News

POST TYPE

ARTICLE

မှေးမှိန်ပျောက်ကွယ်လာသည့် ဝါဆိုပန်းခူးဓလေ့
09-Jul-2017
မြန်မာနိုင်ငံအောက်ပိုင်း ဒေသများအတွင်း ရှေးနှစ်ပေါင်းများစွာက ရှိခဲ့သော ဝါဆိုပန်းခူးသည့် ရိုးရာဓလေ့ထုံးစံသည် ယခုအခါ နေရာဒေသအချို့တွင် တဖြည်းဖြည်း ပျောက်ကွယ်စ ပြုလာပြီ ဖြစ်သည်။

သို့သော် ကျေးလက်ဒေသအချို့တွင် ထိုဓလေ့ ထုံးစံကား ရှိနေသော်လည်း ဘယ်လောက်အတိုင်းအတာထိ ထိုရိုးရာဓလေ့ ရှင်သန်ကျန်ရစ်နေသည်ကိုကား မည်သူမျှ သေသေချာချာ မသိကြ။

အထူးသဖြင့် ယနေ့ မြန်မာလူငယ်ထုသည် မိမိတို့ ရိုးရာဓလေ့ထုံးစံများပေါ် စိတ်ဝင်စားမှု နည်းလာခြင်းကလည်း ထိုဓလေ့တို့ကို မှေးမှိန်ပျောက်ကွယ်လာစေခြင်း၏ အဓိက အကြောင်းရင်း တစ်ရပ်ဟုလည်း သုံးသပ်မှုတွေ ရှိနေသည်။

ဝါဆိုပန်းခူးဓလေ့ဟု ဆိုလိုက်လျှင် မြန်မာနိုင်ငံအောက်ပိုင်းတွင် နေကြသည့် အသက် ၆၀ တန်း လူကြီးများ အမှတ်တရ ပြန်ပြောင်းပြောဆိုမှုကိုသာ လူငယ်တွေက သိခွင့်ရကြသည်။

နှစ်စဉ် ဝါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် မြစ်ချောင်းများဘေးက တောပန်းများကို လူစုလူဝေးဖြင့် ပန်းခူးထွက်ကြပြီး ဗုဒ္ဓမြတ်စွာကို ကပ်လှူသည့် ဓလေ့သည် ဗမာလူမျိုးများ သာမက မွန်၊ ရခိုင် စသည် တိုင်းရင်းသားတို့တွင်လည်း ဓလေ့ထုံးစံ ရှိကြသည်။

“ဝါဆိုပန်းခူးထွက်တာ ပျော်စရာ သိပ်ကောင်းတယ်။ ကိုယ်နေတဲ့ မြို့နဲ့ ရွာနဲ့ နီးစပ်ရာ တောတန်းလေးတွေ အချို့လည်း ချောင်းရိုးလေးတွေတစ်လျှောက် ကိုယ့်အဖွဲ့နဲ့ကိုယ် ဝါဆိုပန်းခူး ထွက်ကြတာ တောတန်းထဲမယ်၊ ချောင်းရိုးထဲမယ် ကိုယ်တို့လို ဝါဆိုပန်းခူးတဲ့ သူတွေနဲ့ ဆုံကြတယ်။ နောက်ကျ ပြောင်ကြနဲ့ ရန်ဖြစ်တာမျိုးတော့ မရှိခဲ့ကြဘူး၊ ပန်းလေးတွေခူးမယ် အပြန်မှာ လမ်းတစ်လျှောက်တွေ့တဲ့ စေတီဘုရားတွေမှာ ကပ်လှူမယ့်စိတ်ပဲ ရှိကြတာ” ဟု ပုသိမ်မြို့သူ အသက် ၄၅ နှစ် အရွယ်ရှိ ဒေါ်စိုးစိုးအေးက ဆိုသည်။

