News

POST TYPE

ARTICLE

မကြုံစဖူး တရကြမ်းများလာတဲ့ မြန်မာပြည်က စမတ်ဖုန်းများ
12-Jul-2017

Philip Heijmans ရေးသား၍ သန့်ဇင်စိုး ဘာသာပြန်သည်။

လွန်ခဲ့တဲ့ ခြောက်နှစ်တုန်းက မြန်မာနိုင်ငံထက် စမတ်ဖုန်းပိုင်ဆိုင်မှုနည်းတဲ့ နိုင်ငံဆိုလို့ မြောက်ကိုရီးယားသာ ရှိသည်။ ခုတော့ အရှေ့တောင် အာရှရဲ့ အဆင်းရဲဆုံးပါဆိုတဲ့နိုင်ငံမှာ လူတိုင်းလောက်နီးပါးဟာ ကမ္ဘာကြီးနဲ့ ဆက်သွယ်နေပါပြီ။ 

Nexlabs လို့ အမည်ရတဲ့ အင်တာနက် စီးပွားရေး လုပ်ငန်းသစ်ရဲ့ ရှေ့နားက ဟွန်းသံတညံညံနဲ့ ကားတွေ၊ ဆိုက်ကားတွေဟာ အဆောက်အအုံအိုကြီးတွေ တန်းစီနေတဲ့ အမှိုက်လမ်းပေါ်မှာ စုပြုံပြွတ်ထွေးပြီး ပိတ်နေပါတော့တယ်။ အထဲဝင်လိုက်ရော ဆီလီကွန် တောင်ကြားပဲလိုလို။ တီထွင်ဖန်တီးဖို့၊ ရူးရူးသွပ်သွပ် ပွဲခံကခုန်ဖို့ လှုံ့ဆော်ထားတဲ့ ပိုစတာတွေအောက်မှာ ဂျင်းဘောင်းဘီ၊ တီရှပ်အလန်းတွေနဲ့ ပရိုဂရမ်မာတွေက အလုပ် လုပ်နေကြပါတယ်။ စမတ်ဖုန်း Apps တွေနဲ့ အင်တာနက် ဝက်ဆိုက်တွေရဲ့ ပြည်တွင်းဝယ်လိုအားက ပေါက်ကွဲ ထွက်လာတာမို့ ပြီးခဲ့တဲ့ ၁၂ လအတွင်း သူတို့ဟာ နိုင်ငံစုံ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Samsung Electronics တို့ Nestle SA. တို့နဲ့ ကန်ထရိုက် စာချုပ်တွေ ချုပ်ပြီး အလုပ်လုပ်နေကြတာ ဖြစ်ပါသည်။

“ဒီကိစ္စက ဖြစ်လာနေပါပြီ။ မနေ့က ကျွန်တော် ကော်ဖီဆိုင်ထိုင်နေတုန်း ဘေးဝိုင်းမှာ ပြောနေကြတာလည်း App တစ်ခု ဖန်တီးဖို့ပဲ ဖြစ်ပါတယ်”လို့ အသက် ၂၅ နှစ်အရွယ် CEO ရဲမြတ်မင်းက ပြောကြားသည်။ ရဲမြတ်မင်းရဲ့ အင်တာနက်လုပ်ငန်း အောင်မြင်မှု ဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာအချက်က ထိုဇာတ်လမ်းဟာ လယ်သမား အများစုနေထိုင်တဲ့ လမ်းတော်တော်များများ ပလက်ဖောင်းမရှိ၊ လျှပ်စစ် မီးမှန်မှုဟာ ဇိမ်ခံပစ္စည်းဖြစ်နေဆဲ နိုင်ငံမှာ ပေါ်ပေါက်ခြင်းကြောင့် ဖြစ်သည်။ ပြီးခဲ့တဲ့ ခြောက်နှစ် မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်ကြောင့် အထီးကျန် ဘဝထဲ ရောက်ခဲ့ရာကနေ ထွက်လာပြီးနောက်မှာ ဖုန်းဆိုတာ ရဖို့မလွယ်ဘဲ လူချမ်းသာတွေနဲ့ အဆက်အသွယ် ကောင်းသူတွေအတွက်သာ ဖြစ်ခဲ့သည်။ မြန်မာထက် ဖုန်းနည်းတဲ့နိုင်ငံဆိုလို့ မြောက်ကိုရီးယားသာရှိသည်။ ဒါပေမဲ့ ယခုအခါ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေအတွက် လေလိုင်းတွေက ပွင့်ခဲ့ပြီမို့ အရှေ့တောင်အာရှက မွဲတဲ့နိုင်ငံမှာ လူတိုင်းဟာ ကမ္ဘာကြီးနဲ့ ချိတ်ဆက်နေလေပြီ။

