News

POST TYPE

ARTICLE

ပန်းကိုရွေးမလား၊ ဂဏန်းကိုရွေးမလား
10-Jul-2017
မန္တလေးမြို့တွင် အခြေချ နေထိုင်ခဲ့သည်မှာ ခုနစ်နှစ်ခန့်ရှိပြီ ဖြစ်သော ဒေါ်ခင်ညိုတစ်ယောက် လမ်းပျောက်သည့်အဖြစ်နှင့် ကြုံလိုက်ရသည်။

ချမ်းမြသာစည်မြို့နယ် မြို့သစ် (၁) လမ်းတွင် နေထိုင်သော အသက် ၆၃ နှစ်အရွယ် ဒေါ်ခင်ညိုတစ်ယောက်  ပြည်ကြီးတံခွန်မြို့နယ်၊ သင်းပန်ကုန်းရပ်ကွက်၊ မင်းကြီးရန်နောင်လမ်းတွင် နေထိုင်သော သမီးဖြစ်သူထံ အိမ်လည်သွားရာမှ လမ်းပျောက်ခဲ့ခြင်း ဖြစ်သည်။ 

ဒေါ်ခင်ညိုတစ်ယောက် သမီးဖြစ်သူထံ အလည်သွားလိုစိတ် ဖြစ်နေသည်မှာ ကြာပြီဖြစ်သော်လည်း မိသားစုအတွင်း ဆိုင်ကယ်စီးတတ်သူ တစ်ယောက်သာ ရှိသောကြောင့် မသွားဖြစ်။ 

ဆိုင်ကယ်စီးတတ်သူကလည်း သူ့အလုပ်နှင့်သူ မနက်မိုးလင်းချိန် အိမ်က ထွက်သွားပြီးသည်နှင့် ညမိုးချုပ်မှ ပြန်ရောက်တတ်သောကြောင့် ရပ်ကွက်တွင်းသာ ဒေါ်ခင်ညို ခြေဆန့်နေရသည်။

မန္တလေးမြို့ပေါ်တွင် အခြေချနေထိုင်သည့် ဒေါ်ခင်ညိုတို့ မိသားစု ရှိရာသို့ ကချင်ပြည်နယ် အထက်ပိုင်း ကျွန်းကြီးကျေးရွာမှ တူတော်မောင်တစ်ဦး ရောက်လာချိန်တွင် သမီးဖြစ်သူထံသွားရန် လမ်းစပေါ်လာခဲ့သည်။

တူတော်မောင် မောင်ဖိုးသိန်းက ဆိုင်ကယ်စီး ကျွမ်းကျင်သောကြောင့် သူ့ကိုခေါ်ကာ သမီးဖြစ်သူထံ  အိမ်လည်သွားရန် ဆုံးဖြတ်လိုက်ပြီး ဆိုင်ကယ်တစ်စီးဖြင့် ထွက်ခဲ့သည်။ 

ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ လမ်းများသည် ကျန်စစ်သား၊ ဘုရင့်နောင်၊ အနော်ရထာ၊ မင်းကြီးရန်နောင် စသည်ဖြင့် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သူများကို ဂုဏ်ပြုသည့်အနေနှင့် အမည်ပေးထားပြီး ချမ်းမြသာစည်မြို့နယ် အတွင်းရှိ လမ်းများကို သဇင်၊ ခတ္တာ၊ ငုပြာ စသည်ဖြင့် ပန်းအမည်များ ပေးထားသည်။

မင်းကြီးရန်နောင်လမ်းကို လိုက်ရှာရင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသို့ ရောက်သွားကြပြီး လယ်ကွင်းနှင့် အဝေးပြေးကားများ တဝီဝီ ဖြတ်သန်းသွားလာနေသည်ကိုမြင်မှ လမ်းမှားနေကြောင်း သိကြကာ ဆိုင်ကယ်တက္ကစီငှားလိုက်မှ လိုရာခရီးသို့ ရောက်တော့သည်။ 