မြန်မာတို့၏ ၁၂ လရာသီ ကာလတွင် ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်များအတွက် အထူးခြားဆုံးလ ဖြစ်သည်။ ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေယူသောနေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မစကြာ တရားဦး ဟောတော်မူသောနေ့နှင့် တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့တို့သည် ဝါဆိုလပြည့်နေ့ ဖြစ်သဖြင့် နေ့ထူးနေ့မြတ်များ စုဝေးရာလလည်း ဖြစ်သည်။

ဝါဆိုလပြည်နေ့တွင် ဥပုသ်သီလ ဆောက်တည်ခြင်း၊ ကုသိုလ်ကောင်းမှု ပြုခြင်းများ လုပ်ဆောင်သည်။ ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ပြီးနောက် ဝါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် ဗုဒ္ဓဘာသာဝင်  မြို့ပြနေထိုင်သူများ၊ ကျေးလက်တွင် နေထိုင်သူများ နီးစပ်ရာ စုဖွဲ့ကာ ဝါဆိုပန်းခူး ထွက်ကြသည့်ဓလေ့ ရှိသည်။

ဝါဆိုပန်းခူးရာတွင် ဝါဆိုလတွင်ပွင့်သော ပုန်းညက်၊ မြတ်လေး၊ ခတ္တာ၊ စံပယ်၊ ဇွန်၊ ဇီဇဝါ၊ ပုဏ္ဍားရိပ်၊ ခရာဆူး စသဖြင့် ပန်းမျိုးစုံ အရောင်အသွေးစုံ ရနံ့စုံသည့် ပန်းများသည် ကျေးလက်တောတန်း လျှိုမြောင် တောင်ရိုး ချောင်းငယ် မြစ်နံဘေး မြို့ပြရပ်ကွက်များတွင် လမ်းနံဘေးမကျန် ပန်းကလေးများ ဖူးပွင့်ကြသည်။ ယင်းပန်းများကို ခူးယူကာ ဘုရားကျောင်းကန်နှင့် ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ကပ်လှူကြသည်။

ဝါဆိုပန်းခူးဓလေ့ကို မွန်၊ ဧရာဝတီ၊ ပဲခူး၊ ရခိုင်၊ စစ်ကိုင်းတို့ရှိ ရေနှင့်နီးသော နေရာဒေသများတွင်   လုပ်ဆောင်လေ့ ရှိသည်။ သို့သော် ဝါဆိုပန်းခူးဓလေ့မှာ ဆယ်စုတစ်ခုအကြာတွင် တဖြည်းဖြည်း နည်းပါးကာ ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။၏

“ကြားတော့ကြားဖူးတယ် အမေတို့ ပြန်ပြောပြလို့ အခု အဲဒီဓလေ့ ကြည့်ချင်ရင်တောင် ဘယ်သွားကြည့်ရမယ် မသိဘူး” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၂၀ အရွယ် မဆုမွန်အောင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ဝါဆိုပန်းခူး ထွက်သည်မှာ သာပေါင်း၊ ကျုံပျော်၊ လေးမျက်နှာ၊ ဖျာပုံ၊ ငပုတော၊ အိမ်မဲ၊ ပုသိမ်၊ မအူပင်၊ ကျိုက်လတ် စသည့် မြို့နယ်များရှိ ကျေးရှာအချို့တွင် ရှိနေသေးသည်။

ဝါဆိုပန်းခူးထွက်မည့်ဒေသ (နေရာ) ကို ရွေးချယ်ရာ၌ ခရီးလမ်းတစ်လျှောက်နှင့် တောတန်းချောင်းငယ် တောင်ကုန်း လျှိုမြောင်ငယ် စသည့် ပန်းများပွင့်သည့် နေရာဒေသကို ရွေးချယ်ကြသည်။ စတည်းချ (စခန်းချ) ခေတ္တတည်းခိုရန်အတွက် ပန်းခူးထွက်မည့် လမ်းတစ်လျှောက် စေတီကျောင်းနှင့် ဇရပ်ရှိရာဒေသတို့ကို ရွေးချယ်လေ့ ရှိကြသည်။