“ဒါဟာ အံ့လောက်စရာ ဖြစ်ပါတယ်။ ခုလိုမျိုး အလျင်အမြန်ကြီး ပုံစံပြောင်းလာတဲ့ တခြားဈေးကွက်မျိုး ကျွန်တော်စဉ်းစားလို့ မရပါဘူး”ဟု တိုကျို အခြေစိုက် အတိုင်ပင်ခံလုပ်ငန်း ITR Corporation က မာ့ခ်အင်းစတိန်းက ပြောကြားသည်။ ၎င်းသည် မြန်မာနိုင်ငံသို့ ပြောင်းလာသည့် ဆက်သွယ်ရေး စီးပွားလုပ်ငန်းများအတွက် အကြံဉာဏ်များ ပေးနေပါသည်။
ထိုဖြစ်ရပ်ကြီးသည် ၂၀၁၃ ခုနှစ်တွင် သမ္မတဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရက တယ်လီဖုန်း ဝန်ဆောင်မှုကို အစိုးရလက်ဝါးကြီး အုပ်ထားခြင်းအား ဖယ်ရှားလိုက်သည်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ပါးနပ်လှသည့် တင်ဒါခေါ်ယူမှုက လွယ်ကူစွာ ပေးခဲ့ခြင်းတော့ မဟုတ်ပေ။ ရင်းနှီးမြှုပ်နှံသူများအနေနှင့် တိုင်းပြည်၏ ဝေးလှပါသည်ဆိုသည့် နေရာများအထိ ဆက်သွယ်ရေး ရောက်ရှိစေရမည်ဆိုပြီး အာမဘန္တေပါမှ ရခဲ့ကြသည်။ ပိုက်ဆံရှာလို့ကောင်းသည့် လူဦးရေ များသော မြို့ကြီးများတွင်သာ လုပ်မည်ဆိုလို့ကတော့မရ။ နောက်ပိုင်းနှစ်များတွင် နော်ဝေ၏ Telenor နှင့် ကာတာ၏ Ooredoo တို့က ဘီလီယံများစွာသော ဒေါ်လာများ ရင်းနှီးမြှုပ်နှံကာ တက္ကဆက်ပြည်နယ်လောက်ရှိကာ တောင်ထူထပ်တဲ့နေရာက ထူထပ်၊ မုတ်သုံရာသီဆို ရေလွှမ်းတဲ့နေရာက လွှမ်းနေသော နိုင်ငံတစ်နိုင်ငံလုံး ချိတ်ဆက်မိအောင် စတင် ဆောင်ရွက်ပါတော့သည်။ ဂျပန်ကော်ပိုရေးရှင်း KDDI နှင့် ကုန်သွယ်ရေးကုမ္ပဏီ Sumitomo ကော်ပိုရေးရှင်းသည် မြန်မာအစိုးရ၏ MPT နှင့် ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့သည်။

