော်လည်း သူပြောသည့် စကားများကို ဆင်ခြင်ကြည့်ပြီး ရင့်ကျက်မှုကို ခန့်မှန်းနိုင်ပါသည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ၂၀၄၇ ခုနှစ်မှာ တရုတ်ဟာ ဟောင်ကောင်လို ဖြစ်လာရမယ်လို့ ပြောရင် ကျွန်တော် ယုံချင်ယုံမယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကစပြီး ကွန်မြူနစ်ပါတီက ဟောင်ကောင်ကို တရုတ်နဲ့ မတူတူအောင် လုပ်နေတာ ကျွန်တော်တို့ တွေ့မြင်လာကြရတယ်”

“ကျွန်တော်တို့က ၂၀၁၇ ခုနှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ဟောင်ကောင်သားတိုင်း မဲပေးပိုင်ခွင့် ရရှိရေးကို တောင်းဆိုခဲ့ကြပါတယ်။ ဘာဖြစ်လို့ ဒီလိုတောင်းဆိုရသလဲဆိုရင် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေက တိုင်းပြည်ကိုချစ်တဲ့ သူတွေထက် ကွန်မြူနစ်ပါတီကို ချစ်မြတ်နိုးသူတွေ ဖြစ်နေလို့ပဲ”

“ကျွန်တော်တို့တိုင်းပြည် တစ်ပါတီ စိုးမိုးမှုအောက်ကို ဘယ်သူမှ ရောက်စေချင်မှာ မဟုတ်ပါ ဘူး။ ကျွန်တော်တို့ တိုင်းပြည်ကို တစ်ပါတီကနေ စိုးမိုးအုပ်ချုပ်မယ် ဆိုတာ ဟာသပဲ။ အဲဒါ ဒီမိုကရေစီမှ မဟုတ်တာ”

လူငယ်တစ်ဦး၏ ရဲရဲတောက် စကားများ ဖြစ်ပါသည်။ ထို့ကြောင့်လည်း ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့တွင် Scholarism ဟု အမည်ပေးထားသည့် သူတို့အဖွဲ့သည် ဟောင်ကောင်မြို့လယ်တွင် ဆန္ဒပြရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ လူငယ်များ၏ တရုတ်ဆန့်ကျင်ရေးမှာ ငြိမ်းချမ်းစွာ ဖြစ်သော်လည်း တရုတ်လက်ဝေခံ ဟောင်ကောင်အစိုးရက ငရုတ်ကောင်းရည်များနှင့်ပက်ပြီး ရိုက်နှက်ဖြိုခွင်းခဲ့ကြသည်။ 

ဟောင်ကောင်အစိုးရသည် လူငယ်များ၊ နိုင်ငံရေးလှုပ်ရှားသူများနှင့် တွေ့ဆုံဆွေးနွေးရန် ငြင်းဆိုခဲ့သည်။ သူတို့ထဲတွင် ရှေ့တန်းရောက်လာသည့် ဂျော်ရွှေဝေါင်ကိုပါ တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်ခဲ့ကြသည်။ ထို့ကြောင့် လူငယ်များသည် အစိုးရအဖွဲ့ရုံးများကို ဝင်ရောက်ရန် ကြိုးစားမှုများ ပြုလုပ်ခဲ့ကြသည်။ 

“ကျွန်တော့်ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခု ချခဲ့တာပါ” ဟု သူက ဆိုခဲ့သည်။

သူတို့ လူငယ် ၁၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ငရုတ်ကောင်းရည်တွေနှင့်ပက်ပြီး ဖမ်းဆီးလိုက်ကြသည်။ အစိုးရရုံး အဆောက်အအုံကြီးရှေ့ ပြည်သူ့ရင်ပြင်တွင် စုရုံးလာသည့် ဒါဇင်ပေါင်းများစွာသော လူငယ်များ ဒဏ်ရာတွေ ရကြသည်။

နောက်နှစ်ရက်အကြာတွင် ဆန္ဒပြသူတွေ ထောင်ချီပြီး ရှိလာသည်။ ပြည်သူများပါ ပူးပေါင်းပါဝင်လာသည့် လူထုလှုပ်ရှားမှုအဖွဲ့ကြီးသည် စုရုံးလက်တွဲလိုက်ကြပြီး လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် အဝါရောင်ထီးများကို ဆောင်းကာ အဝါရောင်ထီး  သင်္ကေတများဖြင့် လှုပ်ရှားမှုကို ဂုဏ်ပြုလိုက်ကြသည်။