ဝါဆိုလပြည့်ကျော်တစ်ရက် နံနက်စောစောတွင် ပန်းခူးထွက်ကြမည်ဖြစ်ရာ နံနက်အဆာပြေစားရန်နှင့် နေ့လယ်စာအတွက် အစားအသောက်များ ကြိုတင်ချက်ပြုတ်ခြင်း၊ အချို့က မြန်မာမုန့်ပဲ သရေစာများကို ပြုလုပ်ကာ ပျော်ပွဲစားထွက်သကဲ့သို့ပင်  ယူဆောင်ကာ ပန်းခူးထွက်ကြသည်။

“ခုတော့ ပန်းခူးမထွက်ကြတာ နှစ် ၂၀ လောက် ဖြစ်နေပါပြီ။ အရင်ကလို တောတန်းတွေလည်း မရှိတော့ဘူး။ အဲဒီနေရာမှာ အဆောက်အအုံ ဖြစ်နေကြပြီ။ ပန်းစိုက်သမားတွေ၊ ပန်းသည်တွေဆီက ပန်းဝယ်ပြီး စေတီမှာ လှူကြတာမျိုး ဖြစ်လာတယ်။ ပန်းခူးတာလို ပျော်စရာ မကောင်းတော့ဘူးပေါ့” ဟု ပုသိမ်ဒေသခံတစ်ဦးက ပြောသည်။

ဝါဆိုလပြည့်နေ့သည် ဘာသာရေးဆိုင်ရာ အစိုးရ ရုံးပိတ်ရက် ဖြစ်သော်လည်း ဝါဆိုလပြည့်ကျော် ၁ ရက်နေ့သည် အစိုးရ ရုံးပိတ်ရက် မဟုတ်သဖြင့် အစိုးရရုံး ပိတ်ရက် စနေ၊ တနင်္ဂနွေကဲ့သို့ နေ့မျိုးနှင့် တိုက်ဆိုင်ပါက အချို့အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အစိုးရ ရုံးဌာနများမှ ဝန်ထမ်းများလည်း အစုအဖွဲ့များဖြင့် ဝါဆိုပန်းခူးထွက်လေ့ ရှိသည်။

ဆွေမျိုး မိသားစုအလိုက် လည်းကောင်း၊ သူငယ်ချင်း မိတ်ဆွေအချင်းချင်း စုဖွဲ့၍ လည်းကောင်း ဝါဆို ပန်းခူးထွက်ကြသည်။ ဆွေမျိုး မိသားစုအလိုက် ဝါဆိုပန်းခူးထွက်သည့်အခါ မိသားစု၏ အကြီးအကဲဖြစ်သူများက ဦးဆောင်သည်။ ရုံးဌာနများတွင် ဌာနအကြီးအကဲ တာဝန်ရှိသူတစ်ဦးဦးက ဦးဆောင်သည်။ ကျေးရွာများတွင်မူ ကာလသားခေါင်းဆောင် ကာလသမီး ခေါင်းဆောင်တို့က ဆော်သြ ဦးဆောင်ကြသည်။

ဝါဆိုပန်းခူးရန် ယခင်လို တောတန်း၊ တောင်ကုန်းများ မရှိခြင်း၊ ချောင်းများကောခြင်းကြောင့် ခူးစရာပန်းပင် မရှိသလောက် ဖြစ်နေကြောင်း ပုသိမ်ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိအထိ ကျေးလက်ဒေသများတွင် ကျေးလက် လူငယ်လူရွယ် အမျိုးသား အမျိုးသမီး ပေါင်းစု၍ ဝါဆို ပန်းခူးထွက်ကြသည့် ဓလေ့များ ရှိနေကြသေးသည်။ အချို့ဒေသတွင် ရွာနှင့်နီးစပ်ရာ တောတန်းများသို့ လူစု၍ ခြေလျင်သွားကာ အလေ့ကျပွင့်နေသည့် တောပန်းလေးများကို ခူးကြသည်။ 
ခူးပြီးသော ပန်းများကို တောလမ်းတစ်လျှောက် ဖူးမြင်ရသည့် တောတောင်များ စေတီပုထိုးများ၊ ဘုန်းတော်ကြီးများတွင် ပန်းကပ်ခြင်း၊ အချို့ဒေသများတွင် လှေများဖြင့် စုဖွဲ့ကာ ချောင်းရိုးတစ်လျှောက် ကမ်းစပ်နံဘေးတွင် အလေ့ကျပွင့်သော ပန်းများကို ခူးကာ လှေဦးအကန့်တွင် အလေးအမြတ်ထား၍ သယ်ဆောင်ကြသည်။