ယခုအခါ ထောင်ပေါင်း များစွာသော တယ်လီဖုန်းတာဝါတိုင်များသည် တောအုပ်ထဲနှင့် စပါးခင်းများထဲအထိအရောက် ၎င်းတို့ကိုယ်ပိုင် ဆိုလာစွမ်းအင် လျှပ်စစ်သုံးပြီး ခံ့ခံ့ကြီး ပြန့်နှံ့နေပေတော့သည်။ မြန်မာနိုင်ငံ၏ ချွေးသံတရွှဲရွှဲအပူချိန်မှ ကွန်ပျူတာ နည်းပညာသုံး ပစ္စည်းများကို ကာကွယ်နိုင်ရန် အအေးပေးခန်းများလည်း လုပ်ထားရသည်။ ၂၀၁၅ ခုနှစ်တွင် တရုတ်နှင့် အိန္ဒိယပြီးလျှင် အများဆုံး မိုဘိုင်းလ် ဖုန်း စတင် တပ်ဆင်အသုံးပြုသည့် နိုင်ငံအဖြစ် မြန်မာက ရပ်တည်သွားခဲ့သည်ဟု Asian Development Bank က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇွန်လက ၅၄ သန်းသော ပြည်သူများ၏ ၉၀ ရာခိုင်နူန်းသည် အင်တာနက် ဝန်ဆောင်မှုရသော တယ်လီဖုန်းများ ရှိနေကြပြီဟု မြန်မာ့ကွန်ပျူတာအသင်း Myanmar Computer Federation က ပြောကြားထားသည်။ ၆၀ ရာခိုင်နူန်းသည် Facebook သို့မဟုတ် လူမှုကွန်ရက်မီဒီယာ အသုံးပြုကာ သတင်းများကို လက်ခံရယူကြသည်ဟု အစိုးရမီဒီယာက ဖော်ပြထားသည်။ အကြီးဆုံးမြို့တော် ရန်ကုန်တွင် Uber သို့မဟုတ် Grab စသည့် Apps တို့ကို သုံးပြီး အငှားယာဉ် ငှားစီးနိုင်ပြီ ဖြစ်ပါသည်။

တပ်မတော် အစိုးရလက်ထက်တုန်းကဆိုလျှင် ဆဲလ်ဖုန်းထဲတွင်ရှိသော SIM ကတ် တစ်ကတ်လျှင် ဒေါ်လာ ၂၀ဝ၀ ကျော်အထိ မှောင်ခိုးဈေးကွက်တွင် ဈေးရှိခဲ့သည်။ ယနေ့တော့ Ooredoo တစ်ကတ်လျှင် တစ်ဒေါ်လာခွဲလောက်နှင့် ဝယ်နိုင်ပေပြီ။ ဒေါ်လာ ၂၀ လောက်နဲ့ စမတ်ဖုန်းတစ်လုံး ဝယ်နိုင်ပြီ။ ပြည်တွင်း ခေါ်ဆိုခနှုန်းထားမှာ တစ်မိနစ်လျှင် ၂ ဆင့်လောက် ကျသင့်ပါသည်။ 
တွန်းလှည်းလေးဖြင့် ရန်ကုန်တွင် ဝေဖာရောင်းသော အသက် ၃၀ အရွယ် နိုင်ဝင်းက လွန်ခဲ့သော နှစ်များစွာက ရွာရှိ မိသားစုကို ဆက်သွယ်ဖို့ရာ စာတိုက်ကပဲ ဆက်သွယ်နိုင်ခဲ့သည်ဟု ဆိုသည်။ “ခုတော့ လွယ်သွားပြီဗျ။ လူတိုင်းမှာ စမတ်ဖုန်းတွေ ရှိနေပြီ”ဟု ၎င်းက ဆိုသည်။ ရင်းနှီးမြှုပ်နှံမှု ဘဏ်အသေးတစ်ခုကို ပိုင်ဆိုင်သော သီရိသန့်မွန်က ကမ္ဘာ့မဂ္ဂဇင်းများသည် ဆင်ဆာဖြင့် ဖုံးကွယ်လို့ပြီးမှ စာဖတ်သူဆီ ရောက်လာသောကာလကို မှတ်မိသေးကြောင်း ပြန်ပြောပြပါသည်။
 
