News

POST TYPE

ARTICLE

ပြဿနာများ ရင်ဆိုင်နေရဆဲ YBS
13-Jul-2017
မိုးဖွဲဖွဲကျနေလေ့ရှိသော ဇူလိုင်လအတွင်း တစ်ရက် ရန်ကုန်မြို့စွန် မင်္ဂလာဒုံလမ်းမပေါ်တွင် လူအချို့သည် မျှော်လင့်မထားသော ထိတ်လန့်ဖွယ် အဖြစ်ဆိုးကို ကြုံတွေ့ကာ အသက်ဆုံးပါးသွားကြသည့် သေဆုံးသွားသူများတွင် ကျောင်းသူများ၊ ရုံးဝန်ထမ်းများ  စသည်ဖြင့် ပါဝင်ကြသည်။

သူတို့မိသားစုဝင်များက နာရီအတန်ကြာသည်အထိ သူတို့ ရုတ်တရက် သေဆုံးသွားကြသည်ကို မသိရှိကြ၊ အချို့မှာ သူတို့ သာမန်အိမ်ပြန်နောက်ကျသည်ဟုပင် ထင်နေခဲ့ကြသေးသည်။

ကားပေါ်ပါလာသူ လူ ၄၀ အနက် ၁၀ ဦးခန့် သေဆုံးခဲ့သော ထိုယာဉ်တိုက်မှုသည် ၂၀၀၇ ခုနှစ် အောင်ဇေယျတံတားပေါ် ယာဉ်တိုက်မှုအပြီး ရန်ကုန်မြို့တွးင် အသေအပျောက် အများဆုံး ယာဉ်တိုက်မှုအဖြစ် မှတ်တမ်းတင်သွားခဲ့သည်။

“စီးလာတဲ့ကားက အရှိန်ပြင်းတယ်။ ဘရိတ်ကိုလည်း ဆောင့်ဆောင့်နင်းတယ်။ အိပ်ငိုက်နေတုန်း ဝုန်းဆိုတဲ့ အသံကြားလို့ မျက်လုံးဖွင့်လိုက်တော့ ကားက မှန်ကွဲစတွေ ပျံ့ကြဲနေပြီး။ မိန်းမက ပြတင်းပေါက်ကနေ လွင့်သွားတယ်” ဟု ယာဉ်တိုက်မှုကို ကိုယ်တွေ့ကြုံခဲ့သူ ကိုနိုင်လင်းအောင်က ယာဉ်တိုက်မှုဖြစ်သည့်နေ့က အဖြစ်ဆိုးကို ပြောဆိုသည်။

ယင်းနေ့က ၎င်းတို့ဇနီးမောင်နှံ စီးလာသည့် YBS ၅၅ ခရီးသည်တင်ယာဉ်သည် ပြည်လမ်းအတိုင်း မောင်းနှင်လာစဉ် မွေးမြူရေးမှတ်တိုင်အနီးရောက် တစ်ဖက်ယာဉ်ကြောမှ မောင်းလာသည့် YBS ၃၇ ခရီးသည်တင်ယာဉ်ကို မျက်နှာချင်းဆိုင် တိုက်ခဲ့သဖြင့် လင်မယား နှစ်ယောက်လုံး ဆေးရုံရောက်ခဲ့ရခြင်း ဖြစ်သည်။

သူ့ကိုယ်သူ ဂရုမစိုက်အား။ သူ့ရင်သွေးလွယ်ထားတဲ့ ကိုယ်ဝန်သုံးလ ရှိနေပြီ ဖြစ်သည့် သူ၏အမျိုးသမီးကိုသာ စိတ်ပူနေရသည်။ ရင်သွေး၏ အခြေအနေကတော့ မသိရသေး။

မြောက်ဥက္ကလာဆေးရုံကို သူအပါအဝင် လူနာတော်တော်များများ ဇူလိုင်လ ၇ ရက် မွန်းလွဲပိုင်းတွင် ဆေးရုံကားများ၊ လူမှုရေးအဖွဲ့အစည်းပိုင် လူနာတင်ယာဉ်များနှင့် ရောက်ရှိလာခဲ့ကြသည်။

ဇူလိုင်လ ၇ ရက်က YBS ၅၅ ယာဉ်သည် မှော်ဘီမှ မင်္ဂလာဒုံဘက်သို့ ပြည်လမ်းအတိုင်း အရှိန်ပြင်းစွာ မောင်းနှင်လာချိန် တိုင်းရော့ပြုတ်ထွက်ကာ အရှိန်မထိန်းနိုင်ဖြစ်ပြီး တစ်ဖက်ယာဉ်ကြောရှိ YBS ၃၇ ကို မျက်နှာချင်းဆိုင် တိုက်မိသဖြင့် ယာဉ်ပေါ်ပါ ခရီးသည် ၄၀ ကျော်အနက် ၉ ဦးသည် ယင်းနေ့တွင်ပင် သေဆုံးခဲ့ရသည်။