ဒေါ်ခင်ညိုတို့ မိသားစုထံ အလည်ရောက်လာသည့် တူတော်မောင် ကိုဖိုးသိန်းအဖြစ်က တစ်မျိုး။ ကိုဖိုးသိန်းသည် ဆိုင်ကယ်စီး ကျွမ်းကျင်သည်။ သို့သော် မန္တလေးမြို့ပေါ် လမ်းများနှင့် မန္တလေးမြို့၏ ယာဉ်ကြောအထာက သူနှင့်စိမ်းလွန်းသည်။

တစ်ရက်တွင် ဒေါ်ခင်ညို ဟင်းချက်နေရင်း ဆားကုန်သွားသဖြင့် အိမ်အနောက်ဘက် တစ်လမ်းကျော်က စတိုးဆိုင်သို့ မောင်ဖိုးသိန်းကို ဆားဝယ်လွှတ်လိုက်သည်။

ဟင်းခတ်ရန် ဆားအဝယ်လွှတ်လိုက်သည်မှာ နံနက် ၁၀ နာရီခန့် ကတည်းက ဖြစ်သော်လည်း မွန်းလွဲသုံးနာရီထိုးမှ ပြန်ရောက်လာသည်။

ဒေါ်ခင်ညိုတစ်ယောက် လည်တဆန့်ဆန့်ဖြင့်  စိုးရိမ်ကြီးစွာ စောင့်စားနေစဉ် အိမ်ရှေ့သို့ ဆိုင်ကယ်တစ်စီး ဆိုက်လာသည်။ ကိုဖိုးသိန်းတစ်ယောက် အိမ်တွင်းသို့ ချက်ချင်းမဝင်ဘဲ အိမ်ရှေ့တွင် ရစ်သီရစ်သီဖြင့် လေ့လာနေသောကြောင့် ထွက်ကြည့်မှ တူတော်မောင် ကိုဖိုးသိန်းမှန်းသိ၍ လှမ်းခေါ်ရသည်။  

ခရီးရောက်မဆိုက် ဒေါ်ခင်ညိုက မောင်ဖိုးသိန်းခေါင်းကို သုံးချက်ခန့် ဆင့်ခေါက်လိုက်ပြီးနောက် တစ်ဆက်တည်း ဒေါသသံဖြင့် စကားဆက်သည်။

“ဆားတစ်ထုပ် ဝယ်ခိုင်းမိပါတယ်။ ဘယ့်နှယ်ဘယ်တွေသွား၊ ဘာတွေလုပ်နေတာလဲ။ ငါ့နှယ် မင်းများ တစ်ခုခုဖြစ်ပြီလားဆိုပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရတယ်” ဟု မေးခွန်းထုတ်လိုက်သည်။ 

“အရီးညိုရ ဒီနားပတ်ဝန်းကျင်က ပန်းနာမည်တွေ။ ကျွန်တော်လည်း ကြိုးစားပြီး ရှာတာပဲ၊ ကျုံးဘေးတောင် ရောက်သွားတယ်။ ဈေးချိုလည်း ရောက်သွားတယ်။ နောက်ဆုံးမဖြစ်တော့ဘူးဆိုပြီး ဆိုင်ကယ်တက္ကဆီသမားကို ပိုက်ဆံပေးပြီး လိုက်ပို့ခိုင်းရတယ်။ သူ့ကို အိမ်လိပ်စာပြော၊ လိုက်ပြခိုင်းမှ ဒီပြန်ရောက်လာတာ၊ လမ်းတွေ မမှတ်မိသေးဘူးဗျ” ဟု ကိုဖိုးသိန်းတစ်ယောက် ဖြေရှင်းချက် ပေးလိုက်ရသည်။

ထိုအဖြစ်အပျက်များသည် ဒေါ်ခင်ညိုတို့ မိသားစုအတွင်း ယခုထက်တိုင် ဟာသတစ်ခုအဖြစ် ပြောစမှတ် ဖြစ်နေသေးသည်။

