News

POST TYPE

ARTICLE

တစ်သောင်းတန်အတု တစ္ဆေ
10-Jul-2017
ယနေ့ ဘဏ်တွင် ငွေသွင်းသွားရမည်။ ဘဏ်သို့မသွားမီ အိမ်တွင် ဘုရားရှိခိုးဆုတောင်းခဲ့သည်။

ဘဏ်သို့ငွေသွင်းရန် လက်ထဲတွင် တစ်သောင်းတန်ငွေစက္ကူများဖြစ်နေပြီး ယင်းတစ်သောင်းတန် များက ဒေါ်မွန်မွန်ကို ခြောက်လှန့်နေခြင်းဖြစ်သည်။

လက်ထဲတွင်ရှိနေသော တစ်သောင်းတန်ငွေစက္ကူများတွင် အတုများ ပါဝင်ခဲ့သော် … ။

ဘဏ်တွင် ငွေသွားသွင်းချိန် ငွေစက္ကူအတုဟုဆိုကာ အပေါက်ဖောက်ခံလိုက်ရသည့် အကြောင်းများ ကလည်း မကြာခဏဆိုသလို ကြားနေရသည်။

ကိုယ့်လက်ထဲရှိနေသော ပိုက်ဆံတွင် ငွေစက္ကူအတုများပါဝင်နေမည်ကို စိုးရိမ်ရသလို ဘဏ်၊ ATM ငွေထုတ်စက်နှင့် အခြားသူများထံမှလက်ခံရမည့် ပိုက်ဆံတွင် ငွေစက္ကူအတုများ ပါဝင်နေမည်ကို လည်း သူကြောက်သည်။

တစ်ရက်လုပ်ခလစာ အနည်းဆုံး ၃၆၀၀ ကျပ် သတ်မှတ်ထားသောနိုင်ငံတွင် တစ်သောင်းကျပ် ဆိုသည်မှာ ပမာဏ နည်းသည်ဟု မဆိုနိုင်။

ယခင်အစိုးရလက်ထက်တုန်းက တစ်ရက်နှစ်ထောင်ဖြင့် လောက်ငအောင် သုံးစွဲနိုင်သည်ဟု အစိုးရ အကြီးအကဲတစ်ဦးက ပြောဖူးရာ ငါးရက်စာထမင်းဖိုးနှင့်ညီမျှသည်ဟု ဆိုရမလို။

ပြီးခဲ့သည့် ရက်ပိုင်းက ပုဂ္ဂလိကဘဏ်တစ်ခု၏ ATM ငွေထုတ်စက်မှ လစာထုတ်လာသူတစ်ဦးထံတွင် တစ်သောင်းတန်ငွေစက္ကူ အတုတစ်ရွက်ပါလာပြန်သည်။

“ATM ကနေငွေထုတ်လာတဲ့အထဲ တစ်သောင်းတန် အတုတစ်ရွက် ပါလာတယ်။ ဘဏ်ကို ပြန်သွားမပြောရ သေးဘူး” ဟု ဓာတ်ပုံဆရာကိုမြင့်ထွန်းက ဆိုသည်။

လက်ထဲရှိနေသော ပိုက်ဆံတွင် ငွေစက္ကူအတုပါနေပါက ငွေကြေးအရဆုံးရှုံးမှုရှိသလို ဥပဒေ၊ လုပ်ထုံးလုပ်နည်းအရ ရဲစခန်း၊ စုံစမ်းထောက်လှမ်းရေးတို့၏ အစစ်ဆေးအမေးမြန်းကိုလည်း ခံရမည် ဖြစ်သည်။

ကံမကောင်းလျှင် တရားစွဲခံရ၊ ထောင်တန်းကျသည်အထိဖြစ်နိုင်သည်။

ကံမကောင်း၍ အချုပ်ရောက်၊ ထောင်ရောက်နှင့် ရုံးချိန်းများစွာဖြင့် တရားရင်ဆိုင်ခဲ့ရဖူးသည့် သာဓက အချို့လည်းရှိသည်။