ချောင်းရိုးတစ်လျှောက် ကမ်းနံဘေးနှင့် ရွာများရှိ စေတီပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် ခူးထားသည့် ပန်းများကို ကပ်လှူကြသည်။

“အရင်တုန်းက လှေနဲ့ ခြေလျင် စုဝေးပြီး ဝါဆို ပန်းခူးထွက်ကြတာပါ။ ခုတော့ တောလမ်းကို ဆိုင်ကယ်တွေနဲ့ ပန်းခူးထွက်ကြပြီး ချောင်းထဲ ပန်းခူးထွက်တာတော့ စက်တပ်လှေလေးတွေနဲ့ ထွက်ကြတယ်၊ အရင်တုန်းကလည်း ပျော်စရာကောင်းတယ်။ ခုလည်း ပျော်စရာကောင်းတယ်။ ကြိုတင်ချက်ပြုတ်ယူလာတဲ့ အစားအစာတွေကို စုပေါင်းဝေငှစားကြတယ်၊ ဒါကို ဝါဆိုမုန့် ဝါဆိုထမင်းလို့ ပြောကြတယ်” ဟု နှစ်စဉ်မပျက် ဝါဆို ပန်းခူးထွက်ကြသည့်ဓလေ့ ရှိသော သာပေါင်းမြို့နယ် ဘုရားကုန်းကျေးရွာမှ ဦးလှမြင့်ခိုင်က ဆိုသည်။

ဧရာဝတီတိုင်း မအူပင်မြို့နယ်ရှိ ကျေးရွာအချို့တွင် လှေဖြင့် ဝါဆိုပန်းခူးထွက်ကြသည်။ ပန်းခူးရာတွင် ရွာရှိအပျိုကြီးများက လှေကိုပဲ့ကိုင်မောင်းနှင်ရပြီး လှေနှစ်စင်းအပြိုင် ပန်းများကို ခူးဆွတ်ရသည်။ ချောင်းရိုးတစ်လျှောက် ပေါက်နေသည့် ပန်းများကို ကြည့်သူကကြည့် လှေလှော်သူကလှော်၊ ပန်းချိုးသူကချိုးနှင့် ကိုယ့်တာဝန် ကိုယ်ယူကာ သူ့ထက်ငါ ပန်းလှေကြီး ဖြစ်အောင် အပြိုင်ခူးဆွတ်ကြသည်။

ခူးဆွတ်လာသည့် ပန်းများကို သယ်ယူရန် တာဝန်မှာ လူပျိုကာလသားများ၏ တာဝန်ဖြစ်ပြီး မိမိကြိုက်နှစ်သက်သော မိန်းကလေးများထံမှ ပန်းများကို စောင့်ဆိုင်းသယ်ယူကြသည်။ ကာလသားများက ပန်းများကို ရွာဦးကျောင်းသို့ သယ်ယူကြချိန်တွင် ကာလသမီးပျိုများက အိမ်တွင် အလှပြင်ခြင်းများကို ပြုလုပ်ကြသည်။ ညနေစောင်းတွင် ဘုန်းကြီးကျောင်းတွင် ပန်းများကို ပန်းအိုးထိုးခြင်း၊ နေရာချခြင်း၊ ဝါဆိုဖယောင်းတိုင်များ ထွန်းညှိခြင်းများဖြင့် ကုသိုလ်ယူကာ တရားတော်များကို နာယူကြသည်။