မန္တလေးမြို့ခံများ အနေနှင့် ဒေသအခေါ်အဝေါ် အသုံးအနှုန်းများဖြင့် နေသားတကျ ဖြစ်သော်လည်း  တစ်နယ်တစ်ကျေးမှ  လာရောက်သူများမှာမူ မြို့တည်ဆောက်ပုံအရ သွားရလာရ မှတ်သားရသည်မှာ အခက်အခဲ ဖြစ်ရသည်။

မန္တလေးမြို့ကို တည်ထောင်ခဲ့သည့် မင်းတုန်းမင်းသည် မြို့တော်တည်ဆောက်ရာ၌ သိုက်စာဟောင်း များထွက်ဆိုသည်နှင့်အညီ သာသနာတော် ၂၄၀၀ ပြည့်မီအောင် ၁၂၁၈ ခုနှစ် တပို့တွဲလကစ၍ ပန္နက်ချခဲ့သော်လည်း မြို့ရိုးကြီးနှင့် ခုနစ်ဌာနကိုမူ မော်ကွန်းတိုင်စိုက်ထူသည့် ခုနှစ်အတိုင်း ၁၂၂၁ ခုနှစ်၊ ကဆုန်လမှသာ စတင်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ရွှေမြို့တော်ကြီး တည်ဆောက်ခြင်းနှင့်အတူ မြို့တော်အတွင်း လေးပြင်လေးရပ်တို့တွင်လည်း အကွက်ချ စီစဉ်သတ်မှတ်ခဲ့သည်ဟု စာရေးဆရာ နတ်မောက်ထွန်းရှိန် ရေးသားသည့် ‘ဝင်းတွေနှင့် တည်ခဲ့သည့် မင်းနေပြည်တော်’ စာအုပ်တွင် ဖော်ပြထားသည်။ 

မြို့တော်အတွင်း လေးပြင်လေးရပ်တို့ကို အကွက်ဖော်ရာ၌ တစ်ပြလျှင် တာ ၅၀ (၁ တာလျှင် ၁၀ ပေခွဲ။ တစ်ပြလျှင် တာ ၅၀) စီ ထားစေခဲ့သည်။ မြို့အရှေ့အနောက် ၁၂ ပြ (တစ်ပြလျှင် ၁၂ လမ်း)၊ တာ ၆၀၀၊ တောင်မြောက် ၁၂ ပြ၊ တာ ၆၀၀၊ အဝန်းတာပေါင်း ၂၄၀၀၊ ပြကွက်ပေါင်း ၁၄၄ ခု ရှိသည်။ ယင်းတို့အတက် နန်းတော်ရာပြကွက် ၁၆ ခု ကိုနုတ်က ကျန် ၁၀၈ ကွက်၌ မင်း၊ မိဖုရား၊ အိမ်ရှေ့ မင်းသား၊ မင်းညီမင်းသား၊ မှူးတော်မတ်တော်၊ သူဌေးသူကြွယ်၊ အမှုထမ်း၊ ဆင်းရဲသား၊ ကျွန်မျိုးတို့ နေထိုင်ရန် ခွဲခြားသတ်မှတ်ပေးခဲ့သည်။ ကျုံးအကျယ် တာ ၂၀ ထား၍ မြို့တွင်းပြ၊ တံခါးလမ်းပြ၊ ဒူးလမ်းများကိုလည်း အကျယ်ကိုးတာစီ အညီအမျှထားခဲ့သည်။ 

အုတ်မြို့ရိုးကြီးအတွင်း မြနန်းစံကျော် ရွှေနန်းတော်အပြင်၌ ဝင်းများဖြင့် စနစ်တကျ သတ်မှတ်ခဲ့ရာ ဝင်းပေါင်း ၂၃၉ ကွက် ရှိသည်ဟုလည်း ပါဝင်သည်။

ယင်းအပြင် ရွှေမြို့တော်မြို့ရိုးနှင့် ကျုံးအပြင်ဘက် လေးပြင်လေးရပ်များ၌လည်း မြေကွက်များရှိရာ ဝင်းများ၊ အိမ်များ ဆောက်လုပ်နေထိုင်စေသည်။