“အချုပ်ခံရတာတွေလည်းပါတယ်၊ ထောင်ကြီးအထိကိုအချုပ်ခံရတာ၊ အယူခံဝင်မှ အပြင်ထွက်လာ ခွင့်ရတယ်။ နှစ်လ လောက်က ထောင်ထဲကနေပဲ တရား ရင်ဆိုင်ခဲ့ရတယ်” ဟု လွန်ခဲ့သည့် နှစ် ၂၀ ဝန်းကျင်ကငါးရာကျပ်တန် ငွေစက္ကူအတုတစ်ရွက်ကြောင့် တရားရင်ဆိုင်ခဲ့ရသူ၏ အစ်ကိုဖြစ်သူ အကြောင်းကို ကိုမောင်မြင့် (အမည်လွှဲ) က ပြောပြသည်။

ထိုစဉ်ကငါးရာကျပ်တန် ငွေစက္ကူအတုများခေတ်စားနေချိန်တွင် ဘုံကထိန်အလှူရန်ပုံငွေဖြစ်သော မုန့်ဟင်းခါးရောင်းရငွေမှ ငွေစက္ကူအသစ်များ ဘဏ်မအပ်မီ ငါးရာကျပ်တန်အဟောင်း တစ်ရွက်ကို အသစ်ဖြင့် လဲမိရာမှ ငွေစက္ကူအတုကိစ္စတွင် ကိုမောင်မြင့်၏အစ်ကိုက ကြားညှပ်ပါဝင်သွားခြင်း ဖြစ်သည်။

ကိုမောင်မြင့်၏ အစ်ကိုဖြစ်သူမှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုနယ်မှ ဖြစ်သည်။

အမှုရင်ဆိုင်ချိန်တွင် လာဘ်ငွေပေးနိုင်သူများ ပြန်လည်လွတ်မြောက်လာသော်လည်း သာမန်ရုံးစာရေး ဖြစ်သည့် ကိုမောင်မြင့်၏အစ်ကိုမှာ တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရသည်။

“တရားခံအစစ်ကိုမရှာနိုင်ဘဲနဲ့ ငွေမပေးနိုင်တဲ့သူကို တရားခံပါဆိုပြီး အတင်းစွဲချက်တင်ခဲ့ကြတယ်။ တစ်နှစ်ကျော်ကြာမှ တရားသေပြန်လွတ်လာတာ”ဟု ကိုမောင်မြင့်က ဆိုသည်။

ဘဏ်တွင်ငွေသွင်းရာတွင် တစ်သောင်းတန် ငွေစက္ကူအတု၊ ငါးထောင်တန်ငွေစက္ကူအတုတွေ့၍ အပေါက်ဖောက်ခံရ၊ အသိမ်းခံရသည်ဆိုသောသတင်းများက ယခုလိုနည်းပညာခေတ်တွင် အွန်လိုင်း လူမှုကွန်ရက်ပေါ်၌ ကြိုကြားကြိုကြား မြင်တွေ့နေရသည်။

ငွေစက္ကူအတုဘယ်လောက် များနေပြီလဲ

မြန်မာနိုင်ငံတွင် သုံးစွဲနေသော မြန်မာကျပ်ငွေ၏ တစ်ဦးတည်းသော တရားဝင်ထုတ်ဝေသူမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဖြစ်သည်။

တန်ဖိုးအကြီးဆုံးငွေစက္ကူအမျိုးအစားက တစ်သောင်းတန်ဖြစ်ပြီး တန်ဖိုးအစဉ်လိုက်အားဖြင့် ငါးထောင်၊ တစ်ထောင်၊ ငါးရာ၊ နှစ်ရာ၊ တစ်ရာ၊ ငါးဆယ်၊ နှစ်ဆယ်၊ တစ်ဆယ်တန်တို့ကို ရိုက်နှိပ်ထားသည်။

ငွေစက္ကူ နှစ်ဆယ်၊ တစ်ဆယ်၊ ငါးကျပ်၊ တစ်ကျပ်တန်တို့မှာ မတွေ့ရ သလောက် သုံးစွဲမှုနည်းသွားပြီ ဖြစ်သည်။

ငွေစက္ကူအတုအပဆိုသည်မှာ နိုင်ငံတိုင်းလိုလိုတွင် ကြုံတွေ့ရသည့် ပြဿနာ ဖြစ်ပြီး မြန်မာနိုင်ငံ တွင်လည်း ငွေစက္ကူ အတုများဈေးကွက်အတွင်း များလွန်းသည်ဆိုသော အကြောင်းပြချက်ဖြင့် ငွေစက္ကူဖျက်သိမ်းမှုများရှိခဲ့ဖူးသည်။