“ကျွန်မတို့ဟာ အင်တာနက်ပေါ်ကို ရုတ်တရက် ရောက်သွားတာကြောင့် လူအများဟာ ကမ္ဘာကြီးကို သိခွင့်ရပါပြီ။ အခုဆိုရင် လမ်းပေါ်က လူတွေတိုင်း ထရမ့်အကြောင်း ပြောနေကြပြီ။ ပြီးခဲ့တဲ့ နှစ်တော်တော်များများတုန်းက တခြားမြို့မှာ ဘာဖြစ်နေမှန်းတောင် လူတွေသိကြတာမဟုတ်ဘူး”လို့ ၎င်းက ပြောပြပါတယ်။ မြန်မာ့ မိုဘိုင်းလ်ဖုန်း ပဉ္စလက် အလှည့်အပြောင်းကြီးထဲမှာ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေအနေနဲ့ စွန့်စားမှုတွေ ယူရဦးမယ်လို့ တယ်လီကွန်း အတိုင်ပင်ခံ အင်းစတိန်းက ပြောကြားသည်။ အာရှတွင် ဥပမာများစွာ ရှိခဲ့သည်ဟု ၎င်းကဆိုသည်။ ဈေးနှုန်းကို အလျင်အမြန်ကြီး ကျဆင်းသွားစေမည့် ကျားစီးနွားစီး ပြိုင်ဆိုင်ရမှုမျိုး ဖြစ်နိုင်ကာ စီးပွားရေးနယ်ပယ်မှ လုပ်ငန်းများ ထွက်သွားရနိုင်ခြေရှိသည်။ ဇန်နဝါရီလတွင် လေးခုမြောက် တယ်လီကွန်း လိုင်စင်ကို ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနက ပိုင်ဆိုင်သော Viettel က ရရှိသွားခဲ့သည်။ အဆိုပါ လုပ်ငန်းကြီးသည် ဟေတီ၊ တန်ဇန်းနီးယားနှင့် ကမ္ဘောဒီးယားလို နေရာများတွင် အလုပ်လုပ်ခဲ့ကာ အပြိုင်ကြဲလာသူ ဖြစ်သည်။

ယခုဆောင်းပါးအတွက် Viettel ကတော့ မှတ်ချက်မပေးပေ။ မြန်မာပြည်တွင် လက်ရှိ လည်ပတ်လုပ်ကိုင်နေသော ကုမ္ပဏီကြီးသုံးခုမှ ကိုယ်စားလှယ်များကမူ နံပါတ်လေးခုမြောက် ပြိုင်ဘက်နှင့် သဘောတူညီမှု ယူရမည်ဟု ဆိုထားသည်။ ဈေးကွက် သုံးသပ်သူ အင်းစတိန်းက “ပွဲကကြမ်းတော့မယ်”ဟု ဆိုပါသည်။
 