ဝါဆိုပန်းခူးထွက်သည့် ဓလေ့ကား မြို့ပြနေထိုင်သူတို့နှင့် မြို့ဆန်လာသော ရွာကြီးများတွင် တစ်တစ်စ ကွယ်ပျောက်လာပြီး ဝါဆိုသင်္ကန်း စုပေါင်းကပ်လှူသည့်ဓလေ့ ပိုမိုထွန်းကားလာသည်ကို တွေ့ရသည်။ အလေ့ကျပေါက်သောပန်းများ ခူးယူရရှိနိုင်သည့် တောတန်းငယ် ချောင်းငယ်များ သဘာဝအခြေအနေများ လျော့ပါးသွားသောကြောင့်လည်း ဖြစ်သည်။

ပုသိမ်မြို့နယ်နှင့် ငပုတောမြို့နယ်ရှိ ပင်လယ်ကမ်းခြေ ကျေးရွာများတွင် ဝါဆိုလှိုင်းခုန်ခြင်း ဓလေ့ ရှိခဲ့သည့် ဝါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် ဒေသခံများ၊ ရပ်သူရပ်သား၊ ကျောင်းသား ကျောင်းသူများ အစုအဝေးဖြင့် ရောက်ရှိလာကာ ပင်လယ်ရေလှိုင်းများအကြား ရေကစားကြခြင်း၊ စုပေါင်းဝိုင်းဖွဲ့ စားသောက်ကြကာ ပျော်ပွဲရွှင်ပွဲလုပ်ကြခြင်း ဖြစ်သည်။

“ကျောင်းဆင်းချိန်မှာ ဆရာ၊ ဆရာမတွေက ကြီးကြပ်ပြီး ကမ်းခြေဆင်းကြပါတယ်။ ရွာထဲ လူတွေလည်း အစုအဝေးနဲ့ လာကြပါတယ်။ ကမ်းခြေမှာ လူတွေအများကြီးနဲ့ ပျော်စရာ အရမ်းကောင်းပါ။ ရွာတွေမှာက ကိုယ့်အလုပ်နဲ့ကိုယ် လုပ်ကိုင်နေကြတော့ ဒီလိုအချိန်မျိုးမှ လူစုံတွေ့ကြရတာ၊ ဒီဓလေ့က ဘာရည်ရွယ်ချက်နဲ့ ဖြစ်ပေါ်လာသလဲတော့ မသိဘူး။ ပျော်စရာကောင်းတယ်။ ရွာသူရွာသားတွေ ရင်းနှီးမှုက ပိုပြီး ခိုင်မာမှု ရှိလာတာ တွေ့ရတယ်” ဟု ငပုတောမြို့နယ် ဘုန်းတော်ပစ် ကျောက်ကလပ်ရွာသား ဦးမိုးကျော်က ပြောသည်။

သို့သော် ၂၀၀၈ နာဂစ်မုန်တိုင်း ကာလက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေဒေသများမှာ မုန်တိုင်းဒီရေ၏ဒဏ်ကို ရွာလုံးကျွတ် ပျောက်ကွယ်ခဲ့ကြသည့်အထိ အပြင်းအထန် ခံစားရပြီး နောက်ပိုင်းကာလများတွင် ထိုဒေသများရှိ ဝါဆိုလှိုင်းခုန်သည့် ဓလေ့လည်း မရှိသလောက်ပင် ပျောက်ကွယ်နေပြီ ဖြစ်သည်။

အလားတူ မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့နှင့် အခြားသော မြို့နယ်များရှိ ကျေးရွာများတွင် ဝါဆိုပန်းခူးထွက်ကာ ဘုရားနှင့် ဘုန်းကြီးကျောင်းများတွင် လှူဒါန်းကြသည့် ဓလေ့များ ရှိသည်။

ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ကို ဝါဆိုပန်းခူးနေ့ဟု သတ်မှတ်ပြီး ဝါဆိုပန်းခူးသည့် ဓလေ့မှာ မွန်လူမျိုးတို့၏ ရိုးရာဓလေ့တစ်ခု ဖြစ်သည်။ မော်လမြိုင်မြို့ရှိ လူငယ်များသည် လပြည့်ကျော် တစ်ရက်နေ့ နံနက်ပိုင်းတွင် မိသားစုအလိုက်၊ သူငယ်ချင်းများ၊ ချစ်သူစုံတွဲများ၊ ရပ်ကွက်ကျေးရွာ အသီးသီးမှ အပျိုလူပျိုများ စုဝေးကာ တောင်ဝိုင်းတောင်တွင် ဝါဆိုပန်းခူးထွက်လေ့ ရှိသည်။ 

ဝါဆိုပန်းခူးဓလေ့ကို မွန်ပြည်နယ်၏ အခြားသော မြို့ရွာများတွင်လည်း လူငယ်အပျိုလူပျို ကာလသားများက စုပေါင်းလုပ်ဆောင်ကြသည်။ 

ကိုယ်စီမော်တော်ကားများ၊ ဆိုင်ကယ်များဖြင့် တောင်ဝိုင်းတောင်သို့ သွားကာ အလေ့ကျ ပေါက်ရှိသော ပန်းမန်များကို ဆွတ်ခူးကြသည်။ အလေ့ကျ ပေါက်နေသည့် ကောင်းနိုးရာရာ ပန်းများကို ဆွတ်ခူးကြပြီး ညနေပိုင်းတွင် တောင်ဝိုင်းတောင်ရှိ ဗုဒ္ဓဝင်ဘုရားနှင့် တောင်ရိုးတန်းရှိ စေတီပုထိုးများတွင် ကပ်လှူပူဇော်ခြင်း၊ ရရှိလာသော ပန်းများကို ကျေးရွာရှိ ဘုန်းကြီးကျောင်းများကို ကပ်လှူကာ ကျောင်းထိုင်ဆရာတော်များက ဝါဆိုခြင်းကို ပြုလုပ်ကြသည်။

ယခင်က မွန်ပြည်နယ်ရှိ ကျေးရွာတိုင်းမှ လူငယ်များအကြား ဝါဆိုပန်းခူးသောဓလေ့ လုပ်ဆောင်လေ့ ရှိသော်လည်း လွန်ခဲ့သော ၁၅ နှစ်မှ စတင်ကာ နည်းပါး သွားကြောင်း ရေးမြို့နယ် အယုတောင်ကျေးရွာမှ နိုင်အောင်ဇနက ပြောသည်။

“သံဃာတော်တွေ စပြီး ဝါဝင်တဲ့နေ့မှာ လူကြီးလူငယ်တွေ အားလုံး ဘုန်းကြီးကျောင်းသွားပြီး ဝါဝင်မယ့် သံဃာတွေကို ဝါဆိုပန်းတွေနဲ့ ပူဇော်ကြတယ်။ ဒါက မွန်တွေရဲ့ ချစ်စရာ ရိုးရာဓလေ့ တစ်ခုပါပဲ။ အခုထိ အချို့ကျေးရွာတွေမှာ ဒီဓလေ့တွေ ရှိနေပါသေးတယ်” ဟု ၎င်းက ဆိုသည်။

ဝါဆိုပန်းခူးကာ သံဃာတော်များကို ဝါဆိုပန်း ကပ်လှူပူဇော်ခြင်းကြောင့် လူငယ်များ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်လာစေပြီး ထိုဓလေ့သည် မွန်တို့အတွက် ချစ်စရာ ယဉ်ကျေးမှု ဓလေ့တစ်ခုအဖြစ် ကူးပြောင်းလာခဲ့သည်။