အဆိုပါဖြစ်စဉ်သည် ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးအတွက် မထသကိုဖျက်ပြီး ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှုလုပ်ငန်း YBS စနစ်နှင့် အစားထိုးခဲ့ပြီး ခြောက်လအကြာတွင် လူအသေအပျောက် အများဆုံး ယာဉ်တိုက်မှု ဖြစ်ခဲ့ရသည်။

ဇူလိုင်လ ၇ ရက်က ဖြစ်သော ယာဉ်တိုက်မှုမှာ YBS ၅၅ ယာဉ်မှာ ယာဉ်ဟောင်းဖြစ်ခြင်းနှင့် အရှိန်ပြင်း မောင်းနှင်ခြင်းကြောင့် ရုတ်တရက် တိုင်းရော့ပြုတ်ခြင်း ဖြစ်နိုင်ကြောင်း ယာဉ်မောင်းသက်တမ်း ဆယ်နှစ်ကျော်ရှိ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ယာဉ်လိုင်းများ၏ စည်းကမ်းဖောက်ဖျက်မှု၊ ယာဉ်လုပ်သားများ၏ စည်းကမ်းဖောက်ဖျက်မှုများအပေါ် ယခုချိန်ထိ ကိုင်တွယ်မဖြေရှင်းနိုင်ဘဲ ဖြစ်လာသည့် ပြဿနာများအပေါ် စည်းကမ်းသတ်မှတ်ချက်များ အလျဉ်းသင့်သလို ထုတ်ပြန်နေဆဲ ဖြစ်သည်ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ဖေဖော်ဝါရီလ ၇ ရက်က ယာဉ်လိုင်းပိုင်ရှင်များနှင့် တွေ့ဆုံချိန်တွင် ပြောဆိုခဲ့သည်။

လူ ၁၀ ဦး သေဆုံးခဲ့သည့် ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းအစိုးရက ဖွဲ့ထားသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ရဲ့ ဥက္ကဋ္ဌဖြစ်သူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က YBS ၅၅ ယာဉ်လိုင်းကို မြို့တွင်းပြေးဆွဲခွင့် ပိတ်သိမ်းပြီး တိုက်ကြီး-မှော်ဘီ-ထောက်ကြန့် အထိသာ ပြေးဆွဲရန် ဇူလိုင်လ ၈ ရက်က ပြစ်ဒဏ်ချလိုက်သည်။။

ယင်းအပြင် YBS ယာဉ်လိုင်းအားလုံး ကိုယ်ရကိုယ်ယူစနစ်မှ ဘုံစနစ်ကို ကျင့်သုံးရန်နှင့် ခရီးသည်ကိုယ်တိုင် ငွေထည့်ရတဲ့ ငွေပုံးစနစ်ကိုလည်း ယာဉ်အားလုံး တပ်ဆင်ရမည်ဟု ယာဉ်လိုင်းတာဝန်ခံများနှင့် အရေးပေါ်အစည်းအဝေး လုပ်စဉ်တွင် ဒေါ်နီလာကျော်က ထည့်သွင်းပြောဆိုခဲ့သည်။

YBS စနစ်ကို ဖော်ဆောင်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွင် ခိုင်မာသည့် မူဝါဒစနစ် မရှိဘဲ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဦးစားပေး ဆောင်ရွက်မည်ဟု ဆိုကာ  မထသစနစ်ကို ဖျက်သိမ်းပြီး YBS စနစ်သစ်ကို ပြောင်းလဲခဲ့သော်လည်း ထူးခြားကောင်းမွန်သည့် သယ်ယူပို့ဆောင်ရေးစနစ်သို့ ရောက်ရှိလာခြင်း မရှိသေးပေ။

“မထသစနစ်တုန်းက ဒီလိုကြီးမားတဲ့ ယာဉ်မတော်တဆမှုမျိုး ၂၀၀၇ ခုနှစ်က အောင်ဇေယျ တံတားပေါ်မှာ ဖြစ်ခဲ့ဖူးတယ်။ ခရီးသည်တင်ယာဉ်မှောက်လို့ လူ ၃၀ လောက် သေခဲ့တာ။ ဒဏ်ရာရတဲ့သူလည်း အများကြီးပဲ” ဟု အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မထသလက်ထက်က ယာဉ်လိုင်းအားလုံးကို ကိုင်တွယ်ဖြေရှင်းရန် သတ်မှတ်ထားသော စည်းကမ်းချက် ၁၃၈ ချက်နှင့် ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ အနေနှင့် နေ့စဉ်တိုင်ကြားမှု မကင်းလောက်အောင်ပင် ယာဉ်တစ်လိုင်းလျှင် တစ်မျိုးစီ ချိုးဖောက်မှုများ ရှိခဲ့ကြောင်း ယခင် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

