News

POST TYPE

ARTICLE

ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး
09-Jul-2017
ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူးဆိုသည့် သီချင်းကြားဖူးပါသည်။ တိုးတက်သည့် နိုင်ငံများတွင် မတ်တတ်ရပ်နေကြရန် လှုံ့ဆော်မှုများ ပြုလာကြသည်။ မတ်တတ်ရပ်ခြင်းက လုပ်ငန်းကို ပိုပြီးတွင်ကျယ်စေသည်၊ ခရီး ပိုရောက်စေသည်ဆိုသော စည်းရုံးမှုတွေကို လုပ်နေကြသည်။ တစ်နည်းပြောရလျှင် မပျင်းစေသည့်၊ အိပ်မငိုက်စေသည့် အလုပ် ပိုတွင်စေသည့်နည်းဟုလည်း ဆိုကြသည်။

ထိုင်အလုပ် လုပ်ခြင်းထက် မတ်တတ်လုပ်ခြင်းကို ပိုပြီးခရီးတွင်ကြောင်း သက်သေပြနိုင်ရန် ကြိုးစားသူတွေ ရှိနေကြသည်။ နေ့ခင်း အချိန်များတွင် ထိုင်ပြီး အလုပ်လုပ်ခြင်းထက် လူငယ်များကို မတ်တတ်ရပ်ပြီး လုပ်နိုင်သည့် အခွင့်အရေးတွေကို ပိုပြီး ဖန်တီးပေးနေကြသည်။ ဥပမာ - ကွန်ပျူတာကို မတ်တတ်ခုံများနှင့် လုပ်စေခြင်း၊ အစည်းအဝေးများကို မတ်တတ်ကျင်းပခြင်းမျိုးများ ဖြစ်သည်။

လူတစ်ယောက် မည်မျှ ထိုင်နိုင်သနည်း။ လူ တစ်ယောက် အချိန်များစွာ ထိုင်နိုင်ပါသည်။ မတ်တတ်ရပ်နေခြင်းထက် ထိုင်ခြင်းကို အချိန်များစွာ လုပ်ဆောင်နိုင်သည်။

လူတစ်ယောက်နှင့်တစ်ယောက် ရုံး သို့မဟုတ် အိမ်တွင် စကားပြောလျှင် ထိုင်ပြောကြသည်။ အဘယ်ကြောင့် မတ်တတ်ရပ် မပြောကြသနည်း။ အိမ်ကို ဧည့်သည် လာသည်။ အိမ်ရှင်က မထိုင်ဘဲ မတ်တတ်ရပ်နေလျှင် သူလည်း ထိုင်ချင်မှ ထိုင်မည်။ မတ်တတ်ရပ်နေတော့ အချိန် အကြာကြီး ဖြုန်းချင်မှ ဖြုန်းမည်။ စောစောပြီး စောစောပြန် မတ်တတ်ရပ်ပြောရန် အဘယ်ကြောင့် အားမထုတ်ကြသနည်း။

အလုပ်တွင်လည်း ထိုင်ပြီးတော့ ဧည့်ခံနေလျှင် လေရှည်သည်။ ထို့ကြောင့် မတ်တတ်ရပ်ပြီး မြန်မြန်ပြော၊ မြန်မြန်ဆုံးဖြတ်၊ မြန်မြန်ကိစ္စပြတ်သည်။ လူ့ကျင့်ဝတ် လူ့စည်းကမ်း ဆိုသည်မှာ လူက ချမှတ်ထားခြင်း ဖြစ်သောကြောင့် မတ်တတ်ရပ် ဧည့်ခံသည့် ယဉ်ကျေးမှုဆိုသည်မှာ ပျင်းရိ အချိန်ဖြုန်းခြင်းကို မကြိုက်သော ဝန်းကျင်တွင် ထူထောင်ရန် ကြိုးစားသူတွေကလည်း ကြိုးစားနေကြသည်။