ကျောင်းသားနှင့်ပြည်သူ ဆုံးဖြတ်သည့် အဝါရောင်ထီးများသည် သင်္ကေတဆိုသည့် သဘောထက် ပိုပြီး အနက်အဓိပ္ပာယ် ဆောင်နေသည်။ သူတို့ ကိုင်ထားသည့် ထီးများသည် နေဒဏ်နှင့် မိုးဒဏ်ကို အကာအကွယ်ပေးသည်။ ရဲတွေ အသုံးပြုနေသည့် ငရုတ်ကောင်းရည်များရန်ကလည်း အကာအကွယ်ပေးသည်။ 

နိုင်ငံတကာ သတင်းမီဒီယာများက တရုတ်ပြည်မကြီးအပေါ် ဟောင်ကောင်ကျောင်းသားတို့ စတင်ပုန်ကန်ခြင်းအား စိတ်ဝင်စားလာကြသည်။ ကျောင်းသားလှုပ်ရှားမှုတွင် ဂျော်ရွှေဝေါင်သည် ခေါင်းဆောင်တစ်ဦးလို ဖြစ်လာသောကြောင့် မီဒီယာတွေက ပိုပြီးသူ့ကို စိတ်ဝင်စားလာကြသည်။ ၂၀၁၄ ခုနှစ်အတွက် Times  မဂ္ဂဇင်းကြီးက ရွေးချယ်သည့် Person of the List စာရင်းကိုပင် ဝင်ခဲ့ပြီး၊ Fortune မဂ္ဂဇင်း၌လည်း ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့မဟာခေါင်းဆောင်တစ်ယောက် အဖြစ် ဂုဏ်ပြုဖော်ပြခြင်း ခံလိုက်ရသည်။

ယခုအခါ ဂျော်ရွှေဝေါင်တစ်ယောက် ရောက်လေရာတွင် ဓာတ်ပုံတွဲရိုက်ကာ ဆယ်ဖီဆွဲချင်သူတွေ ဝိုင်းဝိုင်းလည်နေသည်။ 

“ပြည်သူတွေက သူတို့အစိုးရကို မကြောက်သင့်ဘူး။ အစိုးရကသာ သူတို့ပြည်သူတွေကို ကြောက်ရမှာ” ဆိုသည့် သူပြောသော စကားသည် နာမည်ကျော်သွားပြီး V for Vendetta ဇာတ်ကားထဲတွင် ဂုဏ်ပြုကာ ယူငင်သုံးစွဲခြင်းပင် ခံခဲ့ရသည်။

ဝေါင်သည် တရုတ်ပြည်မကြီးက အလေးထား စောင့်ကြည့်နေရသူတစ်ဦး ဖြစ်သွားသည်။ သူ့ကို တစ်နည်းအားဖြင့် နှစ်နိုင်ငံ စစ်ကြေညာတော့မည့် သူအလား စောင့်ကြည့်ခြင်း ခံလိုက်ရသည်။ 

ဘေဂျင်းသည် သူတို့ ဗြိတိသျှအား ပေးခဲ့သည့် ကတိများကို မတည်သူ ဖြစ်သွားရသည်။ ဟောင်ကောင်ကို  ဗြိတိသျှတို့က နှစ်ပေါင်း ၁၅၀ စိုးမိုးအုပ်ချုပ်ခဲ့ပြီးမှ တရုတ်လက်ထဲကို ပြန်လွှဲပေးသွားစဉ်က ‘နိုင်ငံတစ်နိုင်ငံ၊ စနစ်နှစ်ခု’ ဖြစ်စေရပါမည်ဆိုသော ကတိကို ချိုးဖောက်ပြီလားဟု ကျောင်းသားများက ခံစားနေကြသည်။

“ဘေဂျင်းက ဟောင်ကောင်ကို ကိုယ့်အုပ်ချုပ်မယ့်သူကို ကိုယ်တိုင် တိုက်ရိုက်ရွေးကောက်  တင်မြှောက်ဖို့ ၂၀၀၇ ခုနှစ်ကတည်းက သဘောတူခဲ့ တယ်။ ဒီနေ့ ကျွန်တော်တို့ကို အုပ်ချုပ်မယ့် သူတွေကို ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် မရခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့ တိုက်ပွဲဝင်နေရတာ ဖြစ်ပါတယ်” ဟု ဝေါင်ကဆိုသည်။

