News

POST TYPE

ARTICLE

မကောင်းသူပယ် ကောင်းသူကယ် ပါဝါရိန်းဂျား လင်းပိုင်တစ်အုပ်
09-Jul-2017
အဟိတ်တိရစ္ဆာန်ဆိုသည်ကား အကျိုးအကြောင်းကို နားလည်နိုင်စွမ်း မရှိသော သတ္တဝါများဟု အဓိပ္ပာယ်ရပါသည်။ လူသားများလောက် အကျိုးအကြောင်းကို နားလည်ဆင်ခြင်နိုင်စွမ်း မရှိသည်မှာတော့ အမှန်ပင် ဖြစ်ပါသည်။ မည်သို့လုပ်လျှင် မည်သို့အကျိုးရှိမည်၊ မည်သို့ဆိုလျှင် မည်သို့နစ်နာသွားနိုင်သည်ကို တွက်ချက်မျှော်မြင်နိုင်စွမ်း မရှိကြပါ။ သို့သော် ယင်းသို့ မခွဲခြားတတ်ခြင်းဖြင့်ပင် ကြင်နာသနားတတ်တဲ့ စိတ်မရှိဟု ဆို၍မရပါပေ။ အချို့သော တိရစ္ဆာန်များသည် ၎င်းတို့ အသက်အန္တရာယ်ကိုပင် ရင်းနှီးကာ သခင်ဖြစ်သူ၊ သို့မဟုတ် မိတ်ဆွေဖြစ်သူတို့ ကြုံနေရသော ရန်မီးသတ္တရုကို ဖယ်ရှားပေးခဲ့ကြသည့် ဥပမာများ ရှိပါသည်။ ကိုယ့်ရဲ့ အားထုတ်ကူညီမှုများကြောင့် တစ်ပါးသူမှာ အကျိုးဖြစ်ထွန်းရခြင်းသည် ဝမ်းသာဖွယ် အလွန်ကောင်းခြင်းကြောင့် အိမ်မွေးတိရစ္ဆာန်များ၊ လုပ်ငန်းသုံး တိရစ္ဆာန်လေးများ၏ ပြောင်မြောက်သော ကူညီမှုများကို The Voice Suday ပရိသတ်အား မျှဝေပေးလိုက်ပါသည်။

ခွန်အားကြီးတဲ့ သတ္တဝါကြီးတွေရဲ့ ရန်ကနေ လူသားတွေကို ကယ်တင်တဲ့ ပါဝါရိန်းဂျား ဇာတ်လမ်းတွဲတွေကို ငယ်ငယ်က ကြည့်ဖူးကြမည်။ ယခုအဖြစ်အပျက်တွင် ပါဝင်သည့် လင်းပိုင်တစ်အုပ်သည်လည်း အဆိုပါ ပါဝါရိန်းဂျားများကဲ့သို့ပင် စွန့်စားတိုက်ခိုက်ပြီး လူ့အသက်ကို ကယ်ကြပါသည်။ ကယ်လီဖိုးနီးယားဒေသတွင် ရေလွှာလျှောစီးသူ တော့ဒ်အန်းဒရစ်စ်သည် ရေလှိုင်းကြမ်းရာ ကမ်းခြေတွင် ရေလွှာလျှောစီးခြင်း အားကစားကို ပြုလုပ်နေစဉ် ငမန်းကြီးတစ်ကောင် ရောက်လာခဲ့ပြီး ကိုက်ဖြတ်တိုက်ခိုက်ခဲ့ပါသည်။ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတဲ့ အန်းဒရစ်စ်ဟာ ကားတစ်စီးကို ပြန်လည်တိုက်ခိုက်ရသလိုပဲလို့ ပြန်ပြောင်းပြောပြခဲ့သည်။ ဒဏ်ရာရသွားသော  အန်းဒရစ်စ်ဘက်သို့ ငါးမန်းကြီး ပြန်ကူးခတ်လာလေပြီ။ ဒီတစ်ချီတော့ သူတောင့်ခံနိုင်ရန် မလွယ်တော့ပေ။ ရုတ်တရက် ဘယ်ကပေါ်လာမှန်း မသိသော လင်းပိုင်အုပ်ကြီးက အန်းဒရစ်စ်ကို ဝိုင်းကာထားကြသည်။ လင်းပိုင်တံတိုင်းဖြင့် ငါးမန်းကြီးကို အန်းဒရစ်စ်နား မကပ်နိုင်ရန် ကာထားသည့် သဘောဖြစ်သည်။ ငါးမန်းကြီးလည်း ဘာမှမတတ်နိုင်တော့ပေ။ အန်းဒရစ်စ်နှင့် သူငယ်ချင်းများ ကမ်းခြေသို့ ပြန်ကူးလာနိုင်ခဲ့သည်။ တကယ့်ပါဝါရိန်းဂျားများ ဖြစ်ကြပါပေသည်။