အနီးစပ်ဆုံးသာဓကအနေဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းအိန္ဒိယနိုင်ငံတွင် ငွေစက္ကူအတုများကို တိုက်ဖျက်နိုင်ရန် ၂၀၁၆ ခုနှစ်ကအိန္ဒိယနိုင်ငံသုံးငွေကြေးရူပီး ၅၀၀ တန်နှင့် ၁၀၀၀ တန်တို့ကိုဖျက် သိမ်းခဲ့ရသည်။

“ငွေစက္ကူအတုကိစ္စက မြန်မာမှာပဲ ရှိတာတော့ မဟုတ်ဘူးဗျ။ တခြားနိုင်ငံတွေမှာလည်းရှိတယ်။ အမေရိကန်ဒေါ်လာဆိုရင် ဆူပါဒေါ်လာ ဆိုပြီးတောင် ထွက်ဖူးတယ်”ဟုကမ္ဘောဇဘဏ်၏ အကြီးတန်း အကြံပေး ဦးသန်းလွင်ကဆိုသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာ အစိုးရဌာနများ၏ ငွေစက္ကူဖမ်းဆီးရမိမှုဆိုင်ရာ ထုတ်ပြန်ချက်များအရ ငွေစက္ကူအတုများသိန်းနှင့်ချီ ဖမ်းဆီးရမိသည့်နေရာများမှာ နယ်စပ်ဒေသများ တွင် အများဆုံးဖြစ်သည်။

ထိုင်းနိုင်ငံနှင့် ထိစပ်နေသော မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ တရုတ်နိုင်ငံနှင့် ထိစပ်နေ သော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် ထိစပ်နေသော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ငွေစက္ကူအတုများဖမ်းဆီးရမိသည်။

မြန်မာနိုင်ငံ ပြင်ပတွင် မြန်မာကျပ် ငွေစက္ကူအတုပမာဏ အများဆုံးဖမ်းဆီးရမှုက တရုတ်နိုင်ငံတွင် ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ငွေစက္ကူအတုထုတ်လုပ်သည့် စက်များနှင့်အတူ တရုတ်နိုင်ငံသားများနှင့် ကချင်လက်နက်ကိုင်အဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည်။

တရုတ်နိုင်ငံ ရင်ကျန်းမြို့တွင် ငွေစက္ကူအတုလုပ်သည့် စက်များနှင့်အတူ တစ်သောင်းတန်နှင့် ငါးထောင်တန်ငွေ စက္ကူအတုသိန်း ၁၁၀၀ ကျော်၊ ထိန်ချုံး-ရင်ကျန်းစစ်ဆေးရေးဂိတ်တွင် ငါးထောင် တန် ငွေစက္ကူအတုသိန်း ၂၀၀ ကျော်နှင့် သိန်း ၂၄၀၀ ကျော် ငွေစက္ကူအတုများ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

ပြည်တွင်းတွင် ပမာဏများပြားသောငွေစက္ကူအတု ဖမ်းဆီးရမိမှုတွင် ၂၀၁၃ ခုနှစ် ဧပြီလတွင် ကချင်ပြည်နယ်၊ ဖားကန့်တွင် တစ်သောင်းတန် ငွေစက္ကူ အတု ၁၀၀၀ ကျော်၊ ငါးထောင်တန် ငွေစက္ကူအတု ၇၀၀၀ ခန့် ဖမ်းဆီးရမှုနှင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ တစ်သောင်းတန်ငွေ စက္ကူအတုသိန်း ၉၀၀ ကျော် ဖမ်းဆီးရမိမှုတို့မှာ အများဆုံးဖြစ်သည်။

သို့သော် ယခုနှစ် မတ်လတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၄၇) ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် တစ်သောင်းတန်ငွေ စက္ကူအတုသိန်း ၁၃၀၀ ဖိုး ဖမ်းဆီးရမိခဲ့ရာ နယ်စပ်ဒေသ များသာမက ရန်ကုန်မြို့တော်သို့ပင် ငွေစက္ကူအတုများ အလုံးအရင်းနှင့် ဝင်လာပြီလားဆိုသည်ကို ပြည်သူများ စိုးရိမ်လာကြသည်။