ထိုင်လုပ်မှရသော အလုပ်များ ရှိနိုင်ပါသည်။ ဧည့်ခံချိန် အပိုချိန်များကိုထိုင်ပြီး အချိန်မဖြုန်းရန် ဆိုလိုခြင်းဖြစ်ပါသည်။ မတ်တတ်ရပ်ယဉ်ကျေးမှုကို လက်ခံကျင့်သုံးနေသည့် ရုံးတစ်ရုံး ဥပမာကို ပြလိုပါသည်။ လူတစ်ယောက်က ရုံးထဲကို ဝင်လာသည်။ သင်က စားပွဲတွင် ထိုင်ပြီး စာရေးနေသည်။ သင်က သူ့ကို မထိုင်ဘဲ “ဘာကိစ္စလဲ ပြောလေ”ဟုဆိုလိုက်လျှင် သူရှိန်သွားမည်။ အကယ်၍ သူဝင်လာစဉ် ကိုယ်ကလည်း မတ်တတ်ရပ်လိုက်ပါက သူ့ကို အလေးထားရာ ရောက်သွားမည်။ တုံ့ပြန်မှုနှစ်ခုသည် အနေအထား မတူကွဲပြားသွားနိုင်ကြောင်း သတိပြုမိမည် ထင်ပါသည်။ မတ်တတ်ရပ်ပြီး ယဉ်ကျေးပြလိုက်၍လည်း ရသည်။

ရုံးတစ်ရုံးတွင် ထိုင်အစည်းအဝေးမလုပ်ဘဲ၊ မတ်တတ်ရပ် အစည်းအဝေး လုပ်သင့်သည်။ အချိန်ဖြုန်းပြီး လေကြောရှည်ကာ ကိုယ်ရေးကိုယ်တာ အပြောတွေ လျော့သွားနိုင်ပါသည်။ အစည်းအဝေးတွင် ဌာနဆိုင်ရာ အကြီးအကဲ လာသောကြောင့် မတ်တတ်ရပ်လိုက်ကြလျှင် အရိုအသေပေးရာ ရောက်သည်။ လူကြီးကို ကိုယ်က ထိုင်ပြောတော့ ရိုင်းရာ ကျသည်။ ထို့ကြောင့် အချို့သော ကုမ္ပဏီများတွင် မတ်ရပ်စားပွဲ ဝိုင်းဆွေးနွေးပွဲ၊ အစည်းအဝေးပွဲများကို ကျင်းပလာကြသည်။ အားလုံး တန်းတူညီမျှ မတ်တတ်ရပ်ကြပြီး အစည်းအဝေး လုပ်ကြလျှင် မတူခွဲခြား ကွဲပြားမှုများလည်း နည်းသွားသည်။ မတ်တတ်ရပ် လုပ်ခြင်းကပင် အချိန်မဖြုန်းရန် သတိပေးသလိုဖြစ်နေသည်။

မတ်တတ်ရပ်ခြင်းက အခြားသော အထောက်အကူ ပြုမှုတွေလည်း ရှိသေးသည်။ မတ်တတ်ရပ်ခြင်းသည် ရုပ်တုပုံစံ နေထိုင်ခြင်းဖြစ်သည်။ ဟန်ချက်ကို ထိန်းပေးရာလည်း ရောက်သည်။ အိပ်ချင်စိတ်ကိုလည်း ဖျောက်ပေးသည်။ နိုးကြားတက်ကြွရာလည်း ရောက်သည်။ တစ်ခုခုကို ဆောင်ရွက်ရန် အရှိန်ယူသည်ဆိုလျှင် ထိုင်ပြီး အရှိန်ယူခြင်းထက် မတ်တတ်ရပ်ပြီး အရှိန်ယူလိုက်ခြင်းက ပိုပြီး သက်ရောက်မှု ရှိသည်။ ထို့ကြောင့် မပျင်းလိုသော လူငယ်များ မတ်တတ်အနေ များသည်။

လူငယ်တို့ကို အကြံပြုချင်သည်။ အဘယ်ကြောင့် မတ်တတ်ချိန်ကို များများ မပေးနိုင်ရသနည်း။ ဂိမ်းစက်တွေ ကွန်ပျူတာရှေ့တွေ အကြာကြီး ထိုင်ပြီး နေမည့်အစား မတ်တတ်ချိန် များများပေးပြီး ဘဝကို လှုပ်ရှားသင့်ပြီ။

E-01


  • VIA