News

POST TYPE

ALSO IN NEWS

ကမ္ဘာ့ပျော်စရာ အကောင်းဆုံးနိုင်ငံအဖြစ် ယခုနှစ်အတွက် နော်ဝေ ထိပ်ဆုံးမှ ရပ်တည်
22-Mar-2017

အော်စလို၊ မတ် ၂၁

ရာသီဥတုက အေးစက်တောင့်ခဲနေတတ်ပေမယ့် ကမ္ဘာ့ပျော်စရာ အကောင်းဆုံး နိုင်ငံအဖြစ် ယမန်နှစ်က နံပါတ်လေးနေရာတွင် ချိတ်ထားသော နော်ဝေက နံပါတ်တစ် ဖြစ်သွားပြီဟု Al Jazeera သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။

ကမ္ဘာ့ပျော်ရွှင်ခြင်း အစီရင်ခံစာ ၂၀၁၇ (World Happiness Report 2017) ကို ကုလသမဂ္ဂက စစ်တမ်းကောက်ယူ လေ့လာခဲ့ရာမှ နော်ဝေက ပျော်စရာ အကောင်းဆုံး နိုင်ငံအဖြစ် ထိပ်ဆုံးက ရပ်တည်ခဲ့ခြင်းဖြစ်သည်။
 
ထိပ်တန်းနိုင်ငံများတွင် အိမ်နီးချင်း နိုင်ငံများဖြစ်သော ဒိန်းမတ်၊ အိုက်စလန်နှင့် ဆွစ်ဇာလန်တို့လည်း ပါဝင်ခဲ့ကြသည်။

ပျော်ရွှင်မှု နောက်တန်း အရောက်ဆုံး အောက်ဆုံးနိုင်ငံ ၂၀ တွင် အရှေ့အလယ်ပိုင်းနိုင်ငံများ၊ မြောက်အာဖရိကနှင့် ဆာဟာရ တစ်ပိုင်းနိုင်ငံများ ပါဝင်ကြသည်။

တနင်္လာနေ့ နံနက်ခင်းကို မင်္ဂလာ သတင်းကောင်းနှင့် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ နော်ဝေ ဝန်ကြီးချုပ် အာနာဆိုဘာ့ဂ်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဆိုဘာ့ဂ်သည် လာမည့် စက်တင်ဘာလ ရွေးကောက်ပွဲတွင် ကြမ်းတမ်းခက်ခဲမည့် ရွေးကောက်ပွဲ ကာလကို ကျော်ဖြတ်ရမည်ဖြစ်သည်။

“နှစ်ပေါင်း များစွာကြာအောင် နော်ဝေဟာ ဒိန်းမတ်ရဲ့နောက်မှာ ရပ်တည်ခဲ့ရပါတယ်။ ဒီအကြောင်းကို နော်ဒစ်ဒေသနိုင်ငံတွေမှာ ညစာ စားပွဲအတွင်း ပြောတဲ့ အမှတ်တရ စကားတိုင်း ကျွန်မက ထည့်ထည့် ပြောရပါတယ်။ ခုတော့ အသစ် ပြောင်းပြောရတော့မှာပေါ့”ဟု နော်ဝေ ဝန်ကြီးချုပ်က Facebook တွင် ရေးသားခဲ့သည်။

ကမ္ဘာ့ပျော်စရာ အကောင်းဆုံးနိုင်ငံ ဇယားတွင် ထိပ်ဆုံးမှ ချိတ်ခဲ့သော်ငြားလည်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုးတက် ထွန်းကားမှု၊ ကလေးငယ်နှင့် လူငယ်များ ဖွံ့ဖြိုးတိုးတက်မှု စသည့် ကဏ္ဍများအတွက်မူ ရုန်းကန်နေရဆဲမို့ ကြိုးစားရဦးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသွားသည်။ 

သူတစ်ပါးကို ကူညီမှု၊ လွတ်လပ်မှု၊ ရက်ရောမှု၊ ရိုးသားမှု၊ ကျန်းမာရေး ကောင်းမွန်မှု၊ ဝင်ငွေ ကောင်းမှုနှင့် အစိုးရ ကောင်းရှိမှု စသည့် စိတ်ချမ်းသာဖွယ်ရာ အချက်အလက် များစွာ နော်ဝေက ရရှိထားကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

ဖင်လန်၊ နယ်သာလန်၊ ကနေဒါ၊ နယူးဇီလန်၊ ဩစတြေးလျနှင့် ဆွီဒင်တို့သည်လည်း ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းတွင် ပါဝင်ခဲ့ကြသည်။

F-02


  • VIA