“ခုနောက်ပိုင်းမှာအတုလုပ်ရတာ လွယ်လာတာလည်းပါတယ်။ နောက် တစ်ချက်က တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးတည်ငြိမ်မှုပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ ယူဆမိတယ်” ဟု စီးပွားရေးမူဝါဒပညာရှင် ဒေါက်တာအောင်ကိုကိုက ဆိုသည်။

ယခုနှစ်အတွင်း နယ်စပ်ဒေသများတွင် ငွေစက္ကူအတုတွေ့ရှိမှုခုနစ်ကြိမ်နှင့် ပြည်တွင်းတွင် တုပ ထုတ်လုပ်ထားမှု ခြောက်ခုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ပြီးခဲ့သည့် ဇွန်လအတွင်းက ပြည်သူ့လွှတ်တော်တွင် ဖြေကြားခဲ့သည်။

ငွေစက္ကူအတုများ တစ်နိုင်ငံလုံးမည်မျှပျံ့နှံ့စိမ့်ဝင်နေသည်ကို မသိကြသည့်အတွက် ကျပ်တစ်သောင်း တန်၊ ငါးထောင်တန်ကို ရင်တထိတ်ထိတ်ဖြင့် ပြည်သူများ ကိုင်ဆောင်နေကြရသည်။

“တစ်သောင်းတန်ပေးရင်ကို ကိုယ့်မှာလန့်နေတာ။ အတုလား အစစ်လား သေချာလည်း မခွဲတတ် ပါဘူး။ ဒီလိုပဲ သူများတွေပြောတဲ့အတိုင်း လိုက်ကြည့်ပြီး စစ်ရတာပေါ့။ ဟိုပွတ်ကြည့်၊ ဒီပွတ်ကြည့်ပဲ” ဟု ရန်ကုန်မြို့လယ် ပန်းဘဲတန်း မြို့နယ်မှ ဈေးဆိုင်ရှင်တစ်ဦးကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လမှ ယခုနှစ် မတ်လအထိ ငွေစက္ကူအတုဟု အတည်ပြုနိုင်သော ငါးထောင်တန် ၁၃၄၃ ရွက်နှင့် တစ်သောင်းတန် ၉၅၇ ရွက် လက်ခံရရှိထားကြောင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးမင်းကပြောသည်။

ပြည်တွင်းတွင် လက်ရှိလှည့်လည် သုံးစွဲနေသော ငွေကြေးပမာဏနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအလွန် နည်းပါးသည့် ပမာဏဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့ရာတွင် ထိုလက်ခံရရှိမှုတွင် ယခုနှစ် မတ်လက ရန်ကုန်မြို့တွင် ဖမ်းဆီး ရမိသော (သိန်း ၁၃၀၀ ဖိုး) တစ်သောင်းတန် ငွေစက္ကူအတုအရွက် ၁၃ç၀၀၀ ပါဝင်မှု ရှိ မရှိမသိရပေ။

ထို့ပြင် ယခုနှစ် ဇွန်လတွင် မွန် ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တစ်သောင်း တန် ၁၅၃၀ ရွက်နှင့် ငါးထောင်တန်အရွက် ၄၀၀ တို့ထပ်မံဖမ်းဆီးရမိခဲ့ပြန်သည်။
“ဘဏ်မှာကတော့ ကြိုကြားကြိုကြားဆိုသလို တစ်ရွက်၊ နှစ်ရွက်တွေ့နေရတာပါပဲ”ဟုကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေးဦးသန်းလွင်ကဆိုသည်။

ငွေစက္ကူအတုပမာဏ မည်မျှရှိနေသည်မသိရသော်လည်း စိုးရိမ်စရာအခြေအနေမဟုတ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ငွေစက္ကူအတုပမာဏသည် လှည့်လည်သုံးစွဲငွေပမာဏနှင့် နှိုင်းယှဉ်လျှင် အလွန်ပင်နည်းပါးပြီး ငွေစက္ကူအတုနှင့် ပတ်သက်၍ အဓိကပြဿနာမဟုတ်ဘဲ လျစ်လျူရှုထားနိုင်ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် အသိပေးဖော်ပြထားသည်။

သို့သော် ငွေစက္ကူအတုပြုလုပ်သူများတွင် တစ်ဦးချင်းတုပပြုလုပ်နေသူများ ရှိသကဲ့သို့ ပမာဏအများ အပြားကို အဖွဲ့အစည်းနှင့် လုပ်ဆောင်နေမှုများလည်းရှိနိုင်သည်။