ကျိုက်မရောမြို့နယ် ကော့ပလိုင် ကျေးရွာဘက်တွင် ၂၀၀၀ ခုနှစ် မတိုင်ခင်အထိ ဝါဆိုပန်းခူးတဲ့ ဓလေ့တွေ ရှိနေပြီး ထိုဒေသတွင် လူပျိုလူလွတ်များက လှေကလေးများဖြင့် ဝါဆိုပန်းများ ခူးလေ့ရှိကြောင်း၊ နံနက်ပိုင်းတွင်း ဝါဆိုပန်းလိုက်ခူးကြပြီး၊ ညနေပိုင်းတွင် ဘုရားကျောင်းများတွင် ခူးလာသော ပန်းများကို ပူဇော်ကြသည်။

စက်ဘီး၊ ဆိုင်ကယ်များ များလာခြင်း၊ တောပန်းများခူးရန် တောတောင်ရေမြေ ရှားပါးခြင်း၊ ယခင် တောတောင်များတွင် အလေ့ကျ ပေါက်တတ်သည့် ဝါဆိုပန်းများ မပေါက်တော့ခြင်း၊ လူငယ်များလည်း   ဝါဆိုပန်းခူးသည်ကို စိတ်မဝင်စားကြတောသဖြင့် လူငယ်များအကြား ဝါဆိုပန်းခူးသည့် ဓလေ့မှာ ပျောက်ဆုံးသွားသည်။

“အရင်ကလို လှေနဲ့မသွားကြတော့ဘူး၊ ဆိုင်ကယ်တွေနဲ့ အပျော်ဘက်ကို ကူးကုန်ကြတယ်၊ နောက်ပြီး လူငယ်တွေလည်း အရင်လို ရွာတွေမှာ မရှိကြဘူး၊ ပြည်ပထွက်ပြီး အလုပ်လုပ်ကြတော့ အလေ့အထတွေက အခုဆို လုံးဝကို ပျောက်သလောက် ဖြစ်နေပါပြီ” ဟု  လူငယ်တစ်ဦးက ပြောသည်။

ယခုနောက်ပိုင်းတွင် ဝါဆိုပန်းခူးဓလေ့မှာ နည်းပါးသွားပြီး မွန်ပြည်နယ်တွင် လူငယ်များ အလည်အပတ်ထွက်သောနေ့အဖြစ် အသွင်ပြောင်းလဲခဲ့သည်။

ဝါဆိုပန်းခူးဓလေ့မှာ မော်လမြိုင်မြို့ပေါ်တွင်  တိမ်ကောပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး ဝါဆိုပန်းခူးထွက်သည့်နေ့ဟု ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ကို သိကြသော်လည်း ယခုအခါတွင် လူငယ်များ ပျော်ပွဲစားထွက်ကာ သောက်စားမူးယစ်ခြင်း၊ ချစ်သူရည်းစားများ ချိန်းတွေ့ခြင်းဖြင့် တောင်ဝိုင်းတောင်တွင် စည်ကားနေကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုခေတ် နောက်ပိုင်း ဝါဆိုလပြည့်ကျော် တစ်ရက်နေ့ (ဝါဆိုပန်းခူး) နေ့တွင် လူငယ်များမှာ သြင်္ကန်ပွဲတော်ရက်ကဲ့သို့ လည်ပတ်ကြသည့် အလေ့အထများသာ ရှိပါတော့သည်။ လည်ပတ်ရာတွင်လည်း ရေတံခွန်များ၊ မွန်ပြည်နယ်ရှိ အထင်ကရ ဘုရားများနှင့် ပင်လယ်ကမ်းခြေများသို့ သွားရောက်၍ လည်ပတ်သည်များကိုသာ တွေ့ရပြီး လူငယ်အနည်းစုသာလျှင် ဘုရားသွားကျောင်းတက် လုပ်ဆောင်ကြတော့သည်။