မန္တလေးမြို့တွင် ယခုတိုင် အချို့သော ဝင်းနာမည်များ ကျန်ရစ်နေသေးရာ ‘ဝင်း’ ဟူသော အသုံးအနှုန်းကို မန္တလေးသူ၊ မန္တလေးသားတို့ လက်ရှိအချိန်အထိ ခေါ်ဝေါ်သုံးစွဲလျက် ရှိကြသည်။

‘ဝင်း’ ဆိုသည်မှာ မန္တလေးသူ မန္တလေးသားများအခေါ် တစ်ပြပတ်လည်ရှိသော ရပ်ကွက်၊ နေအိမ်များကို ဆိုလိုခြင်း ဖြစ်သည်။

မန္တလေးမြို့ လမ်းအနေအထားမှာ မြောက်မှတောင်သို့၊ အရှေ့မှ အနောက်သို့ တစ်ဆက်တည်း သွယ်တန်းနေပြီး အချို့သော လမ်းများမှာ ဝင်းများ၊ တာရိုးများကြောင့် လမ်းပြတ်၊ လမ်းပိတ်နေရာများလည်း ရှိသည်။

ယင်းသို့ မြို့ကွက်ဖော်ကာ လမ်းများ ဖောက်လုပ်ထားသောကြောင့် တစ်နယ်တစ်ကျေးမှ လာရောက်သူများအတွက် သွားရေလာရေး ခက်ခဲနေခြင်း ဖြစ်သည်။

သို့သော် မန္တလေးမြို့တွင်း လမ်းများကိုမူ ယခင်က အာဇာနည် ခေါင်းဆောင်ကြီးများ၏ အမည်များဖြင့် မှည့်ခေါ်ထားသော်လည်း နဝတအစိုးရ လက်ထက်တွင် ဂဏန်းများနှင့် ပြောင်းလဲမှည့်ခေါ်ခဲ့သည်။

“တကယ်ဆို လမ်းနာမည်တွေကို အမည်နဲ့ တပ်ခေါ်တာက ခုမှမဟုတ်ပါဘူး။ ကိုယ်တွေလို ထိပ်စီးငါးဂဏန်းသမား (အသက် ၅၀ ကျော်) တွေ အကုန်သိပါတယ်။ ကိုယ်တွေငယ်ငယ်ကတည်းက ရှိနေခဲ့တာပါ။ ဒါကို န.ဝ.တ အစိုးရခေတ် ရောက်တော့ မန္တလေးကို တောင်ပြင်၊ မြောက်ပြင်ခေါ်ရာကနေ မြို့နယ်ခုနစ်ခု သတ်မှတ်လိုက်တယ်။ လမ်းအမည်တွေလည်း တဖြည်းဖြည်း မှေးမှိန်သွားခဲ့တယ်။ ၂၆ လမ်းဆို အရင်က ၁၃၀၀ ပြည့် အရေးတော်ပုံကြောင့် ကျရှုံးသွားတဲ့ အာဇာနည် (၁၇) ဦးကို လေးစားဂုဏ်ပြုပြီး မှည့်ခေါ်ခဲ့ကြတာ။ မ.ဆ.လခေတ်မှာ အာဇာနည်လို့ မခေါ်ချင်ကြတာနဲ့ ဘုရင့်နောင်လမ်းလို့ ပြောင်းပစ်ကြတယ်။ နောက်ပိုင်းမှာ လမ်းအမည်တွေလည်း မှေးမှိန်ပျောက်ကွယ်လာတယ်။ မန္တလေးသားတွေ အနေနဲ့တော့ အဲ့ဒီအမည်တွေ မရေးထားလည်း ဒါက ဘာလမ်းလဲ သိကြတယ်။ သမိုင်းကိုမမေ့ဘဲ ပြန်လည်ဖော်ကျူးကြတာကို ထောက်ခံပါတယ်” ဟု အသက် ၅၀ ကျော်အရွယ် မန္တလေးမြို့ခံ စာရေးဆရာ မင်းထက်ငြိမ်းချမ်းက ဆိုသည်။ 

