News

POST TYPE

ARTICLE

ပြည်တော်ဝင်
09-Jul-2017
မြန်မာတွေ ပြည်တော်ပြန်ပြီ။ 
ပျော်စရာကြီး။ 

ရပ်ဝေးမြေခြားမှာ သွားနေရတာ။ ဘယ်လောက်စိတ်ပျက်စရာ ကောင်းတုံး။ သူတို့တွေမှာ မွေးရပ်မြေကို ပြန်ချင်ကြပေမည်။ သို့သော် မပြန်ကြရ။ သားကျွေးမှု မယားကျွေးမှုတွေနှင့်။ 

အခုတော့ ပြန်လာကြပြီ။ ဘယ်လောက်ဝမ်းသာကြမတုံး။ မြန်မာတွေကား မွေးရပ်မြေကို ချစ်သည်။ ခရီးသွားရင်တောင် ခရီးမှာမပျော်။ ဇာတိကို လွမ်းဆွတ်ကြသည်။ 

အခုလို နိုင်ငံရပ်ခြားမှာ သွားနေရတော့ ပိုဆိုးသည်။ ကိုယ့်တိုင်းပြည်ကို သတိရသည်။ နေ့စဉ်နှင့်အမျှ ပြန်ချင်မည်။ သို့သော်လည်း အထက်က ဆိုခဲ့သလို ငွေရှာရမည်။ အိမ်ကို ပိုက်ဆံပို့ရမည်။ 

မဟုတ်ရင် ဘယ်လိုစားမလဲ။ လယ်တွေကလည်း ရှိတော့တာ မဟုတ်။ ယာတွေကလည်း ကုန်ပြီ။ တောတွေကလည်း ပြောင်။ စက်ရုံတွေကလည်း ရှိသေးတာ မဟုတ်။ 

ဒါကြောင့် မြန်မာပြည်ကို ပြန်လာရင် စားဝတ်နေရေးခက်မည်။ ငတ်လို့သေတဲ့မသာ မရှိဘူးလို့ ဘယ်လိုပင် ပြောသော်လည်း ငတ်ရင်ကား ဘယ်သူကျွေးမှန်းမသိ။ ဘုန်းကြီးကျောင်း တက်စားရအောင်လည်း ဘုန်းကြီးက စေတနာရှိဦးမှ။ 

သို့အတွက် နိုင်ငံရပ်ခြားမှာ မနေချင်ဘဲ နေရသည်။ မလုပ်ချင်ဘဲ လုပ်ရသည်။ နိုင်ငံခြားသားတွေရဲ့ အနှိပ်ကို ခံရသည်။ နိုင်ငံခြားရဲတွေရဲ့ အရစ်ကို ခံရ။ အဖမ်းကို ခံရ။ နှိပ်စက်တာကို ခံကြရသည်။ 

အခုတော့ အဲ့ဘဝတွေက လွတ်မြောက်တော့မည်။ ပြည်တော်ပြန်ကြပြီ။ 

အဲ့တော့ မန္တလေးသားတွေ အမြဲဆိုသည့် ပြည်တော်ဝင် သီချင်းကိုတောင် သတိရသည်။ 

ဒုတိယကမ္ဘာစစ်ပြီးတော့ စစ်ကိုင်းမှ ပြန်လာသော မန္တလေးသားတွေကို ကြိုဆိုသည့်သီချင်း။ 

ဘာတဲ့ 

“အခါတော်ရောက်ချိန် နီးလို့လာပေ...။ ဒေါ်ဒေါ် မမနှမတို့ရေ အသည်းစွဲ ချစ်မိတ်ဆွေ ခေတ္တခွဲလို့နေ...။ မြို့မနဲ့အတူတကွ လိုက်ပါမယ်လေ။ အောင်စည်ရွှမ်းသံ ကြားပြီထင့် ပြည်တော်ဝင်မယ်လေ... xxxxxx အရင်လို ပျော်ပျော်ရွှင်ရွှင်နေ...” ဆိုလား...။ 

အခု မြန်မာတွေ ပြန်လာတာ ထိုင်းကဆိုတော့ ပြည်တော်ဝင်သီချင်းနဲ့ ပိုလို့တောင်ကိုက်သေး။  မြဝတီနယ်စပ်နဲ့ ကော့သောင်းဘက်တွေမှာ ပြည်တော်ဝင်သီချင်း ဖွင့်လို့တောင် ကြိုသင့်သည်။ 