မွန်ပြည်နယ်တွင် ဝါဆိုပန်းခူးနေ့တွင် မုဒုံမြို့ ကန်တော်ကြီးဘုရား၊ ရေတံခွန် တောရကျောင်း၊ ဇင်ကျိုက်ရေတံခွန်၊ ကျိုက်မရောဘုရား၊ မော်လမြိုင် တောင်ဝိုင်းဘုရား၊ ကျိုက္ခမီရေလယ်ဘုရား၊ စက်စဲကမ်းခြေ စသည့်နေရာများတွင် သွားရောက်၍ ရေကစားခြင်းများ၊ ဘုရားဖူးခြင်းများကိုသာ လုပ်လေ့ရှိသည်။

သွားရောက်လည်ပတ်ရာတွင်လည်း အုပ်စုလိုက် ကားငှား၍ စောင်းဘောက်များ ဖွင့်လှစ်ခြင်း၊ အချို့လူငယ်များမှာ အရက်သေစာ သောက်စားခြင်းများကိုလည်း ပြုလုပ်ကြသည့်အတွက် ယခင်ယဉ်ကျေးလှသည့် ဝါဆိုပန်းခူး ရိုးရာဓလေ့သည် လူငယ်များကြားတွင် ပျောက်ကွယ်သွားသည့်အထိ ဖြစ်လာသည်။

သို့သော် အချို့ကျေးရွာများရှိ လူကြီးများသာလျှင် ဝါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် အလေ့ကျ ပေါက်သည့် ဝါဆိုပန်း မဟုတ်သည့် ခြံထွက်ပန်းများ၊ ဒေသထွက်ပန်းများဖြစ် ဝါတွင်သီတင်းသုံးမည့် သံဃာတော်များကို ဝါဆိုပန်းကပ်လှူ ပူဇော်နေမှုများလည်း ရှိသည်။

သို့သော် ရခိုင်ပြည်နယ်ရှိ ဒေသအသီးသီးတွင်တော့ ဝါဆိုပန်းခူးသည့် ဓလေ့မှာ ထွန်းကားနေဆဲဖြစ်သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသ၊ မေယုတောင်ကြား တစ်လျှောက်တွင် အပျိုလူပျို ကာလသား ကာလသမီးများက စုပေါင်းကာ အလေ့ကျပေါက်သော ပန်းများကို လိုက်လံခူးဆွတ်ပြီး ဘုန်းကြီးကျောင်းများ၊ ဘုရားများတွင် လိုက်လံလှူဒါန်းကြသည်။  အဆိုပါဓလေ့သည် ရခိုင်လူမျိုးတို့၏ မွန်မြတ်သည့် ဓလေ့များထဲမှ တစ်ခုဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကြည့်လျှင်မူ မြန်မာတို့၏ ချစ်စရာ ဝါဆိုဓလေ့ဖြစ်သော ဝါဆိုပန်းခူးဓလေ့တို့မှာ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပြောင်းလဲခြင်း၊ လူငယ်များ၏ စိတ်ဝင်စားမှု လျော့ကျလာခြင်း၊ သစ်တောတောင်ကုန်းများ ရှားပါးလာခြင်း၊ ချောင်းမြောင်းများ တိမ်ကောလာခြင်းတို့ကြောင့် ပျောက်ကွယ်တော့မည့် အခြေအနေတွင် ရှိနေပေသည်။

မြန်မာနိုင်ငံအနှံ့ ဒေသတစ်ခုနှင့်တစ်ခုမှာ ရေမြေဒေသ မတူသော်လည်း ဝါဆိုပန်းခူးဓလေ့မှာ တူညီနေကြပြီး တိမ်ကောမပျောက်ကွယ်စေရန် ထိန်းသိမ်းမှသာ အရှည်တည်တံ့မည် ဖြစ်ပေသည်။

မောင်မျိုးထက်၊ ခတ္တာနွန်၊ စုလေးငုံ