“အဖွဲ့အစည်းတစ်ခုဒါမှမဟုတ် နှစ်ခု၊ ဒီထက်ပိုတာလည်း ဖြစ်နိုင်တယ်။ နောက်ကွယ်ကနေ ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ မြင်မိတယ်။ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့တို့၊ စသုံး လုံးတို့၊ စီအိုင်ဒီတို့က ထိထိရောက်ရောက်စုံစမ်းထောက်လှမ်းဖို့ လိုပြီလို့ထင်တယ်”ဟု စီးပွားရေး မူဝါဒပညာရှင် ဒေါက်တာ အောင်ကိုကိုကဆိုသည်။

ငွေစက္ကူအတုများကို ပြန်လည်ရောင်းချခြင်းကြောင့်လည်း ဈေးကွက်တွင်း ငွေစက္ကူအတုများ ပိုမိုစိမ့်ဝင်လာခြင်းဖြစ်သည်။

မွန်ပြည်နယ် ဘီးလင်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် တစ်သောင်းတန် ငွေစက္ကူအတုအရွက် ၉၁၀၀ ကို ၂၀၁၄ ခုနှစ်အတွင်းကဖမ်းဆီးရမိရာ ယင်းငွေစက္ကူအတုများကိုငွေအစစ်ဖြင့် ဝယ်ယူ လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးဖော်ထုတ်နိုင်ခဲ့သည်။

ငွေစက္ကူအတုကို ဝယ်ယူနိုင်သည်မှာ အဆန်းတော့မဟုတ်။

ယခုလိုနည်းပညာခေတ်တွင် အွန်လိုင်းပေါ်၌ အတုအပမှောင်ခိုဈေးကွက်ဝက်ဘ်ဆိုက်များရှိသည်။

ယခု ပိတ်သိမ်းသွားပြီဖြစ်သော Silk Road အမည်ရှိ အင်တာနက်စာမျက်နှာသည် အမေရိကန် ဒေါ်လာ၊ ယူရို၊ စတာလင်ပေါင် စသောငွေစက္ကူအတုများအပါအဝင် ကုန်ပစ္စည်းအတုအပ အရောင်း အဝယ်လုပ်ရာတွင် နာမည်ကြီး ဖြစ်ပြီး ယခုအခါ အယ်လ်ဖာဘေ အမည်ရှိ အင်တာနက်စာမျက်နှာတွင် လျှို့ဝှက်အကောင့်ဖွင့်ကာ ငွေစက္ကူအတုမှာယူဝယ်ယူနိုင်ကြောင်းသိရသည်။

တစ်သောင်းကျပ်တန်ငွေစက္ကူအတုမှာ ယခင်ကရိုက်နှိပ်ထုတ်ဝေသော တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားတွင်သာ တွေ့ရပြီး ယခုနောက်ဆုံးထုတ် လုံခြုံရေးအဆင့်မြှင့်တင်ထားသော တစ်သောင်း တန်ငွေစက္ကူတွင် အတုမတွေ့ရသေးကြောင်း ငွေရေးကြေးရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

“တစ်သောင်းတန်အစစ်က ဘယ်ဘက်ထောင့်ကို ပွတ်ကြည့်ရင် CBM ဆိုတဲ့ ဖောင်းကြွစာလုံးရှိတယ်၊ အတုက အဲဒီနေရာမှာပြောင်ချောကြီး၊ အစစ်မှာက ရောင်ပြန်ကြိုးက အဝါရောင်၊ အစိမ်းရောင်၊ ပန်းရောင်ရောင်ပြေးတွေရှိတယ်၊ အတုမှာ ခရမ်းရောင်တောက်တောက် တစ်ရောင်တည်းပဲ” ဟု ၎င်းက ရှင်းပြသည်။

ယင်းအပြင် တစ်သောင်းတန်ငွေစက္ကူအတုတွင် ငွေစက္ကူအရှေ့ခြမ်းညာဘက်တွင် ပါဝင်သော နိုင်ငံတော်တံဆိပ်ပုံမှာ ပြတ်သားမှုမရှိခြင်း၊ ကျောဘက်နန်းမြို့ရိုးအလယ်တွင် ဝါးနေခြင်းနှင့် ရေစာနေရာတွင် ဖောင်းကြွမှုမရှိခြင်းတို့ကို စစ်ဆေးကြည့်ကာ အတု၊ အစစ်ခွဲနိုင်ကြောင်း ဗိုလ်တထောင်မြို့နယ်မှ ဂရပ်ဖစ် ဒီဇိုင်နာတစ်ဦးကဆိုသည်။