ဘာပဲဖြစ်ဖြစ် အရင်တုန်းက စကားတွေ သတိရသည်။ ရွေးကောက်ပွဲပြီးခါစက ဖြစ်သည်။ အစိုးရသစ်တက်ရင် နိုင်ငံခြားက မြန်မာတွေ ပြန်လာမည်။ ဦးနှောက်ယိုစီးမှု မဖြစ်တော့။ မြန်မာတွေ ပြန်လာရင် အဲ့နိုင်ငံတွေ ဒုက္ခရောက်မည်။ အလုပ်လုပ်မယ့်လူ မရှိတော့လို့...။ စသည်ဖြင့်...။ 

တကယ်ကို မှန်သည်။ အစိုးရသစ်တက်ပြီး တစ်နှစ်ကျော်အကြာမှာ ထိုင်းက မြန်မာတွေ ပြန်လာပြီ။ ဟိုနိုင်ငံ ဒုက္ခရောက်ကျန်ခဲ့သလား မကျန်လားတော့ မသိရသေး။ လောလောဆယ်တော့ ပြည်တော်ပြန်တွေ ဒုက္ခရောက်နေသည်။ ဒုက္ခရောက်လို့တောင် အဖွဲ့အစည်းတွေက ကူညီနေရသတဲ့။ ဘာပဲဖြစ်ဖြစ် အစိုးရသစ်လက်ထက်မှာ မြန်မာတွေ ပြည်တော်ပြန်တာတော့ အမှန်။ နောက်လည်း မလေးရှားရောက် မြန်မာတွေ ပြန်လာဖို့ ရှိသေးသည်။ 

ထိုင်းက ပြန်လာကြတာက ထိုင်းအလုပ်သမား ဥပဒေအသစ်ကြောင့်။ မလေးမှာလည်း အထောက်အထားမဲ့တွေကို လိုက်ဖမ်းမည် ကြားရသည်။ 

ကောင်းပါသည်။ နို့မို့ဆို ပြန်ချင်တိုင်း မပြန်ရ။ အခုတော့ အဆင်သင့် လိုက်လေခြင်း။ ဇာတိကို ပြန်ရပြီ။ အိမ်မှာ အလွမ်းဖြေကြမည်။ ပျော်ပျော်ပါးပါး ချက်ပြုတ်စားသောက်ကြမည်။ 

အဲ... ပြီးရင်ရော....။ 
ပြီးရင် ဘာလုပ်စားမလဲ...။ 

ဟိုမှာတုန်းကတော့ အလုပ်ရှိသေးသည်။ ပိုက်ဆံရနိုင်သေးသည်။ ဒီမှာရော....။ ဘာသွားလုပ်မလဲ...။ 

လယ်တွေ၊ ယာတွေ၊ ချောင်းတွေ၊ မြောင်းတွေကလည်း ရှိတော့တာ မဟုတ်။ စက်ရုံတွေကလည်း ရှိတာမဟုတ်။ အရောင်းအဝယ် လုပ်ရအောင်လည်း မလွယ်။ 

စိတ်မပူပါနှင့်။ သက်ဆိုင်သူတွေက ကြိုတွေးပြီးသား ဖြစ်သည်။ ဒါကြောင့် ပြည်တော်ပြန်တွေအတွက် အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးထားသည်။

ဒါပေမဲ့ ဒီနိုင်ငံထဲမှာတော့ မဟုတ်။ သို့သော် အရင်လို ထိုင်းလောက် မလေးရှားလောက် နိုင်ငံတွေမှာ လုပ်နေစရာ မလိုတော့...။ အစိုးရ ကိုယ်တိုင်ကလည်း စင်ကာပူကို တရားဝင ်အိမ်ဖော်တွေပို့ဖို့ ညှိနှိုင်းထားသည်။ ဟောင်ကောင်တို့ ဘာတို့ဘက်ကိုလည်း အိမ်ဖော်တွေပို့မည် ကြားထားသည်။ ဒီတော့ ထိုင်းတို့၊ မလေးရှားတို့ထက် အဆင့်မြင့်သွားတာတော့ အမှန်ပင်။ 

အဲ့လို အိမ်ဖော်မလုပ်ချင်သူတွေ အတွက်လည်း သက်ဆိုင်သူများက စီစဉ်ထားပြန်သည်။ ဒီတစ်ခါတော့ အာဆီယံလောက် မစဉ်းစားတော့။ အာဖရိကဘက်ကို လှည့်ပြီ။ 

အီသီယိုးပီးယားတို့၊ ဂါနာတို့မှာလည်း အလုပ်သမားတွေ လိုနေသည်။ ဒါကြောင့် အာဖရိကကို ပျော်ပျော်ပါးပါး သွားကြမည်။ မရောက်ဖူးသည့်နေရာ ဆိုတော့ ကောင်းမှာ သေချာသည်။ အာဆီယံကကောင်တွေ ဒုက္ခရောက်ကျန်ခဲ့ပေရော့...။ 

စိုပြေ