News

POST TYPE

ARTICLE

မစ္စတာခန်းနှင့် သမီးငယ်လေး
09-Jul-2017
အဟိတ်တိရစ္ဆာန်ဆိုသည်ကား အကျိုးအကြောင်းကို နားလည်နိုင်စွမ်း မရှိသော သတ္တဝါများဟု အဓိပ္ပာယ်ရပါသည်။ လူသားများလောက် အကျိုးအကြောင်းကို နားလည်ဆင်ခြင်နိုင်စွမ်း မရှိသည်မှာတော့ အမှန်ပင် ဖြစ်ပါသည်။ မည်သို့လုပ်လျှင် မည်သို့အကျိုးရှိမည်၊ မည်သို့ဆိုလျှင် မည်သို့နစ်နာသွားနိုင်သည်ကို တွက်ချက်မျှော်မြင်နိုင်စွမ်း မရှိကြပါ။ သို့သော် ယင်းသို့ မခွဲခြားတတ်ခြင်းဖြင့်ပင် ကြင်နာသနားတတ်တဲ့ စိတ်မရှိဟု ဆို၍မရပါပေ။ အချို့သော တိရစ္ဆာန်များသည် ၎င်းတို့ အသက်အန္တရာယ်ကိုပင် ရင်းနှီးကာ သခင်ဖြစ်သူ၊ သို့မဟုတ် မိတ်ဆွေဖြစ်သူတို့ ကြုံနေရသော ရန်မီးသတ္တရုကို ဖယ်ရှားပေးခဲ့ကြသည့် ဥပမာများ ရှိပါသည်။ ကိုယ့်ရဲ့ အားထုတ်ကူညီမှုများကြောင့် တစ်ပါးသူမှာ အကျိုးဖြစ်ထွန်းရခြင်းသည် ဝမ်းသာဖွယ် အလွန်ကောင်းခြင်းကြောင့် အိမ်မွေးတိရစ္ဆာန်များ၊ လုပ်ငန်းသုံး တိရစ္ဆာန်လေးများ၏ ပြောင်မြောက်သော ကူညီမှုများကို The Voice Suday ပရိသတ်အား မျှဝေပေးလိုက်ပါသည်။

သြစတြေးလျနိုင်ငံက အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။ ခန်းလို့အမည်ရတဲ့ ဒိုဘာမင်ခွေးကြီးဟာ သူ့မိသားစုအသစ်ကို ရောက်တာ ရက်အနည်းငယ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ရောက်ရောက်ချင်း ရက်ပိုင်းမှာပဲ မိသားစုဝင်တွေထဲက ရှားလော့လို့ အမည်ရတဲ့ ကလေးမ ပေါက်စနလေးရဲ့ အသက်ကို ကယ်တင်ခဲ့သည်။ မစ္စတာခန်းနှင့် ရှားလော့တို့ ခြံဝင်းထဲ ကစားနေကြသည်ကို ရှားလော့၏ မိခင်ကက်သရင်း လှမ်းကြည့်နေရင်း အသက်ရှူရပ်လောက်အောင် ကြောက်စရာကောင်းသည့် ဖြစ်ရပ်တစ်ခုကို မြင်လိုက်ရသည်။ 

ခွေးထွားကြီးခန်းသည် သမီးလေးရှိရာဘက်သို့ ရုတ်တရက်ကြီး ဒေါသခြောင်းခြောင်းထွက် ရန်မူသောကြောင့် ဖြစ်သည်။ သမီးလေးရဲ့ အောက်ခံဘောင်းဘီ ကိုက်ပြီး သူ့နောက်သို့ စွေ့ခနဲ ရွှေ့လိုက်သည့်အခါ မိခင်ဖြစ်သူ ကက်သရင်း ပိုလန့်သွားခဲ့သည်။ ရှားလော့တစ်ယောက် အဆင်ပြေသွားပြီဆိုတော့ ခန်းကို မြွေဟောက်မျိုးနွယ်ဝင် မြွေတစ်ကောင်က ကိုက်လိုက်သည်ကို တွေ့လိုက်ရပါသည်။ ထိုမြွေသည် ကနဦးက ရှားလော့နှင့် လက်မအနည်းငယ်သာ ကွာသည့် အနေအထားဖြစ်သည်။ အကယ်၍ မြွေသည် ရှားလော့လေးကို ကိုက်လိုက်ပါလျှင် ကလေးငယ်လေးအဖို့ ထိုမျှပြင်းသော အဆိပ်ကို ခံနိုင်ဖို့လမ်း မမြင်ပါ။ ခန်းက အလွန်လျင်မြန်စွာ သမီးကို ပြေးသုတ်ပြီး ဆွဲထုတ်ခဲ့ခြင်း ဖြစ်သည်။ မစ္စတာခန်း မြွေကိုက်ခံလိုက်ရသော်လည်း မသေခဲ့ပါ။ အချိန်မီ မြွေဆိပ်ဖြေဆေး ရသွားသည်။ သူလည်း အသက်ရှင်ပါသည်။