ငွေစက္ကူတုပမှုကို ကာကွယ်နိုင်ရန် ငွေစက္ကူ၏ လုံခြုံရေးအဆင့်ကို မြှင့်တင်ထားသော ငွေစက္ကူဒီဇိုင်းအသစ်များကိုသာ ဆက်လက်ထုတ်ဝေလျက်ရှိပြီး ယခင်ထုတ်ဝေထားသော ငွေစက္ကူဒီဇိုင်းဟောင်းများကို တဖြည်းဖြည်းချင်းသိမ်းဆည်းနေကြောင်း ဗဟိုဘဏ်ညွှန်ကြား ရေးမှူးချုပ် ဦးအောင်ကျော်သန်းက ဆိုသည်။

ငွေစက္ကူအတုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ နှင့် ၁၀၆ အရ အရေးယူ နိုင်ပြီး ထောင်ဒဏ်အနည်းဆုံး သုံးနှစ်မှ နှစ် ၂၀ အထိ အပြစ်ပေးအရေးယူနိုင်သည်။

ငွေစက္ကူအတုပြဿနာမှာစိုးရိမ်လောက်သည့်ပမာဏမဟုတ်ဟု ဗဟိုဘဏ်တာဝန်ရှိသူများက ဆိုသော် လည်း အသိပညာပေးမှုအားနည်းသော နယ်မြို့များတွင်မူ ငွေစက္ကူအတုက ပြည်သူများကို တဖြည်းဖြည်းခြောက်လှန့်လာနေပြီဖြစ် သည်။

ပြည်သူများစိုးရိမ်မည်ဆိုလျှင်လည်း အပြစ်မဆိုသာ။

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ ငွေရေးကြေးရေးလုပ်ငန်းတစ်ခုသည် နိုင်ငံတော်အစိုးရက ထုတ်ဝေသော တစ်သောင်းတန် ငွေစက္ကူကိုလက်ခံခြင်းမရှိဘဲ ငါးထောင်တန်၊ တစ်ထောင်တန် ငွေစက္ကူတို့ဖြင့် ပြန်လည်လဲလှယ်ခိုင်းကြောင်းစုံစမ်းသိရှိရသည်။

“ဒီလိုလုပ်တာတော့ မကောင်းဘူး။ ဒါ တိုင်လို့ရတယ်။ ဒါကငွေကြေးလုပ်ငန်းပိုင်းမှာ ကျွမ်းကျင် ဝန်ထမ်းတွေမရှိဘူး ဆိုတာကို ပြနေတာပဲ” ဟုကမ္ဘောဇဘဏ် ၏ အကြီးတန်းအကြံပေးဦးသန်းလွင်က ဆိုသည်။

ငွေစက္ကူအတုကြောင့် စိုးရိမ်သောကရောက်နေသူ ပြည်သူများမှာ ငွေရေးကြေးရေး အဖွဲ့အစည်းများ ကြောင့် တစ်ပူပေါ် နှစ်ပူဆင့်လာသည်။

ပြဿနာမရှိ၊ မစိုးရိမ်ရဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆိုနေသော်လည်း မအူပင်မြို့နယ်မှ ဆိုင်ကယ်ကယ်ရီမောင်းသူ ဦးနေလင်းတို့လို သူတွေအတွက်ကတော့ မလွယ်။

“သူတို့ကိုပိုက်ဆံသွားသွင်းတော့ တစ်သောင်းတန်ဆိုမယူဘူး ပြောတယ်။ အဲဒါနဲ့ ငါးထောင်တန်တွေ ပြန်သွားလဲပြီး ပေးရတယ်။ ဒီပိုက်ဆံပဲရှိတဲ့သူဆို ဘယ့်နှယ်လုပ်မလဲ”ဟု ၎င်းကဆိုသည်။
“တစ်သောင်းတန်ဆိုဘယ်သူမှ မလိုချင်ကြဘူး” ။

စစ်ငြိမ်းသူ


ABOUT AUTHOR

(စစ်ငြိမ်းသူ)