ပုတ်ပြတ်စနစ်ကြောင့် ယာဉ်လုပ်သားများ၏ စည်းကမ်းချိုးဖောက်မှုများကို ထိန်းချုပ်ရန် ခက်ခဲနေပြီး ယာဉ်မောင်းရှားပါးသည့် ပြဿနာသည်လည်း အဟန့်အထားတစ်ခု ဖြစ်ခဲ့ကြောင်း ယင်းအချိန်က အခြေအနေကို ၎င်းကပဲ ဆက်လက်ပြောဆိုသည်။

လက်ရှိ YBS ယာဉ်လိုင်းများတွင် ကုမ္ပဏီပိုင်ယာဉ်နှင့် ပုတ်ပြတ်ရယူသည့် ယာဉ်လိုင်းပိုင်ရှင်ဟူ၍ ရောထွေးနေပြီး ကုမ္ပဏီပိုင် ယာဉ်လိုင်းများက ယာဉ်မောင်း၊ ယာဉ်နောက်ကို လစာစနစ်ဖြင့် ပေးချေနေသော်လည်း ပုတ်ပြတ်ယာဉ်လိုင်းပိုင်ရှင်များက ကိုယ်ရကိုယ်ယူစနစ် ပြေးဆွဲနေသည့်အတွက် ငွေကောက်ခံမှုများတွင် ပုံစံအမျိုးမျိုး ကွဲပြားလျက်ရှိသည်။

အဆိုပါ အခြေအနေများကြောင့် ယာဉ်လိုင်းတစ်ခုတည်းတွင်ပင် ခရီးသည်ကို ဝန်ဆောင်မှု ပေးသည်ထက် ယာဉ်လိုင်းအချင်းချင်း တစ်သားတည်း မရှိဘဲ နေ့စဉ် တွက်ခြေကိုက်ရန် ပြိုင်ဆိုင်မောင်းနှင်နေကြခြင်း ဖြစ်ကြောင်း၊ YBS ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုသည် ယာဉ်များ ပြိုင်ဆိုင်မောင်းခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် ဖြစ်သဖြင့် စီမံခန့်ခွဲအုပ်ချုပ်သူ အစိုးရအဖွဲ့တွင် တာဝန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပြောဆိုသည်။

သူကပင် “ကြီးကြပ်အုပ်ချုပ်မှုက လျော့ရဲနေလို့ မရဘူး။ တကယ်အသက်ပေးလိုက်ရတာ ပြည်သူတွေ ဖြစ်တယ်။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေနဲ့ ဆင်ခြင်တုံတရားကို မပြောင်းလဲနိုင်သေးဘူး” ဟု ဝေဖန်လိုက်သည်။

ဇူလိုင်လ ၁၀ ရက်မှစ၍ ခရီးသည်ကိုယ်တိုင် ပေးစီးရသော ငွေပုံးစနစ်ကို ယာဉ်အားလုံးတွင် တပ်ဆင်ရမှာဖြစ်ပြီး နောက်ပိုင်းတွင် အများပိုင်ယာဉ်လိုင်း စနစ်ကို အကောင်အထည်ဖော်မည်ဟု သိရသည်။

“ဒီတစ်လပဲ အချိန်ပေးမယ်။ ငွေပုံးစနစ်နဲ့ သွားမယ်။ စပယ်ယာကို ဖြစ်နိုင်ရင် လုံးဝမသုံးဖို့ ယာဉ်လိုင်းတာဝန်ခံတွေကို ညွှန်ကြားထားတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

ဆိုးရွားသော ယာဉ်တိုက်မှုဖြစ်စဉ်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် YRTA ၏ တင်းကျပ်သော စီမံခန့်ခွဲမှုအဖြစ် YBS ယာဉ်လိုင်းအားလုံး၏ ယာဉ်ကြံ့ခိုင်မှု စစ်ဆေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး စည်းကမ်းချိုးဖောက်သည့် ယာဉ်လုပ်သားများကိုလည်း ထိထိရောက်ရောက် စစ်ဆေးမည် ဖြစ်ကြောင်း၊ လက်ရှိဆောင်ရွက်နေသော စည်းကမ်းပျက် စစ်ဆေးရေးယာဉ် ၁၀ စီးအပြင် ယာဉ်သုံးစီး တိုးချဲ့ပြီး စစ်ဆေးရေးကို တိုးမြှင့်ဆောင်ရွက်မည်ဟုလည်း YRTA အတွင်းရေးမှူးက ပြောဆိုလိုက်သည်။