ဝေါင်က ဒီမိုကရေစီတိုက်ပွဲအတွက် သူဘာကိုပဲ ပေးရပေးရ စွန့်လွှတ်ထားပြီး ဖြစ်ကြောင်းပြောသည်။ ထို့ကြောင့်လည်း နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လုပ်သည်။ ၂၀၁၅ ခုနှစ် မေလက မလေးရှားကို သွားရောက်ရာ သူ့ကို ပြည်ဝင်ခွင့် ငြင်းပယ်ခြင်း ခံရသည်။ ၁၉၈၉ ခုနှစ် တိန်အန်မင် အရေးအခင်း အထိမ်းအမှတ် ညီလာခံကို မလေးရှားနိုင်ငံတွင် ကျင်းပရာ၌ ထိုပွဲသို့ တက်ရောက်ရန် သွားရောက်ခဲ့သော ဝေါင်ကို ပြည်ဝင်ခွင့် ပယ်ချလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော် မလေးရှားကို ရောက်တဲ့အထိ ပြဿနာ မရှိပါဘူး။ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ကျွန်တော့်ကို ပြည်ဝင်ခွင့် ငြင်းပယ်လိုက်တာက ကျွန်တော့်ကို ပြဿနာရှာမယ့်ကောင်လို့ ယူဆလို့ပါပဲ။ ကျွန်တော့်ကို ဟောင်ကောင် ချက်ချင်းပြန်ပို့လိုက်ကြပါတယ်” ဟုသူက လှောင်ပြုံးလေးဖြင့် ပြောပြရှာသည်။

ဟောင်ကောင်သို့ ပြန်ရောက်လာပြီးနောက် သူက စောင့်နေသော မီဒီယာများကို သတင်းထုတ်ပြန်သည်။

“ဒီမိုကရေစီနိုင်ငံလို့ပြောတဲ့ မလေးရှားလို နိုင်ငံက ဟောင်ကောင်ပြည်သူတွေ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရရေးအတွက် တိုက်ပွဲဝင်နေတဲ့ ကျွန်တော့်ကို ဘာကြောင့်ဒီလိုလုပ်ရသလဲ ဆိုတာ စဉ်းစားလို့ကို မရဘူး” ဟုသူက ပြောပြရှာသည်။

လူငယ်လေးကို တရုတ်ကလည်း ဖိအားတွေ မပြတ်ပေးသည့်အပြင် စွပ်စွဲမှုပေါင်းများစွာနှင့် အထင်လွဲမှားစေရန် ဝါဒဖြန့်ကြသည်။ 

“ဘေဂျင်းအစိုးရကို ထောက်ခံတဲ့ သတင်းစာတစ်စောင်ဖြစ်တဲ့ ဝမ်ဝေပိုးမှာ ကျွန်တော်ဟာ အမေရိကန်ပြည်ထောင်စုက စစ်သင်တန်းတွေ ခေါ်ပေးထားခြင်း ခံရသူ၊ ကျွန်တော့်ကို အမေရိကန်စပိုင်လို့တောင် ရေးထားတာ။ ကျွန်တော်က ကောလိပ်ကျောင်းသားပဲ ရှိသေးတယ်။ နိုင်ငံရေးသိပ္ပံ၊ ပြည်သူစီမံအုပ်ချုပ်ရေးဘာသာနဲ့ ကျောင်းပြီးထားတာ သိပ်တောင်မကြာသေးပါဘူး” ဟု သူက အရွှန်းဖောက်ပြီး ပြောရှာသည်။

သူ့ကို တရုတ်နှင့် ပတ်သက်နေသည့် နိုင်ငံများက ပြည်ဝင်ခွင့် မပြုသည့်အပြင် သူ့အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်မှုများ ခံနေရသောကြောင့် ဟောင်ကောင်တွင် သူ့ဘဝ လုံခြုံမှု ရှိပါ့မလားဟုပင် သံသယ ဝင်နေသည်။ ဇွန်လ ၂၈ ရက်နေ့က ဝေါင်နှင့် သူ့ရည်းစားဖြစ်သူတို့ ရုပ်ရှင်သွားကြည့်ကြသည်။ လူစိမ်းတစ်ဦးက လမ်းကိုဖြတ်လာပြီး သူ့မျက်နှာကို ထိုးလိုက်သည်။