သာမန်မြန်မာနိုင်ငံသား တစ်ဦးအတွက်တော့ ထိုမျှလောက်တော့ မဟုတ်ပေ။ မြန်မာအများစုသည် အိတ်ကပ်ထဲ ပိုက်ဆံထည့်ပြီး သွားလာနေရတုန်း ဖြစ်သည်။ ၅ ရာခိုင်နှုန်းသော ပြည်သူသာလျှင် ဘဏ်စာရင်းရှိသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ Apps များစွာ အသစ် ထွက်လာခြင်းက ထိုပြဿနာကို ရှင်းပေလိမ့်မည်။ Wave Money ဟုခေါ်ဆိုသော Telenor  က ဖန်တီးသည့် App တစ်ခုက ငွေချေခြင်း၊ စတိုးဆိုင်များတွင် ငွေသား ပြန်ထုတ်ခြင်းတို့ကို စမတ်ဖုန်းဖြင့်လုပ်နိုင်ရန် ဆောင်ရွက်ထားသည်။ ဩဂုတ်လက ထို App ကို စတင်ဖြန့်ချိခဲ့ပြီး လူလေးသိန်းခွဲလောက်က အဆိုပါ ဝန်ဆောင်မှုကို သုံးနေသည်ဟု ကုမ္ပဏီက ထုတ်ပြန်ထားသည်။ “မြန်မာပြည်ဟာ ဘဏ္ဍာရေးဆိုင်ရာ ပိုကောင်းတဲ့ ဝန်ဆောင်မှုကို လိုနေပါတယ်။ စမတ်ဖုန်းတွေကြောင့် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုကြီးတွေ တည်ဆောက်စရာ မလိုဘဲ ဖြစ်နိုင်ပါတယ်”ဟု ရန်ကုန်အခြေစိုက် စီးပွားမြှင့်တင် ဝန်ဆောင်မှု Phandeeyar တည်ထောင်သူနှင့် CEO ဒေးဗစ်မက်ဒန်က ပြောကြားသည်။

စမတ်ဖုန်းကို လူတိုင်းကိုင်ကြခြင်း အဓိပ္ပာယ်မှာ မြန်မာ့တောင်သူလယ်သမား ဦးကြီးများ ပြည်သူအများသည် တခြားနိုင်ငံတွေမှာ ဖြစ်သလို အွန်လိုင်းဂိမ်းများကို စွဲသွားနိုင်ပါသည်။ ပြည်တွင်း ဆော့ဖ်ဝဲ ရေးဆွဲသည့် ကုမ္ပဏီ My Play က ၎င်းတို့ ထုတ်လုပ်ထားသည့် ဂိမ်းအမျိုးအစား ငါးခုကို အသုံးပြုသူ တစ်သန်း ရှိသွားပြီဟုဆိုပြီး ဂိမ်းတစ်ခုဆိုလျှင် အတားအဆီး အလွန်များသည့် လမ်းများကို ဆိုက်ကားဖြင့် ကျော်ဖြတ်ရခြင်း ဖြစ်သည်။ မတ်လက ဩစတြေးလျ၏ Isentric Ltd. က ကုမ္ပဏီကို ဒေါ်လာ ၄ ဒသမ ၆ သန်းဖြင့် ဝယ်ယူရန် သဘောတူထားခဲ့သည်။ 
ကမ္ဘာကြီးဆီသို့ မြန်မာနိုင်ငံက ပေးသည့် သင်ခန်းစာမှာကား အင်တာနက်ဖြင့် အချို့သော အသုံး မဝင်တော့သည့် အရာများဖြစ်သည့် လိုင်းဖုန်းများ၊ ဘဏ်ခွဲများကို ကျော်လွှားနိုင်ခြင်း ဖြစ်သည်။ သို့သော် အင်တာနက်ဖြင့် အစားမထိုးနိုင်သေးသည့် အရာများလည်း ရှိပါသေးသည်။

Nexlabs တွင် CEO ရဲမြတ်မင်းက မြန်မာ့မိုဘိုးလ်ဖုန်းလောက အုတ်အော်သောင်းတင်း စီးပွားရှာကြသည့်အကြောင်းကို ရှင်းပြနေစဉ် မီးပြတ်သွားပါသည်။ မီးစက်က အုန်းဒိုင်းကြဲ ဆူညံပြီး အသက်ပြန် မဝင်လာခင် စက္ကန့် အနည်းငယ်ကြာ အမှောင်ထဲ ရောက်သွားသည့်တိုင် ငယ်ရွယ်သူ စွန့်ဦးတီထွင် လုပ်ငန်းရှင်လေးသည် ဖြုံသည့်ပုံတော့ မပေါ်ပါ။


  • VIA