မန္တလေးမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်းကို ၈၄ လမ်း၊ ဗိုလ်ဗထူးလမ်းကို ၄၁ လမ်း၊ အာဇာနည်လမ်းကို ၂၆ လမ်းအဖြစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး အစိုးရခေတ် (န.ဝ.တ) လက်ထက်တွင် ပြောင်းလဲခဲ့သည်။

ရန်ကုန်မြို့တော်မှ လာရောက်သူများအတွက်မူ မန္တလေးမြို့ပေါ်လမ်းများက မှတ်ရလွယ်သည်ဟု မှတ်ချက်ပြုသည်။

ရန်ကုန်မြို့တော်မှနေ၍ မန္တလေးသို့ လာရောက်အလုပ်လုပ်သည့် မောင်စိုင်းကမူ မန္တလေးမြို့တော်ရှိ  လမ်းများမှာ မှတ်သားရ လွယ်ကူသည်ဟု ဆိုသည်။

“မန္တလေး ရောက်ရောက်ချင်း လေ့လာလိုက်တယ်။ ကျုံးကိုဗဟိုပြုပြီး အရှေ့အနောက်၊ တောင်မြောက် တစ်ဆက်တည်း လမ်းမကြီးတွေ ရှိတယ်။ ကျုံးပတ်လည်မှာဆို လမ်း ၈၀၊ ၂၆ လမ်း၊ ၆၆ လမ်း ဆိုတာ ရှိတယ်။ ကျုံးကနေ တောင်ဘက်ခြမ်းဆို လမ်းနံပါတ်တွေ တိုးသွားမယ်။ မြောက်ဘက်ဆိုရင် လမ်းနံပါတ် လျော့သွားမယ်၊ အဲဒီလိုမျိုး မှတ်ထားတယ်။ နံပါတ်သာသိရင် ဘယ်လမ်းနဲ့ ဘယ်လမ်းကြားလို့ ပြောလိုက်တာနဲ့ ရှာရလွယ်တယ်။ ရန်ကုန်မှာတော့ အဲဒီလိုမျိုး မဟုတ်ဘူး။ ဆူးလေနားက လမ်းတွေဆိုလည်း လမ်းနံပါတ်တွေ ပေးထားပေမယ့် အလယ်ဘလောက်၊ အထက်ဘလောက်၊ အောက်ဘလောက်ဆိုပြီး ရှိသေးတယ်။ ပြီးတော့ လမ်းတွေကို  နာမည်ပေးထားတာ ဆိုတော့ မှတ်ရမလွယ်ဘူး” ဟု မောင်စိုင်းက ရှင်းပြသည်။

မန္တလေးသည် မြန်မာဘုရင် နန်းစိုက်ခဲ့သည့် နောက်ဆုံးမြို့တော်တစ်ခု ဖြစ်သည့်အတွက် ယဉ်ကျေးမှု အငွေ့အသက်၊ ပြယုဂ်များစွာ ကျန်ရှိ အသက်ဝင်နေသေးသည်။ 

သို့သော် ဒေသခံများကလည်း နောင်လာနောက်သားများ ရာဇဝင် သမိုင်းမှတ်တမ်းများကို အမှတ်ရနေစေရန် အထင်ကရရှိခဲ့သည့် အဓိကလမ်းမကြီးတချို့ကို ရှေးယခင်က အသုံးပြုခဲ့သည့်အတိုင်း လမ်းအမည်များ ပြန်လည်သတ်မှတ် ခေါ်ဝေါ်စေလိုကြသည်။ 

ပြည်သူ့အသံများကို လွှတ်တော်သို့ တင်ပြရန် အောင်မြေသာစံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ကျော်ဦး ကြိုးပမ်းခဲ့သော်လည်း လွှတ်တော်မတင်မီ ပေါက်ကြားခဲ့သည်ဟု ဆိုကာ ၎င်း ၏အဆိုကို ပြန်လည်ရုပ်သိမ်းသွားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုတင်သွင်းခြင်း ဖြစ်သော်လည်း စည်ပင်သာယာရေးကော်မတီဝင် တစ်ဦးက မီဒီယာကို ချပြလိုက်သောကြောင့် ဒေါက်တာ အောင်ကျော်ဦးက အဆိုတင်သွင်းမှုကို ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