“ကျွန်တော် ဘာကြောင့် ဒီလိုလုပ်တယ် ဆိုတာကို နားမလည်ဘူး။ သူ့ကို ဘယ်သူမှန်းလည်း မမှတ်မိဘူး။ မှောင်လည်း မှောင်နေတာကိုး” ဟု သူက ဆိုသည်။

သူ့ကို ထိုးသူက တစ်ချက်ပဲထိုးပြီး ထွက်ပြေးသွားခြင်း ဖြစ်သောကြောင့် တစ်ခုခုလုပ်ရန် ကြိုတင်စီစဉ်လာသည့် သဘောဟုတ်မည် မထင်ကြောင်း ဝေါင်က ပြောသည်။ သို့သော် နိုင်ငံရေး  တက်ကြွလှုပ်ရှားသူများက လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ခြိမ်းခြောက်လာပြီဟု ဆိုကာ မှတ်ချက်ပြုကြသည်။

ဝေါင်သည် ဟောင်ကောင်တွင် အမှုများကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။ ၂၀၁၄ ခုနှစ်က ဦးဆောင်ပြီး တော်လှန်ပုန်ကန်ခဲ့သော ထီးလှုပ်ရှားမှုကို ယနေ့တိုင်အပြစ်က လွှတ်ပေးသေးသည် မဟုတ်ပေ။ ဇူလိုင်လ ၆ ရက်နေ့က သူ့ကို ရုံးထုတ်ဆင့်ခေါ်ပြီး နိုင်ငံတော်အတွင်း ဆူပူမငြိမ်မသက် ဖြစ်စေရန် လုပ်ဆောင်မှုဖြင့် ပြန်လည်စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ကန့်သတ်ထားသော နယ်မြေအတွင်း ဆန္ဒပြမှုများ အပါအဝင် အမှုပေါင်း ၂၀ ခန့်နှင့် စွဲချက်တင်ကာ စစ်ဆေးခြင်း ဖြစ်သည်။ သူ့အမှုကို စစ်ဆေးရန် ရက်ထပ်မံ ရွှေ့ဆိုင်းလိုက်ပြန်သည်။ သူက - 

“သူတို့လိုချင်တဲ့ တန်ဖိုးကို ကျွန်တော်ပေးဖို့ ဆုံးဖြတ်ထားပြီးသားပဲ။ ကျွန်တော် မငြင်းပါဘူး။ လှုပ်ရှားမှုတိုင်းမှာ ကျွန်တော် ပါဝင်ခဲ့တာပဲ။ သူတို့က ကျွန်တော့်ကို ထောင်ထဲ မထည့်ထည့်ရအောင် ကြိုးစားနေတာပဲ။ ထောင်ထဲသွားရလို့လည်း ကျွန်တော် ဝမ်းနည်းမှာ မဟုတ်ပါဘူး” 
စိတ်ဓာတ်ခိုင်မာစွာဖြင့် ရဲရဲတောက် သူရင်ဆိုင်နေခြင်း ဖြစ်သည်။ သူ့စိတ်ထဲတွင် ဟောင်ကောင်ပြည်သူတွေနဲ့ ဟောင်ကောင်အနာဂတ်ကို တရုတ်တို့ စိုးမိုးချုပ်ကိုင်ထားသည့် လက်အောက်က လွတ်မြောက်ရေးသာ ရှိနေသည်။ 

သူ၏ ရဲရင့်ပြတ်သားသောစကားတွေကို ကြားနေရသည်။

“ကွန်မြူနစ်စနစ်အောက်မှာ ဘယ်နိုင်ငံမှ ဒီမိုကရေစီမရနိုင်ဘူး။ ကျွန်တော်တို့ အောင်မြင်ရင် ကျွန်တော်တို့ သမိုင်းကို ကျွန်တော်တို့ ရေးခဲ့တာပဲ”

ဟောင်ကောင်တွင် လူငယ်တွေက ကွန်မြူနစ် အရိပ်မည်းကြီးအောက်က လွတ်မြောက်ရေးအတွက် ရုန်းထွက်နေကြသည်။ သမိုင်းတွင်မည့် လှုပ်ရှားမှုအတွက် သူ့အနေနှင့် ထောင်ကလွဲပြီး အခြားရွေးစရာ မရှိမှန်း သိသော်လည်း ယနေ့တိုင် ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် တရုတ်ကို အန်တုနေသူမှာ ဂျော်ရွှေဝေါင် ဆိုသော ကောင်လေးတစ်ယောက် ဖြစ်ပါသည်။

(Ref: CBC, South China Morning Post, USA Today)

ကျော်ဗလ