“လမ်းပြောင်းပြန်မောင်းရင် ယာဉ်လုပ်သားကို ရာသက်ပန် ထုတ်ပယ်မယ်။ သတိပေးတဲ့ အဆင့်ထက် ကျော်လွန်တဲ့ စည်းကမ်းဖောက်မှုဆိုရင် တစ်လိုင်းလုံး ဖျက်သိမ်းမယ်။ ပြတ်သားမှ ရတော့မယ်” လို့လည်း ၎င်းက ဆိုသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်လျှင် ပြစ်ဒဏ်များ အနေနှင့် တစ်လမှ ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းမှ ကျပ်သိန်းငါးဆယ်ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးကို ဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေတွင် ဖော်ပြထားသည်။

ယာဉ်စီးခ ပိုမိုကောက်ခံခြင်း၊ မချေမငံ ဆက်ဆံခြင်း၊ ယာဉ်မတော်တဆဖြစ်ခြင်း၊ ဂိတ်စဂိတ်ဆုံး မမောင်းခြင်း၊ ယာဉ်လုပ်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း စသည်များအတွက် မထသ၏ စည်းကမ်းချက် ၁၃၈ ချက်နှင့် အရေးယူ ဆောင်ရွက်နေကြောင်း YRTA ထံမှ သိရသည်။

YBS ယာဉ်လိုင်းတွင် ၁၉၉၅ ခုနှစ်အောက် ယာဉ်အို၊ ယာဉ်ဟောင်း ၃၀၀၀ ကျော်ရှိပြီး အဆိုပါ ယာဉ်များကို ဇွန်လအပြီး အပ်နှံကာ လူစီးစလစ် ပြန်လည်ထုတ်ပေးခြင်းကို ဆောင်ရွက်ခဲ့သဖြင့် YBS ခရီးသည်တင်ယာဉ်များ လျော့နည်းသွားခဲ့သည်။

လက်ရှိတွင် တိုင်းအစိုးရအဖွဲ့က တရုတ်နိုင်ငံမှ ယာဉ်အသစ် ၁၀၀၀ ကို ဝယ်ယူထားပြီး ဖြစ်သော်လည်း YBS ယာဉ်လိုင်းအတွင်း ထည့်သွင်းပြေးဆွဲနိုင်ခြင်း မရှိသောကြောင့် နေ့စဉ် YBS ယာဉ်ကိုအား ပြုစီးနင်းနေရသည့် ခရီးသွားပြည်သူများ ယာဉ်ရှားပါးသည့်ဒဏ်ကို ခံစားနေရသည်။

“တစ်စီးနဲ့တစ်စီး အကြာကြီး စောင့်ရတယ်။ ရောက်လာရင်လည်း ခရီးသည်တွေ ပြည့်ညပ်နေအောင် စီးရတယ်။ အသက်ရှူလို့ မရအောင် လူတင်တယ်” ဟု YBS စီးနင်းသည့် ခရီးသည်တစ်ဦးက ဆိုသည်။

မထသမှသည် YBS သို့ ရောက်ခဲ့သည့်တိုင် ခရီးသည်တင်ယာဉ်များကို အားကိုးနေရသည့် ပြည်သူနှစ်သန်းကျော်သည် လိုရာခရီးအတွက် အသက်ကိုရင်းပြီး စိတ်သောကများစွာနှင့် စီးနင်းနေကြရဆဲ ဖြစ်သည်။

ဇူလိုင်လ ၇ ရက် နေ့လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သော YBS ၃၇ နှင့် ၅၅ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှုသည် YBS ယာဉ်များကို မဖြစ်မနေ စီးနင်းနေသည့် ပြည်သူများ အတွက်ရော ကိုနိုင်လင်းအောင် အတွက်ပါ အိပ်မက်ဆိုးတစ်ခုပမာ ကျန်ခဲ့ပြီး ဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဦးခေါင်းခွံဒဏ်ရာရပြီး  အတွင်းလူနာအဖြစ် ဆေးကုသနေသော ဇနီးဖြစ်သူကို ကြည့်ပြီး ကိုနိုင်လင်းအောင်က “ဆုံးရှုံးနစ်နာမှုက အများကြီးပါပဲဗျာ။ အခုအထိ မိန်းမရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ရှိသေးတယ်။ ဒါတွေ ပြန်မတွေးချင်လောက်အောင် ဖြစ်နေပြီ။ ကားစီးဖို့တောင် ကြောက်လာပါပြီ” ဟု ဆိုသည်။

ဆန်းဆန်းထွေး၊ အောင်ဇော်ထူး