မန္တလေးမြို့တော်ရှိ လမ်းအနေအထားများကို အထင်ကရ နာမည်များ သုံးစွဲမည့်အစား ခေတ်စနစ်နှင့် လျော်ညီသည့် Geographic Information System (GIS) ဂြိုဟ်တုမှတစ်ဆင့် ချိတ်ဆက်အသုံးပြုရသည့် စနစ်ကို အသုံးပြုနိုင်ရန် လမ်းနံပါတ်များ အသုံးပြု၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်း၊ တံတားဌာနမှ ဌာနမှူး ဦးမျိုးအောင်က ပြောဆိုသည်။

“မြို့သစ်ပိုင်းက လမ်းအမည်တွေဆိုရင် ပန်းနာမည်တွေ ပေးထားတယ်။ ဥပမာ- ကိုယ်က သဇင်လမ်း ရောက်နေပါတယ်။ ဆိုပါတော့ ဒေလီယာလမ်းကို သွားချင်တယ်ဆို ကိုယ်ကဘယ်နေရာမှာ ရောက်နေလဲဆိုတာ မသိဘူး။ ကိန်းဂဏန်းလိုမျိုး ဆိုရင်တော့ ကိုယ်က ၅ လမ်းကို ရောက်နေတယ်၊ ကိုယ်သွားမယ့် နေရာက ၁၀ လမ်းဆို၊ နောက်ထပ် ၅ လမ်းလောက် လိုသေးတယ်ဆိုတဲ့ နဂိုသိနေတဲ့ Logic မျိုး လူတိုင်းမှာရှိတယ်။ အဲ့ဒီအတွက် လမ်းနာမည်တွေကို ဂဏန်းအနေအထားနဲ့ထားဖို့ ဆွေးနွေးနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

GIS စနစ်ကို အသုံးပြုမည် ဆိုပါက လမ်းနံပါတ်များကို ကိန်းဂဏန်းဖြင့် အသုံးပြုပေးရမည် ဖြစ်ကြောင်း၊ ယင်းကြောင့် မန္တလေးမြို့ရှိ လမ်းအမည်စာရင်းများကို မေလကစ၍ အပြီးသတ် ကောက်ခံခဲ့ပြီး မန္တလေးတိုင်း အစိုးရအဖွဲ့ထံ တင်ပြထားကြောင်းလည်း ဦးမျိုးအောင်က ဆက်လက်ပြောကြားသည်။ 

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် ဖြစ်ပြီး စီးပွားရေးအရလည်း အချက်အချာကျသောမြို့ကြီး ဖြစ်၍ ခေတ်စနစ်အရ LED လမ်းမီးတိုင်များဖြင့် ကျုံးဘေးပတ်လည်တွင် ထိန်ထိန်ညီးလျက် ရှိနေပြီး လူသွားလူလာ၊ ယာဉ်ကြောရှုပ်ထွေးမှုများလည်း လာမည့် ၁၀ စုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်သည်။

ဒေါ်ခင်ညိုနှင့် မောင်ဖိုးသိန်းကဲ့သို့ လမ်းအမည်ပင် ကောင်းစွာနားလည်ရန် ခက်ခဲသူများ ရှိနိုင်သကဲ့သို့ မောင်စိုင်းကဲ့သို့ လမ်းအမည်ကို လွယ်လင့်တကူ မှတ်သားနိုင်သူများလည်း ရှိသည်။ 

ခေတ်စနစ်နှင့်အညီ ဖြစ်စေရန် မြေပြင်ပေါ်တွင် အမှန်တကယ် သွားလာနေကြသည့် ဒေသခံများနှင့်  လာရောက်လည်ပတ်သူများ၏ သဘောထားဆန္ဒကို ချိန်ထိုးလုပ်ဆောင်ရန် လိုအပ်နေပြီ ဖြစ်သည်။

ဝင်းရွှေရည်ဦး